လစ်ဗျားဟုဆိုလျှင် သဲကန္တာရဖုံးလွှမ်းပြီး ပူပြင်းခြောက်သွေ့ကာ ရေနံပေါကြွယ်ဝသော အာဖရိကမြောက်ပိုင်း နိုင်ငံဟု သိကြသည်။ လစ်ဗျားနိုင်ငံ၏ ပို့ကုန်ဝင်ငွေအားလုံးနီးပါးကို ရေနံမှ ရသည်။ ရေနံအပြင် အခြားမြေအောက်သယံဇာတ တစ်မျိုးကိုလည်း လစ်ဗျားက ထူးခြားစွာ ပိုင်ဆိုင်ထားသေးသည်။ ယင်းမှာ ယခုလစ်ဗျားရှိရာဒေသတွင် ရာသီဥတုမျှတနေစဉ်က ရွာသွန်းခဲ့သော မိုးရေများ မြေအောက်အလွန် နက်ရှိုင်းသောနေရာအထိ စိမ့်ဝင်ခိုအောင်းနေခဲ့သည့် မြေအောက်ရေအောင်းလွှာများပင် ဖြစ်သည်။
ရုပ်ကြွင်းရေ
ကမ္ဘာ့အခြောက်သွေ့ဆုံးနိုင်ငံများထဲတွင်ပါသည့် လစ်ဗျားတွင် အမြဲစီးနေသည့်မြစ် မရှိဘဲ ရေကန်နှင့် စမ်းချောင်းအနည်းငယ်သာ ရှိသည်။ လစ်ဗျား၏ မြို့ကြီးအများအပြားသည် နိုင်ငံမြောက်ပိုင်း မြေထဲပင်လယ်ကမ်းစပ်တွင် ရှိကြသဖြင့် မြို့တော်ထရစ်ပလီ အပါအဝင် မြို့ကြီးများအတွက် မြေထဲပင်လယ်ရေကို ရေချိုချက်စက်ရုံများဖြင့် ချက်လုပ်သန့်စင်ပြီး သောက်သုံးရေအဖြစ် ပေးဝေနေခဲ့သည်။ ယင်းစက်ရုံများသည် လည်ပတ်စရိတ် ကြီးမားသည့်အပြင် အချို့ရေချိုချက်စက်ရုံများသည် ကောင်းစွာ အလုပ်မလုပ်နိုင်သဖြင့် မြို့တော်ထရစ်ပလီသာမက အခြားမြို့ကြီးအချို့တွင်လည်း ရေအခက်အခဲဖြစ်နေခဲ့သည်။
ထိုစဉ် လစ်ဗျားတွင် ရေနံရှာဖွေရင်း ဆဟာရသဲကန္တာရအောက်၌ သက်တမ်းနှစ်ပေါင်းသန်းနှင့်ချီသည့် ‘ရုပ်ကြွင်းရေ’များ ပါဝင်သော နျူဘီးယန်း(Nubian) မြေအောက်ရေအောင်းလွှာများကို လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ခန့်က အမှတ်မထင် တွေ့ရှိခဲ့သည်။ ရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တို့သည် လွန်ခဲ့သော နှစ်သန်းပေါင်း များစွာက သတ္တဝါနှင့်အပင်တို့၏ ရုပ်ကြွင်းများမှ လောင်စာအဖြစ် ပြောင်းလဲလာခြင်းဖြစ်၍ ရုပ်ကြွင်းလောင်စာဟု ခေါ်သည်။ ရုပ်ကြွင်းများမှ ပြောင်းလဲဖြစ်ပေါ်လာခြင်း မဟုတ်သော်လည်း ရုပ်ကြွင်းလောင်စာ များကဲ့သို့ နှစ်ပေါင်းသိန်းသန်းချီ၍ မြေပေါ်နှင့်အဆက်ပြတ်ကာ သီးခြားတည်ရှိနေသည့် ရေများကို ”ရုပ်ကြွင်းရေများ”ဟု တင်စားခေါ်ဝေါ်သည်။ ပုံမှန်အခြေအနေတွင် မြေပေါ်ရေစိမ့်ဝင်မှုကြောင့် မြေအောက်ရေများသည် ”ပြန်ပြည့်မြဲရေအရင်းအမြစ်” တစ်မျိုးပင် ဖြစ်သည်။ သို့သော် လွန်ခဲ့သည့် နှစ်ပေါင်းသိန်းသန်းချီသည့်ကာလကတည်းက အလွန်နက်ရှိုင်းသော နေရာများအထိ ရောက်ရှိပြီးနောက် ဘူမိမြေလွှာအနေအထား ပြောင်းလဲသွားမှုကြောင့် မြေပေါ်နှင့် အဆက်ပြတ်ကာ ရေစိမ့်ဝင်ခြင်း မရှိတော့သည့် ရုပ်ကြွင်းရေလွှာများရှိ ရေများကို ထုတ်ယူသုံးစွဲလျှင် အခြားမြေအောက်ရေများကဲ့သို့ ပြန်လည် ပြည့်တင်းနိုင်ခြင်း မရှိချေ။

မြေအောက်ရေအောင်းလွှာ
ကမ္ဘာ့အချို့ဒေသများ၏ မြေအောက်တွင် ရုပ်ကြွင်းမြေအောက်ရေအောင်းလွှာများ ရှိရာ လစ်ဗျား၊ ချဒ်၊ အီဂျစ်နှင့် ဆူဒန်တို့၏အောက်တွင် ရှိသည့် ”နျူဘီယန်း သဲကျောက် မြေအောက်ရေအောင်းလွှာ စနစ်”သည် အကြီးမားဆုံး ဖြစ်သည်။ မြေအောက် ရေအောင်းလွှာငယ်များဖြင့် ဖွဲ့စည်းတည်ရှိသည့် အဆိုပါ မြေအောက်ရေအောင်းလွှာစနစ်သည် စုစုပေါင်းအကျယ်အဝန်း စတုရန်းကီလိုမီတာ နှစ်သန်းခန့် ရှိသည်။ ရေကြော၏ အထူသည် နေရာကို လိုက်၍ ပြောင်းလဲရာ လစ်ဗျား၏အောက်ရှိရေကြောသည် အချို့နေရာများတွင် မီတာ ၅၀ဝ၀ ခန့်အထိ ထူသည်။
လူလုပ်မြစ်
နျူဘီယန်း သဲကျောက်မြေအောက်ရေအောင်းလွှာများကို တွေ့ရှိသောအခါ လစ်ဗျားသည် ၁၉၈၃ ခုနှစ်က ”မဟာလူလုပ်မြစ် စီမံကိန်း”ဖြင့် မြေအောက်ရေများကို စတင်ထုတ်ယူခဲ့သည်။ ယင်းစီမံကိန်းအရ မြေအောက်ရေအောင်းလွှာများရှိ ရေကို မီတာ ၅၀ဝ ကျော် အထိနက်သော စက်ရေတွင်းပေါင်း ၁၃၀ဝ ကျော်တူး၍ ထုတ်ယူပြီး ရေအခက်တွေ့နေသည့် မြောက်ပိုင်းမြို့များသို့ ပို့သည်။ စုစုပေါင်း အမေရိကန် ဒေါ်လာဘီလျံ ၃၀ မျှ ကုန်ကျခဲ့သည့် မဟာလူလုပ်မြစ်စီမံကိန်းတွင် ချထားသော ပိုက်လိုင်းများမှာ ကီလိုမီတာ ၄၀ဝ၀ မျှ ရှည်လျားသည်။ ယင်းပိုက်လိုင်းများသည် တစ်ရက်လျှင် ရေထုထည် ၆ ဒသမ ၄ သန်း ကုဗမီတာမျှ ပို့ပေးနိုင်ရာ လူလုပ်မြစ်ဟူသော အမည်နှင့် လိုက်လျောညီထွေ ရှိလှသည်။ လစ်ဗျားတွင် ဖြစ်ပွားလျက် ရှိသည့် ပြည်တွင်းစစ်ကြောင့် မဟာလူလုပ်မြစ်စီမံကိန်းသည် မူလရည်မှန်းထားသည့်အတိုင်း ရာခိုင်နှုန်းပြည့် မပြီးစီးသေးသည့်အပြင် ပြီးစီးသော အစိတ်အပိုင်းအချို့၌ ပျက်စီးမှုများ ရှိသော်လည်း လူလုပ်မြစ်သည် နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို သောက်သုံးရေ ပေးဝေလျက်ရှိသည့်အပြင် စိုက်ပျိုးရေးကဏ္ဍတွင်လည်း အသုံးချနေသည်။
