
ဒလမြို့နယ်လူထုမှ ရွေးကောက်တင်မြှောက်ထားသည့် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည် နှင့် တွေ့ဆုံမေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။
ရန်ကုန်၊ ဇွန် ၃၊ ၂၀၂၀
ဒလမြို့နယ်က နှစ်ပေါင်းများစွာကတည်းက ရေချိုမထွက်ဘူး။
ဒလလူဦးရေက ၁၉၉၀ မတိုင်ခင်မှာ လူဦးရေ ခုနစ်သောင်းကျော်လောက်ပဲ ရှိခဲ့ရာက အခု ၂၀၂၀ ဝန်းကျင်မှာဆို တစ်သိန်းခြောက်သောင်းကျော် ဖြစ်လာတယ်။ အရင်နှစ်ပေါင်းများစွာကတည်းက ရေက ကန်ရေကို သုံးစွဲနေရတာ အဆင်ပြေတယ်။ ရေလုံလောက်မှု ရှိတယ်။ အခုအခါမှာတော့ ရာသီဥတု ပူပြင်းလာမှု၊ ရေငွေ့ပျံမှုနှုန်း တိုးလာမှု၊ လူဦးရေတိုးပွားလာမှု၊ ကျူးကျော်နေထိုင်သူများပြားလာမှုတို့ကြောင့် နဂိုမူလ ရှိနေတဲ့ သောက်သုံးရေကန်တွေ မလုံလောက်မှု ဖြစ်လာတယ်။
၁၉၉၆ ခုနှစ်မှာ စည်ပင်သာယာရေးအဖွဲ့က နေစပြီးတော့ တွံတေးမြို့နယ်ထဲက ရန်ကုန်ပေါက်ကျေးရွာမှာ ရေကန်တွေတူးပြီး ရေတွန်းစက်နဲ့ တွန်းပြီး ဒလမြို့နယ်ကို ရေသွယ်ပေးခဲ့တယ်။ ဒလမြို့နယ်မှာ ရေကန်ပေါင်း ၃၂၉ ကန်ရှိတယ်။ ဒလမြို့ပေါ်ရပ်ကွက်မှာ ၁၂၄ကန်၊ ကျေးရွာတွေမှာ ၂၀၅ ကန် ရှိပါတယ်။ ဒီနှစ်မှာဆိုရင် ကန်ပေါင်းသုံးရာကျော်ရှိရာမှာ ကန်၂၅၀ ကျော်လောက်က ရေခန်းသွားတယ်။
စည်ပင်သာယာကပေးဝေနိုင်တဲ့ နှုန်းက ဒလမြို့ပေါ် ၂၄ ရပ်ကွက်မှာ ရေလိုအပ်ချက်ရဲ့ ၂၄% ကိုပဲ ပေးဝေနိုင်တယ်။ အိမ်တိုင်းကို ရေမပေးနိုင်ဘူး။
ရေရဖို့အတွက်လည်း တွံတေးမြို့နယ်၊ ရန်ကုန်ပေါက်ရွာမှာ ၇.၅ ဧက ရှိတဲ့လယ်မြေရဲ့ မြေအောက်မှာ တွင်း ၁၃ တွင်းတူးထားပြီး ဘာမှ Treatment မလုပ်ဘဲ ရေကို စုပ်ယူပြီးတော့မှ ဒလမြို့ပေါ်ကို ပေးပို့နေတာ ဖြစ်ပါတယ်။ ဒီရေကလည်း ချက်ပြုတ်စားလို့ ရတယ်။ လျှော်ဖွပ်သုံးစွဲဖို့ ရတယ်။ သောက်သုံးရေအဖြစ်တော့ အဆင်မပြေပါဘူး။
ဒါကြောင့်မို့ သောက်သုံးရေ ရေချိုကိုတော့ ဂျပန်ရဲ့အကူအညီနဲ့ စည်ပင်သာယာကနေပြီးတော့မှ တစ်နေ့ကို ဂါလံ၅၀၀၀ ထုတ်နိုင်တဲ့ စက်နဲ့ ထုတ်လုပ်ပေးနေပါတယ်။ ဒီဟာကလည်း လောက်ငအောင် မပေးနိုင်တဲ့အခါ သောက်ရေကန်တွေ အားကိုးရတာ ရှိတယ်။
အိမ်တိုင်းစေ့အောင် မပေးနိုင်တဲ့အတွက် ဘယ်လိုစီမံပေးသလဲဆိုတော့ ရပ်ကွက်တစ်ခုမှာ လမ်းအခြေအနေလည်း အဆင်ပြေတယ်ဆိုရင် လမ်းထောင့်မှာ ရေလှောင်ကန်အုတ်ကန်တည်ထားပြီးတော့ ဘုံဘိုင်ခေါင်းလေးခုလောက် တပ်ထားပေးတယ်။ အဲဒီရေကိုပဲ တရက်တခြားတစ်ခါ ယူငင်သုံးစွဲနိုင်အောင် စီမံပေးထားပါတယ်။
