မိုးခေါင်ခြင်းနှင့် အရေးပေါ်အန္တရာယ် အခြေအနေများအတွက် မြေအောက်ရေ (ဦးမြင့်သိန်း – မောင်ကျေးရေ)

(ဤဆောင်းပါးသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်နှင့် ဖေဖော်ဝါရီလ ၁၈ ရက်တို့တွင် သံတော်ဆင့် သတင်းဂျာနယ်၌ ဖော်ပြခဲ့သောဆောင်းပါး ဖြစ်ပါသည်။ ထိုစဉ်က ရေ ရာသီဥတုမမှန်၊ ဖောက်ပြန်နေသည်ကို အခြေခံ၍ နိုင်ငံတကာဂျာနယ်ဆောင်းပါးများကို ကိုးကားရေးသားခဲ့သည့်အတိုင်းပြန်လည်ဖော်ပြထားပါသည်။ ရေလွှမ်းမိုးခြင်းနှင့်မိုးခေါင်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့် ကာလတွင် မြေအောက်ရေ အရင်းအမြစ်များဖြင့် လိုအပ်သည့်နေရာ၌ လိုအပ်သောရေကို ရယူ၍ ရေပေးဝေနိုင်ကြောင်း၊ မြေအောက်ရေ၏ အရေးပါသောအခန်းကဏ္ဍကို ဖော်ညွန်းရေးထားသည်။)

မိုးခေါင်ခြင်း၊ ရေကြီးခြင်းစသည့် သဘာဝဘေးအန္တရာယ်များကြောင့် ရေပြတ်လပ်မှု ပေါ်ပေါက်လာနိုင်သည့် အခြေအနေတွင် မြေအောက်ရေသည် လုံခြုံစိတ်ချရသော ရေပင်ရေရင်းတစ်ခုဖြစ်သည်။ ယင်းအခြေအနေမျိုးတွင် မြေအောက်ရေသည် မဟာဗျူဟာမြောက်အရေးပါသည်။ သက်ဆိုင်ရာနယ်မြေ အသီးသီးရှိ ပြည်သူအများသိစေရန် အစိုးရအဖွဲ့အကြီးအကဲများသည် ရေနှင့်ဆက်နွှယ်နေသည့်ဌာနနှင့် အဖွဲ့အစည်းများမှ ရေပညာရှင်များကို ခေါ်ယူ၍ သောက်သုံးရေ အချိန်မီ ရရှိစေရေး မြေအောက်ရေကို ဦးစားပေးဆောင်ရွက်ကြရန် စီစဉ်ညွန်ကြားသင့်သည်။

သဘာဝဘေးအန္တရာယ် ကျရောက်လာပါက မူလရေပေးနေသည့်အခြေအနေများ ပျက်စီးသွားခြင်း၊ ရေအရည်အသွေး သောက်သုံးမရအောင် ယိုယွင်းသွားခြင်းများ ဖြစ်ပေါ်လာ၏။ နဂိုအခြေအနေသို့ ပြန်ရောက်အောင် ပြုပြင်ရမည့်လုပ်ငန်းများ အချိန်ကာလကြာမြင့်နိုင်သောကြောင့် အရေးတကြီး ဦးစားပေး လုပ်ဆောင်ရမည့်အလုပ်မှာ ထိုဒေသရှိ လူနေရပ်ကွက်များ၊ ဆေးရုံများနှင့် အစားအစာထုတ်လုပ်မှု စက်ရုံများ အတွက် သောက်သုံးရေ ဖြန့်ဝေခြင်းဖြစ်သည်။ မြေအောက်ရေသည် လူမူပတ်ဝန်းကျင်အတွက် လုံခြုံစိတ်ချစွာ တည်ရှိနေသည့်ရေဖြစ်သည်။ ထိုရေကို စူးစမ်းရှာဖွေထားရမည်။ ရေအောင်းလွှာများ ဖွံ့ဖြိုးတိုးတက်နေအောင် ဆောင်ရွက်ထားရမည်။ မြေအောက်ရေအရင်းအမြစ်များကို လက်လှမ်းမီစွာ အချိန်တိုအတွင်း ထုတ်ယူနိုင်ခြင်းဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုမြန်ဆန်ထိရောက်သည်။