နျူဘီးယန်းမြေအောက်ရေကြောစနစ်နှင့် မဟာလူလုပ်မြစ်စီမံကိန်း ဗီဒီယို ရှုစားရန် (ကြာချိန် ၁၁ မိနစ် ၁၀ စက္ကန့်)
လစ်ဗျားအပြင် ချဒ်၊ အီဂျစ်နှင့်ဆူဒန်တို့ကလည်း ထုတ်ယူအသုံးပြုနေသည့် နျူဘီးယန်း မြေအောက်ရေ ပမာဏသည် တစ်နှစ်လျှင် ၆ ဒသမ ၁ ကုဗကီလိုမီတာခန့် ရှိသည်။ နျူဘီးယန်းမြေအောက်ရေအောင်းလွှာစနစ်တွင် စုစုပေါင်းရှိသည့် ရေပမာဏသည် ကုဗကီလိုမီတာ ၁၅၀ဝဝဝ ခန့် ဖြစ်သော်လည်း လူတို့ လက်တွေ့ထုတ်ယူနိုင်သည့်ပမာဏသည် အကန့်အသတ် ရှိခြင်း၊ ရေအများစုသည် ပြန်မပြည့်နိုင်သည့် ရုပ်ကြွင်းရေများ ဖြစ်ခြင်း၊ မြေပြင်နှင့်နီးသော ရေကြောများထဲသို့ စိုက်ခင်းရေများ ပြန်လည် စိမ့်ဝင်မှု ရှိသော်လည်း နည်းလွန်းခြင်း၊ ထုတ်ယူပမာဏ များလှခြင်းတို့ကြောင့် နှစ်ပေါင်းထောင်ချီ ထုတ်ယူနိုင်မည်ဟု မူလက ခန့်မှန်းခဲ့သော်လည်း ယခုအခါ နှစ် ရာဂဏန်းမျှပင် ခံပါ့မည်လောဟု စိုးရိမ်နေရသည်။
အိုဂါလားလာရေအောင်းလွှာ

ကမ္ဘာ့အကြီးဆုံး စိုက်ပျိုးကဏ္ဍထုတ်လုပ်သူဖြစ်သည့် အမေရိကန်နိုင်ငံသည် အိုဂါလားလာ(Ogallala) ဟု ခေါ်သော ဧရာမ မြေအောက်ရေအောင်းလွှာကြီးတစ်ခုကို ပိုင်ဆိုင်သည်။ စတုရန်းကီလိုမီတာ ၄၅၀ဝဝဝ ကျယ်ပြီး အမေရိကန် နိုင်ငံ၏ ပြည်နယ်ရှစ်ခုအောက်တွင် ဖြန့်ကြက်တည်ရှိသော အိုဂါလားလာမြေအောက်ရေအောင်းလွှာ၏ ရေမျက်နှာပြင်သည် မြေပေါ်မှ ၁၅ မီတာနှင့် မီတာ ၉၀ ခန့်အတွင်း၌ ရှိသည်။ ထုတ်ယူသုံးစွဲနိုင်သည့် မြေအောက်ရေထုထည် ကုဗကီလိုမီတာ ၄၁၀ဝ ခန့်ကို သိုလှောင်ထားသည်။ အမေရိကန်နိုင်ငံ စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်လုပ်ငန်း၏ ၃၀ ရာခိုင်နှုန်းခန့်သည် အိုဂါလားလာရေများကို အသုံးချနေရသည်။ ရေအောင်းလွှာနယ်နိမိတ် အတွင်း နေထိုင်သူ ၈၂ ရာခိုင်နှုန်း၏ သောက်သုံးရေများသည် အိုဂါလားလာရေအောင်းလွှာမှ ထုတ်ယူပေးဝေခြင်း ဖြစ်သည်။
ရေအောင်းလွှာတည်ရှိရာ ပြည်နယ်များသည် ခြောက်သွေ့သော ရာသီဥတုရှိသဖြင့် အဆိုပါရေအောင်းလွှာမှ ရေများကို ၂၀ ရာစုနှစ် အစပိုင်းက စတင်ထုတ်ယူခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှစ၍ ရေထုတ်ယူမှု ဆက်တိုက် မြင့်မားလာခဲ့သည်။ ယင်းရေအောင်းလွှာ၏ နေရာအများအပြားတွင် ထုတ်ယူနေသော ပမာဏသည် မိုးရေနှင့် အနီးရှိ တောင်ထိပ်များမှ အရည်ပျော် ကျဆင်းလာသော ဆီးနှင်းရည်များက ပြန်လည် ဖြည့်တင်းနိုင်သော ပမာဏထက် များစွာကျော်လွန်နေ၍ နေရာများစွာတွင် ရေလျော့နည်းလာလျက် ရှိသည်။ ကင်းဆပ်၊ နယူးမက္ကဆီကို၊ အိုကလာဟိုးမားနှင့် တက္ကဆပ်ပြည်နယ်များ၏ အောက်ရှိ အချို့မြေအောက်ရေပြင်များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ခန့်မှ ယခုအချိန်အတွင်း မီတာ ၃၀ ကျော် ကျဆင်းခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းမှ ရေတွက်လျှင် ရေထုထည် ကိုးရာခိုင်နှုန်းမျှ လျော့နည်းသွားပြီ ဖြစ်သည်။ နောက်ပိုင်းတွင် စိုက်ပျိုးရေသုံးစွဲမှု ချွေတာရေး နည်းပညာများကြောင့် အချို့နေရာများတွင် မြေအောက်ရေပြင် ကျဆင်းနှုန်း လျော့နည်းလာသော်လည်း ရေအောင်းလွှာတစ်ခုလုံးခြုံကြည့်လျှင် ဆက်လက်ကျဆင်းနေလျက် ရှိသည်။ အဆိုပါ ရေအောင်းလွှာ ခန်းခြောက်သွားပါက အမေရိကန်၏ စိုက်ပျိုးကဏ္ဍအပြင် သောက်သုံးရေ ရယူရေးတွင် အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ အမေရိကန်သည် သီးနှံများကို ကမ္ဘာ့ဈေးကွက်သို့ အမြောက်အမြား တင်ပို့သော နိုင်ငံ ဖြစ်၍ အမေရိကန်သီးနှံအထွက် လျော့လျှင် ကမ္ဘာ့သီးနှံအခြေအနေကိုလည်း မလွဲမသွေ ထိခိုက်မည်။

လျော့နည်းလာနေ
