စက်ရေတွင်းဟုခေါ်ဝေါ်သုံးနှုန်းကြပါစေလို (ဦးမြင့်သိန်း – မောင်ကျေးရေ)

(ဤဆောင်းပါးကို ၂၀၂၀ ခုနှစ်ဖေဖဝါရီလ ၁၉ ရက် က ရေးသားပြီး ကာတွန်းပုံကို ကျွန်တော်၏ မြေအောက်ရေမိတ်ဆွေ ဦးဇော်မိုးလှိုင် (ရေအရင်းအမြစ်) က ဆွဲပေးပါသည်။ မြန်မာနိုင်ငံတွင် စက်ရေတွင်းကို“ အဝိစီတွင်း” ဟု ခေါ်ဝေါ်သော အရပ်စကားအသုံးအနှုန်းသည် မသင့်လျော်ဟု ယူဆသောကြောင့် ရေးသားခြင်း ဖြစ်ပါသည်။)

စက်ရေတွင်း(ခေါ်ဝေါ် သုံးစွဲရမည့် စကားလုံး) အဝီစိတွင်း (မခေါ်ဝေါ် မသုံးစွဲသင့်သော စကားလုံး)

စက်မှုလယ်ယာဦးစီးဌာန၊ ကျေးရွာရေရရှိရေးဌာနခွဲသည် ရေဆယ်စုနှစ် (၁၉၇၉-၈၀ မှ ၁၉၉၀-၉၁) အတွင်း စက်ရေတွင်းများ တူးဖော်နေစဉ်ကာလက ရေရရှိရေးနှင့်အသုံးချရေးဆိုင်ရာ ဆွေးနွေးပွဲများကို နှစ်စဉ် ကျင်းပခဲ့ကြပါသည်။ စာရေးသူမှတ်မိသည်က ၁၉၈၆ တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲ၌ စက်ရေတွင်း အခေါ်အဝေါ်ကို စနစ်တကျ သတ်မှတ်ခေါ်ဆိုစေရေး ဆွေးနွေးကြပါသည်။ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စက်မှုတက္ကသိုလ်၊ တက္ကသိုလ်များကွန်ပြူတာဌာန၊ စီးပွားရေး တက္ကသိုလ်၊ ကျန်းမာရေး သုတေသနဦးစီးဌာနနှင့် ရေနှင့်ဆက်နွယ်သည့်ဌာနများ တက်ရောက် ပါဝင်ဆွေးနွေးကြပါသည်။အင်္ဂလိပ်ဘာသာ၌ ွှကဘန ွျှနူ ဟုခေါ်ဆိုသည်ကို အားလုံးသိထားကြပြီးဖြစ်သောကြောင့် မြန်မာဘာသာ အခေါ်အဝေါ် ကို “စက်ရေတွင်း” ဟုခေါ်ဆိုရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါသည်။ အစိုးရဌာနအသီးသီးသို့လည်း မှတ်တမ်းမှတ်ရာ အပြည့်အစုံပေးပို့ခဲ့ပါသည်။

ထိုစဉ်က စာရေးသူသည် ကျေးရွာရေရရှိရေးဌာနခွဲ ဝန်ထမ်းတစ်ဦးအနေနှင့် သုတေသန လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ခဲ့ပါသည်။ လူ ဝတ္တုပစ္စည်း နေရာ အချိန်ကာလတွေလည်း ပြောင်းလဲကုန်ကြပြီ။ ယနေ့ မြေအောက်ရေ ထုတ်ယူသုံးစွဲသူများ၊ စက်ရေတွင်းတူးလုပ်ငန်း လုပ်ကိုင်ကြသူများနှင့် ကျွန်တော်ဖတ်ဖူးသည့် မြေအောက်ရေနှင့် စက်ရေတွင်းများ ဆိုင်ရာ ဆောင်းပါးများ ရေးသားကြသည့် စိုက်ပျိုးရေးပညာရှင်များ၊ ပြည်သူ့ကျန်းမာရေး ဆရာဝန်များ၊ ဝန်ထမ်းများ၊ ရေပေးရေး လုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် မြို့ပြအင်ဂျင်နီယာများ၊ စက်မှုအင်ဂျင်နီယာများသည် အဝီစိတွင်းဆိုသော စကားလုံးကို တွင်တွင်ကြီး သုံးနှုန်းနေကြသည်ကို ဖတ်ရှုရပါ၏။ ထိုသို့မဖြစ်သင့်တော့ပါ။

စက်ရေတွင်းတူးလုပ်ငန်း လုပ်ကိုင်နေကြသူအများစုသည် စက်ရေတွင်း ဆိုသော စကားလုံးကိုသာ သုံးစွဲလာကြသည်ကို မြင်သိလာသည်။ သို့သော် ဆောင်းပါးရေးနေကြသူများ၊ ရေရရှိရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသည့် အဂျင်င်နီယာများသည် မြေအောက်ရေနှင့် စက်ရေတွင်းများအကြောင်း ပညာရပ်တစ်ခု အနေနှင့် နားမလည်ဘဲ တစ်ယောက်စကား တစ်ယောက်နား၊ ဘိုးစဉ်ဘောင်ဆက်ကစပြီး၊ သူများ ပြောဆိုခေါ်ဝေါ်သည်ကို ကြားသိ၊နားဝင်သည့်အတိုင်း ခေါ်ဝေါ်သုံးစွဲနေကြခြင်းသာ ဖြစ်၏။ ခေါ်ဝေါ်သုံးစွဲဖို့ သင့်မသင့် မသုံးသပ်တော့ဘဲ နေကြသူများပင်။

အဝီစိတွင်း ဆိုသောစကားလုံး ဘယ်ကစ။ ။စာရေးသူသည် ဤ အဝီစိတွင်းစကားလုံးကို ဘယ်ကာလ ကတည်း သုံးနှုန်းခေါ်ဝေါ် လာသည်လဲ၊ သိလိုသဖြင့် လက်လှမ်းမီရာ စာအုပ်များကို ရှာဖွေဖတ်ရှုကြည့်ရာ မမျှော်လင့်ဘဲ စာရေးဆရာ ဒလဘန်း (ယခင်နိုင်ငံတော်သမ္မတ ဦးထင်ကျော်)ရေးသားသော ဆရာ မင်းသုဝဏ် အကြောင်း (အဘ၊ မင်းသုဝဏ်နှင့် သူ၏ ဆရာများစာအုပ်)ထဲက၊ စိန်ဂျွန်း (သို့မဟုတ်) ဆရာမှတ်ကျောင်းသား၊ မောင်ဝန် ဆောင်းပါး၊ စာမျက်နှာ ၁၀၇ တွင် အဝီစိတွင်းစကားလုံးကို တွေ့ရပါသည်။ ထိုစာအုပ်သည် ဆရာမင်းသုဝဏ်ကိုယ်တိုင် ရေးသားထားသော နေ့စဉ်မှတ်တမ်းများ၊ စာစောင်များကို ဆရာဒလဘန်းက ပြန်လည်ဖော်ပြထားသော စာအုပ်ဖြစ်ပါသည်။ ထိုကာလသည် အောက်မြန်မာပြည်ကို အင်္ဂလိပ်ကိုလိုနီ အင်္ဂလိပ်တို့အုပ်စိုးစဉ်ကာလ ဖြစ်သည်။ ၁၉၂၂- ၁၉၂၃ ခုနှစ်တွင် စိန်ဂျွန်းကျောင်း ဆောက်လုပ်ပြီး သောက်သုံးရေအတွက် ရေတွင်းတူးကြသည်။ ထိုအခါ ကျောင်းသားများက အဝီစိတွင်းတူးပြီမှ ရေချိုးရတာ များစွာအဆင်ပြေသည်ဟု ပြောကြကြောင်း ဆရာမင်းသုဝဏ်က ရေး
သားထားသည်။ ထိုဆောင်းပါးကို အထောက်အထားအဖြစ် ရယူပါက အဝီစိတွင်း ဆိုသောစကားလုံးကို ၁၉၂၃ ခုနှစ်ကတည်းက ခေါ်ဝေါ် သုံးစွဲထားကြောင်းနှင့် ထိုစဉ်က ရန်ကုန်မြို့တွင် စက်တူးတွင်းများတူးပြီး မြေအောက်ရေ ထုတ်ယူသုံးစွဲနေကြပြီဖြစ်ကြောင်း ကောက်ချက်ချနိုင်ပါ၏။

