
လစ်ဗျားဟုဆိုလျှင် သဲကန္တာရဖုံးလွှမ်းပြီး ပူပြင်းခြောက်သွေ့ကာ ရေနံပေါြွကယ်ဝသော အာဖရိကမြောက်ပိုင်း နိုင်ငံဟုသိကြသည်။ လစ်ဗျားနိုင်ငံ၏ ပို့ကုန်ဝင်ငွေအားလုံးနီးပါးကို ရေနံမှရသည်။ ရေနံအပြင် အဖိုးတန်လှသော အခြားမြေအောက်သယံဇာတတစ်မျိုးကိုလည်း လစ်ဗျားက ထူးခြားစွာ ပိုင်ဆိုင်ထားသေးသည်။ ယင်းမှာ လွန်ခဲ့သောနှစ်ပေါင်း ၄၀ဝဝဝ ခန့် ယခုလစ်ဗျားရှိရာဒေသတွင် ရာသီဥတု မျှတနေစဉ်က ရွာသွန်းခဲ့သောမိုးရေများ မြေအောက်အလွန် နက်ရှိုင်းသောနေရာအထိ စိမ့်ဝင် ခိုအောင်းနေခဲ့သည့် ဧရာမမြေအောက်ရေသိုက်ကြီးပင် ဖြစ်သည်။
ရုပ်ကြွင်းရေ
ပုံမှန်အခြေအနေတွင် မြေပေါ်ရေများစိမ့်ဝင်မှုကြောင့် မြေအောက်ရေများသည် ”ပြန်ပြည့်မြဲသယံဇာတ” တစ်မျိုးပင် ဖြစ်သည်။ သို့သော် လွန်ခဲ့သည့်နှစ်ပေါင်းထောင်သောင်းခန့်က အချို့နေရာများ၌ ရေများသည် အလွန်နက်ရှိုင်းသောနေရာများအထိရောက်ရှိပြီးနောက် ဘူမိမြေလွှာအနေအထားပြောင်းလဲသွားမှုကြောင့် မြေပေါ်ရေများ စိမ့်ဝင်ခြင်းမရှိတော့သည့်ရေလွှာများလည်းရှိရာ ယင်းရေများကို”ရုပ်ကြွင်းရေများ”ဟု ခေါ်သည်။ ရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တို့သည် လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက သတ္တဝါနှင့်အပင်တို့၏ရုပ်ကြွင်းများအဖြစ်မှလောင်စာအဖြစ်ပြောင်းလဲလာခြင်းဖြစ်၍ ရုပ်ကြွင်းလောင်စာဟု ခေါ်သည်။ ရုပ်ကြွင်းရေများသည်မူ ရုပ်ကြွင်းများမှ ပြောင်းလဲဖြစ်ပေါ်လာခြင်းမဟုတ်သော်လည်း ရုပ်ကြွင်းလောင်စာများကဲ့သို့ နှစ်ပေါင်းသောင်းနှင့်ချီ၍ မြေပေါ်နှင့်အဆက်ပြတ်ကာ သီးခြားတည်ရှိနေသဖြင့် ”ရုပ်ကြွင်းရေများ”ဟုတင်စားခေါ်ဝေါ်ခြင်းဖြစ်သည်။ ယင်းရုပ်ကြွင်းရေများကို ထုတ်ယူလျှင် အခြား မြေအောက်ရေများကဲ့သို့ ပြန်လည် ပြည့်တင်းနိုင်ခြင်းမရှိချေ။
အာဖရိကတိုက်မြောက်ပိုင်း ဆဟာရသဲကန္တာရ၊ အာဖရိကတောင်ပိုင်း ကလာဟာရီသဲကန္တာရ၊ တောင်ဝင်ရိုးစွန်းဝန်းကျင် အန္တာတိကတိုက်နှင့် အမေရိကန်အနောက်ပိုင်းတို့၏ နက်ရှိုင်းသော အချို့ အပိုင်းတို့တွင် ရုပ်ကြွင်းရေများရှိသည်။ ယင်းတို့အနက် လစ်ဗျားအပါအဝင်ဖြစ်သော အာဖရိကတိုက် မြောက်ပိုင်း ဆဟာရသဲကန္တာရအောက်ရှိ ”နျူဘီယန်းသဲကျောက်မြေအောက်ရေသိုက်”ဟု ခေါ်သည့် မြေအောက်ရေကြောသည် အကြီးမားဆုံးဖြစ်သည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ ကျော်က လစ်ဗျားတွင် ရေနံရှာဖွေရင်း အမှတ်မထင်တွေ့ရှိခဲ့သည့် အဆိုပါ မြေအောက်ရေကြောသည် အကျယ်အဝန်းစတုရန်းမိုင်တစ်သန်းခန့်ရှိပြီး ရေပမာဏကုဗမိုင် ၃၆၀ဝ၀ ကျော်မျှ ရှိသည်။ ကမ္ဘာကျော်နိုင်းလ်မြစ်မှ နှစ်ပေါင်း ၅၀ဝ ကြာစီးထွက်သောပမာဏနှင့်တူညီသည်။ အဆိုပါ မြေအောက်ရေကြောသည် ချဒ်၊ အီဂျစ်၊ လစ်ဗျားနှင့်ဆူဒန် လေးနိုင်ငံတို့၏အောက်မြေလွှာများထဲတွင် ဖြန့်ကျက်တည်ရှိသည်။ နျူဘီယန်းမြေအောက်ရေသိုက်ရှိ ရုပ်ကြွင်းရေများကို အီဂျစ်၊ ဆူဒန်နှင့်လစ်ဗျားတို့က အမြောက်အမြား ထုတ်ယူအသုံးချလျက်ရှိသည်။
ကမ္ဘာ့အခြောက်သွေ့ဆုံးနိုင်ငံများထဲတွင်ပါသည့် လစ်ဗျား၏ မြို့ကြီးအများအပြားသည် နိုင်ငံမြောက်ပိုင်း မြေထဲပင်လယ်ကမ်းစပ်တွင် ရှိကြသဖြင့် မြို့တော်ထရစ်ပလီအပါအဝင် မြို့ကြီးများအတွက် မြေထဲ ပင်လယ်ရေကို ရေချိုချက်စက်ရုံများဖြင့် ချက်လုပ်သန့်စင်ပြီး သောက်သုံးရေအဖြစ်ပေးဝေနေခဲ့သည်။ ယင်းစက်ရုံများသည် လည်ပတ်စရိတ် ကြီးမားသည့်အပြင် အချို့ရေချိုချက်စက်ရုံများသည် ကောင်းစွာအလုပ် မလုပ်နိုင်သဖြင့် မြို့တော်ထရစ်ပလီသာမက အခြားမြို့ကြီးအချို့တွင်လည်း ရေအခက်အခဲဖြစ်နေခဲ့သည်။
လူလုပ်မြစ်
နိုင်ငံတောင်ပိုင်းတွင် နျူဘီယန်းဧရာမမြေအောက်ရေကြောကြီးကို တွေ့ရှိသောအခါ လစ်ဗျားသည် ၁၉၈၃ ခုနှစ်က ”မဟာလူလုပ်မြစ်စီမံကိန်း”ဟုခေါ်သောလုပ်ငန်းကြီးကိုစတင်ခဲ့သည်။ ယင်းစီမံကိန်းအရ မြေအောက်ရေကြောများရှိ ရေများကိုပေပေါင်း ၁၅၀ဝ ကျော် အထိနက်သောအဝီစိတွင်းပေါင်း ၁၃၀ဝ ကျော် တူး၍ ထုတ်ယူပြီး ရေ အခက်တွေ့နေသည့် မြောက်ပိုင်းမြို့များသို့ ပို့သည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ မျှ ကုန်ကျခဲ့သည့် မဟာလူလုပ်မြစ်စီမံကိန်းတွင် ချထားသောပိုက်လိုင်းများမှာ မိုင် ၃၀ဝဝမျှ ရှည်လျားသည်။ ယင်းပိုက်လိုင်းများသည် တစ်ရက်လျှင် ရေထုထည်ကုဗပေသန်း ၂၀ဝ မျှပို့ပေးလျက်ရှိရာ လူလုပ်မြစ်ဟူသောအမည်နှင့် လိုက်လျောညီထွေ ရှိလှသည်။ လစ်ဗျား၏လူလုပ်မြစ်သည်နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို သောက်သုံးရေပေးဝေလျက်ရှိသည့်အပြင် စိုက်ပျိုးရေးကဏ္ဍတွင်လည်း အသုံးချနေရာ ယင်းရေကို အမှီပြုသောစိုက်ပျိုးရေးကဏ္ဍသည် ကမ္ဘာ့အကြီးဆုံးစိုက်ပျိုးဧကများထဲတွင် ပါဝင်သည်။
