နယ်ချဲ့ညစ်ညမ်းရေ

အိန္ဒိယနိုင်ငံတွင် ဆွာမိနီဂါမာနန်းတစ်ယောက် အစာငတ်ခံဆန္ဒပြနေသည်မှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် နှစ်လ ပြည့်ခဲ့သည်။ ရက်ပေါင်း အတန်ကြာအစာမစားဘဲနေရာမှ သတိလစ်သွား၍ ဆေးရုံသို့ပို့ထားရသည်။ အထူးကြပ်မတ်ကုသဆောင်တွင် နှာခေါင်းပိုက်များတန်းလန်းနှင့် သူ့ကိုမြင်ရသည်မှာမသက်သာလှ။ သူ့ကို ထောက်ခံသူများက အားပေးစကားပြောသည်ကို ဆွာမိနီဂါမာနန်း ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေသည်။ သူ့အခြေအနေသည် တဖြည်းဖြည်းဆိုးလာကာ စ၍ အစာမစားသည်မှ ရေတွက်လျှင် ၇၃ ရက်မြောက်နေ့တွင် သေဆုံးသွားတော့သည်။

အခြားသူများအစာငတ်ခံဆန္ဒပြကြခြင်းမှာ လူနေမှုစနစ်ကို ဘဝင်မကျ၍၊ ကုန်ဈေးနှုန်းတက်၍၊ အုပ်ချုပ်သူများကို မကျေနပ်၍စသည်တို့ကြောင့် ဖြစ်သော်လည်း ဆွာမိနီဂါမာနန်း အစာငတ်ခံဆန္ဒပြခဲ့ခြင်း ၏ အကြောင်းရင်းမှာထူးခြားလှသည်။ ဂင်္ဂါမြစ်ရိုးတစ်လျှောက် သတ္တုတူးဖော်နေမှုအပါအဝင် မြစ်ထဲသို့ အညစ်အကြေးမျိုးစုံရောက်ရှိ နေသဖြင့် သူတစ်သက်တာလုံး ခင်တွယ်မြတ်နိုးလာခဲ့သောမြစ်ကြီး တစ်နှစ်ထက်တစ်နှစ် ပို၍ပို၍ညစ်ညမ်းလာနေခြင်းအား တားဆီးလိုသည့်ဆန္ဒကို ဆွာမိနီဂါမာနန်း တစ်ယောက် အသက်စွန့်၍ ထုတ်ဖော်ခဲ့ခြင်းသာ ဖြစ်သည်။

မြစ်ရေညစ်ညမ်းမှု၏ အခြေအနေကို အသက်စွန့်၍ ထုတ်ဖော် ပြသသောလုပ်ရပ် မှန်မမှန်ကို ဆွာမိနီဂါမာနန်း၏ မိတ်ဆွေများအကြား အငြင်းပွားခဲ့ကြသော်လည်း ဟိန္ဒူဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဂင်္ဂါမြစ်ကြီး တစ်နှစ်ထက်တစ်နှစ် ပို၍ညစ်ညမ်းလာခဲ့သည့်အချက်ကိုမူ အားလုံးသဘောတူလက်ခံထားခဲ့ကြသည်။


ကိုးကွယ်ရာဟုယူဆကြသော်လည်း

အိန္ဒိယသားတို့သည် အစဉ်အဆက်ကပင် ဂင်္ဂါမြစ်ကို ကိုးကွယ်ရာဟုယူဆကြ၊ လူပေါင်းသန်း ၄၀ဝ တို့က သောက်သုံးရေအဖြစ် မှီခိုအားထားကြသည်။ ဂင်္ဂါမြစ်ထဲသို့ ရေဆင်းချိုးလျှင် ပြုခဲ့သော အပြစ်တို့ ကွာကျ ကင်းစင်သွားသည်ဟု ယုံကြည်ကြသည့်အလျောက် ယင်းမြစ်ရိုးတစ်လျှောက်တွင် လူနှစ်သန်းကျော်တို့ နေ့စဉ် ရေဆင်းချိုးနေကြသည်။ သို့သော် မြစ်ကြီး၏ သန့်ရှင်းရေးကို ဂရုမစိုက်ခဲ့ကြ၍ ဆိုးရွားစွာ ညစ်ညမ်းလာခဲ့သည်။ မြစ်ရိုးတစ်လျှောက်ရှိမြို့ကြီးပေါင်း ၂၇ မြို့၊ မြို့ငယ်၊ ကျေးရွာများမှ စွန့်ထုတ်လိုက်သော မိလ္လာရည်များသည် လုံးဝသန့်စင်ပြုပြင်ခြင်းမရှိဘဲ သို့မဟုတ် လုံလောက်စွာ သန့်စင်ခြင်း မရှိဘဲ ဂင်္ဂါမြစ်ထဲဝင်ရောက်သည်။ ဥပမာ နယူးဒေလီမြို့တော်မှ မိလ္လာရည် ဂါလန်သန်း ၅၀ဝ ခန့်ကို ဂင်္ဂါမြစ်ထဲသို့ နေ့စဉ်စွန့်ပစ်သည်။ ဗာရာဏသီမြို့မှ မြစ်တွင်းစီးဝင်သော မသန့်စင်ရသေးသည့် မိလ္လာရည်ပမာဏသည် တစ်ရက်လျှင် ဂါလန်သန်း ၅၀ မျှရှိသည်။

