(ဤဆောင်းပါးကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ရေးသားခဲ့သည်။ ရာသီဥတုပြောင်းလဲလာခြင်းနှင့် မိုးရွာသွန်းမှု မမှန်ကန်မူများကြောင့် ကုန်းမြေပေါ်၌ စက်ရေတွင်းတူးရေးခက်ခဲနေသည့် အချိန်ကာလတွင် အခြားသောနည်းများဖြင့် ချောင်း၊ ချောင်းကမ်းပါး၊ ချောင်းဟောင်းသောင်ပြင်များ၌ ရေထုတ်ယူနိုင်ရေး ရေတွင်းတူးနည်းပညာကို ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားမျှဝေခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။)
၁။ လွန်ခဲ့သောနှစ်များကစ၍ ကမ္ဘာ့ရာသီဥတုသည် နွေမိုးဆောင်း ဥတုသုံးလီ ပုံမှန်ပြောင်းလဲမှု မဟုတ်တော့ဘဲ မိုးသည်းထန်ခြင်း၊ မိုးနည်းခြင်း၊ မိုးခေါင်ခြင်း၊ အပူချိန်လွန်ကဲခြင်း၊ အအေးလွန်ကဲခြင်း စသည့် ဖြစ်ရပ်များသည် နေရာဒေသ၊ အချိန်ကာလ အတိုင်းအဆမရှိ၊ ဖြစ်ပျက်ပြောင်းလဲနေ၏။
၂။ မြန်မာနိုင်ငံသည်လည်း ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးများကို ၂၀ဝ၈ နာဂစ်က စတင်ပြီး ကြုံတွေ့ ခံစားလာခဲ့သည်မှာ ယခုနှစ်အထိ သက်ဆိုင်ရာဒေသနေသူများ၊ ရေဒုက္ခ ရောက်နေကြပါသည်။ အထူးသဖြင့် သောက်သုံးရေကဏ္ဍသည် သိသာဆိုးရွားစွာ ဖြစ်ပျက်နေသည်။ ပြည်သူပြည်သားအများစုသည် စက်ရေတွင်း၊ ရေတွင်းများက ရေထွက်နှုန်း လျော့ကျလာခြင်း၊ အရည်အသွေးကျဆင်းလာခြင်းများနှင့် ကြုံတွေ့နေကြရသည်။ မိုးခေါင်ရေရှား၊ ရာသီဥတု ပူပြင်းမူဒဏ်ကြောင့် မြေအောက်ရေ ဖြည့်တင်းမှု လျော့ကျလာပြီး ထုတ်ယူနိုင်မှု ပမာဏသည်လည်း လျော့နည်းလာသည်။
၃။ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့် ရေအရင်းအမြစ်များ၏ အရည်အသွေး၊ ထုတ်ယူရနိုင်မူပမာဏများ၊ တနှစ်ထက်တနှစ် ပိုမိုဆိုးရွာစွာခံစားရနိုင်သည်ဟု သုံးသပ်မိပါသည်။ ဤအကြောင်းကို စာရေးသူသည် “ရေ ရာသီ မြန်မာပြည်” ဆောင်းပါး၌ ရေးသားထားပြီး သတင်းဂျာနယ်များနှင့် ဖေ့စ်ဘုတ်စာမျက်နှာ၌ ဖော်ပြခဲ့ပါသည်။
၄။ ယနေ့ကာလတွင် မြို့ပြ၊ ရပ်ကွက်နေသူများသည် ရေလှူကားကို စောင့်နေကြသည်များကို ဖေ့စ်ဘုတ်စာမျက်နှာ၊ သတင်းဂျာနယ်များ၌ ဖတ်၊ သိနေကြရပြီ။ ကျေးလက်နေ ပြည်သူများမှာလည်း ရွာနှင့်မနီးမဝေးရှိ သဲချောင်းများ၌ လက်ယက်တွင်းများက ရေခတ်ယူသုံးနေကြရသည်။ အပူပိုင်းဇုန်ဒေသ၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းတို့တွင် သဲချောင်းပေါင်း ၅၀ဝ ကျော်ရှိပါသည်။