နျူဘီးယန်းနှင့် အိုဂါလားလာအပါအဝင် ကမ္ဘာတစ်ဝန်းရှိ မြေအောက်ရေအောင်းလွှာများကို ခြုံငုံ၍ အာကာသထဲမှ ထောက်လှမ်းတိုင်းတာသည့် ဂရေ့စ်ဂြိုဟ်တုများက ပေးပို့သော အချက်အလက်များအရ ရေအောင်းလွှာ အများစုတွင် ရေပမာဏ လျော့နည်းလာနေကြောင်း သိခဲ့ရသည်။ ယင်းဂြိုဟ်တုများမှ ပေးပို့သော အချက်အလက်များကို လေ့လာခြင်းဖြင့် ဆိုင်ရာဒေသများ၌ ရေထု နေရာပြောင်း ရွေ့လျားခြင်း (ဥပမာ- မြေပေါ် မြေအောက်ရေ များလာခြင်း၊ လျော့နည်းသွားခြင်း၊ ရေခဲပြင်အရည်ပျော်ခြင်း၊ ရေငွေ့ပြန်ခြင်း စသည်)တို့ကို ပညာရှင်များ သိရှိကြသည်။ ဂရေ့စ်ဂြိုဟ်တုများကြောင့် ၂၀ဝ၃ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်ကြား၌ ကမ္ဘာ့အကြီးဆုံး မြေအောက်ရေအောင်းလွှာ ၃၇ ခုအနက် ၁၃ ခုသည် လူတို့က ထုတ်ယူ သုံးစွဲမှုသာ ရှိပြီး မြေပေါ်ရေ ပြန်စိမ့်ဝင်မှု မရှိသလောက် နည်းသောကြောင့် ရေလျော့နည်းသွားခဲ့ကြာင်း တွေ့ရသည်။ အခြား မြေအောက်ရေအောင်းလွှာရှစ်ခုသည် လျော့နည်းလုနီးသော အခြေအနေသို့ ရောက်နေသည်။ ထိုသို့ လျော့နည်းလာနေ၊ လျော့နည်းလုနီး ဖြစ်နေသော ရေအောင်းလွှာများသည် ခြောက်သွေ့ဒေသများ၌ တည်ရှိပြီး ရာသီဥတု ပြောင်းလဲခြင်းနှင့် လူဦးရေ များလာခြင်းတို့က ယင်းရေအောင်းလွှာများကို ပိုမိုလျော့နည်းလာစေလျက် ရှိသည်။

သိပ္ပံတွေ့ရှိချက်များကို လေ့လာစူးစမ်းရာ၌ ဂြိုဟ်တုအပါအဝင် အဝေးမှစူးစမ်းသော ကိရိယာများ၏ တွေ့ရှိချက်များကို မြေပြင်၌ လက်တွေ့ကွင်းဆင်းတိုင်းတာချက်များဖြင့် အတည်ပြုပေးရသည်။ ဂရေ့စ် ဂြိုဟ်တုများ၏ တွေ့ရှိချက်များကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ရေပညာရှင် စကော့ ဂျာစက်ကိုနှင့်အဖွဲ့က ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သော သုတေသနက အတည်ပြုပေးသည်။ သူတို့အဖွဲ့က ကမ္ဘာ့မြေအောက်ရေထုတ်ယူမှုစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကို ထုတ်ယူနေသော နိုင်ငံပေါင်း ၄၀ ကျော်ရှိ မြေအောက်ရေအောင်းလွှာ ၁၇၀ဝ ခန့်ရှိ စက်ရေတွင်းပေါင်း ၁၇၀ဝဝဝ ခန့်၏ ရေပြင်များကို လေ့လာချက်အရ အထူးသဖြင့် စိုက်ခင်းများပြားသည့် ခြောက်သွေ့ဒေသ စက်ရေတွင်းအများအပြားသည် တစ်နှစ်လျှင် မြေအောက်ရေပြင် ဝ ဒသမ ၅ မီတာခန့်နှုန်းဖြင့် ကျဆင်းနေကြောင်း တွေ့ရသည်။ လေ့လာသည့် မြေအောက်ရေအောင်းလွှာများ၏ ၃၆ ရာခိုင်နှုန်းတွင် ရေပြင်သည် တစ်နှစ်လျှင် ဝ ဒသမ ၁ မီတာအထက် ကျဆင်းလာနေပြီး ၁၂ ရာခိုင်နှုန်းတွင် တစ်နှစ် ဝ ဒသမ ၅ မီတာနှင့် အထက် ကျဆင်းနေသည်။ မြေအောက်ရေအောင်းလွှာများအနက် ၃၀ ရာခိုင်နှုန်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း ရေပြင်ကျဆင်းမှုသည် ပိုမိုမြန်ဆန်လာနေသည်။
သို့သော် ရေထုတ်ယူမှု ထိန်းချုပ်နိုင်သဖြင့် မြေအောက်ရေအောင်းလွှာ ၆ ရာခိုင်နှုန်းခန့်တွင် တစ်နှစ်လျှင် ဝ ဒသမ ၁ မီတာနှုန်းအထက်၊ ၁ ရာခိုင်နှုန်းခန့်တွင် တစ်နှစ်လျှင် ဝ ဒသမ ၅ မီတာနှုန်းနှင့်အထက် ရေပြင်ပြန်လည်မြင့်တက်လာလျက် ရှိသည်။ ဥပမာ – ထိုင်းနိုင်ငံ ဘန်ကောက်ဒေသတွင် ၂၀ ရာစုနှစ်အတွင်းက မြေအောက်ရေ အထုတ်လွန်ခြင်းကြောင့် ရေပြင်ကျဆင်းခဲ့သော်လည်း နောက်ပိုင်း၌ ရေထုတ်ယူမှု ထိန်းချုပ်ခြင်းကြောင့် ၂၁ ရာစု အတွင်းတွင် ရေပြင်ပြန်လည်မြင့်တက်လာကြောင်း တွေ့ရသည်။ သို့သော် တစ်ကမ္ဘာလုံးခြုံကြည့်လျှင် ရေပြင် မြင့်တက်လာသော ရေအောင်းလွှာများထက် နိမ့်ကျနေသော ရေအောင်းလွှာများက အရေအတွက် များစွာ သာလွန်နေသည်။
လျော့နည်းရခြင်းအကြောင်း
ကမ္ဘာပေါ်၌ အရည်အသွင်ဖြင့် တည်ရှိသော ရေချိုများအားလုံး၏ ၉၉ ရာခိုင်နှုန်းမျှရှိသည့် မြေအောက် ရေချိုများ လျော့နည်းလာနေခြင်းသည် ရေဖူလုံရေးအတွက် စိုးရိမ်ဖွယ်ရာ ကောင်းသည်။ ယင်းဖြစ်စဉ်သည် စိုက်ပျိုးရေးကဏ္ဍနှင့် အဓိက ဆက်စပ်နေသည်။ ရေသုံးစွဲမှုကို ကဏ္ဍခွဲလျှင် စိုက်ပျိုးရေး၊ သောက်သုံးရေနှင့် စက်မှုလုပ်ငန်းဟူ၍သုံးမျိုးရှိရာ ထုတ်ယူသောရေများအနက် ၇၀ ရာခိုင်နှုန်းကို စိုက်ပျိုးရေးအတွက် သုံးသည်။ လွန်ခဲ့သောနှစ်ပေါင်း ၆၀ ဝန်းကျင်မှစ၍ စိုက်ပျိုးရေးကဏ္ဍ တဟုန်ထိုးတိုးတက်ခဲ့သဖြင့် စိုက်ပျိုးရေ လိုအပ်ချက်လည်း သိသာစွာ များလာခဲ့သည်။ ရေလှောင်တမံနှင့် မြစ်ချောင်းများဝန်းကျင်ရှိ စိုက်ခင်းများအတွက် ကန်ရေ၊ မြစ်ရေကို ရယူနိုင်သော်လည်း ရေလှောင်တမံ၊ မြစ်ချောင်းတို့မှ အလှမ်းကွာသည့် စိုက်ခင်းအများအပြားအတွက် မြေအောက်ရေကို အားကိုးရကြခြင်းသည် မြေအောက်ရေ ထုတ်ယူမှုများလာခြင်း၏ အကြောင်းများအနက်တစ်ခု ဖြစ်သည်။ အခြားအကြောင်းများမှာ မြေအောက်ရေ မြောက်မြားစွာ ထုတ်ယူပေးနိုင်သော စွမ်းအားမြင့် ရေစုပ်စက်များကို တီထွင် အသုံးပြုလာနိုင်ခြင်း၊ စိုက်ခင်းများအထိ လျှပ်စစ်မီးဆက်သွယ်နိုင်သဖြင့် ရေစုပ်ယူမှု များလာခြင်းစသည်တို့ ဖြစ်သည်။ ထို့ပြင် မြေပေါ်ရေ ရှိသော်လည်း မိုးနည်းသောဒေသများ၌ စိုက်ခင်းများကို တိုးချဲ့သောအခါ မြေအောက်ရေကို ထုတ်ယူအသုံးပြုကြသည်။ အလားတူ မြို့ကြီးများ၏ သောက်သုံးရေစနစ်များတွင် ကန်ရေ မြစ်ရေ မလုံလောက်သဖြင့် မြေအောက်ရေကို ထုတ်ယူကြခြင်းသည် မြေအောက်ရေကြောများ လျော့နည်း ကျဆင်းလာခြင်း၏ အကြောင်းများ ဖြစ်ကြသည်။
ပြန်ပြည့်နိုင်သော မြေအောက်ရေ အများဆုံးပိုင်ဆိုင်သည့် ငါးနိုင်ငံ
(၂၀၂၀ ပြည့်နှစ်)
| နိုင်ငံ | မြေအောက်ရေပမာဏ (ကုဗကီလိုမီတာ) |
| အမေရိကန် | ၁၃၈၃ |
| တရုတ် | ၈၂၉ |
| ရုရှား | ၇၈၈ |
| ဘရာဇီး | ၆၄၆ |
| ကိုလမ်ဘီယာ | ၅၁၀ |
မြေအောက်ရေ အများဆုံးထုတ်ယူသုံးစွဲသည့် ငါးနိုင်ငံ
(၂၀၁၂ ခုနှစ်)
| နိုင်ငံ | တစ်နှစ်ထုတ်ယူပမာဏ (ကုဗကီလိုမီတာ) |
| အိန္ဒိယ | ၂၅၁ |
| တရုတ် | ၁၁၂ |
| အမေရိကန် | ၁၁၂ |
| ပါကစ္စတန် | ၆၄ |
| အီရန် | ၆၀ |
၁၉၆၀ ခုနှစ်များက ကမ္ဘာ့မြေအောက်ရေ ထုတ်ယူမှုသည် တစ်နှစ်လျှင် ကုဗကီလိုမီတာ ၃၁၀ ကျော်မျှသာ ရှိခဲ့သော်လည်း အထက်ပါအကြောင်းများကြေင့် ၂၀ဝ၀ ပြည့်နှစ်အရောက်တွင် တစ်နှစ်လျှင် ကုဗကီလိုမီတာ ၇၄၀ ကျော်မျှ ထုတ်ယူ သုံးစွဲခဲ့ကာ ယခုအခါ ကမ္ဘာတစ်ဝန်းလုံး၌ တစ်နှစ်လျှင် မြေအောက်ရေ ကုဗကီလိုမီတာ ၉၈၀ ကျော်ခန့် ထုတ်ယူနေသည်။ ယင်းပမာဏသည် ကမ္ဘာ့မြစ်ချောင်းများအားလုံးတွင် အချိန်တစ်ချိန်၌ ရှိနေသည့် ရေထုထည်စုစုပေါင်း၏ ထက်ဝက်နီးပါးနှင့် တူညီသည်။
ရေအထုတ်လွန်၍ မြေကျွံ
မြို့ကြီးများ၌ မြေအောက်ရေ အထုတ်လွန်ခြင်း၏ အကျိုးဆက်သည် မြေအောက်ရေပြင် ကျဆင်းခြင်း တင်မက မြေပြင်တစ်ခုလုံး ကျွံဝင်သွားသည်အထိလည်း ဖြစ်နိုင်သည်။ မြေအောက်ရေ၏ ယေဘုယျ သဘောမှာ မြေပေါ်မြစ်ချောင်းများကဲ့သို့ လွတ်လပ်စွာ စီးဆင်းနေခြင်းမျိုးမဟုတ်ဘဲ မြေလွှာထဲရှိ သဲလုံး ကျောက်လုံးများကြားတွင် တစ်ရက်လျှင် မီတာအနည်းငယ်မျှနှုန်းဖြင့် ဖြည်းညင်းစွာ စီးနေကြသည်။ ရေထုတ်ယူမှု များလွန်းသဖြင့် သဲလုံး ကျောက်လုံးများကြားတွင် ရေမရှိတော့သောအခါ ဂလိုင်ပေါက်ငယ်များ ဖြစ်လာသည်။ ရေ၏တွန်းကန်အား၊ သို့မဟုတ် အပေါ်မှဝန်အလေးကို ရေက ပင့်ပေးထားသောအား မရှိတော့သဖြင့် အပေါ်မြေလွှာများ တဖြည်းဖြည်းအိကျလာကာ နောက်ဆုံးတွင် မြေလွှာများ ကျွံဆင်းသည်။
ယင်းဖြစ်ရပ်မျိုးကို မက္ကဆီကိုနိုင်ငံ၏မြို့တော် မက္ကဆီကိုစီးတီးတွင် သိသာစွာမြင်နိုင်ကြသည်။ မက္ကဆီကို စီးတီးတွင် လိုအပ်သော သောက်ရေပမာဏ၏ ၇၀ ရာခိုင်နှုန်းကို မြေအောက်မှ ရယူနေရာ ထုတ်ယူမှု များလွန်းသည့်အတွက် အချို့နေရာများတွင် မြေကျွံ၊ အချို့နေရာများတွင် မြေလွှာကွဲအက်ခြင်းတို့ ဖြစ်ပေါ် နေသည်။ မြို့တော်၏ အချို့နေရာများတွင် ယိုင်စောင်းနေသော ဘုရားရှိခိုးကျောင်းများ၊ တွန့်လိမ်နေသော ရေပိုက်လိုင်းများ၊ အက်ကွဲနေသောလမ်းမများကို တွေ့နိုင်သည်။


၂၀၁၄ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ဂရေ့စ် ဂြိုဟ်တုများမှ ပေးပို့သည့် အချက်အလက်များအရ မက္ကဆီကိုစီးတီးဝန်းကျင် ဒေသများတွင် မြေအောက်ရေ တစ်နှစ်လျှင် ဝ ဒသမ ၈၅ ကုဗကီလိုမီတာနှင့် ၃ ဒသမ ၈၇ ကုဗကီလိုမီတာအတွင်း လျော့နည်းလာသည်။ ဒေသတွင်း ဘူမိဗေဒအချက်အလက်များအရမူ မြေအောက်ရေ တစ်နှစ်လျှင် ဝ ဒသမ ၈၆ ကုဗကီလို မီတာနှင့် ၁၂ ဒသမ ၅၇ ကုဗကီလိုမီတာအထိ လျော့နည်းလာသည်။ မြို့နယ်နိမိတ်အတွင်း မြေပြင်သည် တစ်နှစ်လျှင် ၃၅ စင်တီမီတာခန့် ကျွံဝင်နေပြီး မြို့နယ်နိမိတ်၏ ဘေးပတ်ဝန်းကျင် အချို့နေရာ များတွင် တစ်နှစ်လျှင် မြေပြင်သည် တစ်နှစ်လျှင် နှစ်စင်တီမီတာနှုန်း ကြွတက်လာလျက် ရှိကြောင်း သိရသည်။