လစ်ဗျားအပြင် ချဒ်၊ အီဂျစ်နှင့်ဆူဒန်တို့ကလည်း ထုတ်ယူ အသုံးပြုနေသည့် နျူးဘီးယန်း မြေအောက်ရေများသည် မူလက နှစ်ပေါင်း ၁၀ဝ၀ ခန့်ခံမည်ဟု ခန့်မှန်းခဲ့သည်။ သို့သော် ထုတ်ယူမှု များလွန်းသဖြင့် ယခုအခါနှစ် ၁၀ဝ ပင်ခံမှခံပါ့မည်လောဟု စိုးရိမ်နေရသည်။ နျူးဘီးယန်း မြေအောက်ရေကြော၏ အခြေအနေကို ကမ္ဘာ့အနုမြူစွမ်းအင်အေဂျင်စီက အိုင်ဆိုတုပ် ဇလဗေဒနည်းပညာ သုံး၍ ကြီးကြပ်လေ့လာနေသည်။ ရေကြောအကြောင်း ပိုမိုသိရှိလာနေပြီး ရေရှည်ထုတ်ယူအသုံးပြုနိုင်မည့် နည်းလမ်းများကိုဖော်ထုတ်နိုင်မည်ဟုမျှော်လင့်ရသည်။
အိုဂါလားလာရေကြော
ကမ္ဘာ့အကြီးဆုံး စိုက်ပျိုးကဏ္ဍထုတ်လုပ်သူဖြစ်သည့် အမေရိကန်နိုင်ငံသည်လည်း အိုဂါလားလာဟုခေါ်သော ဧရာမမြေအောက် ရေကြောကြီးတစ်ခုကို ပိုင်ဆိုင်သည်။ စတုရန်းမိုင် ၁၇၀ဝဝဝ ကျုယ်ပြီး အမေရိကန်နိုင်ငံ၏ ပြည်နယ်ရှစ်ခုအောက်တွင် ဖြန့်ကြက်တည်ရှိသော အိုဂါလားလာမြေအောက်ရေကြောသည်အများအားဖြင့်ပေ ၂၀ဝ ခန့် ထူသည်။ မြေအောက်ရေကြော၏ ရေမျက်နှာပြင်သည် မြေပေါ်မှပေ ၅၀ နှင့် ပေ ၅၀ဝ ခန့်အတွင်း၌ ရှိသည်။ ရေကြောတည်ရှိရာပြည်နယ်များသည် ခြောက်သွေ့သော ရာသီဥတုရှိသဖြင့် အဆိုပါရေကြောမှ ရေများကို ၂၀ ရာစုနှစ် အစပိုင်းက စတင်ထုတ်ယူပြီး စိုက်ပျိုးရေးအတွက် အဓိကအသုံးချခဲ့ရာ ဒုတိယ ကမ္ဘာစစ်ကာလအတွင်းမှစ၍ ရေထုတ်ယူမှု ဆက်တိုက်မြင့်မားလာခဲ့သည်။ ယင်းရေကြော၏ နေရာ အများအပြားတွင် ထုတ်ယူနေသောပမာဏသည် မိုးရေနှင့်အနီးရှိတောင်ထိပ်များမှ အရည်ပျော်ကျဆင်း လာသောဆီးနှင်းရည်များက ပြန်လည်ဖြည့်တင်းနိုင်သော ပမာဏထက် များစွာကျော်လွန်နေသည်။ ထုတ်ယူသောရေပမာဏကို စိမ့်ဝင်သော မိုးရေနှင့်ဆီးနှင်းရည်များက လိုက်၍မဖြည့်နိုင်သဖြင့် ယခုအခါနေရာ များစွာတွင် ရေလျော့နည်းလာလျက်ရှိသည်။ ၂၀ဝ၀ ပြည့်နှစ်မှ ၂၀ဝ၈ ခုနှစ်အတွင်း မိုးခေါင်သည့် နှစ်များကြောင့် မြေအောက်ရေကြောသည် တစ်နှစ်လျှင် ဧကပေပေါင်းရှစ်သန်းကျော်မျှ လျော့နည်းသွားခဲ့သည်။
