(၂၀၂၀ ခုနှစ် မတ်လ ၁ ရက်နေ့က ကျွန်တော်၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)
လွန်ခဲ့သောနှစ်ပေါင်း ၈၀ဝ၀ ဝန်းကျင်၊ ကျောက်ခေတ်နှောင်းပိုင်းကာလ (Neolithic) ကတည်းက သောက်သုံးရေအတွက် ရေတွင်းများ တူးဖော်ခဲ့ကြောင်း မှတ်တမ်းများက ပြောပြနေကြ၏။ ထိုခေတ်က မြေအောက်ရေကို မြေပေါ်သို့ရောက်ရန် လူအား၊ လက်သုံးကိရိယာများကို အသုံးပြုပြီး တွင်းတူးကြသည်။ ထိုနောက် ရေတင်ကိရိယာ (တုံကင်) သို့မဟုတ် ရေပုံးကြိုးဖြင့် ဆွဲတင်ကြသည်။
ဘီစီ ၇၀ဝ၀ မှ ၁၀ဝဝဝ ခန့်အတွင်း ရေတွင်းများကို သံ၊ ကြေးနီနှင့် ကြေးဝါကိရိယာများကို အသုံးပြု၍ တူးဖော်ခဲ့ကြသည်။ သံခေတ်၊ ကြေးခေတ်ကာလပေါ့။ ရေတွင်းအများစုသည် လယ်ယာမြေများ အနီး တဝိုက်တွင် တူးဖော်ထားကြကြောင်း၊ လူတို့သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသဖြင့် လယ်ယာမြေများ အနီးတဝိုက်တွင်သာ နေကြကြောင်း မှတ်တမ်းများက ပြောပြ၏။
သက်တန်းအရင့်ဆုံး၊ အကြီးဆုံးရေတွင်းကို အစ္စရေးနိုင်ငံ၊ အတ္တလတ်ယမ် (Atlit Yam, Israel) တွင် ရှာဖွေ တွေ့ရှိခဲ့သည်။ ယင်းရေတွင်းကို ရှေးဟောင်းသုတေသန ပညာရှင်များက လေ့လာဆန်းစစ်ကြရာ ဘီစီ ၈၁၀ဝ-၇၅၀ဝ က ဖြစ်နိုင်ကြောင်း အဆိုပြုခဲ့ကြ၏။ ထိုခေတ်သည် သံခေတ်ဖြစ်ပြီး ဥရောပတွင်လည်း ရေတွင်းများ ရှိကြောင်း မှတ်တမ်းများ ဆိုကြသည်။
၁၉ ရာစုအစောပိုင်းအထိ ရေတွင်းများကို လက်ဖြင့် တူးခဲ့ကြသည်။ ၁၈၈၄ ခုနှစ်က ငြမ်းစင်ကို သစ်သားဖြင့် ပြုလုပ်ကြပြီး တွင်းတူးရာ၌ အသုံးပြုခဲ့ကြသည်။ ထို့နောက် ၁၉ ရာစုအကုန်လောက်တွင် ရေနွေးငွေ့ဖြင့် မောင်းနှင်သည့် တူးစက်များကို အသုံးပြုခဲ့သည်။ ၁၉၀၈ ခုနှစ်တွင် “ ဟော့ဝတ်ဟူချ်ဟက်စ်”က “လည်ပတ်အဝိုင်း ထုချွန်လွန်သွား” တီထွင်ပြီး စက်လှည့်တွင်းတူးလုပ်ငန်းများ လုပ်ကိုင်လာကြသည်။