ဟိန္ဒူတို့၏ဓလေ့အရ မြစ်ကမ်းဘေးတွင် လူသေအလောင်းများကို မီးရှို့ခြင်း၊ ကြွင်းကျန်ရစ်သော အလောင်းကောင်များကို မြစ်ထဲ ပစ်ချခြင်းတို့ကလည်း မြစ်ရေအရည်အသွေးကို ဆိုးရွားစေသည်။ ဗာရာ ဏသီတစ်မြို့တည်းတွင်ပင် တစ်နှစ်လျှင် လူသေအလောင်း ၄၀ဝဝဝ တို့ကို ဂင်္ဂါမြစ်ကမ်းနဖူးတွင် မီးရှို့၍ အကြွင်းအကျန်တို့ကို မြစ်ထဲမျှောသည်။ မြစ်ထဲတွင် လူသေအလောင်းများအပြင် တိရစ္ဆာန်အသေ ကောင်များကိုပါ အနှံ့အပြားမြင်နိုင်သည်။

ဂင်္ဂါမြစ်ကမ်းတစ်လျှောက်ရှိ စက်ရုံများကလည်း မြစ်ရေညစ်ညမ်းမှုကို တစ်ဖက်တစ်လမ်းမှ ပိုမို ဆိုးရွားစေသည်။ ဂင်္ဂါမြစ်၏ အူတာ ပရာဒက်ရှ်ပြည်နယ်အပိုင်းတွင်ပင်စက်ရုံ ၁၅၀ နီးပါးရှိသည်။ ယင်း စက်ရုံများမှ ဟိုက်ဒရိုကလိုရစ်အက်စစ်၊ ပြဒါး၊ သတ္တုလေးများ၊ ဆိုးဆေးများအပါအဝင် စွန့်ပစ်ဓာတ်ပေါင်းများသည် ဂင်္ဂါမြစ်ထဲသို့ စီးဝင်သည်။ ကန်ပူးမြို့တွင် သားရေနယ်စက်ရုံပေါင်း ၄၀ဝ ကျော်ရှိရာ ယင်းတို့မှ ခရိုမီယမ်နှင့် အခြားဓာတုအညစ်အကြေး စက်မှုစွန့်ပစ်အရည်များ တစ်နေ့လျှင် ဂါလန်ရှစ်သန်းမျှ ဂင်္ဂါမြစ်ထဲဝင်ရောက်သည်။ စက်ရုံထွက်အညစ်အကြေးများအပြင် စိုက်ခင်းများမှ ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေးအကျန်စသည့် စိုက်ပျိုးရေးအညစ်အကြေးများလည်း စီးဝင်လျက်ရှိရာ မိလ္လာရည်၊ စက်မှုစွန့်ထုတ်ရေ၊ စိုက်ခင်းများမှထွက်လာသော ရေညစ်စသည်ဖြင့် တစ်ရက်လျှင် ဂင်္ဂါမြစ်ထဲသို့ ညစ်ညမ်းရေ ဂါလန်သန်း ၁၂၀ဝ မျှစီးဝင်သဖြင့် ဂင်္ဂါမြစ်သည် အိန္ဒိယနိုင်ငံတွင် အညစ်ညမ်းဆုံးမြစ်ကြီးဟု အသတ်မှတ်ခံခဲ့ရသည်။

စက်မှုလုပ်ငန်းများ၊ စိုက်ခင်းများနှင့်မြို့ရွာများမှ ထွက်သော စွန့်ပစ်အညစ်အကြေးများကို သန့်စင်စနစ်များ အပါအဝင် ဂင်္ဂါမြစ်ကို ကယ်တင်ရန် အမေရိကန်ဒေါ်လာသန်း ၆၀ဝ၀ ကျော်ကုန်ကျသည့် စီမံကိန်းနှစ်ခုဖြင့် ကြိုးစားလုပ်ဆောင်ခဲ့သည်။ ယင်းလုပ်ဆောင်မှုကြောင့် ဂင်္ဂါမြစ်ရေအရည်အသွေး များစွာတိုးတက်ခဲ့သည်ဟု အစိုးရပိုင်းက ၂၀၁၉ ခုနှစ်ကပြောသည်။ သို့သော် ကုလသမဂ္ဂ အပါအဝင် အချို့အဖွဲ့အစည်းများကမူ တိုးတက်သည်မှာမှန်သော်လည်း ကျေနပ်လောက်သည့်အဆင့်အထိမဟုတ်သေးဟု ထောက်ပြသည်။

ဂင်္ဂါမြစ်ကြုံတွေ့နေရသောပြဿနာသည် ကမ္ဘာပေါ်ရှိမြစ်နှင့် ရေကန်အများအပြား ရင်ဆိုင်နေရသည့် ညစ်ညမ်းမှုဖြစ်စဉ်များအနက် တစ်ခုသာဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ လူ့မိလ္လာအညစ်အကြေးများ ၏ ၈၀ ရာခိုင်နှုန်းကို လုံးဝသန့်စင်ခြင်းမရှိဘဲ ရေထုထဲစွန့်ပစ်နေကြသည်။ ရေကြောင့်ဖြစ်သောရောဂါများ ထူပြောနေသည်။ လူနေမြို့ရွာများမှထွက်သောအညစ်အကြေးများ၊ စက်မှုနှင့် စိုက်ပျိုးရေးအညစ် အကြေးများသည် ရေကောင်းရေသန့်များကို ရေအညစ်အညမ်းများအဖြစ်သို့ ပြောင်းလဲပစ်နေသည်။ လူနေဒေသနှင့်ဝေးသော ပင်လယ်ရေပြင်ကိုပင် ရေနံယိုဖိတ်မှုများကညစ်ညမ်းစေလျက်ရှိသည်။

