ရေငတ်လွန်းသူအတွက်ကုထုံး

စက်မှုလုပ်ငန်းသုံးရေ၊ သောက်သုံးရေစသည့်တို့ထက် စိုက်ပျိုးရေး အတွက် ရေကို အများဆုံး အသုံးပြုနေရသည်။ ကမ္ဘာ့စုစုပေါင်းရေအရင်းအမြစ်၏ ၇၀ ရာခိုင်နှုန်းကို စိုက်ပျိုးရေးအတွက် အသုံးပြုနေရသည်။

ကမ္ဘာ့လူဦးရေသည် ၂၀၅၀ ပြည့်နှစ်၌ သန်း ၉၈၀ဝ ရှိလာမည်ဟု ခန့်မှန်းထားပြီး ဝင်ငွေပိုကောင်းလာမည့် ဖွံ့ဖြိုးဆဲနိုင်ငံသားတို့ အစားအစာပို၍ စားလာမည်။ ယင်းလိုအပ်ချက်ကို ပြည့်မီရန်အတွက် သီးနှံအထွက်နှုန်းသည် ယခုထက် ၇၀ ရာခိုင်နှုန်းမျှ ပိုလိုလာမည်။

လက်ရှိတွင် စိုက်ပျိုးမြေနှင့်မွေးမြူရေးစားကျက်မြေနှစ်မျိုးပေါင်းသည် ကမ္ဘာ့ကုန်းမြေဧရိယာ၏ ၄၀ ရာခိုင်နှုန်းခန့် ရှိနေသည်။ စိုက်မှုပျိုးမှု မွေးမြူမှုအတွက် ထိုမျှကျယ်ဝန်းသောမြေကို အသုံးချနေရသည့်တိုင် လူအများအပြား စားနပ်ရိက္ခာမလုံမလောက်ဖြစ်နေသည်။

အစားအစာပိုရရန် စိုက်ပျိုးမြေနှင့်စားကျက်မြေများကို ထပ်ချဲ့ဖို့ဆိုလျှင် ဘေးထွက်ဆိုးကျိုးများ ရှိနေသည်။ မြေချဲ့လျှင် အများအားဖြင့် သစ်တောများကို ခုတ်လှဲရမည်။ သစ်တောပြုန်းတီးလျှင် ယင်းတို့ထဲတွင်နေသော တိရစ္ဆာန်များ ဇီဝမျိုးကွဲများရှင်သန်ရေးကို ထိခိုက်မည်။ ရေစီးရေလာထိန်းသိမ်းထားနိုင်စွမ်း လျော့နည်းသွား၍ ရေလွှမ်းမိုးမှု ပို၍ပြင်းထန်လာမည်။ သစ်ပင်များမီးလောင်ရာမှ ကာဘွန်ဒိုင်အောက်ဆိုက်ထွက်လာကာ ရာသီဥတုပြောင်းလဲမှုကို ပိုမိုဆိုးရွားပြင်းထန်စေမည်။ ကာဘွန်ဒိုင်အောက်ဆိုက် ပိုထွက်လာသည်သာမက ယင်းဓာတ်ငွေ့ကို စုပ်ယူနိုင်သည့်သစ်ပင်များ လျော့နည်းခြင်းက ရာသီဥတုကို ထပ်ဆင့်ဆိုးရွားစေမည်။

ယင်းအဖြစ်ကိုရှောင်ရှားနိုင်မည့်နည်းလမ်းများအနက် တစ်ခုမှာ စိုက်ခင်းဧရိယာချဲ့ထွင်ခြင်းအပြင် လယ်ယာများ စိုက်ခင်းများကို အထွက်နှုန်းမြှင့်ရန်ကြိုးစားရမည်။

ကမ္ဘာ့ဒေသအများအပြားတွင် လယ်ယာသီးနှံအထွက် အားရဖွယ်မရှိသော်လည်း အမေရိကန် အနောက် အလယ်ပိုင်းတွင်မူ အခြေ အနေကောင်းနေသည်။ ယင်းဒေသရှိစိုက်ပျိုးသူတစ်ဦးသည် လူ ၁၅၀ အတွက် အစားအစာများကို စိုက်ပျိုးထုတ်လုပ်ပေးလျက်ရှိသည်။ ပိုလျှံစွာ ထွက်နေသော ယင်းဒေသနှင့် အထွက်နည်းနေသည့် ဒေသများ၏ ခြားနားချက်မှာ သုံးသောစိုက်ပျိုးနည်းစနစ်နှင့် ဓာတ်မြေသြဇာများကို အကျိုးရှိ ထိရောက်စွာအသုံးချနိုင်ခြင်း ရှိမရှိဆိုသည့်အချက် ဖြစ်သည်။

မှန်ကန်သောနည်းစနစ်ကိုသုံးခြင်း စသည်တို့အပြင် ရေအရင်းအမြစ်ကို ချွေတာစွာသုံးစွဲ၍ သီးနှံအထွက် တိုးရန် အားထုတ်ခြင်းသည်လည်း ရေရှားလာသောကမ္ဘာအတွက် ကြီးမားသောစိန်ခေါ်မှု တစ်ခုအဖြစ် တည်ရှိနေသည်။ ထိုသို့မလုပ်နိုင်လျှင် စိုက်ပျိုးရေအပြင် သောက်သုံးရေရရှိရေးကိုပါ အခက်အခဲ ပို၍တွေ့စေလိမ့်မည်။

အဓိကသီးနှံ ၁၇ မျိုး စိုက်ပျိုးထုတ်လုပ်ခြင်းကို သုတေသန လုပ်ရာတွင် ဓာတ်မြေသြဇာနှင့် ဆည်မြောင်းရေ အသုံးချခြင်းကို ထိရောက်စွာလုပ်ဆောင်နိုင်ခြင်းကြောင့် ဓာတ်မြေသြဇာနှင့်ရေအသုံး လျော့သွားသည့်အပြင် သီးနှံအထွက် ၄၅ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အထိတိုးလာကြောင်း တွေ့ရသည်။ ပြောင်းအထွက်သည် ၆၄ ရာခိုင် နှုန်း၊ ဂျုံအထွက်သည် ၇၁ ရာခိုင်နှုန်းနှင့် စပါးအထွက် ၄၇ ရာခိုင်နှုန်း တိုးလာသည်။

စိုက်ပျိုးရာတွင် ရွာကျလာသောမိုးရေကို အားထား၍ စိုက်ပျိုးခြင်း၊ မိုးရေလုံလောက်အောင်မရသော ဒေသ များတွင် ဆည်မြောင်းစနစ်ဖြင့် ရေသွင်းစိုက်ပျိုးခြင်းကို လုပ်ဆောင်ကြသည်။

ကမ္ဘာ့စိုက်ခင်းများ၏ ၈၀ ရာခိုင်နှုန်းသည် မိုးရေကို တိုက်ရိုက် ခံယူသုံးစွဲနေကြကာ ၂၀ ရာခိုင်နှုန်းသည် ဆည်ရေသောက် စိုက်ခင်းများဖြစ်သည်။ စိုက်ခင်းဧရိယာရာခိုင်နှုန်းနည်းသော်လည်း သီးနှံ အထွက် စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းသည် ဆည်ရေသောက် စိုက်ခင်းများမှ ထွက်သည်။ ကမ္ဘာတွင် ဆည်ရေသောက် စိုက်ခင်း ဧကသန်း ၇၀ဝ ခန့်ရှိသည်။


အလေအလွင့်များလွန်း

သမားရိုးကျရေသွင်းစိုက်ခြင်းတွင် သွင်းသောရေ၏ ထက်ဝက်နီးပါးကိုသာ အပင်တို့က အသုံးချနိုင်သဖြင့် ရေအလေအလွင့် အလွန်များလှသည်။ ကျန်ရေများသည် မြစ်ချောင်းများထဲသို့ စီးဝင်ခြင်း၊ မြေကြီးထဲ စိမ့်ဝင်ကာ မြေအောက်ရေကြောများ ပြန်လည် ပြည့်တင်းလာခြင်းစသည်ဖြင့် သဘာဝရေသံသရာထဲ ပြန်ရောက်သည် မှန်သော်လည်း အပင်များအသုံးချနိုင်သည်ထက် ပို၍ စုပ်ယူပေးသွင်းရသဖြင့် မြစ်ချောင်းနှင့် မြေအောက်ရေကြောများခန်းခြင်း၊ ဟင်းလင်းပွင့် စိုက်ခင်းများထဲတွင် အချိန်ကြာမြင့်စွာထားရှိရ၍ အငွေ့ပျံဆုံးရှုံးခြင်း၊ ပိုးသတ်ဆေး ဓာတ်မြေသြဇာအကြွင်းအကျန်များကြောင့် ရေညစ်ညမ်းခြင်းစသည့် ဆိုးကျိုးတို့ဖြစ်ပေါ်သည်။ ထို့ပြင် ယင်းစိုက်ခင်းများမှ ရေ အငွေ့ပျံခြင်းဖြင့် တစ်နှစ်လျှင် ကုဗမိုင် ၂၅၀ဝ၀ ခန့်မျှ ဆုံးရှုံးနေရာ တစ်နှစ်အတွင်း ကမ္ဘာ့မြစ်ရေစီးပမာဏ၏ ခုနစ်ရာခိုင်နှုန်းနှင့် ညီသည်။


