အင်းတော်ကြီးရေစပ်မှကြည့်လျှင် ရေလယ်ရှိရွှေမဉ္စူစေတီတော်သည် ရှေးယခင်ကကဲ့သို့ပင် တင့်တယ်စွာရှိဆဲ၊ ကြည်ညိုစွာဖူးတွေ့ရဆဲပင် ဖြစ်သည်။ သို့သော် စေတီတော်ပတ်လည်ရှိ ရေပြင်သည်မူ များစွာ ပြောင်းလဲသွားခဲ့ပြီ။ စတုရန်းမိုင် ၁၀ဝ ကျယ်သဖြင့် အရှေ့တောင် အာရှတွင် အကြီးဆုံးရေကန် စာရင်းဝင်ဖြစ်သည့် အင်းတော်ကြီးသည် တဖြည်းဖြည်းကောစပြုလာနေသည်။
ကချင်ပြည်နယ် မိုးညှင်းမြို့၏ အနောက်ဘက်တွင် ရှိသော အင်းတော်ကြီးထဲသို့ ပတ်ဝန်းကျင် တောင်တန်းများမှ စီးကျလာသော ချောင်း ၁၂ ချောင်း၏ ရေများစီးဝင်ပြီး အင်းတော်ချောင်းမှ ပြန်လည် စီးထွက်သည်။ အင်းတော်ကြီးဝန်းကျင်ရွာများတွင် ရွှေကျင်လုပ်ငန်း များလုပ်ခြင်း၊ အင်းပတ်လည်ရှိ တောများကို အလွန်အကျွံ ခုတ်ခြင်း စသည်တို့ကြောင့် အင်းထဲသို့ မြေစာနှင့်ပြဒါးများစီးဝင်ကာ အင်းထဲရှိ ရေပမာဏ တဖြည်းဖြည်းနည်းလာနေသည်မှာ နှစ်အတော်ကြာခဲ့ပြီ။ အင်းတော်ကြီးရေပြင်ဧရိယာ ကျဉ်းမြောင်းလာနေသည်နှင့်အတူ ဒေသခံတို့အတွက်သောက်သုံးရေရှားပါးလာခြင်း၊ လယ်မြေပျက်စီးခြင်း စသည်တို့ကိုပါ ကြုံတွေ့လာနေရသည်။ တစ်ချိန်ကကြည်လင်နေခဲ့သော အင်းတော်ချောင်းရေသည် ရွှေမျောများကြောင့် နောက်ကျိနေရုံမက ပျစ်ချွဲသည့်အဆင့်သို့ပင် ရောက်နေသည်။
ယခုအခါအင်းတော်ကြီးသည် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်ဖြစ်သော မိုးနည်းခြင်းဒဏ်ကိုပါ ခံစားလာရသည်။ ၂၀၁၉ ခုနှစ်၌ မိုးရွာသွန်းမူသည် ၄၈ “၈ လက်မသာရှိသဖြင့် ပုံမှန်ရွာသွန်းမြဲထက် များစွာနည်းသည်။ အကျိုးဆက်အနေနှင့်အင်းရေပြင်သည် လွန်ခဲ့သောသုံးနှစ်ကနှင့် စာလျှင် ၂၀၂၀ ပြည့်နှစ်တွင် တစ်ပေခွဲမျှကျဆင်းသွားသည်။ ၂၀၂၀ ပြည့်နှစ် ဇွန်လဆန်းတွင် ရွှေမဉ္စူစေတီနှင့် ဒေါ်ပုလဲ ဓမ္မာရုံအကြား သဲသောင်ထွန်းလာသဖြင့် စေတီရှိရာသို့ ကုန်းကြောင်းလျှောက်၍ သွားရောက် ဖူးမြော်နိုင်လာသည်။
အင်းတော်ကြီးနည်းတူ ရှမ်းပြည်နယ်အင်းလေးကန်၏ အခြေအနေမှာလည်းစိုးရိမ်ဖွယ်ရာဖြစ်နေသည်။ ၄၄ စတုရန်းမိုင်ကျယ်သည့် အင်းလေးကန်တွင်းသို့စီးဝင်နေသော ချောင်းပေါင်း ၂၉ ချောင်း ရှိသည့်အနက် အဓိကလေးချောင်းမှနုန်းများ တစ်နှစ်လျှင် တန်ချိန်နှစ်သိန်းခန့် စီးဝင်နေသည့်အတွက် ယင်းဖြစ်စဉ်ကို မတားဆီးနိုင်လျှင် အင်းလေးကန်သည်ဆယ်စုနှစ်အနည်းငယ်အတွင်း ကောသွားနိုင်သည့်အန္တရာယ် ရှိနေသည်။ ၂၀၂၀ ပြည့်နှစ်တွင် အင်းလေးကန် ရေလျော့နည်းမှုသည် အရင်နှစ်များကထက်စောလာသည်ဟု သိရသည်။