အရေးပေါ်အခြေအနေ၌ မြေအောက်ရေအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု


၁။ အရေးပေါ်အခြေအနေများတွင် မြေအောက်ရေစီမံခန့်ခွဲမှုအတွက် ဘက်စုံကဏ္ဍစုံပါဝင်သည့်လူ၊ လုပ်ဆောင်မည့် နည်းစနစ်များကို အကောင်အထည်ဖော်ရာတွင် ဆုံးဖြတ်ချက်ချနိုင်မည့် ရေစီမံခန့်ခွဲသူများ၊ စီမံကိန်းရေးဆွဲသူများ၊ အုပ်ချုပ်သူများပါဝင်သောအဖွဲ့ကိုဖွဲ့စည်းထားရန်
၂။ အရေးပေါ်အခြေအနေများတွင် မြေအောက်ရေစီမံခန့်ခွဲမှုကို အထောက်အကူပြုသည့်အဖွဲ့သည် ချမှတ်ထားသော အဖွဲ့အစည်းဆိုင်ရာ၊ ဥပဒေရေးရာ၊ စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒမူဘောင်များနှင့် အဆင့်ဆင့်သောဘေးအန္တရာယ်ဖြစ်ရပ်များ (ကြိုတင်ပြင်ဆင်ခြင်း၊ သတိပေးခြင်း၊သက်ရောက်မှု / ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ခြင်း) နည်းစနစ်များအတိုင်း ထိရောက်စွာ တုန့်ပြန်နိုင်မှုအတွက် အဆင့်စုံအလွှာစုံ ပညာရှင်၊ ကျွမ်းကျင်သူများကို အဆင်သင့်ရှိနေစေရန်နှင့် အစီအမံများ အားကောင်းစေရန်။
၃။ အရေးပေါ်အခြေအနေများတွင် အရပ်ဘက်ကာကွယ်ရေးအေဂျင်စီများ၊ စစ်တပ်၊ မီးသတ်တပ်ဖွဲ့များနှင့် အခြားအထူးကယ်ဆယ်ရေးနှင့် ကူညီရေးအဖွဲ့များ ပါဝင်ပေါင်းစည်းဖွဲ့စည်းထားရန်၊ ကြိုတင်ပြင်ဆင်မှု အစီအမံများပြုလုပ်ထားရန်
၄။ အခင်းဖြစ်ရာဒေသတွင်းရှိ လူမှုအသိုင်းအဝိုင်းအား အရေးပေါ်ရေပေးဝေရေးနှင့် သန့်ရှင်းရေးစနစ်များ တပ်ဆင်ခြင်းနှင့် လည်ပတ်ခြင်းတို့တွင် ပါဝင်ပူးပေါင်းလုပ်ကိုင်လာစေရန်
၅။ အရေးပေါ်မြေအောက်ရေအရင်းအမြစ်များကို နိုင်ငံတော်ရေအရင်းအမြစ်များ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟူသော အသိစိတ်ဖြင့် ဆောင်ရွက်စေရန်
၆။ အရေးပေါ်အခြေအနေတွင် နေရာချထားရေး၊ ရေပေးဝေရေးမဟာဗျူဟာအစီအစဉ်နှင့်မြေအောက်ရေ အန္တရာယ် စီမံခန့်ခွဲမှု အစီအစဉ်များ၊ မြေအောက်ရေ စောင့်ကြည့်စစ်ဆေးရေး ကွန်ယက်များနှင့် ကြိုတင်သတိပေးစနစ်များကို တည်ထောင်ရန်။ (ရေအရင်အမြစ်များ အသုံးချရေးဦးစီးဌာန၊ မြေအောက်ရေဌာနခွဲက ထိုလုပ်ငန်းများကို လုပ်ကိုင်နေသည်။ ထိုဌာနနှင့်ပူးပေါင်းလုပ်ဆောင်ရန်)
၇။ ရေပေးဝေရေးအခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အန္တရာယ်ကင်းစေရန် အရေးပေါ် အခြေအနေတွင် မပျက်စီးစေရေး၊ ထိရောက်စွာကာကွယ်နိုင်ရန် လူထု၏ ပူးပေါင်းပါဝင်မှုသည် မရှိမဖြစ် လိုအပ်သည်။
၈။ အရေးပေါ်အခြေအနေများတွင် မူလရေပင်ရေရင်းကို ပြန်လည်ဖြန်ဖြူးပေးနိုင်ရေး၊ အမြန်ဆုံးအကောင်အထည် မဖော်နိုင်ပေ။ ထိုအခါ သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိသည့် မြေအောက် ရေအောင်းလွှာမှ မြေအောက်ရေသည် ရေကို ပုံမှန်ဖြစ်အောင် ဖြန့်ဝေပေးနိုင်မည့် လုံလောက်သော ပမာဏနှင့် ရေအရည်အသွေးကိုသိရှိထားခြင်းဖြင့် အရေးပေါ်အခြေအနေကို ကျော်လွှားနိုင်မည်။
၉။ အထက်ပါအခြေအနေများ၌ မြေအောက်ရေဖြင့် ရေပေးဝေနိုင်ရေး အခင်းဖြစ်ပွားရာဒေသ၏ ဇလဘူမိဗေဒအခြေအနေများဖြစ်သည့် မြေအောက်ရေအောင်းလွှာ၏ ရေထွက်နှုန်း၊ ရေအရည်အသွေး၊ အရေးပေါ်အခြေအနေ၏ လိုအပ်ချက်ကြောင့် နေ့စဉ်ရေအမြောက်အမြား ထုတ်ယူမိပါက ဖြစ်ပေါ်လာနိုင်မည့် ရေအောင်းလွှာ၏ ဆိုးကျိုးကို ကြိုတင်သိထားရန်လို၏။ သိထားနိုင်ရေး မြေအောက်ရေ ပညာရှင်(သို့)ဇလဘူမိဗေဒပညာရှင်များက ဆောင်ရွက်ရမည်။
၁၀။ နယ်စပ်ဒေသများတွင် အရေးပေါ်အခြေအနေများ၌ နယ်စပ်ဖြတ်ကျော်ရေအောင်းလွှာ အုပ်ချုပ်ရေး မူဝါဒ လွယ်ကူချောမွေ့စေရန်အတွက် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုရန်။

