
၂၀၂၃ အောက်တိုဘာလက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ နှစ်ပေါင်း ၆၀ ခန့်အတွင်း အဆိုးရွားဆုံးဟု ဆိုနိုင်သော ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။ ပဲခူးမြို့ပေါ် ရပ်ကွက်အများစုတွင် လူတစ်ရပ်နှင့်အထက် ရေမြုပ်ခဲ့ကာ အချို့နေရာများ၌ အိမ်ခေါင်မိုးအထိ မြုပ်ခဲ့သည်။ ပုံမှန်ရေကြီးလေ့မရှိသည့် မှော်ကန်၊ ဆိုရှယ်လစ်၊ ပုဏ္ဏားစုနှင့် သွန်းဘုရားဝန်းရပ်ကွက်များအထိ ရေပြင်မြင့်တက်ခဲ့ပြီး တစ်ထပ်အိမ်အားလုံး ရေနစ်မြုပ်လုဖြစ်သည်အထိ ဆိုးရွားခဲ့သည်။ ပဲခူးနှင့်ဆက်နေသော အမြန်လမ်း ၃၉ မိုင်တွင်လည်း အောက်တိုဘာလ ၈ ရက်နေ့က လမ်းမပေါ်ကို ရေကျော်ခဲ့သည်။
၂၀၂၃ ခုနှစ် ပဲခူးရေကြီးသည့် အကြောင်းရင်းများအနက်တစ်ခုမှာ မိုးသည်းထန်မှု ဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ရွာခဲ့သော မိုးရေချိန် ၇ ဒသမ ၈၇ လက်မသည် ပဲခူးမြို့အတွက် လွန်ခဲ့သော ၅၉ နှစ်အတွင်း စံချိန်တင်မိုး ဖြစ်သည်။ မိုးများလွန်းသည့်အတွက် တောင်ကျချောင်းရေများ တရဟောစီးဆင်းလာချိန်နှင့် ပင်လယ်ဒီရေက သန်လျင်ဘက်က ပဲခူးဘက်ကို ထိုးတက်လာချိန် ဆုံမိသွားသဖြင့် ခါတိုင်းထက် အခြေအနေ ပိုဆိုးသွားခြင်း ဖြစ်သည်။
ပို့ဆောင်/ဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပဲခူးတိုင်းအတွင်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ စီးဆင်းခြင်း၊ ဇောင်းတူဆည်နှင့် ကိုဒူကွဲဆည် များ၏ ရေပိုလွှဲက ရေကျော်စီးဆင်းခြင်းများကြောင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းနှင့် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းတို့တွင် ရေကျော်ခဲ့ပြီး ရထားခရီးစဉ်လေးခု ယာယီ ရပ်နားခဲ့ရသည်ဟု ပါရှိသည်။ ၂၀၁၈ ခုနှစ်က ပဲခူးတွင် စိုးရိမ်ရေမှတ်ထက် သုံးပေကျော် ရေကြီးခဲ့စဉ်ကလည်း ပဲခူးမြို့အနီးက မဇင်းဆည်နှင့် ဇလက်ထော်ဆည်များ ထိခိုက်ကျိုးပေါက်မှု မဖြစ်စေရန် နွေရာသီ ဆည်ရေပေးသည့် တမံအောက် စိုက်ပျိုးရေပေးသည့် ရေလွှဲပေါက်မှ လွှတ်ချလိုက်သောကြောင့်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့သည်။ သို့သော် ဆည်တမံ ရေပိုလွှဲများကြောင့် ဆိုသည့်အချက်သည် ပဲခူးရေကြီးမှုတွင် အဓိက ပြဿနာ မဟုတ်ဟု အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ၏ အကြံပေးအဖြစ် ၁၀ နှစ်ကျော် တာဝန်ယူခဲ့သည့် ဆည်မြောင်းအင်ဂျင်နီယာ တစ်ဦးက ပြောသည်။ ဆည်တမံများသည် သောက်သုံးရေ၊ စိုက်ပျိုးရေ သိုလှောင်ပေးသည့်အပြင် မိုးဦးကျတွင် ရေကြီးရေလျှံမှုကို ထိန်းသိမ်းပေးသည်။ သို့သော် မိုးအလွန်သည်းထန်စွာ ရွာသွန်းလျှင် ရေလှောင်ကန်ကြီးများ၏ ရေပိုလွှဲများမှ ရေလျှံလာသည်ကို ဒေသတိုင်း၌ ကြုံတွေ့နေကျ ဖြစ်သည်။ ဆည်တမံများ မရှိလျှင် ပဲခူးဒေသ၌ မိုးဦးလေဦးကာလတွင်ပင် ရေကြီးသည့် ပြဿနာများ ကြုံလာရနိုင်သည်ဟု သူက ဆိုသည်။
