ရေဝေဒေသ၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်သော သစ်တောများသည် လိုအပ်သောသစ်ဝါးများကို ထုတ်လုပ်ပေးသည်၊ ရေစီးကို ထိန်းသိမ်းပေးသည်၊ အေးမြသောအာဝါသကိုပေးသည်၊ ဇီဝမျိုးစုံမျိုးကွဲများကို ရှင်သန်စေသည်၊ ကာဘွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူ၍ အောက်ဆီဂျင်ထုတ်ပေးသည်စသဖြင့် သိကြသည်။ သစ်တောရှိသော နေရာတွင် မိုးများသည်ဟုလည်း ယေဘုယျ သိကြသည်။
မိုးရွာသွန်းစေ
ရုရှားသိပ္ပံပညာရှင်နှစ်ဦး(Anastassia Makarieva, Victor Gorshkov)တို့က သစ်တောသည် မိုးရွာသွန်းမှုကို ဖန်တီးသည်ဟူသော အချက်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော် က သိပ္ပံနည်းကျ စတင် ထုတ်ဖော်ခဲ့ကြသည်။ သူတို့၏တွေ့ရှိချက်အပြင် နောက်ထပ်ပြုလုပ်သော သုတေသနများကြောင့် သစ်တောများသည် မိုးရွာသွန်းစေခြင်းဖြင့် ရေရရှိရေးကို ကောင်းစွာအထောက်အကူ ပြုကြောင်း တိကျစွာသိလာရသည်။
၁၉၇၉ ခုနှစ်တွင် ဘရာဇီးပညာရှင်တစ်ဦးက အယ်မဇုန်ဒေသတွင်း ရွာကျသော မိုးရေများ၏ ထက်ဝက်ခန့်သည် သစ်ပင်များမှ အငွေ့ပျံတက်လာသည့် ရေများဖြစ်ကြောင်း အိုင်ဆိုတုပ်နည်းပညာဖြင့် သက်သေပြလိုက်သောအခါ သစ်တောများက မိုးရွာသွန်းမှုကို ဖန်တီးသောအချက်သည် ပို၍ခိုင်လုံလာသည်။
ပင်လယ်ရေ၌ ဟိုက်ဒရိုဂျင်၏အိုင်ဆိုတုပ်တစ်မျိုးဖြစ်သော ဒျူတေရီယမ် မပါသော်လည်း သစ်ပင်မှ ထွက်သည့်ရေတွင် ဒျူတေရီယမ်ပါသဖြင့် အပင်မှထွက်သည့် ရေငွေ့က ပင်လယ်ရေငွေ့ထက် ပိုလေးသောအချက်ကို အခြေပြု၍ ခွဲခြားခြင်းဖြစ်သည်။
ဆက်လက်လေ့လာချက်အရ အယ်မဇုန်သစ်တောမှ ထွက်လာကာ ကုန်းတွင်းပိုင်းသို့ တိုက်ခတ်လာသော ရေငွေ့များသည် အယ်မဇုန်မြစ်ရေစီးမျှပင် ပမာဏများသည်ကိုလည်း တိုင်းတာသိရှိကြသည်။ အယ်မဇုန် သစ်တောများမှ နေ့စဉ်ထွက်နေသော ရေငွေ့ပမာဏသည် တန်ချိန်ပေါင်းဘီလျံ ၂၀ မျှရှိသည်။ ယင်းရေငွေ့များသည် ဘရာဇီးနိုင်ငံအနောက်အလယ်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် တောင်ပိုင်းတို့တွင် မိုးအဖြစ်ရွာကျသည့်အပြင် အာဂျင်တီးနားနိုင်ငံ မြောက်ပိုင်းအထိပါ ရောက်ရှိကာ ဆိုင်ရာဒေသများကို မိုးရေဖြင့် အကျိုးပြုနေသည်။
အထက်ပါဖြစ်စဉ်သည် အာဖရိကတိုက်အနောက်ပိုင်းတွင်လည်း ဖြစ်ပေါ်နေကြောင်း ၁၉၉၀ အလွန်နှစ်များတွင် သုတေသနပြု တွေ့ရှိပြန်သည်။ သစ်တောရေငွေ့ကြောင့် ရွာသောမိုးသည် ယင်းဒေသ၏ အချို့နေရာများ၌ ရွာသောမိုးရေ၏ ၉၀ ရာခိုင်နှုန်းမျှအထိ ရှိသည်။