အင်းတော်ကြီးနှင့်အင်းလေးကန်များ ရေနည်းလာခြင်းသည် သီးခြားဖြစ်စဉ်မဟုတ်ဘဲကမ္ဘာ့အခြားဒေသများရှိ ရေကန်ကြီးများ ခန်း ခြောက်လာသည်နှင့်တစ်ချိန်တည်း ပေါ်ပေါက်နေသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ရေအသုံးလွန်ကဲမှု၊ ခြောက်သွေ့သောရာသီဥတုနှင့် ညစ်ညမ်းမှုတို့သည် ကမ္ဘာ့ကန်ကြီးအများအပြားကို ခန်းခြောက်အောင်၊ ရေ အရည်အသွေးကျဆင်းအောင်ဖန်တီးလျက်ရှိသည်။
တရုတ်နိုင်ငံ ပိုယန်းကန်
ဒေသခံတို့၏ သောက်သုံးရေ စိုက်ပျိုးရေ ဇာစ်မြစ်ဖြစ်ရုံမက ဂေဟစနစ်ကောင်းမွန်သဖြင့် ငှက်အများအပြား လာရောက်ကျက်စားရာ ဖြစ်သော တရုတ်နိုင်ငံ၏အကြီးဆုံးရေချိုအိုင် ပိုယန်း၁ကန်သည် ၁၇၀ဝ စတုရန်းမိုင် ကျယ်သော်လည်း ရေနည်းသောအချိန်များတွင် အိုင်ငယ်ကလေးများအဖြစ်သို့ အစိတ်စိတ်ကွဲလျက်ရှိသည်။ ယင်းရေကန်၏ အထက်ပိုင်းဒေသများတွင် ကြာမြင့်စွာမိုးခေါင်ပြီး ၂၀၁၁ ခုနှစ်တွင်ရွာသောမိုးရေချိန်သည် ပျမ်းမျှထက် ၂၁ ရာခိုင်နှုန်း လျော့နည်းသဖြင့် ကန်ထဲသို့စီးဝင်သော မြစ်ငါးစင်းတို့၏ ရေစီးလည်း လျော့နည်းခဲ့သည်။ မိုးရေနည်းနေသော အခြေအနေကို ပိုယန်းကန်၏ အချို့အစိတ်အပိုင်းများအား မြေဖို့ လုပ်ကိုင်နေသော ဆောက်လုပ်ရေးလုပ်ငန်းများက ပို၍ ဆိုးရွားစေသည်။ ခြောက်သွေ့ရာသီဖြစ်သည့် ၂၀၁၉ ဒီဇင်ဘာက နှစ် ၆၀ အတွင်း ရေအနိမ့်ဆုံးအခြေအနေသို့ ရောက်ခဲ့သည်။ မြေအသုံးချပုံပြောင်းလဲမှု၊ ရေကာတာများ တည်ဆောက်မှု၊ သဲထုတ်ယူမှု၊ မိုးနည်းမှု၊ မြစ်အထက်ပိုင်းရှိ ချိုင့်ဝှမ်းသုံးသွယ်ရေကာတာ ရေဖြည့်မှုတို့ကြောင့် ရေကန်ကြီးခန်းလာခြင်းဖြစ်သည်။
အာဖရိကတိုက် ချဒ်ကန်
ဆဟာရသဲကန္တာရတောင်ပိုင်းတွင်ကပ်လျက် တည်ရှိသည့် ချဒ်ကန်သည် ကမ္ဘာပေါ်တွင် ဆဋ္ဌမအကြီးဆုံး ရေအိုင်ဖြစ်ခဲ့သည်။ ၁၉၆၃ ခုနှစ်တိုင်းတာချက်များအရ ချဒ်ကန်၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၉၇၀ဝ ရှိခဲ့သည်။ ချဒ်ကန်သည် ပတ်ဝန်းကျင်နိုင်ငံများ ဖြစ်ကြသည့် နိုင်ဂျီးရီးယား၊ နိုင်ဂျာ၊ ချဒ်နှင့် ကင်မရွန်းနိုင်ငံတို့ရှိ လူဦးရေသန်း ၃၀ ခန့်၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းများအတွက် မှီခိုအားထားရာဖြစ်သည့်အပြင် ကန်ပတ်ဝန်းကျင်တွင် တောရိုင်းတိရစ္ဆာန်များလည်း အနှံ့အပြားရှိခဲ့သည်။ ရေကန်ဝန်းကျင်တွင် မိုးခေါင်၍ ရာသီဥတုခြောက်သွေ့လာခဲ့သည့်အပြင် တိုးတက်လာနေသော လူဦးရေအတွက် ကန်ထဲသို့ ဝင်နေသောရေကို ဆည်မြောင်းစီမံကိန်းများဖြင့် ကြားမှဖြတ်၍ ယူကြသည့်အတွက် ချဒ်ရေကန်သည် ယခုအခါ မူလအကျယ်အဝန်း၏ ၁၀ ပုံ ၁ ပုံမျှသာ ကျန်တော့သည်။
ဘိုလစ်ဗီးယားနိုင်ငံ ပူးပိုကန်
တောင်အမေရိကတိုက် ဘိုလစ်ဗီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံး ပူးပိုကန်ရေကို အမှီပြု၍ ဒေသခံတို့၏ ရေလုပ်ငန်းကောင်းစွာ ဖြစ်ထွန်းသည်။ အကျယ် ၁၀ဝ၀ စတုရန်းမိုင်ခန့်ရှိသည့် ပုူးပိုကန်သည် ၂၀၁၅ ခုနှစ်က ခန်းလုနီးနီးဖြစ်သွားသည်။ ကန်ထဲသို့ စီးဝင်သော တစ်စင်းတည်းသာရှိသည့် မြစ်သည် ကန်ထဲအဝင်တွင် ရေစီးကြောင်းငယ်ကလေးမျှသာ ကျန်တော့သည်။ အပူချိန်မြင့်တက်လာခြင်း၊ မိုးခေါင်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ စိုက်ပျိုးရေ အလွန်အကျွံထုတ်ခြင်းတို့ကြောင့် ဖြစ်သည်။
ပင်လယ်သေ
အစ္စရေးနိုင်ငံနှင့်ဂျော်ဒန်နိုင်ငံတို့ကြားရှိ ‘ပင်လယ်သေ’သည်လည်း အထက်ပါရေကန်များ၏ အဖြစ်မျိုးနှင့် ရင်ဆိုင်နေရသည်။ ပင်လယ်သေသို့ စီးဝင်သော မြစ်ချောင်းများသာ ရှိ၍ ယင်းမှစီးထွက်သော မြစ်ချောင်း ဟူ၍ မရှိဘဲ စီးဝင်လာသမျှရေတို့သည် အငွေ့ပျံခြင်းဖြင့်သာလျှင် ထွက်ကြသည်။ ရေအငွေ့ပျံသွား၍ ကျန်ခဲ့သော ဓာတ်ဆားပမာဏ တဖြည်းဖြည်း များသည်ထက်များလာခဲ့ရာ ပင်လယ်သေ၏ရေတို့သည် အခြားသောပင်လယ်သမုဒ္ဒရာရေတို့ထက် အငန်ဓာတ် ဆယ်ဆနီးနီး ပိုများသည်။ ထို့ပြင် အစ္စရေးနှင့် ဂျော်ဒန်နိုင်ငံတို့က ပင်လယ်သေတွင်းသို့ စီးဝင်လာသောမြစ်ရေတို့ကို သောက်သုံးရန်နှင့် စိုက်ပျိုးရန်စသည့် အကြောင်းအမျိုးမျိုးဖြင့် ကြားဖြတ်ထုတ်ယူသုံးစွဲမှု များသောကြောင့် ဖြစ်သည်။ ပင်လယ်သေသည် ၁၉၃၀ ပြည့်နှစ်က စတုရန်းမိုင် ၄၁၀ ခန့်ကျယ်ခဲ့သော်လည်း ယခုအခါစတုရန်းမိုင် ၂၃၀ ခန့်သာကျန်တော့သည်။
အေရယ်လ်ကုန်းတွင်းပင်လယ်