အစက်ချနည်း

အမေရိကန်နိုင်ငံအလယ်ပိုင်းနှင့်အနောက်ပိုင်းရှိ ဧရာမ စိုက်ခင်းကြီးများတွင် လည်ပတ်နေသော ရေပိုက်စနစ်များထဲသို့ ရေကို ကွန်ပျူတာဖြင့် ထိန်းချုပ်၍ပေးသွင်းပြီး လိုသည့်နေရာသို့ လိုသလောက်သာ ပက်ဖျန်းပေးခြင်းဖြင့် သမားရိုးကျရေသွင်းစိုက်ခင်းများထက် ရေ အလေအလွင့် ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ သက်သာသည်။ သို့သော် ယင်းနည်းကို ဖွံ့ဖြိုးဆဲနိုင်ငံများကလိုက်လုပ်ရန် အခြေအနေ မပေးသေးပေ။ နိုင်ငံအများစုကျင့်သုံးလာရန် အလားအလာရှိနေသည်မှာ ”အစက်ချနည်း” ဖြစ်သည်။

အစက်ချစိုက်ပျိုးစနစ်သည် အပေါက်ဖောက်ထားသော ရေပိုက်များကို အပင်၏အမြစ်များနှင့် အနီးဆုံး နေရာများအထိ သွယ်တန်းပြီး ရေကို စက် သို့မဟုတ် လက်ဆွဲတုံကင်ဖြင့် ပိုက်ထဲသို့မောင်းသွင်းကာ ဖြန့်ဝေသောစနစ် ဖြစ်သည်။ ယင်းနည်းတွင်အပင်၏အမြစ်ဆီသို့ လိုသလောက်ပမာဏသာ ရောက်ရှိစေခြင်းဖြင့် ရေဒလဟောသွင်း၍ စိုက်သည်ထက် ရေနည်းနည်းနှင့် ထိရောက်သောအထွက်နှုန်း ရစေသည်။

လွန်ခဲ့သောနှစ်ပေါင်း ၆၀ ခန့်မှစ၍ အစ္စရေးပညာရှင်များ ကျယ်ပြန့်စွာ စတင်အသုံးပြုခဲ့သည့် ခေတ်သစ် အစက်ချ ရေသွင်းနည်းသည် သမားရိုးကျရေသွင်းစိုက်သည်ထက် ရေ ၇၀ ရာခိုင်နှုန်းမျှ ပို သက်သာသည့်အပြင် သီးနှံအထွက် ၂၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ တိုးသည်။

အစက်ချစနစ်၏ အားသာချက်များမှာ(၁) အပင်အမြစ်ဇုန်သို့ ရေကိုတိုက်ရိုက်ရောက်စေနိုင်ပြီး ရေပေးသွင်းခြင်းကို လွယ်ကူစွာ ထိန်းချုပ်နိုင်ခြင်း၊ (၂) အငွေ့ပျံခြင်းကြောင့် ရေဆုံးရှုံးမှုလျော့နည်းစေခြင်း၊ (၃) အပင်၏အပေါ်အစိတ်အပိုင်းများ ရေစိုစွတ်ခြင်းမရှိသည့်အတွက် စိုထိုင်းမှုကြောင့် ဖြစ်ပေါ်တတ်သော အပင်ရောဂါပြဿနာများ လျော့နည်းစေနိုင်ခြင်းနှင့် (၄) အပင်၏အောက်ခြေ မြေဧရိယာအနည်းငယ်ကိုသာ ရေပေးသွင်းခြင်းကြောင့် ပေါင်းမြက်ပြဿနာများ လျော့နည်းစေခြင်းတို့ ဖြစ်သည်။

အိန္ဒိယတွင် စပါးစိုက်ဧရိယာစုစုပေါင်း ဧကသန်း ၁၁၀မျှ ရှိရာ ယင်းစိုက်ခင်းတို့၌ ရေကို ၁၀ ရာခိုင်နှုန်းမျှ ချွေတာနိုင်လျှင်ပင် အဖိုးတန် ရေသယံဇာတ အမြောက်အမြားကို အခြားအကျိုးရှိနေရာများတွင် လွှဲပြောင်း အသုံးပြုနိုင်မည်။ လေ့လာချက်များအရ တမီလ်နာဒူးပြည်နယ်တစ်နေရာတွင် အစက်ချစိုက်နည်းကြောင့် ရေပမာဏ သုံးပုံတစ်ပုံမျှ လျော့နည်းပေးသွင်းခဲ့သော်လည်း တစ်ဧကလျှင် စပါးအထွက်နှုန်း ၁၀ ရာခိုင်နှုန်းမျှ တိုးလာခဲ့သည်။