ထို့အတူ တရုတ်နိုင်ငံ ပေဂျင်း၊ ဘင်္ဂလားဒက်ရှ်နိုင်ငံ ဒါကာ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၊ အမေရိကန်နိုင်ငံ ဟျူစတန် အပါအဝင် အနည်းဆုံးမြို့ပေါင်း ၄၀ ကျော်၏ မြေအောက် ရေအောင်းလွှာများသည်လည်း အလွန်အကျွံထုတ်သုံးမှုကြောင့် ရေလျော့နည်းလာ၊ မြေကျွံလာနေသည်။

ရေငန်ဝင်

မြေအောက်ရေ အထုတ်များလွန်းသည့်နေရာသည် ကမ်းရိုးတန်းတွင်ဖြစ်ပါက မြေလွှာကျွံသည် ဖြစ်စေ၊ မကျွံသည် ဖြစ်စေ ထုတ်ယူလိုက်သော ရေချိုများ၏နေရာသို့ ပင်လယ်ရေငန် တိုးဝင်ရောနှောလာကာ ရှိနှင့်ပြီး ရေချိုကြောများ သောက်မရသုံးမရသည့် အခြေအနေကို ရင်ဆိုင်ရနိုင်သည်။ ကမ်းရိုးတန်း ဒေသများတွင် ပုံမှန်အချိန်၌ ပင်လယ်ရေငန်သည် မြေအောက်ရေချိုကြော၏ အောက်သို့ အထက်ပုံအတိုင်း သပ်ပုံစံဖြင့် တိုးဝင်တည်ရှိနေသည်။ ကုန်းမြေဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်ရေကြီးခြင်း စသည်တို့ကြောင့် မြေပေါ်ရေများ မြေအောက်ရေကြောထဲသို့ စိမ့်ဝင်လာသည့်အခါ မြေအောက်ရေချို ထုသည် ပင်လယ်ဘက်သို့ အနည်းငယ်တိုးထွက်သည်။ မုန်တိုင်းတိုက်ခတ်သောအခါ၊ ဒီရေတက်သောအခါ၊ ပင်လယ်ရေပြင်မြင့်တက်သောအခါများတွင် ပင်လယ်ရေငန်ထုသည် မြေအောက်ရေချိုကြော၏ အောက် ကုန်းတွင်းဘက်သို့ အနည်းငယ် တိုးဝင်သည်။
ယင်းသို့ အနည်းငယ်စီမျှ ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက် ဖြစ်နေရာမှ မြေအောက်ရေ အထုတ် များလွန်းလာသောအခါ အောက်ပုံပါအတိုင်း ရေငန်များ ရှေ့တိုးလာကာ စက်ရေတွင်းမှ ရေငန်များသာ ထွက်တော့သည်။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၊ ဝါရှင်တန် ပြည်နယ်၊ မြေထဲပင်လယ် ဆိုက်ပရပ်စ်ကျွန်း၊ အာဖရိကတိုက် မော်ရိုကိုနိုင်ငံ၊ ဘီနင်းနိုင်ငံ၊ တူနီးရှားနိုင်ငံ၊ အာရှတိုက် တရုတ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ စသည့်ကမ္ဘာ့နေရာအများအပြားတွင် ရေချိုကြောများသို့ ပင်လယ်ရေငန်များ ဤနည်းဖြင့် ဝင်ရောက် ရောနှောနေသည်။ ခန့်မှန်းချက်များအရ ကမ်းရိုးတန်း မြေအောက်ရေကြောများ၏ ၆၀ ရာခိုင်နှုန်းသို့ ပင်လယ်ရေငန် အနည်းနှင့်အများ ဝင်ရောက်လျက်ရှိသည်။ ယခုအခါ ရာသီဥတု ပြောင်းလဲမှုကြောင့် ရေခဲပြင်ရေခဲမြစ်များ အရည်ပျော်ပြီး ပင်လယ်ရေပြင်မြင့်တက်လာခြင်းကလည်း ရေချိုကြောသို့ ရေငန်ဝင်သည့် အန္တရာယ်ကို ပို၍ ကြီးထွားလာစေလျက် ရှိသည်။
မြေအောက်ရေချိုကြောများထဲသို့ ပင်လယ်ရေငန်များ ဝင်ရောက်ခြင်းသည် မြေနိမ့်ပိုင်းကျွန်းများတွင် ပို၍ ဆိုးရွားသည်။ ယင်းကျွန်းအတော်များများတွင် မြေပေါ်ရေ နည်းပါးသဖြင့် မြေအောက်ရေချိုကြောများ ပျက်စီးခြင်းသည် အဘက်ဘက်မှ ထိခိုက်သည်။ ဥပမာ – ပစိဖိတ်သမုဒ္ဒရာထဲရှိ မာရှယ်ကျွန်းစုများတွင် မြင့်တက်လာသော ပင်လယ်ရေပြင်အပြင် ဒီလှိုင်းများကြောင့် မြေအောက်ရေချိုကြောများထဲသို့ ရေငန်ဝင်ရောက် ပျက်စီးနေရာ ယင်းကျွန်းများတွင် ယခုရာစုနှစ်အကုန်၌ လူများနေထိုင်ရန် မဖြစ်နိုင်တော့ဟု ခန့်မှန်းနေကြသည်။
မြေအောက်ရေထုတ်ယူမှုထိန်းချုပ်ခြင်း
ရေအရင်းအမြစ်များ လျော့နည်းခြင်း၊ မြေကျွံခြင်း၊ ရေချိုကြောများထဲသို့ ရေငန်ဝင်ခြင်း စသည်တို့ကို သက်သာရာရစေရန်၊ ထို့နောက် ဖော်ပြပါဖြစ်စဉ်တို့ကို ကာကွယ်တားဆီးရန် ပထမအဆင့်အနေနှင့် ရေထုတ်ယူမှုကို ကန့်သတ်ထိန်းချုပ်ရမည် ဖြစ်သည်။ ယင်းသို့ ထိန်းချုပ်ခြင်းကို အထိုက်အလျောက် အောင်မြင်အောင် လုပ်ဆောင်နေကြသည့် မြို့ကြီးများ ရှိရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သည် ထင်ရှားသော ဥပမာတစ်ခု ဖြစ်သည်။