၅။ သို့ပါ၍ ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ မြေအောက်ရေ ထုတ်ယူသုံးစွဲနည်းသစ်တစ်ခု (နေရာအနှံ့အပြား၊ သုံးစွဲမှု အတော်နည်းပါသေးသည်)ကို အသိပေးတင်ပြပါသည်။ ဤနည်းမှာ သဲ
ချောင်းများ၌ လက်ယက်တွင်းတူး၊ ရေခတ်ယူသည့်စနစ်မှသည် စက်အားဖြင့် တူးရသည့်တွင်းကျယ်များ“ ခက်ဖြာရေစုတွင်း (စာရေးသူပေးသောနာမည်) Radial Collector Well (အင်္ဂလိပ်အခေါ် ) “ တူး၍ အသုံးပြုကြရန် အဆိုပြုတိုက်တွန်းပါ၏။ လူအစုအဖွဲ့အလိုက် စုပေါင်းအသုံးပြု၍ ရပါသည်။
၆။ ဤနည်းကို အစိုးရဌာနများက ဦးဆောင်ပြီး အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ကျေးလက် မြို့ပြ လူမှုအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ပါက သောက်သုံးရေအတွက် ကာလကြာရှည် စိတ်ချမ်းသာရပါမည်။ (တူးဖော်နည်းကို အောက်တွင် ဆက်လက်ဖော်ပြထားသည်။)
အခြေခံခက်ဖြာရေစုတွင်းပုံစံနှင့်တွင်းတည်ဆောက်ခြင်း

စာရေးသူအကြံပြုသော ရေတွင်းကို မြေအောက်ရေ များစွာခိုအောင်းနေနိုင်သော ချောင်းဟောင်း၊ ချောင်းကောများတွင် (သို့) ချောင်းများ၏ ကမ်းစပ်များတွင် တည်ဆောက်နိုင်ပါသည်။ အပူပိုင်းဒေသ မိုးနည်းရပ်ဝန်းဖြစ်သည့် မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ထိုသို့သော သဲချောင်းများ ရာချီရှိပါသည်။ မကွေးတိုင်းအတွင်း သဲချောင်းပေါင်းနှစ်ရာကျော်ရှိသည်ဟု စုံစမ်းသိရသည်။ တိုင်းသုံးတိုင်းအတွင်း သဲချောင်းပေါင်း ၅၀ဝ မက ရှိနိုင်သည်။ နှစ်စဉ်လိုလို ရေရှားပါးပါက ထိုသဲချောင်းများ၌ ရေထွက်လာသည်အထိ လက်ဖြင့်ယက်၍ ရေခပ်ယူနေကြရ၏။
ယင်းအခြေအနေကို စက်အားဖြင့် တွင်းတူးပြီး စနစ်တကျ ရာသီမရွေး ရေထုတ်ယူရနိုင်မည့်နည်းကို ရေးသားအကြံပြုထားခြင်း ဖြစ်ပါသည်။ ဤသို့ထုတ်ယူရရှိမည့် ရေပမာဏသည် သမားရိုးကျ ထုတ်ယူနေသည်ထက် ငါးဆမက ရရှိနိုင်မည် ဖြစ်သည်။ ပြောင်းလဲနေသည့်ရာသီဥတုအတွင်း ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြရေပေးရေးအတွက် အလားအလာကောင်းတစ်ခုဖြစ်သည်ဟု စာရေးသူ ယုံကြည်သည်။
ယင်းစက်ရေတွင်းကို စာရေးသူက ခက်ဖြာရေစုတွင်းဟု ခေါ်ဆိုရေးသားပါသည်။ အဘယ်ကြောင့်နည်း – သမားရိုးကျတူးဖော်သည့် တွင်းများနှင့် ပုံသဏ္ဍာန်မတူဘဲ၊ တွင်းအောက်ခြေပတ်ပတ်လည်၌ ဝ . ၁၀ – ဝ . ၅ လက်မခန့်အကျယ် လွှစိတ်လိုင်း (သို့) ဝ .၂၅ လက်မအရွယ် လွန်ပေါက်များ ဖောက်ထားသော ပိုက်ကို လေးဘက်လေးတန် အလျားလိုက် ရိုက်ထည့်ထားသဖြင့် လေးဘက်လေးတန်က ရေများ အလယ်ဗဟိုပင်မတွင်းထဲသို့ စုဝင်လာစေသောကြောင့် ဖြစ်၏။