အမေရိကန်နိုင်ငံ ဆည်မြောင်းစနစ်သုံးစိုက်ခင်း စုစုပေါင်း၏ ၂၇ ရာခိုင်နှုန်းသည် အိုဂါလားလာ ရေကြောပေါ်တွင် ရှိပြီး ပြည်နယ်ရှစ်ခုလူဦးရေ၏ ၈၂ ရာခိုင်နှုန်းသည် အိုဂါလားလာရေကိုသောက်သုံးကြရာ အဆိုပါရေကြောခန်းခြောက်သွားပါက အမေရိကန်၏ စိုက်ပျိုးကဏ္ဍအပြင် သောက်သုံးရေရယူရေးတွင် အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ အမေရိကန်သည် သီးနှံများကို ကမ္ဘာ့ဈေးကွက်သို့ အမြောက်အမြား တင်ပို့သောနိုင်ငံဖြစ်၍ အမေရိကန်သီးနှံအထွက်လျော့လျှင် ကမ္ဘာ့သီးနှံအခြေအနေကိုလည်း မလွဲမသွေ ထိခိုက်မည်။
အာရှမြေအောက်ရေ
အိုဂါလားလာရေကြောအပါအဝင် ကမ္ဘာ့အဓိကမြေအောက်ရေကြော ၃၇ ခုအနက် ၂၁ ခုသည် ပြန်မပြည့်နိုင်တော့သည်အထိ ဆိုးရွားစွာရေလျော့နည်းလာနေကြောင်း အမေရိကန်အာကာသအဖွဲ့အစည်း (နာဆာ)နှင့်ဂျာမနီတို့ ပူးတွဲ လွှတ်တင်ထားသည့် ဂရေ့စ်ဂြိုဟ်တုများ၏လေ့လာချက်က ဆိုသည်။ ဆီးနှင်းကျ ရေခဲအရည်ပျော် မိုးရွာ ရေစီးစသည်တို့ကြောင့် ကမ္ဘာ့ရေထုသည် နေရာတိုင်း အချိန်တိုင်း၌ အစဉ် ရွေ့လျားနေရာ ယင်းရွေ့လျားမှုကြောင့်ဖြစ်ပေါ်သော ကမ္ဘာ့ဒြပ်ဆွဲအားပြောင်းလဲမှုကို ဂရေ့စ်ဂြိုဟ်တုနှစ်လုံးက မှတ်တမ်းတင်ပြီး ဒေသတစ်ခုအတွင်း ရေထုအတိုးအလျော့ကို တွက်ချက်ပုံဖော်ပေးသည်။ ဂရေ့စ်သည် ရေအရင်းအမြစ်များကို တိုက်ရိုက်တိုင်းတာနိုင်သည့် ပထမဆုံးဂြိုဟ်တုများဖြစ်၍ ယင်းတို့မှရသည့် အချက်အလက်များသည် အခြားဂြိုဟ်တုများမှရသည်တို့ထက် ပိုမိုတိကျသည်။
လျော့နည်းလာသောမြေအောက်ရေကြောအများအပြားသည် အာရှတိုက်တွင်ရှိသည်။ စိုက်ပျိုးရေးအတွက် မြေပေါ်ရေကို လုံလောက်စွာ ပေးဝေနိုင်ခြင်းမရှိ၍လည်းကောင်း၊ မြေအောက်ရေကို စရိတ်နည်းနည်းဖြင့် တူးဖော်နိုင်သောနည်းပညာများကြောင့် လည်းကောင်း အာရှနိုင်ငံအများအပြားသည် မြေအောက်ရေများကို လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်အတွင်း အမြောက်အမြားထုတ်ယူခဲ့ကြသည်။ အာရှတိုက်ရေသုံးစွဲမှုစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းသည် မြေအောက်ရေများဖြစ်သည်။ တစ်ကမ္ဘာလုံးသုံးစွဲသမျှ မြေအောက်ရေပမာဏ၏ ၇၂ ရာခိုင်နှုန်းကို အာရှက သုံးနေသည်။ အိန္ဒိယ၊ တရုတ်၊ နီပေါ၊ ဘင်္ဂလားဒက်ရှ်နှင့် ပါကစ္စတန်ငါးနိုင်ငံတို့ ထုတ်ယူနေသော မြေအောက်ရေသည် ကမ္ဘာ့မြေအောက်ရေထုတ်ယူမှု၏ ထက်ဝက်နီးနီးမျှရှိသည်။