လူ့မိလ္လာနှင့်တိရစ္ဆာန်တို့၏အညစ်အကြေးများ ရေထုထဲဝင်ရောက်လာရာတွင် ပါလာသော ရောဂါပိုးများကြောင့် ရေညစ်ညမ်းကာ ဝမ်းရောဂါတို့ဖြစ်ပွားပြီး လူ့အသက်ကိုပင် အန္တရာယ်ပေးကြောင်း ၁၈၅၄ ခုနှစ် လန်ဒန်မြို့ဆိုဟိုအရပ် ဝမ်းရောဂါဖြစ်ပွားမှုတွင် သမားတော် ဂျွန်စနိုးက သက်သေပြနိုင်ခဲ့သည်။ မသန့်ရှင်းသောရေနှင့် လူတွင်ရောဂါဖြစ် ပွားခြင်းတို့ဆက်စပ်နေကြောင်း ပထမဆုံးအကြိမ် အတိအကျ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုအချိန်မှစတွက်လျှင် နှစ်ပေါင်း ၁၆၀ ကျော်ကြာသော်လည်း ယင်းပြဿနာကို ယနေ့တိုင် ထိရောက်စွာ မဖြေရှင်းနိုင်ကြ သေးချေ။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ရေကြောင့်ဖြစ်သောရောဂါများကြောင့် တစ်နှစ်လျှင် လူငါးသန်း သေဆုံးနေကြသည်။ မိလ္လာအညစ်အကြေးများကို စနစ်တကျစွန့်ပစ်ခြင်းမရှိသည့် နေရာများတွင် အခြားရောဂါများ ကြောင့်သေဆုံးမှုထက်ရေမှတစ်ဆင့်ကူးစက်သောရောဂါများကြောင့် ဖျားနာသေဆုံးမှုက ပို၍များသည်။ ထိုသို့ဖြစ်ရသည်မှာ နည်းပညာပိုင်း လိုအပ်ချက်ကြောင့်မဟုတ်ဘဲ ငွေကြေးမပြည့်စုံမှု၊ ရေနှင့်ပတ်သက်သည့် အသိပညာပြည်သူများအကြား ထိရောက်စွာ လက်ခံကျင့်သုံး ရာတွင် လိုအပ်ချက်ရှိမှုတို့ကြောင့် ဖြစ်သည်။


ရေညစ်ညမ်းခြင်းဆိုသည်မှာ

ရေညစ်ညမ်းသည်ဆိုရာတွင်ရေသည်နောက်ကျိကာ အနည် နှင့် အမှိုက်သရိုက်များ ပါဝင် ရောနှောနေသည်ကိုသာ ဆိုလိုခြင်းမဟုတ်၊ လူတို့ကို ရောဂါရစေ သေကြေစေရုံသာမက ရေနေသတ္တဝါများ၏ ရှင်သန်မှုကိုထိခိုက်ကာ အဏ္ဏဝါဂေဟစနစ်ကြီးတစ်ခုလုံးကိုပါ ယိုယွင်းစေသော ပိုးမွှား အနည်အမှုန်၊ အရည်နှင့်ဓာတ်ပစ္စည်းအမျိုးမျိုးတို့ ရောယှက်နေခြင်းကို ခေါ်သည်။

ရေညစ်ညမ်းမှုရှိမရှိ သောက်သုံးရန်သင့်မသင့်သိနိုင်ရန် ရေတွင် လုံးလုံးမပါသင့်သည့် သို့မဟုတ် အများဆုံး ပါသင့်သည့် ပိုးမွှားနှင့်ဓာတုဇီဝပစ္စည်းများ၏ ပမာဏကိုသတ်မှတ်၍ ယင်းပမာဏထက် ကျော်လွန်မှု ရှိမရှိကို စစ်ဆေးလေ့ရှိကြသည်။

လူနှင့်တိရစ္ဆာန်တို့၏ မိလ္လာအညစ်အကြေးများ ရေတွင် ပါမပါ စစ်ဆေးရာတွင် အီးကိုလိုင်ခေါ် ဘက်တီးရီးယားတစ်မျိုးပါဝင်နေမှုကို အဓိကစစ်ဆေးကြသည်။

မိလ္လာအညစ်အကြေးများ၊ ဓာတ်မြေသြဇာအြွကင်းအကျန် စသည်တို့ပါမပါ ညွှန်ပြသည့်အခြားကိန်းတစ်ခုမှာ နိုက်ထရိုဂျင်”””ဓာတ်ပေါင်းများဖြစ်သည်။ နိုက်ထရိတ်၊ နိုက်ထရိုက်စသည့် နိုက်ထရိုဂျင်”””ဓာတ်ပေါင်းများသည် မတည်ငြိမ်သောသဘာဝရှိသည်။ နိုက်ထရိတ်သည် လူ့မိလ္လာအပြင် စိုက်ခင်းများမှ ရေထုထဲရောက်လာသည့် ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေးအြွကင်းအကျန်များတွင် ပါဝင်သည်။ ညစ် ညမ်းရေတွင်ပါသော နိုက်ထရိတ်ကို ငါးစသောရေသတ္တဝါတို့က စားပြီး ယင်းငါးတို့ကို ထပ်ဆင့်စားသော လူတို့၏ ကိုယ်တွင်းသို့ ဝင်ရောက်သောအခါ နိုက်ထရိုက်၁အသွင်သို့ ပြောင်းသည်။ နိုက်ထရိုက်ကြောင့် လူတို့၏သွေးဆဲလ်များ အောက်ဆီဂျင် သယ်ယူနိုင်စွမ်းလျော့ပါးသဖြင့် ဦးနှောက်သို့ အောက်ဆီဂျင် အရောက်နည်းသည်။ ဦးနှောက် စွမ်းရည် ကျဆင်းခြင်း၊ မောပန်းလွယ်ခြင်း၊ ြွကက်သားနာကျင်ခြင်းစသည်တို့ ကို ခံစားရသည်။ နိုက်ထရိုဂျင်ဓာတ်ပေါင်းလွန်ကဲသောရေကို သောက်ပါက အထူးသဖြင့် ကိုယ်ဝန်ဆောင်နှင့် မွေးစကလေးများ၏ ကျန်းမာရေး ထိခိုက်သည်။