ထိုကာလတွင် အမေရိကန်နိုင်ငံတွင် ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြသည်။ ထိုစဉ်က အမေရိကန်နိုင်ငံ ဘူမိဗေဒအသင်း၏ဆောင်ပုဒ်မှာ“ သိပ္ပံပညာသည် ပြောင်းလဲနေလာသော ကမ္ဘာကြီးအတွက် ဖြစ်၏”။ အမေရိကန်နိုင်ငံတဝှန်း အိမ်သုံး၊ စက်ရုံ အလုပ်ရုံသုံး စိုက်ပျိုးရေးလုပ်ငန်းသုံး ရေတွင်းများ တူးဖော်လာကြသည်။ မြေအောက်ရေသည် အဓိက၊ မြေအောက်ရေဖြင့် အသက်ရှင်သန်နိုင်၏ဟု ထိုခေတ်က ပြည်သူအများ စိတ်ဝယ် မှတ်ယူကြသည်။
ကမ္ဘာပေါ်တွင် တူးဖော်ခဲ့သော ရေတွင်းများအနက် အနက်ဆုံးသောရေတွင်းသည် နူဖီလ်ဆေးရုံ၊ ဝူဒင်ဒရင်းရပ်ကွက်၊ ဘရိုက်တွန်မြို့တော်၊ အရှေ့ဆူဆက်စ်ဒေသ၊ အင်္ဂလန်ပြည်၌ တည်ရှိသည်။ အနက်ပေ ၁၂၈၅ ပေ (၃၉၂ မီတာ)၊ အကျယ်မှာ လေးပေ ဖြစ်သည်။ ဘရိုက်တွန် ဂါးဒီးရင်းဆိုသူက ၁၈၅၈ မတ်လတွင် စတင်တူးသည့် လက်တူးတွင်းဖြစ်သည်။ နေ့ည ဖယောင်းတိုင် ထွန်းပြီး လေးနှစ်ကြာတူးရသည် ဆို၏။ လူ့အသက်ဆုံးရှုံးသည်များလည်း ရှိခဲ့သည်။ ၁၈၆၂ မတ် ၁၆ ရက် တနင်္ဂနွေညနေ၌ မြေအောက်ရေ တွေ့သည်။ မြေအနက်ပိုင်းမှ ရေသံများကြားနေရပြီး များမကြာမီ ရေကို အပေါ်ကမြင်ရသည်။ ရေတွင်း၏ အောက်ခြေမှ တွင်းအပေါ်သို့ ပြန်တက်လာသည့်ကြာချိန်မှာ ၄၅ မိနစ်ဖြစ်၏။ ရေတွင်းကို ဆေးရုံဝင်ပေါက်တွင် ပုံပါအတိုင်း ယနေ့တိုင် တွေ့မြင်ရသည်။

ဥရောပတိုက်သားများသည် ရေတွင်းကို အထွတ်အမြတ်ထားကြ၏။ မြင့်မြတ်သော နေရာတွင်သာ တူးဖို့ တောင်းဆိုကြသည်။ ရေတွင်းနှင့်ပတ်သက်၍ အတိတ်နိမိတ်များ ကောက်ကြ၏။ ရေတွင်းအတွက် သစ်သားပြားပေါ်၌ မိမိမှတ်တမ်းပြုလိုသော စာသားကို ကဗျည်းထိုးကြသည်။ ရေတွင်းက ထွက်သောရေကို ယုံယုံကြည်ကြည်သုံးစွဲပါက အနာရောဂါကင်းစင်ကြသည်ဟု ယုံကြည်ကြသည်။ မြန်မာများက ရေမန်းကို ယုံကြည်မှုမျိုး ဖြစ်သည်။
တရုတ်နိုင်ငံတွင် ရေတွင်းများကို ကျောက်ခေတ်နှောင်းပိုင်းကာလ (နြသူငအ့ငခ) ကစ၍ နက်ရှိုင်းစွာ တူးဖော်ရသည့် မြေအောက်ရေကို ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဇူမင်းဆက် (ဘီစီ ၁၀၄၆ မှ ၇၇၁) ၌ တရုတ်စာပေများတွင် ရှေးခေတ်တရုတ်တို့က ရေတွင်းများကို မည်သို့ထိန်းသိမ်းထားပုံနှင့် ရေအရင်းအမြစ်များကို