အရေးပေါ်အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်သူများ၏ တာဝန်


၁။ အစိုးရအာဏာပိုင်များသည် အရေးပေါ်အခြေအနေများတွင် မြေအောက်ရေအရင်းအမြစ်များ၊ သောက်သုံးရန် ဖြစ်နိုင်ခြေကို အကဲဖြတ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် အုပ်ချုပ်မှုဆိုင်ရာလမ်းညွန်ချက်များအတိုင်း အကောင်အထည်ဖော်ခြင်းနှင့် အရေးပေါ် ရေအသုံးပြုသူအားလုံးနှင့်ဆက်သွယ်ရန်။
၂။ ထိရောက်သော အရေးပေါ်မြေအောက်ရေစီမံခန့်ခွဲမှုကို အကောင်အထည်ဖော်ရန်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းဆိုင်ရာ၊ မြေအောက်ရေပညာရှင်များနှင့် ချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ဆောင်ရန်။
၃။ အတွေ့အကြုံရှိပြီး လေ့ကျင့်သင်ကြားထားသော လူ့စွမ်းအားအရင်းအမြစ်သည် အရေးပေါ်အခြေအနေတွင် အဆင့်အားလုံး၌ ပါဝင်ဆောင်ရွက်နိုင်ရေး အဓိကအစိတ်အပိုင်းဖြစ်သည်။ ထိုသူ များ ပါဝင်ရမည်။ အန္တရာယ်ကျရောက်နေမှုကို ကိုင်တွယ်ဖြေရှင်းရန် အဆင့်အားလုံးတွင် အဓိကအစိတ် အပိုင်း ဖြစ်သည်။ ဟိုက်ကိုးကြေငြာချက် (ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာညီလာခံ၊ ၂၀ဝ၅)(Hyogo Declaration (Conference on Disaster reduction, 2005))
၄။ ဌာနေပြည်သူများကို စွမ်းရည်မြှင့်တင်ပေးခြင်းသည် ဒေသခံများအား သဘာဝဘေးအန္တရာယ်များ ကျရောက်နေစဉ်အတွင်းနှင့် ကျော်လွန်ပြီးကာလများတွင် ရရှိခဲ့သည့်ဗဟုသုတများကို အခြေခံ၍ မိမိတို့ နယ်မြေ၏ ရေပေးဝေရေးစနစ်များ ပြန်လည်ထူထောင်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုကို ရစေမည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ The World Meteorological Organization ကလည်း သဘာဝဘေးအန္တရာယ်နှင့် သက်ဆိုင်သော အခြေခံသတင်းအချက်အလက်များ ထုတ်ပြန်ရာ၌ ဒေသခံ လူထုအတွက် ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးများ၊ (သဘာဝဘေးအန္တရာယ်များ၏ အကြောင်းရင်းများနှင့် ဖြစ်ပျက်နေမှု)၊ ကြိုတင်ခန့်မှန်းခြင်းနှင့် သတိပေးသတင်းအချက်အလက်၊ ဘေးအန္တရာယ် သက်ရောက်မှု လျော့ပါး သက်သာစေခြင်းနှင့် သဘာဝဘေးအန္တရာယ်လမ်းညွှန်များ ပါဝင်ထားသည်။
၅။ အရေးပေါ်အခြေအနေများတွင် မြေအောက်ရေထုတ်ယူနိုင်မှု အခြေအနေ လျော့နည်းလာပါက ထိုအခြေအနေကို အချိန်မီဖြေရှင်းနိုင်ရန် စွမ်းဆောင်ရည် မြင့်တက်ထားရမည်။