စိုက်ခင်းထွက်အညစ်အကြေးများတွင်ပါသည့် နိုက်ထရိတ်နှင့် ဖော့စဖိတ်စသည့်ဓာတ်များသည် ရေထဲရှိ အယ်လ်ဂျီခေါ် အပင်ငယ်စသည်တို့အတွက် အလွန်ကောင်းမွန်သော အာဟာရဖြစ်သည်။ ယင်းတို့ကို အယ်လ်ဂျီတို့က စားသုံးကြပြီး အလွန်အမင်း ပေါက်ပွားလာကာ ရေပြင်သည်အစိမ်းရောင်ဖြစ်သွားသည်။ သေဆုံးသွားသော အယ်လ်ဂျီတို့ကို ရေထဲရှိဘက်တီးရီးယားတို့က ထပ်ဆင့်စားသုံးကြသည်။ အယ်လ်ဂျီနှင့်ဘက်တီးရီးယားတို့ လုပ်ဆောင်ချက်နှင့် ပူးတွဲ ဖြစ်ပေါ်သောဓာတုဖြစ်စဉ်၌ ရေထဲရှိ အောက်ဆီဂျင်လျော့နည်းသွားကာ ရေနေသတ္တဝါတို့မရှင်သန်နိုင်ဘဲ ရေညစ်ညမ်းရသည်။

နိုက်ထရိတ်၊ ဖော့စဖိတ်စသည်တို့ထက် သဘာဝပတ်ဝန်းကျင်ကို ပို၍အန္တရာယ်ပြုသောဓာတ်ပစ္စည်းများမှာ ပိုးသတ်ဆေးများတွင်ပါသော အော်လ်ဒရင်း၊ အယ်လ်ဒရင်းစသည့် ဓာတ်ပေါင်းများ ဖြစ်ကြသည်။ နိုက်ထရိတ်စသည်တို့သည် ရေထဲတွင် များစွာမကြာဘဲ ပြိုကွဲပျက်စီးသော်လည်း အော်လ်ဒရင်းစသော ဓာတ်အချို့သည်မူ တော်ရုံနှင့် ပြိုကွဲပြောင်းလဲပျက်စီးခြင်းမရှိဘဲ ရေထုကို ကြာရှည်ညစ်ညမ်းစေသည်။ ယင်းဓာတ်တို့ အများအပြားပါသောရေသည်လည်း ညစ်ညမ်းရေပင် ဖြစ်သည်။

ရေညစ်ညမ်းမှုကိုပြသည့်နောက်အညွှန်းကိန်းတစ်ခုမှာ ရေတွင် ဓာတ်ဆားအမျိုးမျိုး ပျော်ဝင်နေမှုကို တိုင်းတာသည့် လျှပ်စစ်စီးနိုင်မှု ဖြစ်သည်။ အထူးသဖြင့် ရေတွင် အငန်ဓာတ်ပါဝင်မှုကို သိလိုလျှင် လျှပ်စစ် စီးနိုင်မှုကို အသုံးပြုသည်။ ဆားပျော်ဝင်မှုများသောရေကို သောက်လျှင် လူ့ကျန်းမာရေး၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်များ၊ မွေးကင်းစကလေးများ၊ ကလေးငယ်များ၏ ကျန်းမာရေးထိခိုက်သည်။ ဘင်္ဂလား ဒက်ရှ်နိုင်ငံ ကမ်းရိုးတန်းဒေသများတွင် ကလေးသူငယ် သေဆုံးမှု၏ ၂၀ ရာခိုင်နှုန်းသည် အငန်ဓာတ်များသော ရေကြောင့် ဖြစ်သည်။


