
‘စာရာမေတိတောင်ထိပ်တောင်ထွတ်မှာ ရေခဲဖုံးအုပ်တယ်လို့ ကြားဖူးတယ်၊ ကြားဖူးနားဝတွေကပဲ လွဲတာလား၊ ကမ္ဘာကြီးပူနွေးလာလို့ ရေခဲမဖုံးအုပ်တော့တာလား၊ ကင်မရာမှာတပ်ထားတဲ့ တယ်လီ မှန်ဘီလူးနဲ့ ကြည့်တော့လည်း ရေခဲအစအနကိုမမြင်ရဘူး’ ဟု ‘ညီပုလေး’က ‘စိမ်းလန်းတဲ့တောင်ကုန်း မြင့်မားတဲ့တောင်တန်း’ စာအုပ်တွင် ရေးသားခဲ့သည်။
တောင်ထိပ်ရေခဲပြင်များ ပျောက်ကွယ်သွား၍ ‘ညီပုလေး’ ကဲ့သို့ စိုးရိမ်စိတ်ဝင်နေသူသန်းပေါင်းများစွာရှိရာ တိဘက်လယ်သမား ဂျီယာဆွန်လည်းပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ တောင်ထူထပ်သောအပိုင်း၌ နေသူဂျီယာဆွန်က ”ကျွန်တော်တို့ဟာ သဘာဝတရားကြီးကိုနှောင့်ယှက်ဖျက်ဆီးမိခဲ့ပြီ”ဟု ပြောသည်။ ဂျီယာဆွန်သည် နွေရာသီ၏ နေ့တစ်နေ့တွင် ပေ ၂၂၀ဝ၀ မြင့်သော ကာဝါဂီဘို တောင်ပေါ်တက်ရင်း မင်ယွန်းရေခဲမြစ်ရှိရာကိုကြည့်၍ ယင်းသို့ပြောခြင်းဖြစ်သည်။ လွန်ခဲ့သောဆယ်နှစ်အထိတွေ့မြင်နေခဲ့သော မင်ယွန်းရေခဲမြစ်ကို တွေ့နေကျနေရာ၌ မမြင်ရတော့ပေ။ ရေခဲမြစ်သည် တိုဝင် နောက်ဆုတ်သွားခဲ့ပြီ။
ဂျီယာဆွန်သည် တောင်ပေါ်သို့အတန်ငယ်ထပ်တက်ပြီး မြစ်ကွေ့နေရာသို့ရောက်တော့မှ ရေခဲမြစ်ရှိခဲ့ကြောင်း သက်သေဖြစ်သည့် ကျောက်တုံးအကြေအမွများကိုတွေ့ရသည်။ ရေခဲမြစ်နောက်ဆုတ် သွားရင်း ချေမွခံခဲ့ရာမှ ကျန်ရစ်ခဲ့သည့် ကျောက်ကြေကျောက်ပဲ့များ ဖြစ်ကြသည်။ ပို၍မြင့်သောနေရာသို့ တက်၍ကြည့်သောအခါ ရေခဲမြစ်ကိုကား တွေ့ရပါ၏။ သို့သော် ယင်း၏မျက်နှာပြင်သည် ယခင်ကကဲ့သို့ ရေခဲသက်သက်ဖြင့် ဖြူဖွေး ချောမွေ့မနေတော့။ ရေခဲများကြားတွင် ကျောက်တုံးအစအနများ၊ ဖုန်မှုန့်များကို အမည်းကွက်များအသွင်ဖြင့် တွေ့ရသည်။
ယင်းကဲ့သို့ ရေခဲမြစ်များတိုဝင်ပျောက်ကွယ်နေခြင်းမှာ ကမ္ဘာ့အအေးပိုင်းဒေသများနှင့် တောင်ထိပ်များတွင် နေရာအနှံ့ဖြစ်ပေါ်နေသော်လည်း ဂျီယာဆွန်နေထိုင်သည့် ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသ တိဘက်တောင်ထိပ်များတွင် ပို၍အခြေအနေဆိုးသည်။ ပါကစ္စတန်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ မြန်မာနိုင်ငံတို့၏ မြောက်ဘက်၊ တရုတ်နိုင်ငံ၏အနောက်ဘက် တစ်စိတ်တစ်ပိုင်းတို့ဖြင့် ဖွဲ့စည်းထားသော ကမ္ဘာ့ခေါင်မိုးဟု ခေါ်ဆိုကြသည့် ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသ၁တွင် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်များ ပါဝင်သည်။ မြောက်နှင့်တောင်ဝင်ရိုးစွန်းဒေသများပြီးလျှင် ရေခဲထုအများဆုံးရှိရာဖြစ်၍ တတိယဝင်ရိုးစွန်းဟု လည်း ခေါ်ဝေါ်ကြသည်။ တရုတ်ပိုင်တိဘက်ကုန်းမြင့်တစ်ခုတည်း တွင်ပင် ရေခဲမြစ်ပေါင်း ၃၇၀ဝ၀ ခန့် ရှိသည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအတွင်း ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသတောင်ထိပ်များတွင် ဆောင်းအခါ ကျသော ဆီးနှင်းများကြောင့် ရေခဲမြစ်များကြီးထွားလာလိုက်၊ နွေအခါရေခဲမြစ်များ အရည်ပျော်ကာ အမူဒါယာ၊ တာရင်၊ အိန္ဒု၊ ဂင်္ဂါ၊ ဗြဟ္မပုတ္တရ၊ ဧရာဝတီ၊ သံလွင်၊ မဲခေါင်၊ မြစ်ဝါ၊ ယန်စီ မြစ်ဝှမ်းဒေသ ၁၀ ခုထဲသို့ စီးဆင်းသွားလိုက်ဖြင့် ယင်းမြစ်ကြီးများကိုအသက်ဆက်ပေးခဲ့ကြသည်။
လူသန်း ၁၉၀ဝ ၏အားထားရာ
မြစ်ကြီးများသည် သမိုင်းတစ်လျှောက်လုံး မိမိတို့ဖြတ်စီးရာ ဒေသခံလူများအတွက် သောက်သုံးရေ ပေးဝေရုံတင်မကဘဲ ခရီးသွားလာရေး၊ စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်မှုစသည့် နယ်ပယ် အသီးသီး၌ ကောင်းကျိုးများစွာကိုသမိုင်းစဉ်တစ်လျှောက်လုံး ယနေ့ အထိပေးဝေနေဆဲဖြစ်သည်။ ကမ္ဘာ့ လူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်နီးပါးနှင့်ညီမျှသော လူဦးရေစုစုပေါင်းသန်း ၁၉၀ဝ ခန့်တို့သည် ဟိမဝန္တာကုန်းမြင့်မှ ဆီးနှင်းနှင့်ရေခဲများအရည်ပျော်ရာမှစီးဆင်းလာသောမြစ်ရေတို့ကို သောက်သုံး မှီခိုနေကြရသည်။ ယခင်က ဆောင်းအခါ ဆီးနှင်းကျမှုပမာဏနှင့်နွေအခါအရည်ပျော်မှုပမာဏ ညီမျှခဲ့သဖြင့် ရေခဲပြင်များ ယုတ်လျော့ခြင်းမရှိခဲ့ချေ။
သို့သော် ရုပ်ကြွင်းလောင်စာများ လောင်မြှိုက်မှုမှတစ်ဆင့် ကမ္ဘာ့လေထုတွင်းသို့ ကာဘွန်ဒိုင်အောက်ဆိုက်များ အဆမတန် ဝင်ရောက်ခြင်း၏ အကျိုးဆက်အဖြစ် တက်လာသောလေထုအပူချိန်ကြောင့် ရေခဲပြင်နှင့် ရေခဲမြစ်များ နွေအခါအရည်ပျော်မှုသည် ဆောင်းအခါကျသော ဆီးနှင်းပမာဏကို ကျော်လွန်လာခဲ့သည်။ လွန်ခဲ့သော နှစ် ၁၀ဝ အတွင်း ကမ္ဘာ့လေထု၏ ပျမ်းမျှအပူချိန်သည် ဝ ဒသမ ၆ ဒီဂရီစင်တီဂရိတ် တက်ခဲ့သော်လည်း ကမ္ဘာ့ရေခဲမြစ်များ၏ ပျမ်းမျှအပူချိန်သည်မူ ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်တက်ခဲ့သည်။ ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာကုန်းမြင့်၏အချို့အပိုင်းများတွင် လွန်ခဲ့သောရာစုနှစ်အတွင်း ၂ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်မျှတက်ခဲ့သည်။
ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရေခဲမြစ်များသည် ၁၉၇၀ ပြည့်နှစ်အလွန်မှစ၍ အရည်ပျော်မှုများလာကာ လျော့နည်းတိုဝင်လာလျက်ရှိသည်။ ခြွင်းချက်အနေဖြင့် အနောက်ဘက်ဟိမဝန္တာရှိ ကာရာကိုရမ် တောင်တန်း ရေခဲမြစ်အချို့သည်မူ ကြီးထွားရှည်ထွက်လာနေကြောင်း တွေ့ရသည်။ ယင်းအရပ်၏ အမြင့်ပိုင်း ဒေသများ၌ ဆီးနှင်းပိုကျလာခြင်းနှင့် အပူချိန်မြင့်မားလာမှု၏ အကျိုးဆက်ကိုခံရမှု နည်းပါးခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။
လေ့လာချက်တစ်ခုအရ အိန္ဒိယ၊ တရုတ်၊ နီပေါနှင့် ဘူတန်တို့ရှိ ရေခဲမြစ်များသည် ၂၀ဝ၀ ပြည့်နှစ်မှစ၍ တစ်နှစ်လျှင် ရေခဲမြစ်အထူ တစ်ပေခွဲမျှ၊ အလေးချိန်အားဖြင့် ရှစ်ဘီလျံတန် လျော့နည်းလာနေသည်။ ယင်းပမာဏမှာ ၁၉၇၅ ခုနှစ်မှ ၂၀ဝ၀ ပြည့်နှစ်အတွင်း အရည်ပျော်နှုန်း၏နှစ်ဆခန့်ဖြစ်သည်။
တရုတ်ပညာရှင်တို့သည် တိဘက်ကုန်းမြင့်ရှိ ရေခဲမြစ် ၆၈၀ တို့ကို စောင့်ကြည့်လေ့လာခဲ့ရာ ၉၅ ရာခိုင်နှုန်း သော ရေခဲမြစ်များ၏ အရည်ပျော်မှုသည် ရေခဲပြန်ဖြစ်မှုထက်ပိုလွန်နေကြောင်း တွေ့ရသည်။ ခန့်မှန်းချက် အရ တိဘက်ကုန်းမြင့်ရေခဲမြစ်များ၏ ၄၀ ရာခိုင်နှုန်းသည် ၂၀၅၀ ပြည့်နှစ်အရောက်တွင် ကွယ်ပျောက်သွားနိုင်သည့် အလားအလာ များရှိနေသည်။
ဒေသတစ်ခုလုံးကို ခြုံငုံ၍ကြည့်လျှင် ရေခဲမြစ်အရည်ပျော်မှုသည် လက်ရှိထက်ပို၍များလာရန်သာ ရှိသည်ဟု ပညာရှင်အများက ယူဆကြသည်။ ရေခဲအရည်ပျော်၍ အောက်ခံမြေသားပေါ်လာသောအခါ ယင်းကုန်းမြေတို့သည် ရေခဲပြင်ထက် နေရောင်အပူဓာတ်ကို ပိုမိုစုပ်ယူသဖြင့် ပူ၍ ရေခဲအရည်ပျော်၊ အရည်ပျော်၍ ပိုပူခြင်းဟူသော အဆိုးသံသရာထဲ ရောက်မည်ဟု သူတို့ကဆိုသည်။
ရေခဲမြစ်တိုးတက်အရည်ပျော်မှု၏ ထင်ရှားသော အမှတ်အသားများအနက်တစ်ခုမှာ ရေခဲမြစ်များ ဆုတ်ခွာသွားရာ လမ်းတလျှောက်တွင် ပေါ်ထွန်းလာသောရေအိုင်များဖြစ်သည်။ ယင်းရေအိုင်များသည် အရေအတွက်ရော၊ အရွယ်အစားပါ တိုးပွားလာလျက်ရှိသည်။ ယင်းရေကန်များထဲတွင် ရေထပ်မံ တိုးလာသောအခါ ကန်ပေါင်ကျိုး၍ ရုတ်ချည်း ပေါက်ထွက်လာသောကြောင့် တောင်ခါးပန်းနှင့် တောင်အောက်တွင် ရေလွှမ်းမိုးမှုများကို