ဘန်ကောက်ရေပေးရေးအတွက် မြေအောက်ရေကို ၁၉၀၇ ခုနှစ်ကစ၍ အသုံးပြုခဲ့သည်။ အစိုးရကရော၊ ပုဂ္ဂလိကကပါ စက်ရေတွင်း အမြောက်အမြားတူးဖော်ကာ မြေအောက်ရေ အထိန်းအကွပ်မဲ့ ထုတ်ယူခဲ့ရာ ဆယ်စုနှစ်များစွာအကြာ၌ မြေလွှာများ ကျွံဆင်းစပြုလာသည်။ ၁၉၇၈ ခုနှစ်နှင့် ၁၉၈၁ ခုနှစ်ကြား အချို့နေရာများတွင် တစ်နှစ်လျှင် ၁၀ စင်တီမီတာနှုန်းဖြင့် နိမ့်ဆင်းလာကြောင်း တိုင်းတာသိရှိခဲ့သည်။ ယင်းကာလဝန်းကျင်မှစ၍ အထပ်မြင့်အဆောက်အအုံများလည်း သိသာစွာ တိုးပွားလာသည်။ မြေအောက်ရေ ထုတ်ယူခြင်းနှင့် အဆောက်အအုံများ၏ အလေးချိန်ကြောင့် ဘန်ကောက်၏ အချို့နေရာများ၌ မြေပြင်သည် စင်တီမီတာ ၁၀ဝ အထိ နိမ့်ဆင်းသွားသည်။
အထက်ပါဆိုးကျိုးများကို ကာကွယ်ရန် ၁၉၈၃ ခုနှစ်မှစကာ ဘန်ကောက်အပါအဝင် ပြည်နယ်လေးခု၌ မြေအောက်ရေ ကန့်သတ်ဇုန်များ သတ်မှတ်ကာ ထုတ်ယူမှုကို လျှော့ချသည်။ ကန့်သတ်ဇုန်နယ်နိမိတ်ကို ၁၉၉၅ ခုနှစ်တွင် နောက်ထပ်ပြည်နယ်သုံးခု ထပ်တိုးသည်။ ၁၉၈၅ ခုနှစ်တွင် ရေတွင်းများအား မှတ်ပုံတင် စေခြင်းဖြင့် မြေအောက်ရေထုတ်ယူခြင်းကို ထိန်းချုပ်မှုကို အရှိန်မြှင့်သည်။ မြေအောက်ရေ အထုတ်လွန်ခြင်း ၏ ဆိုးကျိုးများကို အများပြည်သူသိရှိစေရန် လှုံ့ဆော်ပညာပေးသည်။ အချို့နေရာများ၌ ရေတွင်းအသစ် တူးဖော်မှု ပိတ်ပင်သည်။ တူးပြီးတွင်းများမှ ထုတ်ယူသော မြေအောက်ရေအတွက် အခွန်အခ ပေးဆောင်စေ သည်။ ၁၉၈၅ ခုနှစ်က မြေအောက်ရေ ၁ ကုဗမီတာလျှင် ၁ ဘတ်၊ ၁၉၉၄ ခုနှစ်တွင် ၃ ဒသမ ၅ ဘတ်၊ ၂၀ဝ၃ ခုနှစ်တွင် ၈ ဒသမ ၅ ဘတ်စသဖြင့် အဆင့်ဆင့်တိုးမြှင့်ကောက်ခံသည်။ တဖက်ကလည်း မြေပေါ်ရေ အရင်းအမြစ်များကို တိုးချဲ့ထုတ်ယူပေးဝေသည်။ ၂၀ဝ၃ ခုနှစ်မှစ၍ မြေပေါ်ရေ ပေးဝေနိုင်သော နေရာများတွင် မြေအောက်ရေမသုံးစွဲရဆုံးဖြတ်ချက်ကို အစိုးရအဖွဲ့က သတ်မှတ်ပြဋ္ဌာန်းသည်။

၁၉၉၉ ခုနှစ်၌ မြေအောက်ရေထုတ်ယူမှု တစ်ရက်လျှင် ၂ ဒသမ ၂ သန်း ကုဗမီတာအထိ ရောက်ရှိခဲ့သည့် ဘန်ကောက်တွင် အထက်ပါလုပ်ဆောင်ချက်များကြောင့် မြေအောက်ရေထုတ်ယူမှု အတန်အသင့် လျော့ကျလာခဲ့သည်။ ဘန်ကောက်မြို့လယ် အချို့နေရာများတွင် မြေကျွံဝင်မှု လျော့နည်း သက်သာလာခဲ့သည်။
မြေအောက်ရေပြန်လည်ဖြည့်သွင်းခြင်း
မြေအောက်ရေအောင်းလွှာများသည် ရေလှောင်ကန်တစ်မျိုးပင် ဖြစ်သည်။ မြေပေါ်ရေလှောင်ကန်များ၌ ရေလျော့နည်းလျှင် ပြန်ဖြည့်သကဲ့သို့ မြေအောက်ရေအောင်းလွှာများ၌ ရေလျော့နည်းလျှင် ပြန်လည် ဖြည့်သွင်း ပေးကာ လိုသောအချိန်တွင် ပြန်လည်ထုတ်ယူနိုင်သည်။ မြေအောက်ရေကို တနိုင်တပိုင် ဖြည့်သွင်းနည်း၊ စီမံခန့်ခွဲမှုဖြင့် ဖြည့်သွင်းနည်းတို့ဖြင့် ပြန်ပြည့်စေနိုင်သည်။
တနိုင်တပိုင်နည်းဖြင့် မြေအောက်ရေပြန်ပြည့်စေခြင်းကို အိန္ဒိယနိုင်ငံ၌ တွင်ကျယ်စွာ လုပ်ဆောင်နေကြသည်။ အိန္ဒိယနိုင်ငံ ရာဂျက်စထန်ပြည်နယ်သည် ခြောက်သွေ့သော ရာသီဥတုရှိပြီး တစ်နှစ်လျှင် မိုးရေချိန် ပျမ်းမျှ စင်တီမီတာ ၄၀ ခန့်သာ ရွာသည်။ ယင်းပြည်နယ် အာလ်ဝါခရိုင်တွင် မြေအောက်ရေလည်း ကောင်းစွာမရ၍ သောက်ရေအတွက် အမျိုးသမီးနှင့် ကလေးငယ်များ ဝေးလံသောအရပ်သို့ သွားရောက် သယ်ယူကြရသည်။
ယင်းဒေသတွင် တချိန်က ရေကိုလုံလောက်စွာသုံးနိုင်ခဲ့ဖူးသည်။ သစ်ပင်သစ်တောများနှင့် စိမ်းစိုနေခဲ့ဖူးသည်။ အကြောင်းမှာ မြစ်ငယ်ချောင်းငယ်များကို ပိတ်၍ မြေသား၊ အုတ်၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက် ထားသော တမံနိမ့်များ ရှိခဲ့ရာ ယင်းတမံနိမ့်များသည် မိုးရေကို အလဟသ စီးဆင်းမသွားစေဘဲ တတ်နိုင် သမျှ ထိန်းသိမ်း သိုလှောင်ပေးထားသဖြင့် မိုးမရွာသောလများတွင် ရွာသားများသည် ရေကို ရယူသုံးစွဲ နိုင်ခဲ့ကြသည်။ တမံများက တားဆီးသိုလှောင်ထားသော ရေတို့သည် မြေအောက်သို့ ဖြည်းဖြည်းခြင်း စိမ့်ဝင်ကာ မြေအောက်ရေအောင်းလွှာကို ဖြည့်တင်းပေးခဲ့သည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်မှ စ၍ သစ်ပင်သစ်တောများကို ထင်းအတွက် အဆင်အခြင်မဲ့ ခုတ်ယူကြသဖြင့် မိုးရေက အရှိန်ဖြင့် စီးဆင်းလာပြီး မြေဆီလွှာကို တိုက်စားသည်။ တမံများနောက်တွင် မြေမှုန်များ၊ သဲနုန်းများဖြင့် ပြည့်လာကာ တဖြည်းဖြည်းကောသွားသည်။ မြေပေါ်မှ ရေစိမ့်ဝင်ခြင်း မရှိတော့သဖြင့် မြေအောက်ရေပြင် နိမ့်ကျသွားသည်။ ရေတွင်းများ ခန်းသွားသည်။
ထို့ကြောင့် ရွာသားတို့သည် မူလအခြေအနေကို ပြန်ရရန် ကောသွားသော တမံတစ်ခုကို ပြန်လည် တူးဖော်သည်။ စတူးပြီး မကြာမီ မုတ်သုန်မိုးရွာသဖြင့် တမံနောက်တွင် ရေပြည့်သွားသည်။ ရေပြည့်ပြီး မကြာမီမှာပင် အနီးရှိ ရေခန်းနေသော တွင်းတစ်တွင်း၌ ရေများပြန်ရောက်နေသည်ကို တွေ့လိုက်ကြသည်။ ပတ်ဝန်းကျင်၌ သစ်ပင်များ ပြန်လည် ပေါက်ရောက်လာသည်။ စိုက်ပင်ပျိုးပင်များ ပို၍ဖြစ်ထွန်းလာသည်။ ရွာသားတို့သည် တမံနိမ့်ဖြင့် ရေကို ထိန်းသိမ်းနိုင်ခြင်းကြောင့် ရသောအကျိုးကို လက်တွေ့သိသွားကြသည်။ ကောနေသော အခြားတမံနိမ့်များကို ဆက်လက်တူးဖော်ကြသည့်အပြင် တမံအသစ်များကိုလည်း တည်ဆောက်သည်။


အထက်ပါပုံများတွင် ဝဲဘက်ပုံသည် ရေတားတမံနိမ့် ဖြစ်သည်။ တမံနိမ့်ကြောင့် ရသော အကျိုးကျေးဇူးများကို ယာဘက်ပုံတွင် မြင်နိုင်သည်။ တမံနိမ့်နောက်တွင် တားဆီးသိုလှောင်ထားနိုင်သော ရေများကို အနီးရှိ ကျေးရွာများက လာရောက်ရယူနိုင်သည်။ တမံနိမ့်နောက်ရှိ ရေများစိမ့်ဝင်ခြင်းကြောင့် မြေအောက်ရေပြင် မြင့်တက်လာသည်။
တမံနိမ့်များကြောင့် မြေအောက်ရေ မျက်နှာပြင်သည် ၁၅ မီတာအနက်မှ ၇ မီတာအနက်သို့ မြင့်တက်လာသည်။ မြေဆီလွှာ ပြန်လည်စိုစွတ်လာသည်။ သီးနှံ စိုက်ခင်းများ ပြန်၍ စိုက်ပျိုး အောင်မြင်လာသည်။ သိုး၊ ဆိတ်၊ နွားမွေးမြူရေးလုပ်ငန်းများ ပို၍ဖြစ်ထွန်းလာသည်။ မြေအောက်ရေ ပြန်လည်ဖြည့်သွင်းခြင်း၏ အကျိုးကို ခံစားကြရသည်။
တနိုင်တပိုင်နည်းဖြင့် မြေအောက်ရေပြန်ပြည့်စေခြင်း နောက်ထပ်သာဓကတစ်ခုအဖြစ် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့နေ ဆူဘဂျစ်မူကာဂျီ၏ လုပ်ဆောင်ချက်ကို လေ့လာနိုင်သည်။ ဆူဘဂျစ်မူကာဂျီသည် မွန်ဘိုင်း ကျောင်းသူ ကျောင်းသားများအား ပုံပါ ရေစိမ့်ပုံးများကို လက်တွေ့တပ်ဆင်စေခြင်းဖြင့် မြေအောက်ရေ ထိန်းသိမ်းတတ်အောင် ကြိုးပမ်းသည်။ ပလတ်စတစ်ပုံး၏ပတ်လည်နှင့် အောက်ခြေတွင် အပေါက်များ ဖောက်သည်။ ပုံး၏အချင်းထက် အနည်းငယ် ပိုကျယ်သောကျင်းတူးကာ ပုံးကို မြေကြီးထဲထည့်သည်။ ကျင်းအောက်ခြေ၊ ပုံးနှင့် ကျင်းနံရံကြားတို့ထဲသို့ ကျောက်တုံး၊ ကျောက်စရစ်၊ အုတ်ကျိုးတို့ ထည့်သည်။ ကျောက်နှင့်အုတ်တို့သည် မြေသားများ ပုံးထဲသို့ မဝင်အောင် တားဆီးထားသည်။ ထို့နောက် ကျောင်းဆောင် အမိုးမှ ကျလာသော မိုးရေများကို ပိုက်ဖြင့်သွယ်၍ ပုံးထဲထည့်သည်။ မိုးရေသည် ပုံးရှိ အပေါက်များ၊ ဘေးပတ်လည်ရှိ ကျောက်များကိုဖြတ်ကာ မြေကြီးထဲ စိမ့်ဝင်သွားပြီး မြေအောက်ရေကို ပြန်ဖြည့်ပေးသည်။


အထက်ပါပုံများတွင် ဝဲဘက်ပုံသည် ရေစိမ့်ပုံး ဖြစ်သည်။ ရေစိမ့်ပုံးကို ဖြတ်၍ စိမ့်ဝင်သွားသော ရေများကြောင့် မြေအောက်ရေပြင် မြင့်တက်လာသည်။ (ယာဘက်ပုံ)
ကျောင်းသားတို့သည် သူတို့လုပ်ထားသော ရေစိမ့်ပုံးမှတဆင့် မိုးရေများ မြေအောက်စိမ့်ဝင်သွားသည်ကို ကြည့်၍ မြေအောက်ရေဖြည့်ခြင်း သဘောကို ကောင်းစွာနားလည်သွားသည်။ မိုးကုန်သောအခါ သူတို့ ပြန်ဖြည့်ပေးသောရေကြောင့် ကျောင်းရေတွင်းတွင် ခါတိုင်းထက် ရေပိုမြင့်နေသည်ကို တွေ့ရသဖြင့် အလွန် ပျော်ရွှင်ကြသည်။ အဆိုပါနည်းသည် ရိုးရှင်းလွယ်ကူကာ ကုန်ကျစရိတ်နည်းသောနည်း ဖြစ်သည်။ ရွှံ့မြေများမှလွဲ၍ ကျန်နေရာများတွင် ရေအနည်းနှင့်အများ စိမ့်ဝင်နိုင်သည်။
တနိုင်တပိုင်နည်းဖြင့် မြေအောက်ရေပြန်ပြည့်စေခြင်းသည် ကုန်ကျစရိတ်နည်းသည်၊ အလွယ်တကူ လုပ်ဆောင်နိုင်သည်၊ မိမိတို့၏အနီးဝန်းကျင်ရှိ အတိမ်ပိုင်းမြေအောက်ရေအောင်းလွှာများကို အထိုက် အလျောက် ပြန်ဖြည့်ပေးနိုင်သည်။ သို့သော် မြေအောက်ရေအောင်းလွှာများ၏ ဖွဲ့စည်းပုံအနေအထားကို မျက်စိဖြင့် မမြင်နိုင်သည့်အပြင် ယင်းတို့၏ ရှုပ်ထွေးစွာ တည်ရှိတတ်သည့် သဘာဝကြောင့် ဖြည့်သွင်း စိမ့်ဝင်သွားသော ရေများသည် ဖြည့်လိုသည့် ရေအောင်းလွှာသို့ မရောက်ဘဲ အခြားတစ်နေရာသို့ ရောက်သွားနိုင်သည်။ ပမာဏအမြောက်အမြား ဖြည့်သွင်းရန် ခက်ခဲသည်။ ထို့ကြောင့် မိမိလိုချင်သည့် မြေအောက်ရေအောင်းလွှာထဲသို့ ပမာဏများများ ဖြည့်သွင်းလိုလျှင် စီမံခန့်ခွဲမှုဖြင့် မြေအောက်ရေ ဖြည့်သွင်းနည်း (managed aquifer recharge)ကို သုံးရသည်။