ခြုံပြောလျှင် တစ်ကမ္ဘာလုံး၌ မြေပြင်ပေါ်ရွာသွန်းသောမိုးရေများ၏ ၄၀ ရာခိုင်နှုန်းသည် သစ်တော၊ မြစ်ချောင်း အင်းအိုင်များမှ အငွေ့ပျံတက်လာသော ရေငွေ့များကြောင့်ဖြစ်ကာ ၆၀ ရာခိုင်နှုန်းသည် ပင်လယ်ရေငွေ့များကြောင့် ဖြစ်သည်။ သစ်တောများသည် ရေငွေ့များနှင့်အတူ ဘက်တီးရီးယားအချို့ အပါအဝင် အလွန်သေးငယ်သော ဇီဝရုပ်အမှုန်များကိုလည်း လေထဲသို့ ထုတ်လွှတ်ရာ ယင်းအမှုန်များသည် ရေငွေ့များအချင်းချင်းပေါင်းစည်း၍ မိုးစက်များဖြစ်လာရန်အထောက်အကူပြုသဖြင့်လည်း သစ်တောကြောင့် ရွာသောမိုးပမာဏများခြင်း ဖြစ်သည်။
အဝေးရောက်မိုး
သစ်တောရေငွေ့များသည် အနီးအနားဒေသများအပြင် လေစီးကြောင်းများနှင့် လိုက်ပါကာ မိုင်ပေါင်း ရာထောင်နှင့်ချီ ရွေ့လျားနိုင်ပြီး ရောက်ရာဒေသများတွင် မိုးအဖြစ်ရွာချပေးသည်။ ကမ္ဘာ့အဓိကအပူပိုင်း သစ်တောဇုန်များဖြစ်ကြသည့် တောင်အမေရိကတိုက် အယ်မဇုန်သစ်တောနှင့် အာဖရိကတိုက် ကွန်ဂိုမြစ်ဝှမ်း သစ်တောမှ ထွက်သည့် ရေငွေ့များသည် အမေရိကန်အထိလည်းကောင်း၊ အရှေ့တောင် အာရှသစ်တောတို့က ထုတ်လွှတ်လိုက်သော ရေငွေ့များသည် တရုတ်နှင့်အိန္ဒိယတို့အထိ လည်းကောင်း မိုးရွာသွန်းစေနိုင်သည်။
သစ်တောများကြောင့် မိုးရွာကြောင်း အခိုင်အလုံသိလာသောအခါ ယင်းမိုးများက မြို့ရွာများ၏ ရေပေးရေးစနစ်ကို မည်သို့ သက်ရောက်ကြောင်း ဆက်လက် လေ့လာကြသည်။ သုတေသီတစ်စုက ကမ္ဘာ့မက်ဂါစီးတီး ၂၉ မြို့ရေရရှိမှုကို သုတေသနပြုရာတွင် ၁၉ မြို့အတွက်ပေးဝေသည့် ရေ၏ သုံးပုံတစ်ပုံသည် ရေဝေဒေသပြင်ပသစ်တောများမှ ပျံတက်လာသည့် ရေငွေ့များမှရကြောင်း၊ မိုးနည်းသောနှစ်များတွင် သစ်တောရေငွေ့မှ ဖြစ်ထွန်းလာသည့်မိုးရေများက ပင်လယ်ရေငွေ့ထက် ပို၍အကျိုးပြုကြောင်းတွေ့ရှိခဲ့သည်။
မိုးဝေဒေသ

ယင်းလေ့လာချက်ကြောင့် မြို့ရွာများ၏ ရေအရင်းအမြစ်သည် ယင်းမြို့ရွာ၏ ရေဝေဒေသပေါ်တွင်သာမက ရေဝေဒေသအပေါ် ရွာကျသည့်မိုးရေများ စတင်ဖြစ်ပေါ်လာသောနေရာများ သို့မဟုတ် မိုးဝေဒေသ Precipitationshed ပေါ်တွင်လည်း တည်မှီနေကြောင်းသိလာသည်။ မိုးရေ စတင်ဖြစ်ပေါ်လာသောနေရာများမှာ ရေငွေ့ပါသည့် လေများ စတင်ရာ ပင်လယ်ရေပြင်နှင့် လေညာအရပ်ရှိ သစ်တောများဖြစ်ကြသည်။ ထို့ကြောင့် မိုးဝေဒေသတွင် ရေဝေဒေသအပြင် ရေငွေ့များဖြစ်ပေါ်ရာ ပင်လယ်ရေပြင်နှင့်သစ်တောများ ပါဝင်သည်။ မိုးဝေဒေသလေ့လာရေးသည် ရေအရင်းအမြစ်သုတေသနတွင် အထူးပြုလေ့လာရမည့် နယ်ပယ်အသစ်တစ်ခု ဖြစ်လာသည်။
ကမ္ဘာ့မက်ဂါစီးတီး ၂၉ မြို့၏ မိုးဝေဒေသလေ့လာတွေ့ရှိချက်သည် သစ်တောနှင့်မိုး ဆက်စပ်ပုံကို သိပ္ပံနည်းကျ သုတေသနဖြင့် ထပ်ဆင့်ထောက်ခံလိုက်ခြင်း ဖြစ်သည်။