အထက်ပါရေကန်များခန်းခြောက်လာနေခြင်းသည် အာရှအနောက်ပိုင်းရှိ အေရယ်လ်ကုန်းတွင်းပင်လယ်ကြီး ရေခန်းသလောက် ဖြစ်သွားခြင်းနှင့်စာလျှင် တော်သေးသည်။ အေရယ်လ်ပင်လယ်သည် စတုရန်းမိုင် ၂၆၀ဝ၀ ရှိပြီး မျက်နှာပြင်ဧရိယာအားဖြင့် ကမ္ဘာ့စတုတ္ထအကြီးဆုံးရေကန်ကြီး ဖြစ်ခဲ့သည်။ အေရယ်လ်ပင်လယ်ထဲသို့ အာမူဒါရီယာနှင့် ဆီရ်ဒါရီယာအမည်ရှိ အဓိကမြစ်ကြီးနှစ်စင်းမှ ရေများ စီးဝင်သည်။
အာမူဒါရီယာမြစ်သည် အာရှတိုက်အလယ်ပိုင်းတွင် အရှည်ဆုံးမြစ်ဖြစ်သည်။ ဆီးနှင်းဖုံး ဟိန္ဒူကွတ်ရှ် တောင်တန်းမှ စတင်မြစ်ဖျားခံကာ အာရှအလယ်ပိုင်းမြက်ခင်းပြင်တစ်လျှောက်မိုင် ၁၅၀ဝ မျှဖြတ်စီးခဲ့ပြီး အေရယ်လ်ပင်လယ်တောင်ဘက်သို့ စီးဝင်သည်။ ဆီရ်ဒါရီယာမြစ်သည် အေရယ်လ်ပင်လယ်၏ မြောက်ဘက်သို့ စီးဝင်သည်။
၁၉၆၀ ပြည့်နှစ်များ၏အစပိုင်းအထိ အေရယ်လ်ပင်လယ်မှ တစ်နှစ်လျှင် ငါးတန်ချိန် ၄၀ဝဝဝ မျှ ဖမ်းဆီးရမိခဲ့သည်။ ဒေသခံတို့သည် တံငါလုပ်ငန်း၊ စည်သွတ်ဘူးလုပ်ငန်းစသည့် ပင်လယ်နှင့် ဆက်စပ်သော အလုပ်အကိုင်များစွာရရှိခဲ့သည်။ ဒေသတွင်းမြို့ရွာတို့သည်လည်း အလွန်စည်ပင်ခဲ့သည်။ ထိုစဉ် ဒေသတွင်း ဖွံ့ဖြိုးမှုကို ဖျက်ဆီးပစ်မည့် ဆိုရှယ်လစ်စီမံကိန်းကြီးတစ်ခု ပေါ်လာသည်။
ထိုစဉ်က ဆိုဗီယက်ယူနီယံအုပ်ချုပ်သူတို့သည် ၁၉၆၀ ပြည့်နှစ်ခန့်မှစ၍ အေရယ်လ်ပင်လယ်ဝန်းကျင် ဒေသများ၌ ဝါအကြီးအကျယ်စိုက်ရန် စီမံကိန်းချကာ ပင်လယ်ထဲသို့ စီးဝင်သောမြစ်ရေများကို စိုက်ခင်းများထဲသို့ လွှဲပြောင်းရယူခဲ့သည်။ ထိုသို့ လွှဲပြောင်းခဲ့သော်လည်း ယင်းအချိန်က ယင်းဒေသတွင် ကံအားလျော်စွာ မိုးကောင်းနေခဲ့သဖြင့် ပင်လယ်ရေပြင်ကိုမထိခိုက်ခဲ့ချေ။
သို့သော် ရေစုပ်ယူမှု တစ်ချိန်ထက်တစ်ချိန် များသထက် များလာသောအခါတွင်မူ မြစ်ရေသိသာစွာ ခန်းခြောက်လာသည်။ ၁၉၆၅ ခုနှစ်တွင် စိုက်ခင်းဧကပေါင်း ၇ သန်းကျော်ကိုပေးဝေနိုင်ရန် အာမူဒါရီယာနှင့် ဆီရ်ဒါရီယာမြစ်ရေများကို တစ်နှစ်လျှင် ၂၇ ကုဗမိုင်အထိ စုပ်ယူခဲ့သည်။
ရေစုပ်ယူမှုကြောင့် အာမူဒါရီယာမြစ်ရေစီးသည် တစ်စက္ကန့် လျှင်ကုဗပေ ၂၈၀ဝ၀ ခန့်မှ ကုဗပေ ၅၅၀ဝ သို့ လျော့ကျသွားခဲ့သော်လည်း ဆိုဗီယက်တို့သည် ယင်းကိုဂရုမစိုက်ဘဲ ၁၉၆၅ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အတွင်း စိုက်ပျိုးဧရိယာနှစ်ဆမျှ တိုးချဲ့ခဲ့ပြန်သည်။ ၁၉၈၀ ပြည့်နှစ်တွင် အေရယ်လ်ပင်လယ်ဝန်းကျင်မြေပြင်၏ ၈၅ ရာခိုင်နှုန်းသည် ဝါစိုက်ခင်းများဖြစ်သွားသည်။ ဆိုဗီယက်တို့သည် ဝါခင်းကြီးများကို ဆိုရှယ်လစ်စနစ် အောင်မြင်မှု၏ပြယုဂ်အဖြစ် ဂုဏ်ယူဝင့်ြွကား ခဲ့ကြသည်။