ဆော်ဒီအာရေဗျနိုင်ငံသည် မိုးအလွန်နည်းသော သဲကန္တာရ ဒေသတွင်ရှိပြီး မြေပေါ်မြစ်နှင့်ရေအိုင်များလည်း မရှိသဖြင့် သောက်သုံးရန် ပင်လယ်ရေငန်မှရေချိုချက်ခြင်းအပြင် လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်ခန့်မှစ၍ မြေအောက်ရေများကို စတင်စုပ်ယူအသုံးချခဲ့သည်။ ရေနံသူဌေးနိုင်ငံဖြစ်၍ စုစုပေါင်းကုဗမိုင် ၁၂၀ ခန့်ရှိသည့် မြေအောက်ရေကြောမှ မြေအောက်ရေများကို စိုက်ပျိုးရေးလုပ်ငန်းများက သုံးနိုင်ရန် အစိုးရက ငွေကြေး အထောက်အပံ့ပေးသည်။ စိုက်ခင်းများအပြင် သဲကန္တာရထဲတွင် နွားခြံများလည်း တည်ထောင်ကြသည်။ ထွက်ရှိသော အသား၊ နို့၊ ကြက်ဥ၊ ဂျုံ၊ အသီးအနှံ စားနပ်ရိက္ခာတို့သည် ပြည်တွင်းအတွက်ဖူလုံရုံမျှမက အချို့ကို ပြည်ပသို့ပင်တင်ပို့ရောင်းချနိုင်ခဲ့သည်။ ဆော်ဒီတို့သည် ၂၀ဝ၂ ခုနှစ်နှင့် ၂၀၁၆ ကြားတွင် မြေအောက်ရေ တစ်နှစ်လျှင် ၆ . ၁ ဂိုင်ဂါ၁တန်မျှ ထုတ်သုံးခဲ့ကြသည်။
မြေအောက်ရေအသုံးလွန်မှုကြောင့် နိုင်ငံ၏ အနာဂတ်ထိခိုက်မည့်အရေးကို ဆော်ဒီအာဏာပိုင်တို့ သိရှိလာ သဖြင့် ရေအသုံးချွေတာရေးအစီအမံများကို ချမှတ်သည်။ ရေအသုံးများသည့် ဂျုံစိုက်ခင်းများကို မတိုးချဲ့ရန် ဆုံးဖြတ်ထားသည့်အပြင် ၂၀၁၆ ခုနှစ်တွင် ဂျုံထုတ်လုပ်ခြင်းကိုလုံးဝရပ်တန့်လိုက်ခြင်းအပါအဝင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အကြီးအကျယ်လျှော့ချလိုက်ရသည်။ လိုအပ်သောစားနပ်ရိက္ခာများအတွက် ပြည်ပနိုင်ငံများတွင် စိုက်ခင်းများ သွားရောက်တည်ထောင်စိုက်ပျိုးပြီး ပြန်လည်တင်သွင်းရသော အခြေ အနေသို့ရောက်သွားသည်။ သို့သော် မြေအောက်ရေအသုံးကိုမူ လုံးလုံးမပယ်နိုင်သေးသဖြင့် ဆော်ဒီတို့သည် မိမိတစ်ဦးတည်းပိုင် မြေအောက်ရေကြောမှရေများကိုသာမက အိမ်နီးချင်းဂျော်ဒန်နိုင်ငံ၏ အောက်တွင်ပါ ဆက်စပ်တည်ရှိသော ဒီစီရေကြောမှရေများကိုပါ ထုတ်ယူသုံးစွဲရဆဲဖြစ်သည်။