အောက်ဆီဂျင်ကိုစုပ်ယူ

ရေနေသတ္တဝါတို့ ရှင်သန်နိုင်ရန် ရေထဲတွင် အောက်ဆီဂျင် အလုံအလောက်ရှိဖို့လိုသည်။ ရေတစ်လီတာတွင် အောက်ဆီဂျင် အနည်းဆုံး ငါးမီလီဂရမ်ပျော်ဝင်နေရန် လိုအပ်သည်။ ရေထဲတွင် ပျော်ဝင်နေသော အောက်ဆီဂျင်သည် ငါးတို့ ဥခြင်း၊ သားပေါက်ခြင်း စသည့် ဖြစ်စဉ်များတွင်လည်း အရေးပါသည်။ နိုက်ထရိတ် အပါအဝင် အချို့ဓာတ်ပေါင်းများသည် ရေထဲတွင်ပျော်ဝင်နေသည့် အောက်ဆီဂျင်များနှင့် ထိတွေ့ဓာတ်ပြုခြင်းဖြင့်ရေထဲတွင် အောက်ဆီဂျင် လျော့နည်းကုန်ခန်းစေကာ ရေနေသတ္တဝါတို့ကို အန္တရာယ်ပြုသည်။ အလားတူ ရေထဲသို့ ဝင်ရောက်လာသော သစ်ရွက်ဆွေးများနှင့် အပင်တို့၏ ရုပ်ကြွင်းများ၊ နောက်ချေးစသည့် တိရစ္ဆာန်စွန့်ပစ် အညစ်အကြေးများ၊ လူ့မိလ္လာစသည့် အော်ဂဲနစ်ပစ္စည်းများ ပါလာလျှင် ယင်းတို့ကို ရေထဲရှိ ဘက်တီးရီးယားနှင့် အခြားပိုးကောင်ငယ်များက ချေဖျက်စားသုံးကြရာ၌ ရေထဲရှိ အောက်ဆီဂျင်ကိုပါ တစ်ပါတည်း ကုန်ခမ်းစေသဖြင့် ရေထုထဲတွင် အောက်ဆီဂျင် လျော့နည်းလာသည်။

ရေထဲတွင်ပါသည့် အချို့သောအပင်ငယ်များ သက်ရှိ ပိုးကောင်ငယ်များ ဇီဝရုပ်များနှင့် အော်ဂဲနစ် ဓာတ်ပေါင်းများက ဇီဝဓာတုနည်းဖြင့် ဓာတ်ပြုဖယ်ရှားသည့် အောက်ဆီဂျင်ပမာဏကို ”ဇီဝဓာတု ဆိုင်ရာ အောက်ဆီဂျင်လိုအပ်မှု”ဟု အဓိပ္ပာယ်ရသည့်”ဘီအိုဒီ’ယူနစ်ဖြင့် တိုင်းတာသည်။ ရေတွင် ဘီအိုဒီကိန်း မြင့်မားလျှင် ယင်းရေ ညစ်ညမ်းနေသည်ဟု သိနိုင်သည်။


စက်မှုအညစ်အကြေး

စက်မှုလုပ်ငန်းများမှထွက်လာသော စွန့်ပစ်ပစ္စည်းများတွင် လုပ်ငန်းအမျိုးအစားကိုလိုက်၍ ဆိုင်ယာနိုက်၊ ဇင့်၊ ခဲ၊ ကြေးနီ၊ ကက်(ဒ)မင်၊ ပြဒါးစသည်တို့ပါဝင်ရာ ယင်းတို့ကိုစားသုံးမိသော ရေသတ္တဝါတို့သည် ဓာတ်အမျိုးအစားနှင့်ပမာဏကို လိုက်၍ အချိန်တိုအတွင်း သေကြသည်လည်းရှိ၍ ရုတ်ချည်းမသေဘဲ ကိုယ်ခန္ဓာအတွင်း ရှိနေကာ ယင်းသတ္တဝါတို့ကို ထပ်ဆင့်စားသုံးကြသည့် လူအပါအဝင် အခြားသတ္တဝါတို့၏ ကိုယ်ခန္ဓာအတွင်းရောက်ရှိ၍ ဖြည်းဖြည်းချင်း ရောဂါရသေဆုံးကြသည်မျိုးလည်း ရှိနိုင်သည်။

အချို့သော စက်ရုံထွက်စွန့်ပစ်ပစ္စည်းများတွင် အောက်ဆီဂျင်ကို စုပ်ယူဓာတ်ပြုသော ဓာတုဓာတ်ပေါင်းများ ပါဝင်နေပါက ယင်း ဓာတ်ပေါင်းများသည် ဓာတုနည်းဖြင့် ရေထဲရှိအောက်ဆီဂျင်မည်မျှကို ဓာတ်ပြု ဖယ်ရှားနိုင်သနည်းဆိုသည်ကို ”စီအိုဒီ”ယူနစ်ဖြင့် တိုင်းတာသည်။ စီအိုဒီသည် ဓာတုဆိုင်ရာ အောက်ဆီဂျင် လိုအပ်မှုဟု အဓိပ္ပာယ် ရသည်။ မြင့်မားသောစီအိုဒီကိန်းရှိသောရေသည် ညစ်ညမ်းရေပင် ဖြစ်သည်။

စက်မှုလုပ်ငန်းများသည် အဆိပ်သင့်ဓာတ်၊ အောက်ဆီဂျင်စုပ်ဓာတ်တို့ဖြင့်သာ ရေကိုညစ်ညမ်းစေသည် မဟုတ်ဘဲ အအေးခံစနစ်မှ ထွက်လာသောရေပူများဖြင့်လည်း မြစ်ရေ၏အပူချိန်ကို မြင့်မားစေပြီး ရေနေ သတ္တဝါတို့၏ ဇီဝကမ္မဖြစ်စဉ်ကို နှောင့်ယှက်သည်။ ရေနွေးများသည် မြစ်ရေတွင် ပျော်ဝင်နေသော အောက်ဆီဂျင်ပမာဏကို လျော့နည်းစေပြီး ရေနေသတ္တဝါတို့၏ရှင်သန်မှုကိုတားဆီးသည်။ ယေဘုယျ အားဖြင့် ၁၀ ဒီဂရီစင်တီဂရိတ်နှင့် ၂၅ ဒီဂရီစင်တီဂရိတ်ကြားရှိ ရေထုကို ရေနေသတ္တဝါတို့ နှစ်သက်သည်။

