
မြေအောက်ရေစီမံခန့်ခွဲမှု ဥပဒေကြမ်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာနှစ်စောင်တွင် နှစ်ရက်ဆက် ဖော်ပြထားသည်ကို ဖတ်ရှု ရပါသည်။ မြေအောက်ရေစီမံခန့်ခွဲမှုဥပဒေကြမ်း၏ ပထမဦးဆုံးစာကြောင်းမှာ “ပြည်သူအများ လေ့လာ သိရှိ အကြံပြုနိုင်ရန် ဖော်ပြခြင်းဖြစ်သည်၊ အကြံပြုစာများကို ပြည်တောင်စုလွှတ်တော်ရုံးသို့ လိပ်မူပေးပို့နိုင်သည်” ဟု စကားဦး ဖွင့်ဆိုရေးသားထားသည်။ ပြည်သူ့လွှတ်တော်၏ သဘောထားကို ကြိုဆိုပါ၏။
ယင်းကိစ္စကို မြေအောက်ရေနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသည့် အဖွဲ့အစည်းတစ်ခုက ကောင်းသည် ဆိုးသည် ဆွေးနွေးအကြံပြုခြင်းမဟုတ်ဘဲ လွှတ်တော်နှင့်မဆိုင်၊ ငါတို့နှင့်သာဆိုင်သည် စသည့်သဘောမျိုး အခြေအတင် ပြောခဲ့ကြသေးကို ကြားမိလိုက်သေးသည်။
စာရေးသူ၏အမြင်နှင့် သဘောထား – မြန်မာနိုင်ငံတွင် စက်ရေတွင်း တူးဖော်ထုတ်ယူသုံးစွဲခြင်း လုပ်ငန်းကို ဥပဒေမရှိ အထိန်းအချုပ်မရှိ သုံးစွဲသူနှင့်တူးဖော်သူ နှစ်ဦးနှစ်ဖက် သဘောတူဈေးနှုန်းဖြင့် လုပ်ကိုင်နေ ကြသည်မှာ အနှစ် ၃၀ ကျော်ခဲ့ပြီ။ တူးဖော်ကြရာတွင် ကန်ထရိုက်တိုက် မြေညီထပ် လှေကားအောက်မှာ တူးလိုတူး၊ ရေမြောင်းဘောင်ခွတူးလိုတူး၊ လမ်းဘေး တူးလိုတူး။ တူးချင်သလို တူးနေကြသည်။ (စကားချပ်။ ။ထိုသို့ တူးဖော်ထားသည်များကို ၁၉၉၈-၉၉ ကာလများ (နဝတအုပ်ချုပ်ရေးခေတ်က ဒဂုံမြို့သစ် ယုဇနဥယျာဉ်အိမ်ရာတွင် စာရေးသူကိုယ်တိုင် တွေ့ခဲ့ရသည်)။ စက်မှုလုပ်ငန်းခွင်များတွင်လည်း တွင်းကြီးများကို တစ်တွင်းနှင့်တစ်တွင်း၊ ပညာရပ်ဆိုင်ရာ သတ်မှတ် အကွာအဝေးအတိုင်း တူးဖော်ခြင်းမရှိ နေရာမျိုးစုံ ပုံစံမျိုးစုံ တူးဖော်နေကြသည်မှာ အားလုံးအသိပါ။ ထိုသို့ မဖြစ်သင့်တော့ပါ။
ဥပဒေထွက်ပေါ်လာမည်ဆိုတော့ ဥပဒေ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်ကြရန် ဖြစ်သည်။ ဤသို့သော လုပ်ဆောင်ချက်များကို ဇလဘူမိဗေဒပညာရှင်များ၊ မြေအောက်ရေပညာကို တပ်ကျွမ်းသည့်သူများသာ ဆောင်ရွက်နိုင်၏။ သူတို့က ထိုပညာကို တက္ကသိုလ်များ၌ သင်ယူခဲ့ကြသည်။မြန်မာမြို့ပြအင်ဂျင်နီယာများသည် ရေပေးဝေလုပ်ငန်းများကိုသာ သင်ကြားတတ်ကျွမ်းလုပ်ကိုင်ကြသည်ကို အများအသိပင် ဖြစ်သည်။
