
ကမ္ဘာ့ပျမ်းမျှအပူချိန်ကို တွက်ရန် အချက်အလက်များကို ကမ္ဘာအရပ်ရပ်ရှိ တိုင်းတာရေးစခန်း ၄၀ဝ၀ ခန့်၏ မြေပြင်အပူချိန်များနှင့် ဂြိုဟ်တုများမှတိုင်းတာသည့် အောက်ပိုင်းလေထု၏အပူချိန်များကို ရယူသည်။ ထို့ပြင် သမုဒ္ဒရာရေထု၏ အပူချိန်ကိုလည်း ထည့်သွင်းတွက်ချက်ရာ ယင်းတို့ကို ကုန်သွယ်ရေကြောင်းသင်္ဘောများ၊ ရေတပ်သင်္ဘောများနှင့် တိုင်းတာရေးဘော်ယာများစသည်တို့မှ ရသည်။ သင်္ဘော ဘော်ယာတို့ကိုပါ ထည့်တွက်လျှင် အပူချိန်တိုင်းတာရယူသော နေရာပေါင်း ၃၂၀ဝ၀ ကျော်ခန့် ရှိသည်။
နှစ်တစ်နှစ်အတွက်ရရှိသော အပူချိန်တိုင်းတာချက်ပေါင်းများစွာကို စာရင်းအင်းပညာ၊ ကွန်ပျူတာစသည့် နည်းပညာများဖြင့် ချိန်ညှိကာ ကမ္ဘာ့ပျမ်းမျှအပူချိန်ကို ထုတ်ယူတွက်ချက်ကြသည်။
ကမ္ဘာ့ပျမ်းမျှအပူချိန်ကို မှန်ကန်စွာ တွက်ချက်ရန် မိုးလေဝသစခန်းများ၊ တိုင်းတာရေးကိရိယာများကို ကမ္ဘာအနှံ့တွင် တညီတညာတည်း ဖြန့်ကြက်ထားရမည် ဖြစ်သော်လည်း ယင်းသို့ထားရှိရန် လက်တွေ့မဖြစ်နိုင်ချေ။ ဥပမာ – ဆဟာရသဲကန္တာရတွင် ထားရှိနိုင်သော မိုးလေဝသစခန်းအရေအတွက်နှင့် လူနေဒေသများတွင် ထားရှိနိုင်သော မိုးလေဝသစခန်းအရေအတွက် မတူနိုင်ခြင်းမျိုး ဖြစ်သည်။ ဒေသတစ်ခုတည်းအတွင်း၌ပင် တောင်ပေါ်အပူချိန်နှင့် မြေပြန့်အပူချိန်တို့ ကွဲပြားသည်။ ထို့အပြင် အပူချိန်သည် နာရီပိုင်းအတွင်း ပြောင်းလဲတတ်သည့်အပြင် မြေပြင်ပေါ် နေရောင်ကျရောက်မှု၊ နေရောင်ကို ပြန်ဟပ်ထုတ်နိုင်မှု၊ သစ်တော မြို့ပြတို့နှင့် အနီးအဝေး၊ လေတိုက်နှုန်း၊ မိုးရွာခြင်းစသည့် အခြေအနေများကို လိုက်၍ ပြောင်းသဖြင့် တိကျစွာ ရရှိရန် အလွန်ခဲယဉ်းသည်။
ကမ္ဘာ့ပျမ်းမျှအပူချိန်များကို တွက်ချက်ထုတ်ပြန်ပေးနေသည့် အဖွဲ့အစည်းများအနက်အချို့မှာ အမေရိကန် အာကာသအဖွဲ့အစည်း(နာဆာ) ဂေါဒတ်အာကာသလေ့လာရေးဌာန NASA Goddard Institute for Space Sciences (GISS)၊ ယူကေ မိုးလေဝသဌာန The Met Office Hadley Centre (United Kingdom)၊ အမေရိကန်အမျိုးသားသမုဒ္ဒရာနှင့်လေထုလေ့လာရေးအဖွဲ့ National Oceanic and Atmospheric Administration (NOAA) စသဖြင့် ရှိကြရာ ယင်းအဖွဲ့အစည်းတစ်ခုချင်း၏ တွက်ချက်မှုများသည် အချက်အလက် ရယူစိစစ်ပုံ၊ တွက်ချက်နည်းစသည်တို့ပေါ် မူတည်ကာ ထုတ်ပြန်ပုံနှင့် ကိန်းဂဏန်း အနည်းငယ်ကွဲပြားသည်။
အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် လေထုလေ့လာရေးအဖွဲ့က ၂၀ ရာစုနှစ်အတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၃ ဒသမ ၉ ဒီဂရီ စင်တီဂရိတ် (၅၇ ဒီဂရီ ဖာရင်ဟိုက်)ဟု ဖော်ပြသည်။
ဥရောပနိုင်ငံများ၏ ကော်ပါးနီးကပ်စ် အာကာသအစီအစဉ်က ၁၉၉၁ နှင့် ၂၀၂၀ အတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၄ ဒသမ ၄ ဒီဂရီ စင်တီဂရိတ် (၅၇ . ၉ ဒီဂရီ ဖာရင်ဟိုက်)ဟု ထုတ်ပြန်သည်။
ရာသီဥတုပြောင်းလဲခြင်း၌ လက်ရှိကမ္ဘာ့ပျမ်းမျှအပူချိန်ကို အထက်ပါအတိုင်း ပကတိကိန်းဖြင့် ဖော်ပြခြင်းထက် လွန်ခဲ့သော ကာလတစ်ခုအတွင်း (ဥပမာ လွန်ခဲ့သောနှစ်ပေါင်း ၃၀ အတွင်း) ဖြစ်ပေါ်ခဲ့သော ပျမ်းမျှ အပူချိန်ထက် မည်မျှတက်ခဲ့သည် ကျခဲ့သည်တို့ကို ညွှန်းဆိုသည့် သွေဖည်အပူချိန်ဖြင့် ဖော်ပြမှုကို အတွေ့ရများသည်။
ဥပမာ – ၂၀ဝ၁ မှ ၂၀၂၀ အတွင်း ကမ္ဘာ့မျက်နှာပြင်အပူချိန်သည် ၁၈၅၀ နှင့် ၁၉၀ဝ အတွင်း အပူချိန်ထက် ဝ ဒသမ ၉၉ ဒီဂရီ စင်တီဂရိတ် တက်ခဲ့သည်ဟု ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ နိုင်ငံတကာအစိုးရ ပညာရှင်များအဖွဲ့ (အိုင်ပီစီစီ)၏ ၂၀၂၃ ခုနှစ်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားခြင်းမျိုး ဖြစ်သည်။
ပကတိကိန်း(ပကတိအပူချိန်)သည် တိုင်းတာရေးစခန်းများ၏ အရေအတွက်နှင့်တည်နေရာ (အနိမ့်အမြင့်၊ မြို့ပြနှင့်အနီးအဝေးစသည်)၊ မိုးလေဝသအခြေအနေစသည်တို့ကြောင့် ဒေသတစ်ခုလုံး ခြုံငုံဖြစ်ပေါ်နေသော အပူချိန်ကို တိကျစွာ မဖော်ထုတ်နိုင်။ သွေဖည်အပူချိန်သည်မူ အထက်ပါအချက်များ၏ သက်ရောက်မှု နည်းပါးကာ ဒေသတစ်ခုတွင် ပေါ်ပေါက်နေသော အပူချိန်အတက်အကျကို ဖော်ပြသဖြင့် ရာသီဥတု ပြောင်းလဲခြင်းကို လေ့လာရာတွင် ပကတိအပူချိန်ထက် ပိုမိုအသုံးဝင်သည်။
(၂၀၂၃ ဇူလိုင် ၆ တွင် ပြင်ဆင်တည်းဖြတ်သည်။)
One thought on “ကမ္ဘာ့ပျမ်းမျှအပူချိန်ကိုတိုင်းတာခြင်း”