စက်မှုလုပ်ငန်းများမှ စွန့်ပစ်၍ မြစ်ရေကန်ရေများထဲသို့ ဝင်ရောက်နေသော ဓာတ်ပစ္စည်းအမျိုးမျိုး၏ ဓာတ်ဂုဏ်သတ္တိပေါ်မူတည်၍ အချို့အရာများသည် အက်စစ်ဓာတ်လွန်ကဲနေကာ ပီအိပ်ချ်တန်ဖိုး နိမ့်နေပြီး အချို့ပစ္စည်းများသည် ဘေ့စ်ဓာတ်လွန်ကဲ၍ ပိအိပ်ချ်တန်ဖိုး မြင့်မားနေတတ်သည်။ ရေနေသတ္တဝါတို့သည် ပီအိပ်ချ်တန်ဖိုး ၆ . ၅ နှင့် ၈ . ၅ အတွင်း၌သာ ကောင်းစွာရှင်သန်သဖြင့် ပီအိပ်ချ် နည်းလွန်း များလွန်းသော ရေကိုလည်း ညစ်ညမ်းရေဟု သတ်မှတ်နိုင်သည်။
ယနေ့ကမ္ဘာတွင် စက်ရုံအလုပ်ရုံများမှ ရေထုထဲ ဝင်ရောက်နေသော ညစ်ညမ်းရေဆိုးပမာဏသည် တစ်နှစ်လျှင် တန်ချိန်သန်း ၅၀ဝ မျှဖြစ်သည်။


ညစ်ညမ်းကန်ရေ

စီးနေသောမြစ်ရေချောင်းရေထက် ရေသေ သို့မဟုတ် တစ်စိတ်တစ်ပိုင်းရေသေဖြစ်နေသောကန်များသို့ ဝင်လာသည့် အညစ်အကြေးများသည် အချိန်ကြာသော် စုပုံလာသည့်အတွက် ရေကန်များ၏ ညစ်ညမ်းမှုကို မြစ်ချောင်းများတွင်ထက် ပို၍ ဂရုပြုသန့်စင်ပေးရသည်။ ရေဆိုးဝင်ရောက်နေသည့်ကန်သည် မဝင်သည့် ကန်ထက် ပို၍အကောမြန်သည်။ ငါးအသေများကို မြစ်ချောင်းများတွင်ထက် ကန်များတွင် ပိုတွေ့ရသည်။

၂၀ဝ၀ ပြည့်နှစ်က အမေရိကန်နိုင်ငံရှိရေကန်များအနက် မျက်နှာပြင်စုစုပေါင်းဧက ၇ သန်းကျော်၏ ညစ်ညမ်းမှုကို လေ့လာခဲ့ရာ ၄၅ ရာခိုင်နှုန်းသော ကန်ရေပြင်တို့သည် တစ်နည်းမဟုတ်တစ်နည်း ညစ်ညမ်းနေကြောင်းတွေ့ရသည်။ ညစ်ညမ်းကန်ရေပြင်၏ ထက်ဝက် ခန့်တွင် နိုက်ထရိတ်နှင့် ဖော့စဖိတ်တို့ လွန်ကဲနေကာ ၄၂ ရာခိုင်နှုန်းသည် ခဲနှင့်ပြဒါးစသည့်သတ္တုပမာဏများလွန်းနေသည်။


သဘာဝ၏သန့်စင်နိုင်စွမ်း

ထိုသို့ မြစ်ရေကန်ရေများထဲသို့ ညစ်ညမ်းပစ္စည်းများ ဘက်ပေါင်းစုံမှ ဝင်ရောက်နေပြီး ကမ္ဘာ့နေရာ အတော်များများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယင်းရေများကို မသန့်စင်မပြုပြင်ဘဲ သို့မဟုတ် လုံလောက်စွာမသန့်စင်မပြုပြင်ဘဲ သောက်သုံးနေကြသည်။ ယင်းသို့ သောက်နေ၍ ရောဂါရကြ သေဆုံးနေကြသော်လည်း ဝင်နေသော အညစ်အကြေးပမာဏနှင့်စာလျှင် ကပ်ဘေးဆိုက်သည်အထိ ရောဂါ ဖြစ်ပွားနိုင်ပါလျက် မဖြစ်ခြင်းမှာ ရေထုသည် မိမိထဲရောက်လာသော အညစ်အကြေးများကို သဘာဝအလျောက် သန့်စင်ပေးနိုင်သောအရည်အသွေးကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။

အညစ်အကြေးတွင်ပါဝင်သည့် ရေထက်လေးသော အစိုင်အခဲကြီးငယ်များသည် အနည်ထိုင်ခြင်းဖြင့် ရေစီးထဲမှ ထွက်ကျန်ရစ်သည်။ မြစ်ကြမ်းပြင်၌ ထိုင်ကျန်သောအန္တရာယ်ရှိဇီဝဓာတုပစ္စည်းများသည် အညစ်အကြေးတွင်ပါဝင်သည့် ဘက်တီးရီယားတို့၏ ဓာတ်ပြုမှုကြောင့် တဖြည်းဖြည်းဓာတ်ပြိုကွဲလျက် အန္တရာယ်မရှိသော ဇီဝဓာတုပစ္စည်းများအဖြစ်သို့ရောက်သည်။