ဖြစ်ပေါ်စေသည်။ ယင်းဖြစ်စဉ်၏ထင်ရှားသော ဥပမာကို ဘူတန် နိုင်ငံတွင် တွေ့နိုင်သည်။ ဘူတန်တွင်တောင်တန်း များ၏အပေါ်ပိုင်းတွင် ရေခဲမြစ်ရေများဖြင့် ဖွဲ့စည်းထားသော ရေကန်ပေါင်း ၂၇၀ဝ ခန့် ရှိနေကာ ယင်းရေကန်မှ ပေါက်ထွက် စီးဆင်းလာမှုကြောင့် လူအသေအပျောက် ရှိသည်အထိ ဆိုးရွားသောဖြစ်စဉ်များ ပေါ်ပေါက်လျက် ရှိသည်။
ရေစီးပိုလာသော်လည်း
ရေခဲမြစ်များ နွေအခါအရည်ပိုပျော်လာသဖြင့် ယင်းရေခဲမြစ်များ အရည်ပျော်စီးဝင်ရာမြစ်များ၏ ရေစီး ပမာဏလည်း ပိုလာသည်။ နွေအခါမြစ်ရေစီးပိုလာခြင်းသည် ကောင်းသည့်လက္ခဏာဟု ယူဆရသော်လည်း အနာဂတ်တွင် ရေခဲမြစ်များလျော့နည်းသွားသောအခါ မြစ်ရေစီးလည်း လျော့သွားမည်ဖြစ်၍ စင်စစ်စိုးရိမ်ဖွယ် အခြေအနေ ဖြစ်သည်။
ကမ္ဘာ့လူဦးရေအများဆုံးနှစ်နိုင်ငံဖြစ်ကြသော တရုတ်၊ အိန္ဒိယအပါအဝင် ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသမှ မြစ်ဖျားခံလာသော မြစ်ရေများကို မှီခိုနေရသည့် နိုင်ငံအသီးသီးတို့သည် သောက်သုံးရေနှင့်စိုက်ပျိုးရေတို့ကို တိုးတက်လိုအပ်နေစဉ်တွင် ရေရှည်၌မြစ်ရေနည်းလာမည့်အလားအလာသည် သတင်းဆိုးတစ်ခုပင် ဖြစ်သည်။ ရေခဲမြစ်များကို စုပေါင်းမှီခိုနေရသည့် အိန္ဒိယနှင့်ပါကစ္စတန်တို့သည် လည်းကောင်း၊ အိန္ဒိယနှင့် တရုတ်တို့သည် လည်းကောင်း နယ်စပ်ပြဿနာများမှ စစ်မီးပွားခဲ့ကြဖူးရာ အနာဂတ်တွင် ရေနှင့်ပတ်သက်ပြီး စစ်မက် ဖြစ်မလာနိုင်ဟု မဆိုနိုင်ချေ။
ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာရေခဲမြစ်များကို အမှီပြုပေါက်ဖွားလာသည့် အာရှမြစ်ကြီးများ၏ ရေကို သုံးစွဲနေကြရသည့် လူသန်းပေါင်းများစွာအတွက် ရေရရှိရေးကိစ္စသည် တစ်ချိန်ထက်တစ်ချိန် ပူပြင်း လာသော ကမ္ဘာ့ရာသီဥတုနှင့်အတူ ပူပင်စိုးရိမ်စရာ များသထက်များ လာရန်သာ ရှိနေသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာ
ရေခဲမြစ် အရည်ပျော်ကျုံ့ဝင်သေးငယ်လာနေမှုသည် ဟိန္ဒူ ကွတ်ရှ်-ဟိမဝန္တာတွင်သာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးရှိ ရေခဲမြစ်ဒေသအများစုတွင် ဖြစ်ပေါ်နေသည်။ ဥပမာ တောင်အမေရိကတိုက် ဘိုလစ်ဗီးယားနိုင်ငံ၏ မြို့တော် လာပက်ဇ်အနီးရှိ ဧရိယာစတုရန်းမိုင် ၂၀ ကျော်ကျယ်ဝန်းသည့် အီလီမာနီ ရေခဲမြစ်သည် လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်း မျက်နှာပြင် ဧရိယာ ၂၁ ရာခိုင်နှုန်း လျော့နည်း သေးငယ်သွားကြောင်း တိုင်းတာရရှိသည်။