က။ ခက်ဖြာရေစုတွင်း။
ခက်ဖြာရေစုတွင်းမှ အချိန်ကာလကြာမြင့်စွာ ထုတ်ယူရရှိနိုင်ရန် အောက်ပါစူးစမ်းလေ့လာမှုများကို ဦးစွာ ပြုလုပ်ရသည်။
၁။ မြေပြင်တိုင်းတာခြင်းလုပ်ငန်း
က။ ရေတွင်းတူးမည့်နေရာ၏ မြေမျက်နှာပြင်၊ အမြင့်ပေ
ခ။ ကမ်းပါး၏အမြင့်ပေ
ဂ။ သဲချောင်း ရေကြီးရေလျှံဖြစ်ပါက ချောင်းရေအမြင့်ဆုံးတက်ခဲ့သည့် အမြင့်ပေ
အထက်ပါအချက်အလက်များရရှိရေး၊ မြေတိုင်းဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
၂။ မြေပေါ်ဘူမိရူပဗေဒတိုင်းတာရေးလုပ်ငန်း
ရေတွင်းတူးမည့်နေရာကို ဗဟိုပြု၍ အပေါ်အောက်ချောင်းရိုးတလျှောက် အရှည်ပေ ၃၀ဝ မှပေ ၅၀ဝ နှင့် မူလချောင်းမျက်နှာပြင်အကျယ်ကို မြေပေါ်ဘူမိဗရူပဗေဒဆိုင်ရာ တိုင်းတာစမ်းသပ် စစ်ဆေးခြင်းဖြင့် အောက်ပါအချက်အလက်များကို သိရမည်။
က။ သဲချောင်း၏ အတိမ်အနက် အထူအပါးနှင့် ရေစိုစွတ်နေသည့် သဲချောင်း၏အထူ
ခ။ ရေစတင်စိမ့်ဝင်သည့် သဲချောင်းအနက်ပေ
ဂ။ သဲချောင်း၏ အောက်ဆုံးအနက်ပေ (သို့) သဲချောင်း၏ အောက်ခံရွှံ့လွှာ အနက်ပေ
ဃ။ ရေစိမ့်ဝင်နေသည့် သဲ၏ လျှပ်စစ်ခုခံမှုကိန်း Resistivity ρ ရိုတန်ဖိုးကို သိရန်
င။ ဘူမိရူပဗေဒစူးစမ်းရေး ပြုလုပ်သည့်နေရာကို ဖြတ်ပိုင်းပုံရေးဆွဲလေ့လာရန်
၃။ ဇလဘူမိဗေဒဆိုင်ရာ စမ်းသပ်ခြင်းလုပ်ငန်း
က။ ရေတွင်းတူးမည့်နေရာ၌ သဲချောင်းအတွင်းရှိ ရေစိမ့်တာနှုန်းကိုသိရန် ရေစိမ့်တာ စမ်းသပ်ခြင်း ပြုလုပ်ရပါသည်။ သဲချောင်းရှိ သဲပွင့်အရွယ်ပမာဏကို အကြမ်းဖျင်း သိထားရပါမည်။ လိုအပ်ပါက သဲနမူနာရယူ၍ လုပ်သင့်ပါသည်။ ခက်ဖြာရေစုတွင်းအောက်ခြေ၌ အလျားလိုက်ထည့်သွင်းမည့် ပိုက်၊ ရေဝင်ဆန်ကာစိတ်(သို့)ဆန်ကာပေါက် ဖောက်ရာတွင်အ ထောက်အကူပြုသည်။(တတ်သိနားလည် အတွေ့အကြုံရှိ ဇလဘူမိဗေဒဝန်ထမ်းတစ်ဦးကို လုပ်ခိုင်း၍ရပါသည်)
ခ။ ရေစိမ့်တာနှုန်း စမ်းသပ်ခြင်းကို သဲကြော အထူဆုံးနေရာ နှစ်နေရာ သုံးနေရာ၌ ပြုလုပ်သင့်ပါသည်။ စမ်းသပ်ချက်အရ ရေစိမ့်တာနှုန်း အကောင်းဆုံးနေရာတွင် ရေတွင်းနေရာ သတ်မှတ်သင့်ပါသည်။