မြေအောက်ရေ ထုတ်ယူသုံးစွဲရန်အတွက် စက်ရေတွင်း တူးဖော် ရေတင်စက် တပ်ဆင်သည့်လုပ်ငန်းသည် သက်ဆိုင်ရာပညာရပ်များကို အခြေခံသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ထို့အပြင် စက်ရေတွင်းမှ ထွက်လာသောရေကို သောက်သုံးရန် သင့်မသင့်၊ ရေ အရည်အသွေးစမ်းသပ်စစ်ဆေးခြင်း လုပ်ငန်း သောက်သုံးရန် သင့်တော်သည်အထိ သန့်စင်ရသည့်လုပ်ငန်းသည် ပညာရပ်ကို ပိုမို၍ အခြေခံသည့်လုပ်ငန်း ဖြစ်ပါသည်။ ရေထုတ်ယူသုံးစွဲရာတွင်လည်၊ မိမိစက်ရေတွင်းမှတဆင့် ထွက်လာသည့် မြေအောက်ရေ ခိုအောင်းနေသော မြေအောက်ရေအောင်းလွှာ၏ အတိမ်အနက် အထူအပါး ရေခိုအောင်းနိုင်သည့် ပမာဏ ရေစိမ့်တာနှုန်း၊ ရေဂါလန် မည်၍ မည်မျှထုတ်ယူပါက မြေအောက်ရေမျက်နှာပြင် မည်၍မည်မျှ နိမ့်ကျသွားနိုင်မည် စသည့်အချက်အလက်များကို စမ်းသပ် တွက်ချက်ထားခြင်းမရှိဘဲ အလွန်အကျွံ ရေထုတ် ယူသုံးစွဲနေကြခြင်းကြောင့် ရေငန်ဒီရေ အတက်အကျရှိသည့် ရန်ကုန်မြစ် ပန်းလှိုင်မြစ် လှိုင်မြစ် ငမိုးရိပ်ချောင်း ပဲခူးမြစ်ဘေး အနီးအနားဝန်းကျင်ရှိ မြိ့နယ်များ၊ မြို့သစ်များတွင် ယခုအခါ မြေအောက်ရေချိုထဲသို့ ရေငန်တိုးဝင်လာပြီး သောက်သုံး၍မရ ဖြစ်နေကြောင်း ထိုအရပ်ဒေသနေ မြေအောက်ရေကို မှီခိုနေကြသူ အများအသိ ဖြစ်ပါသည်။
ဤသို့ဖြစ်ရသည်မှာ ဥပဒေ နည်းဥပဒေ ပညာရပ်ဆိုင်ရာ စူးစမ်း စစ်ဆေးစမ်းသပ်ခြင်း၊ အုပ်ချုပ်မှုပိုင်း ဆိုင်ရာ ကြီးကြပ်ခြင်းစသည်တို့ မရှိခဲ့သောကြောင့်ဖြစ်သည်ဟု သုံးသပ်ပါ၏။ ယခင်ကရှိခဲ့ဖူးသည့် အင်္ဂလိပ် ကိုလိုနီလက်ထက် ၁၉၃၀ ခုနှစ်က ပြဌာန်းထားခဲ့သော မြေအောက်ရေဥပဒေသည်လည်း ၁၉၈၈ အရေးအခင်းကာလပြီးနောက် အရာမရောက်၊ အရေးမယူ သက်ဝင်မှု မရှိတော့ပေ။
အခုမြေအောက်ရေ ဥပဒေကြမ်းကို ပြည်သူသို့ သတင်းစာများကတဆင့် အသိပေးထားပြီး ဖြစ်သည်။ ဥပဒေမရှိတာနဲ့စာရင် ဥပဒေရှိပြီး ဥပဒေနှင့်အညီ လုပ်ကိုင်တာ ပိုကောင်းတာပေါ့။ အင်္ဂလိပ်စကားပုံအဆို “ဘာမျှမရှိတာနှင့် စာရင် တခုခုရှိတာက တော်သေးသည်” ဆိုသလိုပေါ့။ ပြီးပြည့်စုံသော ဥပဒေကြမ်းတော့ မဟုတ်သေးဟု ဆိုနိုင်ပါသည်။