စီမံခန့်ခွဲမှုဖြင့် မြေအောက်ရေဖြည့်သွင်းခြင်း ဆိုသည်မှာ ရေကို လက်ခံသိုလှောင်ထားကာ လိုသည့်အချိန်၌ ပြန်လည်ထုတ်ယူနိုင်သော မြေအောက်ရေအောင်းလွှာများနှင့် ယင်းရေအောင်းလွှာများအတွင်းသို့ မြေပြင်မှ ရေစိမ့်ဝင်နိုင်သော လမ်းကြောင်းတို့ကို လေ့လာရှာဖွေပြီး မိုးရေ မြစ်ရေ စသည်တို့ကို ရေအောင်းလွှာထဲသို့ ဖြည့်သွင်းသောနည်း ဖြစ်သည်။
မြေအောက်ရေအောင်းလွှာ အဓိကနှစ်မျိုး ရှိသည်။ ပထမအမျိုးအစားမှာ ရေပိတ်လွှာသည် ရေအောင်းလွှာ၏ အောက်ခံတွင်သာ ရှိပြီး အပေါ်၌ သဲ ကျောက်စရစ်နှင့်မြေသားတို့ရှိသည့် ရေအောင်းလွှာ ဖြစ်သည်၊ အပေါ်မှ ပိတ်ထားခြင်း မရှိသဖြင့် ဖိအားမဲ့ရေအောင်းလွှာ (unconfined aquifer) ဟု ခေါ်သည်။ ဒုတိယအမျိုးအစားမှာ ရေပိတ်လွှာတို့က အပေါ်အောက် ညှပ်ထားသော ဖိအားရှိရေအောင်းလွှာ(confined aquifer) ဖြစ်သည်။
ဖိအားမဲ့ရေအောင်းလွှာထဲသို့ ရေဖြည့်ရန် မြေပြင်ပေါ်၌ သင့်တော်သောနေရာကို ရှာဖွေကာ ရေစုကန် တည်ဆောက်ပြီး ရေအောင်းလွှာထဲသို့ အလိုအလျောက်စိမ့်ဝင်စေသည်။ ဤနည်းသည် တနိုင်တပိုင်နည်းနှင့် ဆင်သော်လည်း ရေစုကန်နေရာ၊ မြေအောက်ရေအောင်းလွှာ၏ အခြေအနေတို့ကို တွက်ချက်စီမံရသဖြင့် တနိုင်တပိုင်နည်းထက် ပိုစနစ်ကျ၊ ပိုထိရောက်သည်။ ယင်းနည်းအပြင် ရေပိတ်လွှာနှစ်ခုကြား၌ တည်ရှိသည့် ဖိအားရှိရေအောင်းလွှာထဲသို့ မြေပေါ်ရေများကို စိမ့်ဝင်စေနိုင်သည်။ သို့မဟုတ် စက်ရေတွင်းမှတဆင့် စက်အားဖြင့် မှုတ်သွင်းပေးနိုင်သည်။

စီမံခန့်ခွဲမှုဖြင့် မြေအောက်ရေဖြည့်သွင်းခြင်း သရုပ်ပြပုံ။ မိုးရေ မြစ်ရေတို့ကို ပဏာမသန့်စင်၍ ဖိအားမဲ့ မြေအောက်ရေအောင်းလွှာရှိ ဝဲဘက်အစွန်တွင်းထဲသို့ ဖြည့်သွင်းသည်။ ဖြည့်ထားသော ရေများကို ပြန်လည် အသုံးပြုရန် လိုသည့်အချိန်တွင် ဝဲဘက်မှရေလျှင် ဒုတိယမြောက်တွင်းဖြင့် ပြန်လည်ထုတ်ယူအသုံးချသည်။ ဖိအားရှိရေအောင်းလွှာတွင်းသို့ ရေဖြည့်ခြင်း၊ ပြန်ထုတ်ခြင်းတို့ကို ဝဲဘက်မှ တတိယတွင်းဖြင့် လုပ်ဆောင်သည်။ တတိယတွင်း၏ ယာဘက်၌ ရှိသည့် ရေစုကန်မှလည်း ဖိအားမဲ့ရေအောင်းလွှာထဲသို့ ဖြည့်ပေးသည်။ ယာဘက်အစွန်မှ တွင်းနှစ်တွင်းသည် ဖိအားမဲ့ရေအောင်းလွှာနှင့် ဖိအားရှိရေအောင်းလွှာတို့ထဲတွင် သိုလှောင်ထားသော ရေအနိမ့်အမြင့်ကို တိုင်းတာသည်။
ကမ္ဘာတွင် စီမံခန့်ခွဲမှုဖြင့် မြေအောက်ရေဖြည့်သွင်းခြင်းကို ဥရောပ၊ အာရှ၊ အာဖရိက၊ တောင်နှင့် မြောက်အမေရိကတို့ရှိ နိုင်ငံ ၅၀ ခန့်တွင် နေရာပေါင်း ၁၂၀ဝ ၌ လုပ်ဆောင်နေသည်။ စီမံခန့်ခွဲမှုဖြင့် မြေအောက်ရေ ပြန်ဖြည့်ခြင်းနည်းပညာကို သုံး၍ ၁၉၈၅ ခုနှစ်၌ တစ်နှစ်လျှင် မြေအောက်ရေ ၁ ကုဗကီလိုမီတာ စီမံဖြည့်သွင်းနိုင်ခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၁၀ ကုဗကီလိုမီတာမျှ ဖြည့်သွင်းနိုင်ခဲ့သည်။

မြေအောက်ရေသည် မျက်စိဖြင့် မမြင်နိုင်သော အရင်းအမြစ်ဖြစ်၍ ယင်းလျော့နည်းလာနေခြင်းကို မမြင်သာသော်လည်း တိုင်းတာချက်များက လျော့နည်းမှုပမာဏ ကြီးမားလှကြောင်း ပြဆိုနေသည်။ လူတို့ ထုနှင့်ထည်နှင့် ထုတ်ယူသုံးစွဲမှုကြောင့် မြေအောက်မှရေများ ဦးစွာ မြေပေါ်ရောက်၊ ထို့နောက် မြစ်ချောင်းများထဲ စီးဆင်းပြီး ခရီးအဆုံး၌ ပင်လယ်သမုဒ္ဒရာများထဲသို့ ဝင်သည်။ ယင်းသို့ အဆင့်ဆင့် နေရာပြောင်း ရွေ့လျားလာသော မြေအောက်ရေများ၏ ဒြပ်ထုသည် ကြီးမားလေးလံလှသဖြင့် ကမ္ဘာကြီး ဟန်ချက်ပျက်သည့်အခြေသို့ ဆိုက်ကာ ကမ္ဘာ့ဝင်ရိုးသည် ၁၉၉၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် ၄ ဒသမ ၃၆ စင်တီမီတာမျှ တိမ်းစောင်းခဲ့ကြောင်း သုတေသနတစ်ခုက ဆိုသည်။ မြေအောက်ရေသုံးစွဲရာ၌ အလေအလွင့် နည်းနိုင်သမျှ နည်းအောင် ချွေတာရမည့်အပြင် မြေအောက်ရေအောင်းလွှာများကိုလည်း ယခုထက် များစွာ တိုးတက်ဖြည့်သွင်းပေးရန် လိုအပ်ကြောင်း အဆိုပါသုတေသနက သတိပေးလိုက်သည်။
(ဤဆောင်းပါးသည် ပဉ္စမအကြိမ်အဖြစ် ထုတ်ဝေမည့် ရေကြည်တစ်ပေါက်စာအုပ်အတွက် ရေးသားသော ဆောင်းပါး ဖြစ်ပါသည်။ စာအုပ်ထုတ်ဝေသောအခါ ဤဆောင်းပါးကိုပင် ထပ်မံမွမ်းမံပြီးမှ ထည့်သွင်းမည် ဖြစ်ရာ ယခုမူနှင့် ကွာခြားချက် အနည်းငယ် ရှိပါလိမ့်မည်။)
One thought on “မမြင်ကွယ်ရာမှ ရေများသည်ပင်”