ဂ။ တွက်ချက်ရရှိသည့် ရေစိမ့်တာနှုန်းကို အခြေခံ၍ တွက်ချက်ထားသော ရေထွက်နှုန်းနှင့် စိမ့်ဝင်နိုင်ခြင်း (Specific yield and porosity) တို့ကို တွက်ချက်၍သော်လည်ကောင်း၊ ကျမ်းကိုးစာအုပ်မှ ရယူကိုးကား၍ သော်လည်းကောင်း သိရှိမှတ်သားထားရပါသည်။
၄။ ခက်ဖြာရေစုတွင်းပုံစံထုတ်ခြင်း။
အပိုဒ် (၁ – ၂ – ၃) ပါ တိုင်းတာတွက်ချက်သည်များကို အခြေခံ၍
က။ မြေပြင်ပေါ်၌ ရှိရမည့်တွင်း၏ အမြင့်ပေ (မှတ်ချက်။ ။ တွင်းအမြင့်ပေသည် မိုးတွင်း ချောင်းရေ၊ မြစ်ရေ အမြင့်ဆုံးတက်သည့် အမြင့်ထက်ပိုရပါမည်။ သို့မှသာ မိုးတွင်းကာလ တွင်းရေမမြုတ်နိုင်ပါ။)
ခ။ သဲချောင်းအတွင်းရှိနေမည့် ရေတွင်း၏အနက်ပေ၊ တွင်းအကျယ်အဝန်း
ဂ။ အလျားလိုက်ထည့်သွင်းရမည့်ပိုက် (ဂျီအိုင်ပိုက်) ထားရမည့် အနက်ပေနှင့် အလျားပေ၊
(မှတ်ချက်။ ဂျီအိုင်ပိုက်အရွယ် ၂ လက်မ (သို့) ၂ လက်မခွဲနှင့် အရှည် – ၂ . ၅ မှ ၃ . ၅ ပေ ရှည်သင့်ပါသည်။)
ဃ။ အလျားလိုက်ထိုးသွင်း (သို့) ရိုက်သွင်းမည့်ပိုက်သည် သဲချောင်းကြမ်းပြင်အထက် အမြင့် ၂ ပေ အနည်းဆုံး ရှိရသည်။

ခက်ဖြာရေစုတွင်းပုံစံနှင့်အခြေခံလိုအပ်ချက်များ

ဂ။ ခက်ဖြာရေစုတွင်းတူးဖော်ပုံအကျဉ်း
အပိုဒ်(၁) မှ(၄) အထိ လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးပါက၊ သဲချောင်း၌ (သို့) မြစ်ချောင်းကမ်းပါး၌ ရေတွင်းတူးလုပ်ငန်းကို စတင်၍ ရပါသည်။
မြေတူးရန်အတွက် မြေတူးစက်နှင့် ဝန်ထမ်းဘေးအန္တာရာယ်ကင်းအောင် သစ်သားတုံးအရွယ်အစုံနှင့် အရွယ်ကြီးသံပြား (မြေတူးစက်ကျွံမကျစေရေး၊ အထိုင်ခိုင်ခန့်စေရေး) စသည်တို့ လိုအပ်ပါသည်။ ထိုအပြင် တွင်းတူးစဉ် အပေါ်ပိုင်းမြေသား (တွင်းကျယ်ဘေးနခမ်းသားများ ပြိုမကျအောင် ယာယီဒေါက်ငြမ်း လိုအပ်ပါမည်။
တွင်းကို သံချောင်းများမြုပ်ထားသည့် ဘိလပ်မြေလောင်းထားသော ကွန်ကရစ်ခွေများ တခုပေါ်တခု ဆင့်ချပြီး တွင်းတည်ဆောက်ခြင်း ဖြစ်သည်။ ကွန်ကရစ်ခွေသည် မိမိတည်ဆောက်မည့် တွင်းပုံစံအရွယ်အစားအတိုင်း ပြုလုပ်ထားသောခွေ ဖြစ်ရမည်။ အောက်ပိုင်းတွင်ထားရှိမည့် ကျောက်ခွေပတ်ပတ်လည်၌ သတ်မှတ် အရွယ်အစားရှိ ရေဝင်ပေါက်များ ပါရှိပြီး ဖြစ်ရသည်။
ကွန်ကရစ်ခွေချစဉ် ရေစုတ်အားကောင်းသော ရေစုတ်ပန့်တခု အသင့်ရှိရပါသည်။ ကျင်းတူးလိုက် ခွေချလိုက် ပြုလုပ်စဉ် မြေအောက်ရေမျက်နှာပြင်အောက် ရောက်လေ၊ ကျောက်ခွေထဲသို့ ရေဝင်လာလေဖြစ်သဖြင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရေးအတွက် ရေများကို စုတ်ထုတ်လိုက် နောက်တခွေချလိုက် လုပ်ရပါသည်။ ခွေ၏အမြင့်သည် ဘေးန္တရာယ်ကင်းစွာ သယ်ယူ မချနိုင်မည့် အမြင့်ဖြစ်ရသည်။ အတင်အချအတွက် ဝန်ချီစက်ကို အသုံးပြုသင့်သည် ယေဘုယျအားဖြင့် ခွေအမြင့် ၃ ပေ၊ ၅ ပေရှိကြမည်။