ယခုဂျော်ဒန်နိုင်ငံနှင့်ဆော်ဒီအာရေဗျနိုင်ငံတို့ တည်ရှိရာဒေသတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ဝဝဝ ခန့်က မိုးရေများမြေအောက် စိမ့်ဝင်ရာမှ ဖြစ်ပေါ်တည်ရှိနေသော ဒီစီရေကြောသည် မြေအောက်ပေ ၁၅၀ဝ ခန့်အနက်တွင်ရှိသည်။ ဂျော်ဒန်နိုင်ငံသည် ဒီစီရေကြောမှ သောက်သုံးရန်နှင့် စိုက်ပျိုးရေးလုပ်ငန်း သုံးရန်တို့အတွက် တစ်နှစ်လျှင် ဂါလန်သန်းပေါင်း ၂၀ဝဝဝ မျှထုတ်ယူနေရာ ပြန်လည်ပြည့်တင်းနိုင် သည့် ပမာဏထက် များစွာကျော်လွန်နေသည်။ ယင်းအခြေအနေကြားမှပင် ဂျော်ဒန်သည် ယင်းရေကြောမှ ရေများကို မြို့တော်အမ္မန်သို့ ပို့ရန်ပိုက်လိုင်းများကို တည်ဆောက်ကာ တစ်နှစ်လျှင် ရေကုဗပေသန်း ၃၅၀ဝ ကို မြို့တော်သို့ပို့ပေးနေသည်။
နှစ်နိုင်ငံတို့၏အောက်တွင်ဆက်စပ်တည်ရှိသော ဒီစီရေကြောကို အရေးပေါ်ကိစ္စအတွက်သာ ထုတ်သုံးသင့်တော့ကြောင်း ကုလသမဂ္ဂ လေ့လာချက်တစ်ရပ်ကဆိုသော်လည်း ဆော်ဒီနှင့်ဂျော်ဒန်တို့သည် ဆက်လက်ထုတ်ယူနေကြဆဲ ဖြစ်သည်။
ရေအထုတ်လွန်၍ မြေကျွံ
မြေအောက်ရေအထုတ်လွန်ခြင်း၏ အကျိုးဆက်ဖြစ်သည့် ရေမျက်နှာပြင်နိမ့်ကျလာခြင်းကြောင့် မြို့ကြီးများ၏ မြေပြင် ကျွံဆင်းခြင်းတည်းဟူသော ထပ်ဆင့်အကျိုးဆက်ကို ဖြစ်ပေါ်စေလျက် ရှိသည်။ သဲလုံး ကျောက်လုံးများကြားတွင် ရေများမရှိတော့သောအခါ ဂလိုင်ပေါက်ငယ်များ ဖြစ်လာပြီး အပေါ်မြေလွှာများ၏ ဝန်အားကို မခံနိုင်တော့သဖြင့် တဖြည်းဖြည်းအိကျလာကာ နောက်ဆုံးတွင် အပေါ်ပိုင်း မြေလွှာများပါ ကျွံဆင်းလာသည်။
ယင်းဖြစ်ရပ်မျိုးကို မက္ကဆီကိုနိုင်ငံ၏မြို့တော် မက္ကဆီကိုစီးတီးတွင် သိသာစွာမြင်နိုင်ကြသည်။ မက္ကဆီကို စီးတီးတွင် လိုအပ်သော သောက်ရေပမာဏ၏ ၇၀ ရာခိုင်နှုန်းကို မြေအောက်မှ ရယူနေရာ ယင်းမြေအောက် ရေကြောများသည် အများဆုံး နှစ်ပေါင်း ၂၀ဝ အတွင်းခန်းခြောက်သွားရန်ရှိနေသည်။ မြေအောက်ရေ အထုတ်လွန်ခြင်းကြောင့် မြို့တော်အောက်မှ မြေလွှာများ ကျွံဝင်နေပြီး မြို့မျက်နှာပြင် နိမ့်ကျလျက် ရှိသည်။ မြို့တော်၏ အချို့နေရာများတွင် လွန်ခဲ့သောနှစ် ၁၀ဝ အတွင်း ၂၅ ပေမျှ နိမ့်ဆင်း ကျွံဝင်သွားသဖြင့် ယိုင်စောင်းနေသော ဘုရားရှိခိုးကျောင်းများ၊ တွန့်လိမ်နေသော ရေပိုက်လိုင်းများ၊ အက်ကွဲနေသော လမ်းမများကို တွေ့နိုင်သည်။