ပေါ့ပါးသောအမှုန်များသည်မူ ရေနှင့်အတူဆက်လက်မျောပါသွားသည်။ ထိုသို့ပါသွားသော အမှုန်နှင့် အညစ်အကြေးများသည် လှိုင်းများ၊ ဝဲဂယက်များ၊ ရေအပေါ်အောက်လှန်မှုများကြောင့် မြစ်ရေနှင့် ရောယှက်မိကြပြီး သိပ်သည်းမှုလျော့ကျသွားသည်။ လှိုင်းနှင့် ဝဲဂယက်များကြောင့်ပင် ရေထုနှင့်လေထု ထိတွေ့ရောယှက်ကာ လေထဲမှအောက်ဆီဂျင်များရေထဲပျော်ဝင်လာသဖြင့် အောက်ဆီဂျင် လျော့နည်းမှုမှ သက်သာရာရစေသည်။

ရေ၏အရောင်နှင့်အရသာကိုပြောင်းလဲစေသော ဓာတ်ပစ္စည်းများ၊ အဆိပ်ဓာတ်အချို့နှင့် အောက်ဆီဂျင် စုပ်ယူနိုင်သောဓာတ်ပစ္စည်းများကို ရေထုထဲရှိအချို့အပင်ငယ်များ၊ အချို့သော အကျိုးပြု ဘက်တီးရီးယား ပိုးကောင်များက သဘာဝအလျောက် ဓာတ်ပြုပြောင်းလဲသန့်စင်ပေးနိုင်စွမ်း ရှိကြသည်။ အပင်ငယ်နှင့် အကျိုးပြု ဘက်တီးရီးယားများပြားသော သို့မဟုတ် ြွကယ်ဝသော ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်နေသည့် မြစ်ရေသည် အညစ်အကြေးများကို ပို၍သန့်စင်ပေးနိုင်သည်။ ရေစီးနေရင်း နေရောင်နှင့်ထိတွေ့သဖြင့် ရောဂါပိုးမွှားများ သေကြေကြသည်။

ကမ္ဘာတွင် လူဦးရေမများသေးဘဲ ရေထုထဲရောက် အညစ်အကြေး ယနေ့ကဲ့သို့ မလွန်ကဲခဲ့ချိန်အထိ သဘာဝ၏ အညစ်အကြေး သန့်စင်မှုစွမ်းရည်သည် ကောင်းစွာအလုပ်လုပ်နိုင်ခဲ့သည်။ လူဦးရေနှင့် အညစ်အကြေးပမာဏ များလာသောအခါမှသာ ရေညစ်ညမ်းမှုသည် ရှေ့တန်းရောက်လာသည်။

အမှိုက်များ၊ အညစ်အကြေးများဖြင့် ပြည့်နေကာ ရေနေသတ္တဝါများမရှင်သန်နိုင်တော့သည့် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ စီတရမ်မြစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာမှ စီးထွက်လာသော မိလ္လာအညစ်အကြေးများ၏ ၈၀ ရာခိုင်နှုန်းမျှစီးဝင်နေသည့် ဘူရီဂင်္ဂါမြစ်၊ လူဦးရေနှစ်သန်းတို့အတွက် သောက်သုံးရေရယူနေသော်လည်း စက်ရုံထွက်အညစ်အကြေးများ အလုံးအရင်းနှင့်စီးဝင်နေသော တရုတ်နိုင်ငံ မြစ်ဝါမြစ်နှင့် အီတလီနိုင်ငံ ဆာနိုမြစ်တို့သည် ရေညစ်ညမ်းမှု၏ ထင်ရှားသောဥပမာများ ဖြစ်ကြသည်။

လူဦးရေတိုးပွားလာ၊ တစ်ဦးချင်းရေအသုံးများလာ၊ စက်မှုလုပ်ငန်းနှင့်စိုက်ခင်းများလာသောကမ္ဘာတွင် ညစ်ညမ်းမြစ်ရေ ကန်ရေ ထုထည်များလာရုံတင်မဟုတ် သဘာဝမြေအောက်ရေအရင်းအမြစ် အချို့သည်ပင် လူတို့ကို အန္တရာယ်ပြုလာနေသည်။


သဘာဝရေ၏ညစ်ညမ်းမှု

လူတို့ဖန်တီးသော ရေညစ်ညမ်းမှုများအပြင် အန္တရာယ်ရှိ ဓာတ်များ သဘာဝ အလျောက် ပျော်ဝင်နေသည်ကို ဂရုမပြု သတိမထားမိကြ၍လူသန်းနှင့်ချီရောဂါရသေဆုံးကြရမှုများရှိနေသည်။