သို့သော် ယင်းအောင်မြင်မှုသည်ရေတိုသာဖြစ်၍ ဒေသတွင်း အိပ်မက်ဆိုးကြီး၏နိဒါန်းဖြစ်ကြောင်း ဆိုဗီယက် နှင့်ဒေသခံတို့ မသိခဲ့ကြချေ။ ရေအရင်းအမြစ်ကို စနစ်ကျသောစီမံခန့်ခွဲမှုဖြင့် အသုံးချရကောင်းမှန်းမသိခဲ့ကြ၊ မြစ်ရေအလွန်အကျွံထုတ်ယူခြင်း၏ ရေရှည် ဆိုးကျိုးများကို မမှန်းဆတတ်ခဲ့ကြချေ။
နှစ်ပိုင်းကွဲ
မြစ်ရေများကို အလုံးအရင်းနှင့် ကာလရှည်ကြာထုတ်ယူသောအခါ အေရယ်လ်ပင်လယ်ထဲသို့ ရေအဝင် သိသာစွာနည်းသွားပြီး ဧရာမရေပြင်ကြီးကျုံ့ဝင်သွားသည်။ ပင်လယ်၏အလယ်ပိုင်းတွင် ကုန်းရိုးတစ်ခု ပေါ်လာကာ ပင်လယ်သည် မြောက်ပိုင်းနှင့် တောင်ပိုင်း နှစ်ပိုင်းကွဲသွားသည်။ ၁၉၈၅ ခုနှစ်ဝန်းကျင်ခန့်တွင် အေရယ်လ်ရေပြင်အကျယ်သည် မူလ၏ထက်ဝက်ခန့်သာ ကျန်တော့သည်။ ငါးဖမ်းရမိမှု သိသာစွာ ကျဆင်းလာသည်။ ပင်လယ်ထဲသို့ ရေအဝင်နည်းလာသည့် အတွက် လက်ကျန်ရေတွင် ဆားပါဝင်မှုသုံးဆမျှ မြင့်တက်လာသည်။ တစ်ချိန်ကရေပြင်ဖြစ်ခဲ့သော်လည်း ရေမရှိတော့၍ ပေါ်လာသော ပင်လယ်ကြမ်းပြင်၏ မြေကြီးပေါ်တွင် သင်္ဘောပျက်များကို တွေ့လာရသည်။
ယင်းသို့ယိုယွင်းလာပါလျက် မြစ်ရေထုတ်သုံးမှုကို မလျှော့ကြချေ။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် စိုက်ပျိုးမြေ ဧကကို ၁၂ ရာခိုင်နှုန်းတိုးချဲ့ကာ မြစ်ရေများကိုတိုး၍ စုပ်ယူပြန်သည်။ ထိုအခါ အာမူဒါရီယာမြစ်ရေသည် အေရယ်လ်ပင်လယ်ထဲသို့ ရောက်အောင် မစီးနိုင်တော့ဘဲ ပင်လယ်နှင့်မိုင် ၇၀ အကွာ မြစ်ညာပိုင်းရှိ ရေကာတာတွင် အဆုံးသတ်သွားသည်။
ပင်လယ်ကြီးသည် နှစ်ပိုင်းကွဲနေရာမှ ရေအိုင်ငယ်များအဖြစ်သို့ အစိတ်စိတ်ထပ်ကွဲသွားသည်။ ယင်းအိုင်ငယ် ကလေးများရှိ စုစု ပေါင်းရေပမာဏသည် မူလအေရယ်လ်ပင်လယ်ရှိပမာဏ၏ ရှစ်ပုံ တစ်ပုံသာ ကျန်တော့သည်အထိ အခြေအနေ ဆိုးသွားသည်။