မည်သို့ကာကွယ်ပေးခဲ့သည်ဟူသော အကြောင်းအရာတို့ကို ဖွင့်ဆိုခဲ့ကြသည်။ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများနှင့် တရုတ်စာပေဟောင်းများတွင် သမိုင်းမတိုင်မီ ခေတ်ရှေးဟောင်း တရုတ်လူမျိုးများသည် လွန်ခဲ့သောနှစ်ပေါင်း ၆၀ဝ၀ မှ ၇၀ဝ၀ အတွင်း သောက်သုံးရေ အတွက် နက်ရှိုင်းသောရေတွင်းများ တူးခဲ့ကြရကြောင်း၊ တွင်းတူး လုပ်ကိုင်ပုံများ၊ ကျွမ်းကျင်မှု ရှိခဲ့ကြောင်းများကို ဖော်ပြကြသည်။ ရေတွင်း၏ထိပ်တွင်လည်း ကဗျည်းစာတမ်း ထိုးကြ၏။ ပေကျင်း အနောက်တောင်ဘက်တွင် လေးတိုင်စင်ငြမ်းဆင်ပြီး ရေတွင်းပေါင်း ၆၀ ကို သောက်သုံးရန်နှင့် စိုက်ပျိုးရေအတွက် ဘီစီ ၆၀ဝ ခန့်တွင် တည်ဆောက်ခဲ့သည်ဟု မှတ်တမ်းများတွင် တွေ့ကြသည်။

ဆက်စပ်လေ့လာရန် လှေကားထစ်ရေလှောင်ကန် Click Here
မြန်မာနိုင်ငံ သမိုင်းသုတေသနမှတ်တမ်းများအရ ခရစ်မပေါ်မီ နှစ်ပေါင်း ၅၀ဝ၀ ကျော်ကစ၍ မြေအောက်ရေကို တူးဖော်သုံးစွဲခဲ့ကြကြောင်း သိရသည်။ ဟန်လင်းခေတ်က ရေတွင်း (ရေပူ /ရေအေးတွင်း)များ စတင်သုံးစွဲခဲ့ကြကြောင်း သမိုင်းပညာရှင်များက မှတ်တမ်းတင်ထားသည်။ ရေများ ခပ်ချိုးနိုင်သည်အထိ ပြည့်နေပေသည်။ ရေပူစမ်းတွင်းများ ဆိုလျှင် ကြက်ဥထည့်ထားပါက ပြုတ်ပြီးသား ဖြစ်သွားသည်အထိ ရေပူနေပေသည်။ ရေပူများကို ဒေသခံများက ထမင်းချက်သည့်နေရာတွင် အသုံးပြုကြသည်။ ရေအေးကိုမူ ရေချိုးခြင်း၊ အဝတ်လျှော်ခြင်းအတွက် အသုံးပြုသည်။ ထိုတွင်းများကို ဟန်လင်း ၁၇ ရပ် ကျေးရွာများက ယနေ့အထိ အသုံးပြုကြဆဲပင်။

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ တောင်ဇင်းကျေးရွာအနီး ပဲခူးရိုးမတောင်ခြေရှိ ဘီစီ ၆ ရာစုနှင့် ၃ ရာစုကြား ပျူလူမျိုးတို့ တည်ထောင်ခဲ့သော မြို့ဟောင်းတွင်လည်း ရေတွင်းများကို စနစ်တကျတူးဖော်၍ မြေအောက်ရေကို သုံးစွဲခဲ့ကြကြောင်း သုတေသီဦးဘုန်းတင့်ကျော်နှင့်အဖွဲ့က မှတ်တမ်းတင်ထားသည်။ စက်တူးတွင်းများကို အင်္ဂလိပ်ကိုလိုနီခေတ်က ရန်ကုန်မြို့တွင် စတင်သုံးစွဲလာကြသည်။