မြေအောက်ရေ ဥပဒေကြမ်းနှင့် အဝီစိတွင်း၊ ။ ၂၀၁၇- ၂၀၁၈ ခုနှစ်က အိုးအိမ်ဦးစီးဌာနက
၊မြေအောက်ရေဥပဒေ အသစ်ရေးဆွဲပြီး လွှတ်တော်သို့တင်သွင်းသည့် ဥပဒေ မူကြမ်းတွင် တစ်အုပ်လုံး အဝီစိတွင်းဆိုသော စကားရပ်များ မိုးမွှန်နေသည်ကို ဖတ်လိုက်ရပါသည်။ (စာရေးသူသည် မြန်မာနိုင်ငံ ရေအရင်းအမြစ်များကော်မတီ အကြံပေးအဖွဲ့ဝင် တစ်ယောက်အနေနှင့် ရန်ကုန်တွင် ဖတ်ရှုရခြင်းဖြစ်ပါသည်။ ထိုစကားလုံးအစား စက်ရေတွင်းဆိုသောစကားလုံးကို ပညာရှင်များရေးသည် ဥပဒေတွင် စက်ရေတွင်း ဆိုသော စကားလုံးကို သုံးစွဲသင့်ကြောင်း အကြံပေးအဖွဲ့ဝင်များ အစည်းအဝေးတွင် ထောက်ပြပါသေးသည်။ ဤဥပဒေကို မြန်မာအင်ဂျင်နီယာများ(မြို့ပြနှင့်စက်မှု) ရေးသားခဲ့ကြသည်။ ဥပဒေကြမ်းကို ၂၀၁၉ ခုနှစ်က ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုကတဆင့် စာရေးသူထံ ပြန်ရောက်လာသည်။ ထိုအခါကျတော့ စက်ရေတွင်း ဆိုသောစကားလုံးများနှင့် အစားထို ပြင်ပေးလိုက်ပါသည်။ အခြားအချက်များကိုလည်း ပြုပြင်ရန် ရေးသားခဲ့ပါသေးသည်။ ထိုပညာရပ်ဆိုင်ရာ အဖွဲအစည်းက လွှတ်တော်သို့ပြန်တင်ပြလိုက်သည်။ (အဝီစိ) ဆိုသောစကားလုံးကို ဥပဒေတွင် ထည့်သွင်း အသုံးမပြုသင့််ကြောင်း စက်ရေတွင်း ဆိုသော စကားလုံးကို သုံးစွဲသင့်ကြောင်း ထပ်ဆင့် ရှင်းပြသည်ဟု သိရသည်။

(မှတ်ချက်။ ။၂၀၁၉-ခုနှစ် နိုဝင်ဘာလက ဥပဒေကြမ်းထွက်လာသောအခါ – အဝီစိဆိုသောစကား
လုံး မပါတော့ပါ)

အချုပ်ဆိုရသော် လွန်ခဲ့သော ၉၆ နှစ်ကတည်းက ခေါ်ဝေါ်သုံးစွဲလာခဲ့သည့် ထိုစကားလုံးကို ယနေ့အထိ အချို့သူများ ဆက်လက်သုံးစွဲနေကြခြင်းသာဖြစ်၏။ အရိုးစွဲနေသောထိုစကားလုံးကို မခေါ်ဝေါ် မသုံးစွဲအောင် ရှင်းလင်းပြောပြ နားဝင်အောင် စည်းရုံးကြပါစို့။

Leave a comment