လေညာအရပ်ရှိမိုးဝေဒေသသစ်တောများ စိမ်းလန်းရှင်သန်နေလျှင် လေအောက်ရှိမြို့ကြီးများတွင် မိုးမှန်ပြီး သောက်သုံးရေလုံလောက်မည်။ မိုးဝေဒေသသစ်တောပြုန်းတီးလျှင် မိုးနည်းကာ သောက်သုံးရေ အရနည်းမည်။ ၂၀ ရာစုနှစ်ပထမအနှစ် ၅၀ အတွင်း အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းရှိ သစ်တောများ၏ ထက်ဝက်ခန့် ပြုန်းတီးခဲ့သည်။ ပြုန်းတီးမှုနှင့်အတူ မိုးလည်း လိုက်နည်းလာရာ ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းတွင် မိုးသိသာစွာ နည်းလာသောအချက်က သစ်တောနှင့်မိုး ဆက်စပ်ပုံကို ထပ်မံ လေးနက်စေသည်။
ဇီဝရေစုပ်စက်
ရုရှားပညာရှင်နှစ်ဦးဆက်လက်တင်ပြသော ရေငွေ့ပါသည့် ပင်လယ်လေများကို သစ်တောများက ရေစုပ်စက်(Biotic Pump)ကဲ့သို့စုပ်ယူ၍ ကုန်းတွင်းသို့ဝင်ရောက် တိုက်ခတ်စေသည့်အချက်သည်မူ အငြင်းပွားဖွယ် ဖြစ်ခဲ့သည်။
အများလက်ခံထားသည်မှာ လေတိုက်ခတ်ခြင်းသည် လေထုအပူချိန် မညီမျှသောကြောင့်ဖြစ်သည်။ လေသည် ပူနွေးလာသောအခါအပေါ်သို့ ဆန်တက်သည်။ အပေါ်ဆန်တက်သွား၍ ဖြစ်ပေါ်လာသည့် လေထု အားနည်းသွားသော နေရာသို့ ပြင်ပဘေးဘီမှ လေများ ဝင်ရောက်လာသည်ကို လေတိုက်ခြင်းဟုခေါ်သည်။ နွေအခါ၌ ကုန်းမြေအထက်ရှိလေသည် နေရောင်ကြောင့် ပူနွေးလာပြီး အပေါ်သို့ ဆန်တက်သွားသောအခါ ရေငွေ့ပါသည့် ပင်လယ်လေအေးများ တိုက်လာခြင်းသည် ထင်ရှားသည့်ဥပမာဖြစ်သည်။ တစ်နည်းဆိုရလျှင် လေထု စတင်ရွေ့လျားသောကြောင့် ရေထုလည်း လိုက်ပါရွေ့လျားသည်။
ရုရှားပညာရှင်နှစ်ဦးကဆိုသည်မှာ ကမ်းရိုးတန်းသစ်တောမှ ရေငွေ့များ ငွေ့ရည်ဖွဲ့၊ မိုးရွာသောအခါ ထုထည် ကျုံ့သွားကာ လေထုဖိအားလျော့သွားသဖြင့် ပင်လယ်လေများတိုးဝင်လာသည်။ ယင်းဖြစ်စဉ်သည် ရေငွေ့ပါသည့် ပင်လယ်လေကို စုပ်ယူလိုက်သကဲ့သို့ ပြုမူခြင်းကြောင့် ဇီဝရေစုပ်စက်ဟု တင်စား ခေါ်ဝေါ်သည်။

အများလက်ခံထားသည်က လေထုကြောင့်ရေထုရွေ့လျားလည်ပတ်သည်။ ရုရှားပညာရှင်နှစ်ဦးပြောသည်က ရေထုကြောင့် လေထုလည်ပတ်သည်ဟု ဖြစ် နေရာ အများလက်ခံထားသည်နှင့်ဆန့်ကျင်ဘက်ဖြစ်နေသည်။
ပုံမှန်ဆိုလျှင် ပင်လယ်လေများ ကုန်းတွင်းသို့ဝင်ရောက်ရာတွင် ရေငွေ့များကို မိုင်ရာဂဏန်းအကွာအထိသာ သယ်သွားနိုင်သည်။ ထို့ထက်ပို၍ ဝေးဝေးမသယ်နိုင်။ သို့သော် တောင်အမေရိကတိုက် အယ်မဇုန် အပါအဝင် မြစ်ဝှမ်းအချို့တွင် ကုန်းတွင်းပိုင်း မိုင်ထောင်နှင့်ချီသောနေရာများတွင် မိုးရွာနေသည်ကို ထောက်လျှင် ကမ်းရိုးတန်းသစ်တောများက ရေငွေ့ပါသည့် ပင်လယ်လေများကို စုပ်ယူ၍ ကုန်းတွင်း မိုင်ရာဂဏန်းသို့ပို့၊ ယင်းနေရာရှိသစ်ပင်များက ပင်ငွေ့ပျံ၊ ငွေ့ရည်ဖွဲ့၊ လေဖိအားလျော့၊ လေများတိုးဝင် စသဖြင့် အဆင့်ဆင့် စုပ်ယူ တွန်းပို့ပေးသောကြောင့်သာ ဖြစ်နိုင်သည်ဟု ရုရှားပညာရှင်နှစ်ဦးကဆိုသည်။