အရေးပေါ်အခြေအနေများတွင် သောက်သုံးရေဖြန့်ဝေရန် ဖြစ်နိုင်ခြေသုံးရပ်


၁။ အရေးပေါ်အခြေအနေတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရရှိနိုင်မည့် ရေအရင်းအမြစ်များ(မြေပေါ်/ မြေအောက်)ကို စုံစမ်းရှာဖွေစစ်ဆေးခြင်း။ ထိုကာလကျော်လွန်သည်အထိ ထိထိရောက်ရောက်ဖြန့်ဝေနိုင်မှု ရှိ မရှိဆုံးဖြတ်ရန်။
၂။ ထိုကဲ့သို့သောနေရာဒေသများ၏ ဇလဘူမိဗေဒအခြေအနေကို မသိပါက ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမည်။ သောက်သုံးရေ အချိန်မီ မဖြန့်ဝေနိုင်သောကြောင့် လူမှုရေးနှင့် ကျန်းမာရေး အခြေအနေများ ပိုမိုဆိုးရွားမည်။ ထိုအခါ သောက်ရေသန့် အမြောက်အမြားကို အခြားတစ်နေရာမှ သယ်ယူပို့ဆောင်ပေးနိုင်ရန် စီစဉ်ရမည်။
၃။ ထိုနေရာဒေသအတွင်း၊ အသင့်ထုတ်ယူနှိင်မည့် ရေအောင်းလွှာအခြေအနေကို သိရပါက၊ ရှိပါက ရေတွင်းအသစ်များ လျင်မြန်စွာ တူးရန်။
(မှတ်ချက်။ ။ ဂျပန်ရှိဆေးရုံများတွင် အရေးပေါ်အခြေအနေတွင် အသုံးပြုရန် စက်ရေတွင်းများနှင့်အတူ ရေသန့်စင်စက်များနှင့် ဒီဇယ်စွမ်းအင်သုံး ရေတင်စက်များ အဆင်သင့်ရှိနေစေသည်။ (Tanaka, 2011)