ရေမျက်နှာပြင်ဆုတ်သွား၍ ကမ်းစပ်မြို့များသည် ရေပြင်နှင့်မိုင်ပေါင်းများစွာဝေးသွားသည်။ မိုးခေါင်သော ကာလများတွင် ရေအငွေ့ပျံမှုများသဖြင့် မူလကပင်လယ်ကြမ်းပြင်သည် ကန္တာရကြီးများ ဘဝသို့ ရောက်သွားသည်။ ရေမရှိ၍ပေါ်လာသော မြေပြင်ကြီးတွင် ဆားများသာမဟုတ်၊ စိုက်ခင်းများမှထွက်လာသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးအြွကင်းအကျန်များပါ ရောယှက်နေသည်။ ဆား၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး အြွကင်းအကျန်များသည် လေပြင်းတိုက်တိုင်း ဖုန်မှုန့်များနှင့်အတူ ဒေသတွင်းသို့ ပျံ့နှံ့ ရောက်ရှိကြသည်။ ပင်လယ်ကြမ်းပြင်မှ လေပြင်းနှင့်အတူလွင့်ထွက်သောဖုန်မှုန့်များ၏ ပမာဏသည် တစ်နှစ်လျှင် တန်ချိန် ၇၇ သန်းမျှ ရှိသည်။
ဓာတ်ဆားအမျိုးမျိုးရောနေသော ဖုန်မှုန့်များသည် လူတို့၏ အဆုပ်များထဲသို့ ဝင်ရောက်ကြသည်။ အကျိုးဆက်အဖြစ် လည်ချောင်း ကင်ဆာ၊ အသက်ရှူလမ်းကြောင်း ရောဂါအများအပြား ဖြစ်ပွားသည်။ တစ်ချိန်က ငါးပေါသောဒေသတွင် ငါးမစားရ၍ အာဟာရနည်းလာကြသည်။ ကလေးသေပျောက်နှုန်းသည် ၁၀ဝ၀ တွင် ၆၀ မျှအထိ မြင့်မားသည်။
အပူအအေးမျှတအောင်ထိန်းညှိပေးနေသည့်ရေပြင်ကြီး ခန်းသလောက် ဖြစ်သွားသောအခါ ဒေသတွင်း၌ နွေအခါ အပူလွန်လာပြီး ဆောင်းအခါ အအေးပိုလာသည်။
အေရယ်လ်ပင်လယ်ရေပြင်နှင့်ပတ်ဝန်းကျင်ပျက်စီးမှုကို ကုလသမဂ္ဂက ၂၀ ရာစုနှစ်၏အကြီးမားဆုံးသော သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဟု ပြောဆိုခဲ့သည်။
အေရယ်လ်ပင်လယ်ကြီး ဆုတ်ယုတ်သွားချိန်တွင်ပင် ယင်းဖြစ်စဉ်ကိုဖန်တီးခဲ့သော ဆိုဗီယက်ယူနီယံလည်း ၁၉၉၁ ခုနှစ်တွင် ပြိုကွဲသွားသည်။ ဆိုဗီယက်ယူနီယံ၏ ပြည်နယ်အဆင့်တွင်ရှိခဲ့သော နယ်မြေများသည် နိုင်ငံငယ်များအဖြစ် ပေါ်ထွန်းလာရာ ယင်းတို့ထဲတွင် ကာဇက်စတန်နိုင်ငံလည်း ပါသည်။
ကာဇက်စတန်အစိုးရသည် အေရယ်လ်ပင်လယ်ကို ရေဖြည့်အသက်သွင်းရန်ကြိုးစားသည်။ နှစ်ပိုင်းကွဲနေသော ပင်လယ်၏ ခါးလယ်မှဖြတ်၍ ရေကာတာတစ်ခုတည်ဆောက်ခြင်းဖြင့် ဆီရ်ဒါရီယာ မြစ်ရေများကို မြောက်ပိုင်းမှ တောင်ပိုင်းသို့ ရောက်မသွားရန် စီမံသည်။ မြောက်ပိုင်းအေရယ်လ်ပင်လယ်သည် အနိမ့်ဆုံးအချိန်ကထက် ၂၀ ရာခိုင်နှုန်းမျှပို၍ကျယ်ပြန့်လာသည်။ အငန်ဓာတ် များစွာလျော့သွားသည်။ ပျောက်ကွယ်သွားသောအပင်များ ပြန်ပေါက်လာသည်။ ရေပြင်ပေါ်၌ ငှက်ပေါင်းစုံ ပြန်လည် ကျက်စားလာသည်။ ငါးဖမ်းလုပ်ငန်း ပြန်အသက်ဝင်လာပြီး ၂၀ဝ၈ ခုနှစ်တွင် ငါးတန်ချိန် ၁၅၀ဝ မျှရရှိသည်။ အလုပ်အကိုင်များ ပြန်လည်ပေါ်ပေါက်လာ၍ ဒေသကို စွန့်ခွာသွားသူများ ပြန်ရောက်လာသည်။