သို့ပါ၍ မြေအောက်ရေကို သောက်သုံးရေအဖြစ် သုံးစွဲနေကြသူများ စက်ရေတွင်းတူး ရေတင်စက် တပ်ဆင်ပေးသည့်လုပ်ငန်း လုပ်ကိုင်နေကြသူများ၊ မြေအောက်ရေနှင့် စက်ရေတွင်းများဆိုင်ရာ အကြံပေး ပုံစံထုတ်ဆောင်ရွက်နေသူများ၊ စိတ်ဝင်စားသူပြည်သူအများ၊ မြေအောက်ရေဆိုင်ရာပညာရပ် (ဇလဘူမိဗေဒ ပညာရပ်)ကို သင်ကြားနေသည့် ဆရာဆရာမများ၊ အဆင့်မြင့်ပညာရပ်များကို လေ့လာ သင်ယူနေသည့် ကျောင်းသူကျောင်းသားများ၊ မြေအောက်ရေနှင့်စက်ရေတွင်းများဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း လုပ်ကိုင်နေသူများ၊ အုပ်ချုပ်သူအဖြစ် ပါဝင်လုပ်ဆောင်ကြမည့်သူများအားလုံးက မိမိတို့သိရှိ နားလည်ထားသည်များကို အခြေခံပြီး အကြံပြုသင့်ပါသည်။ စာရေးသူလည်း မိမိဖတ်ရှုသိရှိ နားလည်ထားသည်များနှင့် သဘောထားကို အောက်တွင် ရေးသားထားပါသည်။
ဤဥပဒေကို ပြဌာန်းပြီးပါက ဥပဒေ၏အဓိပ္ပာယ်၊ သဘောသဘာဝ၊ ဆောင်ရန်ရှောင်ရန်များကို တာဝန်ရှိသူများ (အုပ်ချုပ်သူနှင့်ပညာရှင်)က သက်ဆိုင်ရာ နယ်မြေမြို့နယ်အလိုက် ရှင်းလင်းဆွေးနွေး ပညာပေးလုပ်ငန်းများကို ကနဦးလုပ်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်သူအများသည် မြန်မာနိုင်ငံအတွင်း မည်သည့်အရပ်ဒေသ၌မဆို သောက်သုံးရေကို ရေတွင်းရေကန်ချောင်း မြောင်းများမှ လွယ်လင့်တကူ ခတ်ယူသူသုံးစွဲသည့် အလေ့အကျင်က ဘိုးဘွားဘီဘင် ဆွေစဉ် မျိုးဆက် အရိုးစွဲလာခဲ့ပြီ၊ စက်ရေတွင်းတူး ရေထုတ်ယူသုံးစွဲလာခဲ့ကြသူများသည်လည်း မည်သည့် ခွင့်ပြုမိန့် မည်သည့်အခွန်အခမျှ မပေးရဘဲ သုံးစွဲလာခဲ့ကြသည်မှာ နှစ်ကာလကြာ အတန်ကြာခဲ့ပြီ။ ယခုမှဥပဒေက ပြဌာန်းလာသည် ဆိုတော့၊ နေ့ခြင်းညခြင်း၊ အံဝင်ခွင်ကျဖြစ်လာနိုင်မည်မဟုတ်သေးဟု ယူဆပါ၏။
ယခုမူ မိမိအိမ်၊ စီးပွားရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတစ်ရပ်ရပ်အတွက် စက်ရေတွင်းတူးဖော်လိုပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းသို့ လျှောက်ထားရမည်။ တူးဖော်ပေးမည့် တွင်းတူးအဖွဲ့ကလည်း တူးဖော်ခွင့်လိုင်စင်ရှိရမည်။ တူးဖော်ခွင့်ပြုမိန့်ကျပါမှ သတ်မှတ်ခွင့်ပြုသည့်နေရာ၌သာ တူးဖော်ရမည်။ကန့်သတ်ကာလအတွင်း ပြီးအောင်တူးရမည်။ အကြောင်းအမျိုးမျိုးကြောင့် မပြီးပါက ကျိုးကြောင်းတင်ပြ ထပ်မံလျှောက်ထားရမည်။