ကွန်ကရစ်ခွေ၏အထူသည် ဘေးတိုက်မြေဖိအား ရေဖိအားခံနိုင်ရန် အားဖြည့်ကွန်ကရစ် အနည်းဆုံးအထူ ၃ – ၄ လက်မရှိသင့်သည်။ လိုအပ်သည့်အနက် ရောက်သောအခါ တွင်းကြမ်းပြင်အထက် အမြင့်ပေ ၂ ပေ၌ ပုံစံထုတ်ထားသည့် ဂျီအိုင်ပိုက်ကို အလျားလိုက်ရိုက်သွင်း (သို့)စက်အားဖြင့် ဖိသွင်းရသည်။ ပုံစံပါအရှည်အတိုင်း ထည့်သွင်းရမည်။
ဂျီအိုင်ပိုက်ထည့်သွင်းစဉ် ပိုက်ထဲသို့ဝင်လာသည့် ရေပျော်နေသော မြေစာများကို ရှင်းထုတ်ရမည်။ အောက်ခြေမျက်နှာပြင်ကို မြေအောက်ရေ၏ တွန်းအားခံနိုင်မည့် ကွန်ကရစ်အထူခင်းပြီး ဝ . ၅ လက်မ အရွယ် လေလျှော့ပေါက်များကို တွင်းအကျယ်အဝန်းအလိုက် ၅ ပေါက် မှ ၁၀ အထိ ဖောက်ထားရသည်။ အလျားလိုက်ပိုက်ကို တပိုက်နှင့်တပိုက် ၆၀ ဒီဂရီခြားရပါသည်။ စုစုပေါင်း ၈ လိုင်းဖြစ်ပါမည်။

တိုးတက်သော နိုင်ငံများတွင် နမူနာပုံပါစက်ကို အသုံးပြုတူးကြသည်။ ထိုတွင်းတူးစက်မျိုး ယခင်က ကျေးရွာရေရှိရေးဌာန၌ ရှိခဲ့ပါသည်။ အရေးအခင်းမတိုင်ခင်က မန္တလေးမြို့ ရေပေးရေးတွင် အသုံးပြုခဲ့ကြသေးသည်။ မန္တလေး စည်ပင်၌ ကျန်ခဲ့သည်ဟု သိရသည်။ ယခုတော့ ဘယ်ဆီရောက်နေပြီ မသိတော့။ တွင်းအရေအတွက် များလာပါက မြန်မာပြည်တွင်လည်း တီထွင်နိုင်မည်၊ ဝယ်ယူအသုံးပြုနိုင်မည်ဟု ယူဆပါသည်။ ရေတွင်းတစ်တွင်း ခန့်မှန်းကုန်ကျစရိတ်သည် လူများစုရေပေးရေး (ကျေးရွာ၊ မြို့ပြ)အတွက် အကျိုးသက်ရောက်သည့် ကုန်ကျစရိတ်ဖြစ်ပါသည်။
တည်ဆောက်ရေးလုပ်ငန်းများပြီးပါက တွင်းရေထွက်နှုန်းကိုသိရန် နှစ်ရှည်လများ ရေထုတ်ယူသုံးစွဲနိုင်မည့် အနေအထားကိုသိရန် ရေမှတ်စမ်းသပ်ခြင်းလုပ်ငန်း ဇလဘူမိဗေဒပညာရှင်က လုပ်ဆောင်ရပါမည်။ သို့မှသာ တွင်းသက်တမ်းကို အာမခံပေးနိုင်ပါသည်။ (ဤခက်ဖြာရေစုတွင်း တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ထပ်ဆင့်မြေးမြန်းလိုသည်များရှိပါက စာရေးသူထံ အီးမေးလ်ဖြင့်သော်လည်းကောင်း၊ ဖေ့စ်ဘုတ်စာမျက်နှာမှ သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်)
ပြောင်းလဲလာသည့်ရာသီဥတုနှင့်ကိုက်ညီမည့် မြန်မာနိုင်ငံမြေအောက်ရေတူးဖော်ရေးစနစ်သစ် သို့ ” ” “