ပဲခူးဒေသ၌ မိုးများပြီး ရေကြီးသည့်ပြဿနာကို ပင်မရေနုတ်ချောင်း/မြောင်း၊ လက်တံချောင်း/မြောင်းများ စနစ်တကျ ရှိကာ ယင်းတို့ကို ကောင်းစွာထိန်းသိမ်းထားဖို့ လိုကြောင်း ဆည်မြောင်းပညာရှင်များက ထောက်ပြသည်။ ပဲခူးဒေသတွင် ပဲခူးမြစ်နှင့်စစ်တောင်းမြစ်တို့သည် ဒေသတွင်း ရွာသွန်းသော မိုးရေများကို နုတ်သိမ်းပေးပြီး ပင်လယ်ထဲသို့ စီးဝင်စေသော အဓိကမြစ်နှစ်စင်း ဖြစ်သည်။ ယင်းမြစ်နှစ်စင်းကို ၂၇ မိုင်ရှည် ပဲခူးစစ်တောင်း တူးမြောင်းက ဆက်သွယ်ထားသည်။ ယင်းတူးမြောင်းသည် ဝေါ၊ သနပ်ပင်နှင့် ပဲခူးက မိုးရာသီ ပိုလျှံ မိုးရေများကို ရေကြီးသက်သာအောင် စုပေးထားပြီး စုထားသောမိုးရေများကို သင့်တော်သည့်အချိန်တွင် ပဲခူးမြစ်နှင့် စစ်တောင်းမြစ်ဘက်သို့ ပြန်ထုတ်ပေးခြင်းဖြင့် ဒေသတွင်း ရေကြီးရေလျှံမှုကို သက်သာရာ ရစေသည်။ သက်တမ်း နှစ် ၁၀ဝ ကျော်သည့် ယင်းတူးမြောင်းသည် ကောစပြုနေခဲ့ရာ မူလအနက်ရအောင် ၂၀၁၄ ခုနှစ်၌ ဆည်မြောင်းဌာနက ပြန်တူးဖော်ခဲ့သည်။
စစ်တောင်းမြစ်ရေသည် ပင်လယ်ဝသို့ ကောင်းစွာ စီးမထွက်နိုင်တော့ဘဲ ပဲခူးမြစ်ထဲသို့ စီးဝင်သည့် ချောင်းများဘက်ကို လျှံကျစီးဝင်ခြင်းသည် ပဲခူးမြို့ရေကြီးရသည့် အကြောင်းရင်းတစ်ရပ် ဖြစ်သည်။ ထို့ပြင် ပဲခူးရိုးမကို မြစ်ဖျားခံစီးလာသော ပဲခူးမြစ်သည် ပဲခူးမြို့ကို ဖြတ်သန်းကာ သန်လျင်မြို့အနီးတွင် ရန်ကုန်မြစ်နှင့် ဆုံတွေ့ပြီး ပင်လယ်ထဲကို စီးဝင်ရာ လမ်းတလျှောက်၌ အနည်ထိုင်ခြင်း၊ သောင်ထွန်းခြင်းများ ဖြစ်ပေါ်နေသည်။ ပြီးခဲ့တဲ့နှစ်များအတွင်း ပဲခူးမြစ်သည် ပဲခူးတစ်ဝိုက်၌ ယခင်ကထက် ပိုပြီးကျဉ်းလာသည်ဟု ဒေသခံများက ပြောသည်။ ပဲခူးမြစ်ကို ဖြတ်၍ ဆောက်လုပ်ထားသော ရန်ကုန်-သန်လျင် မြစ်ကူးတံတားများကြောင့် ပဲခူးမြစ်ဝ သန်လျင်မြို့အနီးတွင် သောင်ထွန်းလာနိုင်သည့်အတွက် ရေစီးရေလာကို အနှောင့်အယှက် ဖြစ်နိုင်သည်။
ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်းကြောင့် သည်းထန်သောမိုးများ ပိုမိုရွာကျလာမည့် အလားအလာ ရှိနေရာ ရေထုတ်ရေနုတ်လမ်းကြောင်းများကို စနစ်တကျ စီမံတည်ဆောက်ထိန်းသိမ်းနိုင်မှသာ ပဲခူးရေကြီးခြင်းကို လျော့ပါးသက်သာရာရစေလိမ့်မည်။
One thought on “၂၀၂၃ အောက်တိုဘာလ ပဲခူးရေကြီးမှု”