ရွှေ့ပြောင်းနေထိုင်သူများတဲ့ ရပ်ကွက်သုံးခုကိုလည်း အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့အကူအညီနဲ့ ရေသန့်စက်တွေ ဆောက်ပေးထားတာလည်း ရှိပါတယ်။ ၂၀၁၆ ကတည်းက ဆာဗေးဆင်းပြီးဆောင်ရွက်တာ ၂၀၁၉ ဧပြီလောက်က စပြီးတော့ ရေသန့်ထုတ်ယူနိုင်တယ်။ ကန်ထဲကရေကို Treatment လုပ်ပြီးတော့ ပေးတာဖြစ်တဲ့အတွက် ပထမပိုင်းလတွေကတော့ အဆင်ပြေပေမဲ့ ရေနည်းတဲ့ လတွေကစပြီးတော့ ရေပေးတာကို ပြန်နားထားရတာလည်း ရှိပါတယ်။ ကန်ခန်းသွားတော့ စက်က မလည်နိုင်လို့ပါ။
ကျေးရွာတွေကလည်း ကိုယ့်ရပ်ကိုယ့်ရွာအားနဲ့ ကန်ဆယ်တာတို့၊ ကန်ပြုပြင်တာတို့လုပ်ကြတယ်။ ကန်တူးဖော်ပေးကြတဲ့ အလှူရှင်တွေလည်း ရှိတယ်။ ကန်သစ်တူးတာ၊ကန်ကို ခြံစည်းရိုးခတ်တာတို့ကိုတော့ စည်ပင်သာယာဘတ်ဂျက်ကနေလည်း ဆောင်ရွက်ပေးနေပါတယ်။ တချို့ရပ်ကွက်တွေက ရေကန်အနီးမှာပဲ ရွှေ့ပြောင်းနေထိုင်ကြတာ ဖြစ်တဲ့အတွက် ကန်ရဲ့ဘယ်လောက်အကွာအဝေးမှာ လူနေအိမ်ရှိရမယ်ဆိုတဲ့ နည်းလမ်းတွေက ပျောက်နေတော့ ကန်သန့်ရှင်းမှု အားနည်းတာမျိုး ရှိတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့သောက်သုံးရေဖြစ်ရဲ့လားလို့ ရေအရည်အသွေးကိုအဆင့်မြင့်နည်းပညာနဲ့ စစ်ထားနိုင်မှု အားနည်းတယ်။ သို့သော် ရေအရောင်အသွေးပြောင်းလာတာ၊ အနံ့အသက်ပြောင်းလာတာ၊ အမြှုပ်တွေ ထ လာတာ ရှိရင် ရေသန့်ဌာနကနေ ဆေးခတ်တာတို့၊ ပြုပြင်ထိန်းသိမ်းတာ၊ စစ်တာတို့ လုပ်တာတွေ့လာရတယ်။
၂၀၁၄-၁၅ မှာ ကျူးကျော်နေထိုင်သူအိမ်ထောင်စုစာရင်းကောက်တော့ ဒလမြို့မှာ တစ်သောင်းနှစ်ထောင်
ကျော်ရှိတယ်။ အခုလက်ရှိမှာ တစ်သောင်းခြောက်ထောင်ကျော်နေပြီလို့ သိရတယ်။
၂၀၁၉၊ ဇွန်လလောက်ကနေ စပြီးတော့ UN Habitat အဖွဲ့ကနေပြီးတော့ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်မှာ ရေသန့်စက်တစ်ခု တည်ထားပေးတယ်။ ဘယ်ကနေ ရေအရင်းအမြစ်ကို ယူသလဲဆိုတော့ ရန်ကုန်ပေါက်ကနေ ပေးနေတဲ့ရေကိုပဲ Treatment(သန့်စင်)လုပ်ပြီးတော့မှ ရပ်ကွက်လူထုကို ပြန်လည်ရောင်းချပေးပါတယ်။ ရေလီတာ ၂၀ပါ သောက်ရေသန့်ဘူးကြီးတစ်ဘူးကို စက်ရုံမှာလာဝယ်ရင် တစ်ဘူးနှစ်ရာနဲ့ ရောင်းချပေးပါတယ်။ အိမ်ပို့ပေးရရင် နှစ်ရာ့ငါးဆယ်၊ သုံးရာကျပ်လောက် ကျသင့်ပါတယ်။ တစ်နေ့ကို ၂၀လီတာဗူး ၅၀၀ ကနေ ၆၀၀ အထိ ထုတ်လုပ်ပေးနိုင်တဲ့ရေသန့်စက်ရုံကို တည်ထားပေးပါတယ်။ ဒါက ရပ်ကွက်တစ်ခုကို စတင်ပံ့ပိုးကူညီပေးနိုင်တဲ့အပိုင်းတစ်ခုပါ။