စက်ရေတွင်းမှ ရေထွက်လာပြီဆိုပါကလည်း ပြဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ရေနမူနာ ရယူပြီး သောက်သုံးရန် သင့်မသင့်သိရှိရန် ရေစမ်းသပ်စစ်ဆေးရပါမည်။ တတ်သိနားလည်သည့် ပညာရှင်က သောက်သုံးရန် သင့်တော်သည်ဟု မှတ်ချက်ပြုထားသော စမ်းသပ်သည့်အဖြေရပါမှ လိုအပ်သော ရေတင်စက်တပ်ဆင်ပြီး ရေထုတ်ယူသုံးစွဲခွင့်ရမည် ဖြစ်ပါသည်။ သုံးစွဲသူနှင့် ရေတွင်းတူးသူများ၊ စိတ်ရှည်ဖို့တော့ လိုမည်ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများ၊ ကရိကထ များမည်။ မထင်မှတ်ထားသော နေရာဌာနများ၌ အပိုကုန်ကျမှုများ ရှိလာမည်။ ဤအခြင်းအရာများကို ဥပဒေပြဌာန်းသည့် အာဏာပိုင်အဖွဲ့အစည်းက ကြိုတင်ကာကွယ် တားဆီးနိုင်ဖို့ မူဝါဒ ဥပဒေစည်းမျဉ်းစည်းကမ်းနှင့် အရေးယူမူများ လုပ်ဆောင်ရန် စီစဉ်ထားသင့်သည်ဟု ယူဆပါသည်။
အခြားသော ဥပဒေစည်းမျဉ်းစည်းကမ်းများလည်း အခန်းပေါင်း ၁၀ ခန်းတွင် ပါရှိသေးသည်။ အပြည့်အစုံ ရေးသားပါက စာဖတ်သူများ စိတ်ရှုပ်နိုင်သည်။
အရေးပါသည့် အကြောင်းအရာတစ်ခုဖြစ်သည့် “တူးဖော်ခွင့်ပြုထားသော စက်ရေတွင်းအရွယ်အစား၊ အရေအတွက်၊ သတ်မှတ်ခွင့်ပြုထားသည့် အချိန်အတိုင်းအတာနှင့် ထုတ်ယူသုံးစွဲခွင့်ပြုသည့်ရေပမာဏတို့ကို အခန်း(၁)(ဎ)နှင့်အခန်း(၈)တို့၌ ဖော်ပြထား၏။ ”ထို့အပြင် အခန်း(၁၀) အထွေထွေအပိုဒ် (၃၁)တွင် ”ဗဟိုကော်မတီသည် စက်ရေတွင်းများတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲမူပမာဏကို တိုင်းတာရန် သင့်လျော်သော ရေမီတာစနစ်များ တပ်ဆင်ရန် ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားရမည်”ဟု ဖွင့်ဆိုထားသည်ကို စာရေးသူ နားလည်သလို ဆွေးနွေးပါမည်။
အခန်း(၁)(ဎ) ၌ “အိမ်သုံးဆိုသည်မှာ တွင်းဝအချင်း ၂ လက်မထက် မပိုသောစက်ရေတွင်းမှ ထုတ်ယူ သုံးစွဲခြင်းကို ဆိုသည်ဟု ဖွင့်ဆိုထားသည်။ သို့သော် အခန်း (၁၀) အပိုဒ် (၃၁) အထက်ဖော်ပြထားသည့် အတိုင်း ဆောင်ရွက်မည်ဆိုပါက အချို့သောအိမ်များတွင် လူဦးရေများပြားခြင်းနှင့် လွန်ခဲ့သော နှစ် ၂၀ ကျော်ကကဲ့သို့ ကူဘိုတာနှင့် တွဲထားသော လေမှုတ်စက်အရွယ်အစားအမျိုးမျိုး (ဥပမာ၊ ရွှေအုန်း လေမှုတ်စက်)ကို အသုံးပြုမှုအတော်နည်းလာပြီး တိုးတက်နေသော ခေတ်စနစ် နည်းပညာများနှင့်အတူ အိမ်သုံးတွင်းကို ၄ လက်မတွင်းများ တူးလာကြပြီ ရေတင်စက်ကို ဆပ်မာဆေးဘဲပန့် (submersible pump) အသေးဆုံးဖြစ်သည့် သုံးလက်မအရွယ်ကို ရေထွက်နှုန်းအပေါ် အခြေခံ၍ တွင်းတူးဆရာ စက်ရောင်းသူတို့နှင့်တိုင်ပင်ကာ (Single phase / low speed motor) လျှပ်စစ်မော်တာ အသုံးပြုကြသည်က များပါသည်။ အနိမ့်ဆုံး ရေထုတ်ယူနိုင်သည့်နှုန်းသည် တစ်နာရီ ရေဂါလန် ၅၀ဝ ဖြစ်သဖြင့် အိမ်သုံးအတွက် တစ်နာရီ ရေမောင်းတင်ရုံဖြင့် လူငါးယောက်မှ ၁၀ ယောက်ရှိ အိမ်တစ်အိမ် အတွက် အင်ဂျင်နှင့် တွဲထားသော လေမှုတ်စက်ကဲ့သို့ ဆူညံသံမကြားရတော့သဖြင့် သောက်သုံးရေအတွက် စိတ်အေးချမ်းမူကို ရနေကြ၏။
ယခုမြေအောက်ရေဥပဒေမူကြမ်းတွင် အိမ်သုံးတွင်းကို အခန်း(၁)(ဎ)၌ ဖော်ပြထားချက်အတိုင်း အချင်း ၂ လက်မ ထက်မပိုသော စက်ရေတွင်းသာ သုံးစွဲခွင်ပြုခွင့်ထားသဖြင့် ရေတင်စက်၊ ဆပ်မာဆေးဘဲပန့် တပ်ဆင်၍ မရဖြစ်နေပြီး လူဦးရေများသည့် အိမ်အတွက် မိမိလိုအပ်သော ရေပမာဏ ရလိုမှုများအတွက် စဉ်းစားစရာဖြစ်နေပါသည်။
တခြားတဖက်တွင်လည်း အစိုးရမဟုတ်သော အဖွဲ့အစည်းများက တူးဖော်ပေးထားသည့် ကျေးလက်အခြေပြု တနိုင်တပိုင်တွင်းများနှင့် အခြေခံလူတန်းစားများ၏ အိမ်များတွင် မိမိတတ်နိုင်သည် ငွေကြေး၊ သုံးစွဲမည့် လူအင်အားအလိုက် လက်နှိပ်တုံကင်များ တပ်ဆင်အသုံးပြုနေသည့် စက်ရေတွင်းများအတွက် ဥပဒေနှင့် အညီ မည်သို့စီစဉ်ဆောင်ရွက်သွားမည်ကို ထည့်သွင်းစဉ်းစားထားမည်ဟု ယူဆပါသည်။ ဤအခန်းကို ပြန်လည်စဉ်းစားရန် သင့်သည်။
ထို့အပြင် ရေမီတာစနစ်တပ်ဆင်မည့်ကိစ္စသည် မြေအောက်ရေထုတ်ယူသုံးစွဲမှု ပမာဏကိုတိုင်းတာ၍ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက်၊ ရေထုတ်ယူသုံးစွဲသည့်ပမာဏ၊ Discharge သိရန်အတွက်သာ ဆိုပါက စက်ရေတွင်း တူးဖော်ထားသူအနေနှင့် သံသယဖြစ်စရာမရှိပေ။ (သို့)ရေဖိုးကောက်ခံမည့် သဘောရှိပါက ရေတွင်းတူး၊ ရေထုတ်သုံးစွဲသူများကို နားလည်သဘောပေါက်အောင် ဥပဒေတွင် ရှင်းရှင်းလင်းလင်း ရေးသားဖို့ လိုမည်ထင်ပါသည်။