သြစတေးလျ၊ အီဂျစ်၊ အစ္စရေး၊ အမေရိကန်စသည့် နိုင်ငံတို့တွင်လည်း အစက်ချစိုက်နည်းသည် အရှိန်ဖြင့် တိုးလာနေသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ကြံခင်းတစ်ခုကို အစက်ချနည်းဖြင့်စိုက်ရာ ရေပန်းသုံးစဉ်ကထက် ရေ ၇၀ ရာခိုင်နှုန်းလျှော့၍ သုံးခဲ့သော်လည်း အထွက်နှုန်းမှာမူ ၉၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ယင်းသို့ နိုင်ငံအချို့တွင် အစက်ချစိုက်ကွင်းများ တိုးပွားလာနေသော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနှင့်မူ အားရဖွယ်မရှိသေးချေ။ ကမ္ဘာ့ရေသွင်းစိုက်ခင်း စုစုပေါင်း၏ လေးရာခိုင်နှုန်းတွင်သာ အစက်ချ စိုက်နည်းကို သုံးသေးသဖြင့် ကျယ်ပြန့်လာအောင် များစွာ အားထုတ်ရဦးမည်။ ရေသွင်းစိုက်သော နေရာတို့တွင် ရေကို အများအားဖြင့် အခမဲ့နီးပါး သို့မဟုတ် ဈေးပေါပေါဖြင့်ရကြသော်လည်း အစက် ချစိုက်နည်းအတွက်သုံးသော ပစ္စည်းကိရိယာတို့ကို ဝယ်သုံးရသည့်အချက်က ယင်းနည်းပြန့်ပွားရာတွင် အဟန့်အတားတစ်ခုဖြစ်နေသည်။ ကုန်ကျစရိတ်များသည့်အတွက် စိုက်ပျိုးသူတို့သည် အစက်ချနည်းကို အမြတ်အစွန်းပိုရသည့် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် တန်ဖိုးမြင့်သီးနှံများအတွက်သာ သုံးနေကြသည်။ ကုန်ကျစရိတ်များသော်လည်း တပ်ဆင်ပြီးသည်နှင့် လုပ်အားလိုအပ်မှုကို လျှော့ချနိုင်သလို ရေကို လွယ်ကူစွာ ပေးသွင်းနိုင်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံအချို့၏ စိုက်ခင်းငယ်များတွင် စမ်းသပ်အစက်ချ စိုက်ပျိုးရေးအောင်မြင်နေသော်လည်း စီးပွားဖြစ် စိုက်ခင်းအဖြစ် အကောင်အထည်ဖော်ရာတွင် ငွေရေးကြေးရေးနှင့် နည်းပညာပိုင်း လိုအပ်ချက်များ ရှိနေသေးသည်။

အခက်အခဲများရှိသော်ငြား ရေအသုံးအများဆုံးစိုက်ပျိုးရေးကဏ္ဍ၌ ရေအကုန်သက်သာလာအောင် အစက်ချနည်းအပါအဝင် ရေချွေတာသောစိုက်ပျိုးစနစ်များဖြင့် အစားထိုးရန်အရေးကြီးသည်။


(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)

အခန်း ၁။ ရေမရှိအသက်မရှိ

အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က

အခန်း ၃။ ပျက်ယွင်းရေသံသရာ

အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း

အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး

အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင်

အခန်း ၇။ အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ

အခန်း ၈။ အရည်ပျော်တောင်ထိပ်များ

အခန်း ၉။ ပင်လယ်ရေတကယ်ခန်း

အခန်း ၁၀။ နယ်ချဲ့ညစ်ညမ်းရေ

အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်

အခန်း ၁၂။ သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး

အခန်း ၁၄။ အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု

အခန်း ၁၅။ ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ

အခန်း ၁၆။ ခြေရာပျောက်ရေ

အခန်း ၁၇။ ရေဖိုးရေခ

အခန်း ၁၈။ ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ

အခန်း ၁၉။ အုံ့ဆိုင်းသစ်တောစီးသောရေကြည်

အခန်း ၂၀။ ရေရှားကမ္ဘာအတွက်အသင့်ပြင်ကြပါစို့

One thought on “ရေငတ်လွန်းသူအတွက်ကုထုံး

Leave a comment