တောင်အမေရိကတိုက် ပီရူးနိုင်ငံရှိ တောင်ထိပ်ရေခဲမြစ်များသည် ၂၀ဝ၀ ပြည့်နှစ်နှင့် ၂၀၁၆ ခုနှစ်အတွင်း ၃၀ ရာခိုင်နှုန်းနီးပါး ကျုံ့ဝင်သွားသဖြင့် ရေခဲမြစ်အမှီပြု ပီရူးမြစ်များ၏ရေစီးသည် လျော့နည်းလာလျက် ရှိသည်။ ပီရူး ရီယိုစန်တာရေဝေဒေသတွင် ခြောက်သွေ့ရာသီများ၌ မြစ်ရေစီးသည် အများဆုံးကာလတွင် ရှိခဲ့ဖူးသော ရေစီးထက် ၃၀ ရာခိုင်နှုန်းခန့် လျော့သွားမည်ဟုဆိုသည်။ ပီရူးနည်းတူ တောင်ထိပ်ရေခဲမြစ်မှ ရေများကိုအမှီပြုနေသည့် ချီလီမြောက်ပိုင်းတွင်လည်း မြစ်ရေများ လျော့နည်းလာနေသည်။
ဘိုလစ်ဗီးယား၊ ပီရူး၊ ချီလီတို့အပြင် ကိုလံဘီယာ၊ အက်ကွာ ဒေါ်နှင့် အာဂျင်တီးနားတို့ပါဝင်သည့် တောင်အမေရိကတိုက် အင်းဒီးစ်တောင်တန်းများပေါ်ရှိ ရေခဲမြစ်များသည် ၂၀ဝ၀ ပြည့်နှစ်မှစ၍ ၂၀၁၇ ခုနှစ်အထိ ရေဂါလန် ၂၃ ဂိုင်ဂါတန်မျှ အရည်ပျော်ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။ အဆိုပါရေခဲမြစ်များကို အမှီပြုနေသူလူဦးရေသန်း ၄၀ ခန့် ရှိသည်။
ဆိုင်ရာဒေသနေလူများအတွက် သောက်သုံးရေဇာစ်မြစ်များ ဖြစ်ကြသည့် မြောက်အမေရိကတိုက် ရော့ကီး တောင်တန်းထိပ်ရေခဲပြင်များ၊ ဥရောပတိုက် အဲလ်ပ်တောင်တန်း၊ ဗဟိုအာရှ၊ ကော့ကေးဆပ်၊ နော်ဝေ၊ နယူးဇီလန်နှင့် ကနေဒါအနောက်ပိုင်းတောင်တန်းများပေါ်ရှိ ရေခဲမြစ်များသည်လည်း အရည်ပျော် သေးငယ်လာနေသည်။
ပေ ၁၉၀ဝ၀ ကျော်မြင့်သော ကီလီမန်ဂျားရိုးတောင်သည် အာဖရိကတိုက်၏ အမြင့်ဆုံးတောင် ဖြစ်သည်။ ယင်းတောင်သည် အီကွေတာမှ မိုင် ၄၀ ကျော်သာကွာသော်လည်း တောင်ထိပ်တွင် တစ်နှစ်ပတ်လုံး ဆီးနှင်းနှင့်ရေခဲများဖုံးနေသောမြင်ကွင်းကြောင့် ကျော်ကြားသည်။ ၂၀၁၅ ခုနှစ်က သိပ္ပံပညာရှင်တစ်စုသည် ကီလီမန်ဂျားရိုး တောင်ပေါ်ရှိ ရေခဲပြင်များကို ရေဒါပုံရိပ်ရိုက်ယူခဲ့ပြီး ၂၀ဝ၀ ပြည့်နှစ်က ရခဲ့သော အချက်အလက်များနှင့် နှိုင်းယှဉ်လေ့လာခဲ့ရာ ရေခဲပြင်၏ အထူသည် ပေ ၂၀ ခန့် လျော့နည်းသွားကြောင်း တွေ့ရသည်။
သုတေသီတစ်စုက ကမ္ဘာ့ရေခဲမြစ် ၄၂ ခုကိုရည်ညွှန်းအဖြစ် သတ်မှတ်လေ့လာခဲ့ရာ အရည်ပျော်နှုန်းသည် ၁၉၈၀ နှစ်များက တစ်နှစ်လျှင် ကိုးလက်မနှုန်းအရည်ပျော်နေရာမှ ၁၉၉၀ နှစ်များတွင် တစ်နှစ် ၁၇ လက်မနှုန်း၊ ၂၀ဝ၀ ခုနှစ်များတွင်တစ်နှစ် ၂ ” ၂ ပေ နှုန်း၊ ၂၀၁၀ နှင့် ၂၀၁၈ ကြားတွင် တစ်နှစ်သုံးပေနှုန်း စသဖြင့် အရည်ပျော်မှုပိုမြန်ဆန်လာခဲ့ကြောင်း တွေ့ရသည်။