ယခု ရေတင်စက် ဆပ်မာဆေးဘဲပန့် တပ်ဆင်ထားသော အိမ်တွင်းများသည် ရေထွက်ပိုက်ထိပ်မှာ ဂိတ်ဘားခံပြီး မိမိထုတ်ယူလိုသလောက် အသေချိန်ပြီး သုံးစွဲနေကြပါပြီ။ သို့ပါ၍ ဤကဲ့သို့သော အိမ်တွင်းများအတွက် ရေမီတာ တပ်ဆင်သကဲ့သို့ နေ့စဉ်ရေထုတ်ယူသည့် ပမာဏကို အာဏာပိုင် အဖွဲ့အစည်းက သိရှိမှတ်တမ်း တင်နိုင်မည်ဟု စာရေးသူ ယူဆပါသည်။ အိမ်သုံးတွင်းကိုလည်း ၄ လက်မနှင့် ၄ လက်မအောက်အရွယ် တူးဖော်ခွင့်ပြုသင့်ကြောင်း ပြင်ဆင်နိုင်ပါက ပိုမိုကောင်းမည်ဟု ယူဆပါ၏။
အထက်ဖော်ပြပါ အကြောင်းအရာများနှင့် အခြားအကြောင်းအရာ အချို့၊ ဒွိဟဖြစ်ဖွယ်စာသား၊ စာပိုဒ်အချို့ကို ဥပဒေ ရေးဆွဲသူများနှင့် ပြန်လည်စစ်ဆေးပြီး ပြင်ဆင်သင့်သည်များကို ပြန်လည်ပြင်ဆင်လိုက်ပါက အားလုံးကောင်းပါမည်။
ဤဥပဒေကြမ်းတွင် (သို့) ဤဥပဒေအောက်တွင် ဆက်လက်ပြဌာန်းမည့် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ နည်းစနစ်များ ရေးဆွဲရာတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲသူအများအတွက် အကျိုးရှိစေမည့်၊ ပညာရပ် ဆိုင်ရာသုတေသန လုပ်ငန်းများ လုပ်ကိုင်သူများအတွက်လည်း တိကျမှန်ကန်သော ကိန်းဂဏန်းများ ရရှိစေမည့်လုပ်ငန်းတခုဖြစ်သည့် စက်ရေတွင်းတူးနည်းပညာ၊ ရေထွက်နှုန်းကောင်းအောင် ပြုလုပ်ရမည့် နည်းစနစ်၊ လုပ်ကိုင်ပုံစည်းစနစ်များကို အရည်အသွေး ထိန်းချုပ်သည့်အနေနှင့် ထည့်သွင်းရေးသားသင့်သည်ဟု စာရေးသူတွေးဆမိပါသည်။
စက်ရေတွင်းတူးလောကတွင် စက်ရေတွင်းတူးလုပ်ငန်းလုပ်ကိုင်နေကြသူ အများစုသည် တွင်းတူးပညာကို လုပ်ရင်းကိုင်ရင်း သိနားလည်ကြသည့်သူများ၊ လုပ်ကိုင်နေကြသူများသာဖြစ်ပြီး မမြင်ရသော မြေအောက်ရေအောင်းလွှာသဲကြောရှာရင်း တူးပေနက်သွားခြင်း၊ ဒီနှစ်တူးနောက် တစ်နှစ်၊ နှစ်နှစ်နေ ရေမထွက် အသစ်ထပ်တူးနှင့် သံသရာလည်နေသည်ကို ကြားသိနေရပါသည်။ ထိုအဖြစ်မျိုးကလည်း ဝေးစေမည်ဖြစ်ပါသည်။ စာရေးသူ နားလည်ထားသည်မှာ စနစ်တကျ တူးဖော်ထားသည့် စက်ရေတွင်း တစ်တွင်းသည် ရာသီဥတု၊ သဘာဝ ဘေးအန္တရယ် မကျရောက်ပါက အနည်းဆုံးငါးနှစ်အများဆုံး ၁၀ နှစ်သက်တမ်းကာလကြာ အသုံးပြုနိုင်ပါသည်။
အခန်း(၁၀) အထွေထွေ၊ အပိုဒ် (၃ရ) ၌ “လုပ်ငန်းလိုင်စင်၊ တူးဖော်ခွင့်ပြုမိန့်၊ သုံးစွဲခွင့်ပြုမိန့်တို့မှ ရရှိသည့် အခကြေးငွေများကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်”ဟု ဖော်ပြထားသည်။ မှန်ပါသည်။
