တစ်ချိန်က တရုတ်နိုင်ငံတွင် မြစ်ပေါင်း ၅၀၀၀၀ ခန့်ရှိခဲ့ရာမှ တရုတ်ရေအရင်းအမြစ်ဝန်ကြီးဌာနက ၂၀၁၃ ခုနှစ်က လူပေါင်း ၈၀၀၀၀၀ ခန့်ဖြင့် ပြုလုပ်ခဲ့သော အမျိုးသားရေသန်းခေါင်စာရင်းအရ ရေဝေဧရိယာ စတုရန်းမိုင် ၄၀ နှင့် အထက်ရှိသောမြစ် ၂၂၉၀၉ စင်းသာရှိတော့ကြောင်း သိရရာ နှစ်ပေါင်း ၂၀ ကျော်အတွင်း တရုတ်မြစ်ချောင်းပေါင်း ၂၈၀၀၀ ခန့် တိမ်ကောသွား၊ ပျောက်ဆုံးသွားခြင်းပင် ဖြစ်သည်။

ထိုသို့ မြစ်များလျော့နည်းရခြင်းမှာ စာရင်းကောက်ယူရာတွင် မတိကျမှု၊ မှားယွင်းလွဲချော်မှု၊ ရေနှင့် မြေဆီလွှာ လျော့နည်း ဆုံးရှုံးမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့်ဟု တရုတ်အစိုးရ တရားဝင်သတင်းထုတ်ပြန်ချက်က ဆိုသည်။

စာရင်းအင်းပြုစုရေး အားနည်းချက်များဆိုရာ၌ တရုတ်နိုင်ငံ၏ စာရင်းကောက်ယူမှတ်တမ်းတင်ရေးစနစ်တွင် လိုအပ်ချက်များ ရှိနေသည်မှာ အမှန် ဖြစ်သည်။ သူတို့ကျင့်သုံးနေသော မြေပုံစနစ်သည် ရှုပ်ထွေးကာ အမှားအယွင်းများ ရှိနေသည်။ ဥပမာ ချင်ဒေါင်မြစ်ကြောင်းသည် ယခင်မြေပုံထဲ၌ အထင်းသား ပေါ်နေခဲ့သည်။ လက်ရှိမျက်မြင်အားဖြင့်လည်း ရေအလုံးအရင်းဖြင့် စီးဆင်းနေသောမြစ် ဖြစ်သည်။ သို့သော် ထပ်ဆွဲသောပုံတွင်မူ ချင်ဒေါင်မြစ်ကြောင်းနေရာကို ကားလမ်းအဖြစ် မှတ်တမ်းတင်ထားသည်။ ထိုသို့ မြစ်တကယ်ရှိနေပါလျက်နှင့် မရှိဟု မှားမှတ်မိ၍ မြစ်များ ပျောက်ဆုံးသွားခြင်းမျိုးလည်း ရှိသည်။

ယင်းဖြေရှင်းချက်သည် ဖြစ်စဉ်၏ အကြောင်းရင်းများအနက်တစ်ခုအဖြစ်ဖြင့် လက်ခံနိုင်ဖွယ် ဖြစ်သော်လည်း တရုတ်သဘာဝပတ်ဝန်းကျင်ရေးရာ လှုပ်ရှားသူအချို့တမူ ထိုမျှနှင့် ကျေနပ်ခြင်း မရှိချေ။ “နိုင်ငံရဲ့ မြစ်ပေါင်း ၂၈၀၀၀ ကျော် မြေပုံပေါ်က ပျောက်သွားတယ်လို့ သိရတာ အံ့အားသင့်စရာပဲ၊ သဘာဝကပ်ဘေးလား၊ လူတွေကြောင့်လား၊ နှစ်ခုလုံးကြောင့်လည်း ဖြစ်နိုင်တယ်၊ ကျွန်တော်ကတော့ လူတွေကြောင့် ဖြစ်ဖို့က ပိုများတယ်လို့ ထင်တယ်”ဟု သူတို့ထဲမှ တစ်ဦးက ဆိုသည်။

ရေသယံဇာတဆိုင်ရာ ကမ္ဘာသိပညာရှင်တစ်ဦး ဖြစ်သည့် ပီတာဂလိုက်က ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာ့သယံဇာတများအပေါ် တကယ်တမ်း ခြိမ်းခြောက်နေသည်၊ ရေကောင်းရေသန့်ပမာဏ လျော့နည်းလာနေခြင်း၊ ရေအရည်အသွေးကျဆင်းလာခြင်းနှင့် အစွန်းရောက် မိုးလေဝသဖြစ်ရပ်များက ယင်း၏ သက်ရောက်ထိခိုက်မှုကို ညွှန်ပြနေသည်။ သို့သော် တရုတ်နိုင်ငံတွင် ဖြစ်ပေါ်နေသော ရေဘက်ဆိုင်ရာ စိန်ခေါ်မှုများသည် ရာသီဥတုပြောင်းလဲခြင်း တစ်ခုတည်းကြောင့်မဟုတ်ဟု ဆိုသည်။ သူက တရုတ်၏ မြစ်ချောင်းများ တိမ်ကော ပျောက်ကွယ်သွားခြင်း၏ အဓိကအကြောင်းမှာ မြစ်ရေများကို အဆင်ခြင်မဲ့ ထိန်းချုပ်မှုမဲ့ ထုတ်သုံးခြင်းကြောင့် ပို၍ ဖြစ်နိုင်သည်ဟု ပြောသည်။

မြစ်ချောင်း ၂၈၀၀၀ ပျောက်ကွယ်သွားကြောင်း သိရချိန်သည် တရုတ်နိုင်ငံတွင် မြို့ပြနှင့် စက်မှုလုပ်ငန်းများ တဟုန်ထိုး များပြားလာနေခြင်းနှင့် တိုက်ဆိုင်နေသည်။ ၁၉၉၀ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်တို့ကြားတွင် တရုတ်မြို့ပြ ဧရိယာသည် စတုရန်းမိုင် ၅၀၀၀ မျှ ပို၍ ကျယ်ပြန့်လာခဲ့သည်။ တရုတ်၏ဂျီဒီပီသည် ၂၀၀၀ ခုနှစ်က အမေရိကန် ဒေါ်လာ၁ ဒသမ ၁၉၈ ထရီလျံ ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ၇ ဒသမ ၃၁၈ ထရီလျံ အထိ တိုးတက်ခဲ့သည်။ ဖွံ့ဖြိုးလာသော မြို့ပြနှင့် စီးပွားရေး၏ အကျိုးဆက်အဖြစ် ရေနှင့် စွမ်းအင် အရင်းအမြစ်တို့ သိသာစွာလျော့နည်းသွားသည်။

5 responses to “တရုတ်မြစ်ပေါင်း ၂၈၀၀၀ ပျောက်ဆုံးသွားသည့်ကိစ္စ”

  1. […] ဆက်စပ်ဖတ်ရှုရန် – တရုတ်မြစ်ပေါင်း ၂၈၀၀၀ ပျောက်ဆုံးသွားသည့်ကိစ္စ Click here […]

    Like

Leave a reply to မြစ်တစ်စင်း၏ ဈာပန (အောင်ဖေကြည်စိုး ရေး၍ ဟေမန်ပြည့် ကူညီပံ့ပိုးသည်) Life of a dead river the Thakutpin Creek in Kawhmu and Kungyangone tow Cancel reply