မြောက်ပိုင်းပြန်လည်အသက်ဝင်လာသော်လည်း အေရယ်လ်ပင်လယ်၏အခြားအပိုင်းများသည်မူ ထာဝရ ခန်းခြောက်သွားခဲ့ပြီး မည်သည့်အခါမျှ ပင်ကိုရေပမာဏကိုပြန်မရနိုင်တော့ဟု ယူဆရသည်။ ရေရှည်ကို မတွက်၊ သဘာဝပတ်ဝန်းကျင်ရေးရာကို ဂရုမပြုဘဲ ရေတိုအကျိုးကိုသာကြည့်ခဲ့ကြသော ဆိုဗီယက်တို့၏ဆိုးမွေကို အေရယ်လ်ပင်လယ်ဝန်းကျင်နိုင်ငံသားများ ခါးစည်း၍ခံနေကြရသည်။
ကမ္ဘာတွင် ရေထုတ်ယူသုံးစွဲမှု ဆက်လက်တိုးတက်နေသည့် အပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ဒေသအချို့၌ မိုးနည်းလာနေသည်။ ထို့ကြောင့် ”ကမ်းမမြင်”လောက်အောင် ကျယ်ဝန်းခဲ့သော အေရယ်လ် ပင်လယ်အပါအဝင် ပိုယန်း၊ ချဒ်၊ ပူးပို၊ ပင်လယ်သေ အပါအဝင် ရေလျော့နည်းလာနေသော ရေကန်များ ရေပြန်ပြည့်လာ ရေးအလားအလာသည် ”လမ်းမမြင်”ရသည့် အခြေအနေတွင်ရှိနေသည်။
(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)
အခန်း ၁။ ရေမရှိအသက်မရှိ
အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က
အခန်း ၃။ ပျက်ယွင်းရေသံသရာ
အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း
အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး
အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင်
အခန်း ၇။ အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ
အခန်း ၈။ အရည်ပျော်တောင်ထိပ်များ
အခန်း ၁၀။ နယ်ချဲ့ညစ်ညမ်းရေ
အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်
အခန်း ၁၂။ သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး
အခန်း ၁၃။ ရေငတ်လွန်းသူအတွက်ကုထုံး
အခန်း ၁၄။ အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု
အခန်း ၁၅။ ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ
အခန်း ၁၆။ ခြေရာပျောက်ရေ
အခန်း ၁၇။ ရေဖိုးရေခ
အခန်း ၁၈။ ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ
အခန်း ၁၉။ အုံ့ဆိုင်းသစ်တောစီးသောရေကြည်
အခန်း ၂၀။ ရေရှားကမ္ဘာအတွက်အသင့်ပြင်ကြပါစို့
One thought on “ပင်လယ်ရေတကယ်ခန်း”