စာရေးသူနားလည်သည်မှာ ဤဥပဒေသည် ပြည်တွင်းအခွန်ဥပဒေကဲ့သို့ စက်ရေတွင်း တူးဖော် အသုံးပြုသူများထံက အခွန်ဘဏ္ဍာရရှိရေးကို အဓိကထားသည့် ဥပဒေမဟုတ်ဘဲ မြေအောက်ရေကို စနစ်တကျ ထုတ်ယူသုံးစွဲပြီး မြေအောက်ရေအစဉ်သန့်စင်နေစေရေး နှစ်စဉ်မြေအောက်ရေမည်မျှ ထုတ်ယူ သုံးစွဲသည်၊ မိုးရေက မည်မျှပြန်လည်ဖြည့်တင်းသည်၊ မြေအောက်ရေမည်မျှဖြစ်တည်နေသည်များကို သိရှိရန်နှင့် ဘဏ္ဍာငွေရရှိရေးကို တတန်းထည်းထား ဆောင်ရွက်သည့်ဥပဒေဖြစ်ရပါမည် – ဟုယူဆပါသည်။ သို့မဟုတ်ပါက မိမိအိမ် လုပ်ငန်းအတွက် စက်ရေတွင်းတူးလိုသူက သတ်မှတ်ထားသည့် ငွေကြေး ပေးဆောင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရေမထွက်ပါက အစိုးရဌာန အဖွဲ့အစည်း လိုအပ်သော မြေအောက်ရေဆိုင်ရာအချက်အလက် ကိန်းဂဏန်း မှတ်တမ်းမှတ်ရာများ မရရှိသလို စက်ရေတွင်းလည်း မအောင်၊ ဖွတ်မရ၊ ဓားမဆုံးဖြစ်မည်။ ထိုသို့မဖြစ်အောင် စီစဉ်ဆောင်ရွက်နိုင်ပါက ပိုကောင်းမည်ဟု ထင်ပါသည်။
ယခုအခါ ရာသီဥတုဖောက်ပြန်ပြောင်းလဲနေပါသည်။ ဖြစ်တည်နေသည့်ရေအရင်းအမြစ်များ (မြေပေါ်ရေ၊ မြေအောက်ရေ) ကို သောက်သုံးရေအတွက် အစဉ်သန့်စင်တည်ရှိနေဖို့ အရေးကြီးသည့် အချိန်ကာလ ရောက်နေပါပြီ။ ပြဋ္ဌာန်းလိုက်နာရမည့်အချိန်ရောက်နေပြီ။
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒက်(ရှ်)၊ တရုတ်နိုင်ငံများတွင် လွန်ခဲ့သောနှစ် ၄၀ ကျော်ကတည်းက မြေအောက်ရေဥပဒေပြဌာန်းပြီး စည်းမျဉ်းစည်းကမ်းနှင့်အညီ ထုတ်ယူအသုံးပြုနေကြပါပြီ။ လွှတ်တော်က ပြည်သူ၏ တုံ့ပြန်တင်ပြထားသည်များကို လေ့လာဖတ်ရှုပြီး လိုအပ်သည်ဟု ယူဆရသည့် အချက်အလက်များကို ဆောင်ရွက်မည်ဟုလည်း ယူဆမျှော်လင့်ပါ၏။ ထိုသို့ဖြစ်ပါက သားရွှေအိုး ထမ်းလာသည့်ကိန်း ဆိုက်မည်ပါ။ သုံးစွဲသူလည်း စိတ်ချမ်းသာ၊ အာဏာပိုင် အဖွဲ့အစည်းကလည်း တန်ဖိုးရှိ မမြင်ရသည့်မြေအောက်ရေဆိုင်ရာ အချက်အလက်များ ပြည့်ပြည့်စုံစုံရရှိမည်ဖြစ်ပေသည်။
မြန်မာနိုင်ငံ ရေအရင်းအမြစ်ကဏ္ဍတွင် လစ်လပ်နေသော အုပ်တစ်ချပ်ကို ထည့်သွင်းပေးခြင်းဖြင့် ပြီးပြည့်စုံသော ရေအရင်းအမြစ် အဆောက်အဦတစ်ခု ပေါ်ထွန်းလာမည်ဖြစ်သဖြင့် မြေအောက်ရေစီမံခန့်ခွဲမှု ဥပဒေကို ကြိုဆိုပါသည်။