ထို့အတူ အမေရိကန်နိုင်ငံ ဟျူစတန်၊ တရုတ်နိုင်ငံ ပေဂျင်း၊ ဘင်္ဂလားဒက်ရှ်နိုင်ငံ ဒါကာ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ အာဂျင်တီးနား နိုင်ငံ ဘွေနိုဇဲမြို့၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တို့အောက်ရှိ မြေ အောက်ရေကြောများသည်လည်း အလွန်အကျွံထုတ်သုံးမှုကြောင့် လျော့နည်းလာခြင်း၊ ရေငန်နှင့် အခြားအညစ်အကြေးများ ဝင်ရောက် ရောနှောလာခြင်းတို့ကို ကြုံတွေ့နေရသည်။
အဆိုးဆုံးမှာဂျကာတာဖြစ်သည်။ ဂျကာတာတွင် သောက်သုံးရေအတွက် တရားဝင်ရော တရားမဝင်ပါ အဝီစိတွင်းပေါင်း မြောက်မြားစွာတူးဖော်၍ ရေရယူကြသည်။ မြေအောက်ရေထုတ်ယူမှု အလွန် များလာချိန်တွင် မြို့ပြအဆောက်အအုံများနှင့်အတူ ကွန်ကရစ်ပြင်များ ကတ္တရာပြင်များလည်း အနှံ့အပြား ပေါ်ပေါက်လာသဖြင့် မြို့တော် မြေပြင်ဧရိယာ၏ ၄၀ ရာခိုင်နှုန်းခန့်သည် ပျမ်းမျှပင်လယ်ရေပြင်ထက် နိမ့်ကျသွားပြီ ဖြစ်သည်။
ဂျကာတာမြေပြင်နိမ့်ဆင်းလာနေချိန်တွင် ဂျကာတာ မြောက်ဘက်ရှိ ဂျာဗားပင်လယ်၏ ရေမျက်နှာပြင်သည် ရာသီဥတုပြောင်း လဲမှုကြောင့်မြင့်တက်လာနေသဖြင့် ဂျကာတာအတွက်’ရေနစ်သူ ဝါးကူထိုး’သကဲ့သို့ ဖြစ်ကာ ရေလွှမ်းမှုအန္တရာယ် တစ်နေ့တစ်ခြားကြီးထွားလာလျက်ရှိသည်။ ပင်လယ်ရေနှင့် လျှံတက်လာသော မြစ်ရေမှ အကာအကွယ်ပေးထားသည့် ဒီရေတောများကို ခုတ်ထွင်ကာ ကျူးကျော်တဲများ ဆောက်လုပ်နေထိုင်ခြင်းကလည်း ရေကြီးရေလျှံမှုကို အားပေးသည်။
အခြားမြို့ပြဆိုင်ရာပြဿနာများက ထပ်ပေါင်းလိုက်သော အခါ ရှင်း၍မနိုင်အောင်ကြီးထွားလာသဖြင့် အင်ဒိုအစိုးရသည် ဂျကာတာကိုကယ်တင်မည့်အစား အခြားနေရာတွင် မြို့တော်အသစ်တည် ရန် ကြိုးစားလျက်ရှိသည်။
ရေငန်ဝင်
မြေအောက်ရေအထုတ်များ၍ မြေလွှာမကျွံသည့်တိုင်အောင် ယင်းနေရာသည် ကမ်းရိုးတန်းဒေသတွင်ဖြစ်ပါက ကုန်ခန်းသွားသော ရေချိုများ၏နေရာသို့ ပင်လယ်ရေငန် တိုးဝင်ရောနှောလာကာ ရှိနှင့်ပြီး ရေချိုကြောများ သောက်မရသုံးမရသည့် အခြေအနေကို ရင်ဆိုင်နေရ သည်။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၊ ဝါရှင်တန် ပြည်နယ်၊ မြေထဲပင်လယ် ဆိုက်ပရပ်စ်ကျွန်း၊ အာဖရိကတိုက် မော်ရိုကိုနိုင်ငံ၊ ဘီနင်းနိုင်ငံ၊ တူနီးရှားနိုင်ငံ၊ အာရှတိုက် တရုတ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ စသည့်ကမ္ဘာ့နေရာအများအပြားတွင် ရေချိုကြောများသို့ ပင်လယ် ရေငန်ဝင်ရောက်ရောနှောနေသည်။ ခန့်မှန်းချက်များအရ ကမ်းရိုးတန်း မြေအောက်ရေကြောများ၏ ၆၀ ရာခိုင်နှုန်းသို့ ပင်လယ်ရေငန် အနည်းနှင့်အများ ဝင်ရောက်လျက်ရှိသည်။ ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် ရေခဲပြင်ရေခဲမြစ်များ အရည်ပျော်ပြီး ပင်လယ်ရေပြင်မြင့်တက် လာခြင်းကလည်း ရေချိုကြောသို့ ရေငန်ဝင်သည့်အန္တရာယ်ကို ပို၍ကြီး ထွားလာစေလျက် ရှိသည်။
ခန့်မှန်းချက်တစ်ခုအရ တစ်ကမ္ဘာလုံးရှိ မြေအောက်ရေပမာဏသည် ကုဗမိုင်ငါးသန်းခွဲခန့်ရှိသည်။ ယင်းတို့ထဲမှ ရေချိုပမာဏသည် ကုဗမိုင်နှစ်သန်းမှ ၂ . ၅ သန်း ခန့်ရှိကာ တစ်နှစ်လျှင် ကုဗမိုင် ၂၄၀ ခန့် ထုတ်ယူနေသည်။ ပြန်ပြည့်ပမာဏသည် ထုတ်ယူပမာဏ၏ ရှစ်ရာခိုင်နှုန်းသာရှိသည်။ ထုတ်ယူနှုန်းသည် တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းမှနှစ်ရာခိုင်နှုန်းအတွင်း တိုးနေသည်။
(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)
အခန်း ၁။ ရေမရှိအသက်မရှိ
အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က
အခန်း ၃။ ပျက်ယွင်းရေသံသရာ
အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း
အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး
အခန်း ၇။ အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ
အခန်း ၈။ အရည်ပျော်တောင်ထိပ်များ
အခန်း ၉။ ပင်လယ်ရေတကယ်ခန်း
အခန်း ၁၀။ နယ်ချဲ့ညစ်ညမ်းရေ
အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်
အခန်း ၁၂။ သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး
အခန်း ၁၃။ ရေငတ်လွန်းသူအတွက်ကုထုံး
အခန်း ၁၄။ အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု
အခန်း ၁၅။ ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ
အခန်း ၁၆။ ခြေရာပျောက်ရေ
အခန်း ၁၇။ ရေဖိုးရေခ
အခန်း ၁၈။ ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ
အခန်း ၁၉။ အုံ့ဆိုင်းသစ်တောစီးသောရေကြည်
အခန်း ၂၀။ ရေရှားကမ္ဘာအတွက်အသင့်ပြင်ကြပါစို့
One thought on “မမြင်ကွယ်ရာမှရေများသည်ပင်”