ဂရင်းလန်းကျွန်း

ဂရင်းလန်း(Greenland)ကျွန်းသည် ဒိန်းမတ်နိုင်ငံ ပိုင်ဆိုင်သောနယ်မြေ ဖြစ်သော်လည်း သီးခြားအစိုးရရှိသည်။ ၂ . ၁၆ စတုရန်းကီလိုမီတာ(စတုရန်းမိုင် ၈၃၆၀၀၀)ကျယ်ပြီး ကမ္ဘာ့အကြီးဆုံးကျွန်း ဖြစ်သည်။ လူဦးရေ ၅၀၀၀၀ ကျော် နေထိုင်သည်။

အပေါ်ပုံ၏ အလယ်ဘက် တြိဂံပုံကုန်းမြေသည် ဂရင်းလန်းကျွန်းဖြစ်ပြီး ဂရင်းလန်းကျွန်း၏ထိပ်ရှိ အဖြူကွက်သည် အာတိတ်ရေခဲပြင် ဖြစ်သည်။ ပုံအောက်ဘက်တွင် ကနေဒါ၊ အပေါ်ဘက်တွင် ရုရှားနှင့် ဥရောပမြောက်ပိုင်းတို့ကို တွေ့နိုင်သည်။

ဂရင်းလန်းကျွန်း၏မြို့များတွင် မြို့တွင်း၌သာ ကားလမ်းရှိပြီး မြို့တစ်မြို့နှင့်ဆက်သွယ်သော ကားလမ်း ရထားလမ်းမရှိသဖြင့် လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘောစသည်တို့ဖြင့်သာ ဆက်သွယ်သွားလာရသည်။ ကားလမ်း ရထားလမ်းမရှိခြင်းမှာ ကျွန်းမျက်နှာပြင်၏ ၈၀ ရာခိုင်နှုန်းကို လေးကီလိုမီတာအထိထူသော ရေခဲပြင်က ဖုံးအုပ်ထားသောကြောင့် ဖြစ်သည်။

ဂရင်းလန်းရေခဲပြင်ကျယ်သည် စတုရန်း ကီလိုမီတာ ၁ ဒသမ ၇ သန်း ကျယ်ပြန့်ပြီး ကမ်းစပ်အနီးတွင် မီတာအနည်းငယ်ထူကာ ကျွန်းအလယ်ပိုင်း အထူဆုံးနေရာ၌ မီတာ ၃၂၀ဝ (ပေ ၁၀၅၀ဝ) ခန့်၊ စုစုပေါင်း အလေးချိန် ၂ ဒသမ ၈ ထရီလျံ မက်ထရစ်တန်ခန့်၊ စုစုပေါင်းထုထည် ကုဗကီလိုမီတာ ၂ ဒသမ ၉ သန်းခန့် ရှိသည်။ ဂရင်းလန်း ရေခဲပြင်ကျယ်ရှိ ရေချိုပမာဏသည် ကမ္ဘာ့ရေချိုပမာဏ၏ ၁၀ ပုံ ၁ ပုံခန့်မျှ ဖြစ်သည်။

မြင့်မားလာသော အပူချိန်ကြောင့် ယင်းရေခဲပြင်ကျယ်တစ်ခုလုံး အရည်ပျော်လျှင် ကမ္ဘာ့ပင်လယ်ရေပြင်သည် ၇ ဒသမ ၄ မီတာမျှ မြင့်တက်လာနိုင်သည်။ လက်တွေ့တွင် ယင်းသို့ဖြစ်မလာနိုင်သော်လည်း ၁၉၉၈ ခုနှစ်က စ၍ အရည်ပျော်မှု သိသာစွာ များလာသည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဂရင်းလန်းရေခဲထုထည် ၂၃၄၇ ကုဗကီလိုမီတာ အရည်ပျော် ဆုံးရှုံးခဲ့သည်။ အရည်ပျော်ခြင်းကြောင့် ဂရင်းလန်းရေခဲပြင်၏ အထူသည် ပျမ်းမျှ ၁ ဒသမ ၂ မီတာမျှ လျော့နည်းသွားသည်။ ဂရင်းလန်းရေခဲပျော်ရည်များကြောင့် ကမ္ဘာ့ပင်လယ်ရေပြင်သည် ၂၀ဝ၂ ခုနှစ်မှ စ၍ ၆၃ မီလီမီတာခန့် မြင့်တက်ခဲ့သည်။

ရေခဲပြင်ကျယ် အရည်ပျော်ခြင်းအပြင် ရေခဲပြင်ကျယ်၏ ကမ်းရိုးတန်းတလျှောက်ရှိ ရေခဲတုံးများသည် မြင့်မားလာသောအပူချိန်ကြောင့် ပဲ့ထွက်မျောပါကာ အရည်ပျော် ဆုံးရှုံးနေသည်။ အမေရိကန်အာကာသအဖွဲ့အစည်း (နာဆာ)၏ လေ့လာချက်အရ ဂရင်းလန်းရေခဲပြင်ကျယ် အရည်ပျော်ခြင်း အကြောင်းရင်းများတွင် လေထုအပူချိန် မြင့်လာခြင်းအပြင် ဂရင်းလန်းကျွန်း ပတ်လည် အတ္တလန်တိတ်သမုဒ္ဒရာ ရေထု ပူနွေးလာခြင်းကြောင့်လည်း ပါဝင်ကြောင်း သိရသည်။

နေရာဒေသတစ်ခုတွင် မိုးရွာခြင်းသည် အဆန်းမဟုတ်သော်လည်း ၂၀၂၁ သြဂုတ်လ ၁၄ ရက်နေ့က ဂရင်းလန်းကျွန်း၌ ရွာသောမိုးကို သမိုင်းဝင်မိုးအဖြစ် မှတ်တမ်းလိုက်ရသည်။ အကြောင်းမှာ ယင်းကျွန်းတွင် ဆီးနှင်းကျသည်သာ ရှိပြီး မည်သည့်အခါကမှ မိုးမရွာခဲ့သောကြောင့်ဖြစ်သည်။

လေထုတွင်းရှိရေငွေ့များသည် အပူချိန်ပေါ်မူတည်ပြီး အေးလျှင်ဆီးနှင်းအဖြစ်၊ နွေးလျှင်မိုးအဖြစ်ရွာကျရာ ဂရင်းလန်းကျွန်းပေါ်သို့ ပထမဆုံးရွာကျသောမိုးက ကမ္ဘာ့အပူချိန်တက်လာနေကြောင်း ထင်ရှားစွာ သက်သေပြလိုက်သည်။

Leave a comment