၁၉၉၃ ခုနှစ်နှင့် ၂၀ဝ၉ ခုနှစ်ကြားတွင် တစ်ကမ္ဘာလုံးရှိ ရေခဲမြစ်စုစုပေါင်း တစ်နှစ်လျှင် ၂၇၅ ဘီလျံတန် နှုန်းဖြင့် အရည်ပျော် ဆုံးရှုံးခဲ့သည်။ ရေခဲမြစ်အရည်ပျော်နှုန်းသည် ၂၀ဝ၅ နောက်ပိုင်းတွင် ပို၍ မြန်လာသည်။
ရေအားလျှပ်စစ်လျော့နည်း
ယင်းမြစ်များတွင်ရေစီးနည်းခြင်းကြောင့် သောက်သုံးရေ အခက်တွေ့ရုံသာမက မြစ်အချို့ကို တာတမံပိတ်၍ ရေအား လျှပ်စစ်ထုတ်ယူနေကြရာ လျှပ်စစ်ဓာတ်အားလျော့နည်းမှု ပြဿနာကိုပါ ရင်ဆိုင်ကြရလိမ့်မည်။
တောင်ထိပ်ရေခဲမြစ်များသည် ကမ္ဘာ့လူဦးရေတစ်ဝက်ခန့်က မှီခိုအသုံးပြုနေရသော “”ရေလှောင်ကန်များ” ဖြစ်ကြသည်။ မိမိတို့အိမ်ရှိ ရေလှောင်ကန်တွင် ရေနည်းလာလျှင် ပြန်ဖြည့်ရန် လွယ်သည်။ ရေခဲမြစ် သို့မဟုတ် မြင့်မားသောတောင်ထိပ်များပေါ်ရှိ ”သဘာဝ ရေလှောင်ကန်များ”တွင် ရေနည်းလာနေသည်ကို မည်သို့ပြန်လည် ဖြည့်တင်းကြပါမည်နည်း။
(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)
အခန်း ၁။ ရေမရှိအသက်မရှိ
အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က
အခန်း ၃။ ပျက်ယွင်းရေသံသရာ
အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း
အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး
အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင်
အခန်း ၇။ အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ
အခန်း ၉။ ပင်လယ်ရေတကယ်ခန်း
အခန်း ၁၀။ နယ်ချဲ့ညစ်ညမ်းရေ
အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်
အခန်း ၁၂။ သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး
အခန်း ၁၃။ ရေငတ်လွန်းသူအတွက်ကုထုံး
အခန်း ၁၄။ အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု
အခန်း ၁၅။ ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ
အခန်း ၁၆။ ခြေရာပျောက်ရေ
အခန်း ၁၇။ ရေဖိုးရေခ
အခန်း ၁၈။ ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ
အခန်း ၁၉။ အုံ့ဆိုင်းသစ်တောစီးသောရေကြည်
အခန်း ၂၀။ ရေရှားကမ္ဘာအတွက်အသင့်ပြင်ကြပါစို့
One thought on “အရည်ပျော်တောင်ထိပ်များ”