နိဂုံးချုပ်


၁။ ဘေးအန္တရာယ်ကို တားဆီး၍မရပါ၊ ကြိုတင်ကာကွယ်ရေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု မူဝါဒ၊ စနစ်ကျသော လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးပါက ရေအရင်းအမြစ်များကို ထိရောက်စွာ စီမံအသုံးချနိုင်သည်။
၂။ သဘာဝဘေးအန္တရာယ် ကျရောက်သည့်နေရာတိုင်းတွင် သန့်စင်သော သောက်သုံးရေရရှိရေးနှင့်အန္တရာယ်ကျရောက်ခံနေရသည့် လူအများအား ကယ်ဆယ်ရေးသည် အဓိကဖြစ်၏။ ကျွမ်းကျင်မှုအဆင့်များ လိုအပ်သည်။
၃။ ထိရောက်သော မြေအောက်ရေစီမံခန့်ခွဲမှုသည် ရေဝပ်ဧရိယာအခြေပြု ရေအရင်းအမြစ်များ စီမံခန့်ခွဲမှုအပေါ်တွင် မူတည်သည်။
၄။ မိုးခေါင်ခြင်းနှင့် အရေးပေါ်အခြေအနေကာလအတွင်း မြေအောက်ရေသည် အဓိကလိုအပ်ချက် ဖြစ်သည်။ မိုးခေါင်ခြင်း၏ ကနဦးလက္ခဏာများ ပေါ်ထွက်လာသည်နှင့် တပြိုင်နက် မိုးခေါင်မှုဒဏ်ကို ကာကွယ်ရန် နည်းပညာနှင့် အရင်းအမြစ် လိုအပ်သည်။
၄။ အရေးပေါ်မြေအောက်ရေစီမံခန့်ခွဲမှုညံ့ဖျင်းခြင်းနှင့် နိုင်ငံချစ်စိတ်ကင်းမဲ့ခြင်းသည် လူနှင့်ပတ်ဝန်းကျင်အပေါ် ထိခိုက်လွယ်မှုများကို တိုးပွားစေပြီး ရေပေးဝေမှုအပေါ် အကျိုးသက်ရောက်သော ကိုင်တွယ်ဖြေရှင်းနိုင်သည့်စွမ်းရည်ကို လျှော့ချသည်။
၅။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူများ သဘာဝဘေးအန္တရာယ်ထိခိုက်ခံရလွယ်မှုသည် နေရာဒေသအလိုက် အနေအထိုင် ဆင်းရဲနွမ်းပါးမှုများကြောင့် ဖြစ်ပျက်ခဲ့သည်ကို မကြာခဏကြုံတွေ့ရသည်။ ထိုနေရာဒေသများအတွက် မြေအောက်ရေဖြင့် အရေးပေါ်ရေပေးဝေရေးသည် အကုန်အကျများ၏။
၆။ ဒေသန္တရအစိုးရများ၏ သဘာဝဘေးအန္တရာယ် အတွေ့အကြုံနှင့် ဓလေ့ထုံးစံများကို အခြေခံ၍ ကျရောက်အန္တရာယ်ကို တုန့်ပြန်မှုသည် သိသိသာသာ အထောက်အကူပြုနိုင်သည်။
က။ အာရှဒေသအတော်များများတွင် နောင်နှစ်ကာလများ၌ ရာသီဥတုပြောင်းလဲလာခြင်းကြောင့် ကာလကြာရှည်သော မိုးခေါင်မှု၊ ရေကြီးရေလျှံမှုများ ပိုမိုတွေ့ကြုံလာနိုင်သည်။ မြန်မာနိုင်ငံသည် ဆိုးရွားစွာ ကြုံတွေ့နိုင်သော အခြေအနေမျိုးတွင် ပါဝင်နေ၏။
ခ။ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသများသည် အလွန်အရေးကြီးသော အခြေအနေ၊ အန္တရာယ်ကျရောက်မည့်စာရင်းတွင် ထိပ်တန်းကရှိနေသည်။
ဂ။ ထိုဒေသများရှိ မြေပေါ်ရေအရင်းအမြစ်များသည် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် သောက်သုံး၍ရနိုင်မည့် အခြေအနေ ၊အဆင့်မရှိနိုင်တော့ပေ။

ကျမ်းကိုး။

၁။        Groundwater Governance in Emergency Situations  [GWES Project Coordinator (Jaroslav Vrba)]

၂။         Identification and management of strategic groundwater bodies to be used for emergency

situations as a result of extreme events or in case of conflicts (GWES Methodological Guide)

Leave a comment