၁၉၈၀ ပြည့်နှစ်မှစခဲ့သော’နိုင်ငံတကာရေဆယ်စုနှစ်’ကို အကြောင်းပြုကာ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်)၏ အစီအမံနှင့် ငွေကြေးထောက်ပံ့မှုများဖြင့် ကမ္ဘာတစ်ဝန်းလုံးတွင် စက်ရေတွင်း ပေါင်းသန်းနှင့်ချီ၍တူးဖော်ခဲ့သည်။ မြေအောက်ရေသည် ယေဘုယျအားဖြင့် မြေပေါ်ရေထက် အညစ်အကြေး ပျော်ဝင်မှု နည်းပါးသဖြင့် ဝင်ငွေနည်းမိသားစုများကို ကောင်းမွန်စိတ်ချရသော ရေပေးဝေနိုင်ရန် ယင်းသို့ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ကံမကောင်းအကြောင်းမလှစွာဖြင့် အချို့ဒေသများ၌ မြေအောက်ရေတွင် အာဆင်းနစ် ပါဝင်မှန်း မသိဘဲ သောက်သုံးမိခဲ့ကြရာမှ ရောဂါရကြသေဆုံးကြသည်။ အိန္ဒိယနိုင်ငံ အနောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ သောက်သုံးကြသည့် စက်ရေတွင်းများစွာတွင် အာဆင်းနစ်ဓာတ်များ လွန်ကဲစွာပါဝင်နေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်အရ သောက်ရေတစ်လီတာတွင် အာဆင်းနစ် ၁၀ မိုက်ကရို ဂရမ်ထက် မပိုစေသင့်ဟု ပါရှိသော်လည်း ဘင်္ဂလားဒေ့ရှ်ရေတွင်းအများအပြားတွင် ယင်းထက် အဆပေါင်း ရာနှင့်ချီ၍ ပိုမို ပါဝင်သည်။ အာဆင်းနစ်လွန်ကဲသောရေကို သောက်မိသည့်အတွက် အရေပြား အနာ၊ အရေပြားကင်ဆာ၊ အဆုပ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အသည်းကင်ဆာ၊ အာရုံကြောရောဂါ စသည့်ဆိုးကျိုးများကိုခံစားကြရသည်။

အာဂျင်တီးနား၊ ချီလီ၊ ပီရူး၊ မက္ကဆီကို၊ ဟန်ဂေရီ၊ သြစတေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်စသည့်နိုင်ငံ များတွင်လည်း အာဆင်းနစ်အဆိပ်သင့်သူသန်း ၁၄၀ မျှရှိသည်။ အာဆင်းနစ်ကြောင့် ဖြစ်သည့်ရောဂါများသည် ချက်ချင်းလက္ခဏာမပြသေးဘဲ အချိန်ကြာလာမှရောဂါပေါ်လာသဖြင့် အနာဂတ်တွင် အာဆင်းနစ်ဝေဒနာသည်ပေါင်း သန်းနှင့်ချီ၍ထပ်ပေါ်လာဦးမည်ဖြစ်၍ ယင်းဖြစ်ရပ်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ”လူ့သမိုင်းတွင် အကြီးမားဆုံး အစုအပြုံလိုက် အဆိပ်သင့်မှုကြီး”ဟု ခေါ်ဆိုထားသည်။

စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးမြေများမှထွက်သော အာဆင်းနစ်ကြောင့် အန္တရာယ်ဖြစ်ခြင်းမျိုး ရှိသော်လည်း အထက်ပါအာဆင်းနစ် အဆိပ်သင့်မှုနှင့်စာလျှင် ထိခိုက်မှုမများပေ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယေဘုယျ သတ်မှတ်ချက်ထက် လျော့နည်းပြီး ရေတစ်လီတာတွင် အာဆင်းနစ် ၁ . ၂ မိုက်ကရိုဂရမ် မျှသာပါသောရေကိုသောက်မိသူအချို့တွင် အာဆင်းနစ် အဆိပ်သင့်သည့် လက္ခဏာများတွေ့ခဲ့သဖြင့်လည်းကောင်း၊ အာဆင်းနစ်များသောရေကို ပြုပြင်သန့်စင်၍ ရနိုင်သော်လည်း တကယ်တန်း စိတ်ချရသည်အထိ သန့်စင်ရန်ထိန်းချုပ်မှုများစွာလိုသဖြင့်လည်းကောင်း ရေတွင် အာဆင်းနစ်များနေလျှင် ဖြစ်နိုင်ပါကအာဆင်းနစ်ပိုနည်းသော ရေအရင်းအမြစ်ကို ရှာဖွေသုံးစွဲရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြု ထားသည်။

အညစ်အကြေးများရောနေသော မြေပေါ်ရေကြောင့် လူများ ရောဂါရ သေဆုံးနေကြချိန်တွင် မြေအောက်ရေကို ရယူသောက်သုံးနိုင်ရန် စီမံပေးလိုက်ကာမှ လွန်ကဲသည့်အာဆင်းနစ်ကြောင့် အန္တရာယ် တွေ့ရသည်မှာ ရေငတ်လူသားတို့အတွက် တစ်ပူပေါ်နှစ်ပူဆင့်သော ဖြစ်ရပ်ဟု ဆိုရမည်။


(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)

အခန်း ၁။ ရေမရှိအသက်မရှိ

အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က

အခန်း ၃။ ပျက်ယွင်းရေသံသရာ

အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း

အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး

အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင်

အခန်း ၇။ အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ

အခန်း ၈။ အရည်ပျော်တောင်ထိပ်များ

အခန်း ၉။ ပင်လယ်ရေတကယ်ခန်း

အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်

အခန်း ၁၂။ သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး

အခန်း ၁၃။ ရေငတ်လွန်းသူအတွက်ကုထုံး

အခန်း ၁၄။ အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု

အခန်း ၁၅။ ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ

အခန်း ၁၆။ ခြေရာပျောက်ရေ

အခန်း ၁၇။ ရေဖိုးရေခ

အခန်း ၁၈။ ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ

အခန်း ၁၉။ အုံ့ဆိုင်းသစ်တောစီးသောရေကြည်

အခန်း ၂၀။ ရေရှားကမ္ဘာအတွက်အသင့်ပြင်ကြပါစို့

One thought on “နယ်ချဲ့ညစ်ညမ်းရေ

Leave a comment