ရုရှားပညာရှင်နှစ်ဦး၏ ဇီဝရေစုပ်စက်အယူအဆကို လက်မခံသူ များသော်လည်း အချို့ပညာရှင်များက တရုတ်နိုင်ငံကိုဥပမာထား၍ ထောက်ခံကြသည်။ တရုတ်နိုင်ငံ၌ ရွာသောမိုးများသည် နိုင်ငံအရှေ့ဘက် ပင်လယ်ပြင်မှလာသော ရေငွေ့များကြောင့်အဓိကဟု ယူဆခဲ့ကြ သော်လည်း ၈၀ ရာခိုင်နှုန်းသော မိုးရေများသည် နိုင်ငံအနောက်ဘက် ဆိုက်ဘေးရီယားနှင့် ဥရောပတိုက် စကင်ဒီနေးဗီးယား သစ်တောများ က စုပ်ယူကာ တရုတ်နိုင်ငံရှိရာဘက်သို့ တွန်းပို့လိုက်သည့် ရေငွေ့များကြောင့်ဖြစ်သည်ဟု သူတို့က ဆိုသည်။
ဇီဝရေစုပ်စက်အယူအဆကို တရားဝင်သီဝရီတစ်ခုအဖြစ် လက်မခံသေးသော်လည်း ကန့်ကွက်သံများ လျော့ကျလာသည်။ အထင်ကရ အမေရိကန် သိပ္ပံအဖွဲ့အစည်းများက ယင်းအယူအဆကို ကိုးကား ရေးသားလာနေကြသည်။
ရုရှားအစိုးရကမူ ရုရှားသစ်တောဥပဒေများကို ပြန်လည်ပြင်ဆင်ရာ၌ ဇီဝရေစုပ်စက်အယူအဆနှင့် ကိုက်ညီအောင်ရေးဆွဲနေသည်။ ရေအရင်းအမြစ်များအပေါ် ဆက်နွှယ်သက်ရောက်မှုရှိသော သစ်တော များကို အလေးထားထိန်းသိမ်းရန် စီစဉ်နေသည်။
သစ်တောများကိုပျိုးထောင်လျှင် ယင်းတို့၏ မိုးရွာသွန်းစေနိုင်စွမ်း၊ ရေငွေ့ပါသောလေများကို စုပ်ယူ တွန်းပို့နိုင်စွမ်းတို့ကြောင့် သစ်တောရှိရာ ဒေသအပြင် လေအောက်ဒေသများတွင်ပါ မိုးပိုရွာ ရေပိုရနိုင်သည့် အလားအလာကို လက်ခံသူများလာနေပြီး သစ်တော၏ လူသိများသော အသုံးဝင်မှုများအပြင် ရေကြည်ရေသန့် ပိုရလာစေသော ဝန်ဆောင်မှုများကို အထိရောက်ဆုံး အသုံးချရန် ကြိုးပမ်းမှုများ အရှိန်ရ လာနေသည်။
(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)
အခန်း ၁။ ရေမရှိအသက်မရှိ
အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က
အခန်း ၃။ ပျက်ယွင်းရေသံသရာ
အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း
အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး
အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင်
အခန်း ၇။ အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ
အခန်း ၈။ အရည်ပျော်တောင်ထိပ်များ
အခန်း ၉။ ပင်လယ်ရေတကယ်ခန်း
အခန်း ၁၀။ နယ်ချဲ့ညစ်ညမ်းရေ
အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်
အခန်း ၁၂။ သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး
အခန်း ၁၃။ ရေငတ်လွန်းသူအတွက်ကုထုံး
အခန်း ၁၄။ အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု
အခန်း ၁၅။ ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ
အခန်း ၁၆။ ခြေရာပျောက်ရေ
အခန်း ၁၇။ ရေဖိုးရေခ
အခန်း ၁၈။ ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ
အခန်း ၂၀။ ရေရှားကမ္ဘာအတွက်အသင့်ပြင်ကြပါစို့