ဒလမြို့နယ်ရဲ့ရေပြဿနာကိုဖြေရှင်းပေးဖို့အတွက် YCDC နဲ့ JICA ပူးပေါင်းပြီးတော့မှ တွံတေးမြို့အပိုင်၊ ဘုရားကြီးစုကျေးရွာမှာ လယ်ဧက ၁၈.၇၈ ကို စည်ပင်က ဝယ်ပြီးတော့ တွံတေးတူးမြောင်းကရေကို Treatment (သန့်စင်)လုပ်ပြီးတော့ လာမယ့် ၂၀၂၂ နှစ်ကုန်ပိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလောက်မှာ ဒလမြို့နယ်၊ ၂၄ ရပ်ကွက်ရဲ့ရေလိုအပ်ချက် ၉၀% အထိ ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားတာ ရှိပါတယ်။ စက်တွေအထိုင်ချဖို့ မြေယာကို ပြုပြင်ပြီးပါပြီ။ လမ်းတွေပြင်ပြီး လျှပ်စစ်ရအောင် လုပ်နေပါတယ်။ ဂျိုးဖြူပိုက်လိုင်းရဲ့အတိုင်းအတာထက် သုံးပုံနှစ်ပုံလောက်သာသေးတဲ့ ပိုက်လိုင်းတွေလည်း နေရာချထားပြီးပါပြီ။ ဒီလုပ်ငန်းပြီးသွားရင် ဒလမြို့နယ်က ဂရန်ရှိတဲ့အိမ်တိုင်းရေမီတာတပ်ဆင်သုံးစွဲစေပြီး သောက်သုံးလို့ရတဲ့အဆင့်ထိရှိတဲ့ရေကို စနစ်တကျ ပေးဝေနိုင်တော့မှာပါ။ ရန်ကုန်-ဒလ ကိုးရီးယားတံတားစီမံကိန်းမှာလည်း ရေပိုက်သွယ်တန်းမှုပါဝင်ပြီး ရေရနိုင်မလားဆိုတဲ့ မျှော်လင့်မှုလည်း ရှိပါတယ်။
ဒလမှာ သောက်သုံးရေရရှိနိုင်မဲ့ နည်းတွေကို ကြိုးစားစမ်းသပ်နေပါတယ်။ ရေချိုစုတွင်းဆိုတာက မိုးရွာတဲ့အခါမှာ ခေါင်မိုးအကျယ်ကြီးရှိနိုင်တဲ့ စာသင်ကျောင်းလို၊ ဘုန်းကြီးကျောင်းဆောင်လို နေရာမျိုးဘေးမှာ မြေအောက်ကို ပေခြောက်ဆယ်လောက် တူးပြီးတော့ မြေအောက်ရေနဲ့ရောပြီး မိုးရေကို စုထားတယ်။ မြေအောက်က ရေငန်နဲ့ အပေါ်ကကျလာတဲ့ရေချိုတွေက အတူစုထားပေမဲ့ ရောမသွားဘဲနဲ့ သူ့သဘာ၀အတိုင်း သူနေတယ်လို့ သိရတယ်။ အိမ်ထောင်စုတစ်ခု၊ မိသားစုတစ်စုဆိုရင်လည်း အခုလိုရေကို စုဆောင်းထားနိုင်မယ်ဆိုရင် ကိုယ့်အိမ်ပိုင်မော်တာနဲ့ပဲ ရေကိုထုတ်သုံးမယ်ဆိုရင် အဆင်ပြေနိုင်မယ် ယူဆတယ်။ အိမ်ထောင်စုတစ်ခု ရေချိုစုတွင်းပြုလုပ်မယ်ဆိုရင် ကျပ်သိန်းသုံးဆယ်လောက် ကုန်ကျနိုင်တယ်။
လက်ရှိပြုလုပ်ထားတဲ့ ရေချိုစုတွင်းတစ်ခု ကုန်ကျစရိတ်ကတော့ ကျောင်းသားငါးရာအထက် ရှိတဲ့စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာဆိုရင် ကုန်ကျနှုန်းက သိန်းခြောက်ဆယ်လောက်ရှိတယ်။ ဒီမှာတော့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း နေရာခြောက်ခုလောက်မှာ ဆောင်ရွက်ထားတာ ရှိပါတယ်။