
ကမ္ဘာ၏သက်တမ်း နှစ်ပေါင်း ၄၆၀၀ အတွင်း ရာသီဥတု အကြိမ်ကြိမ် ပြောင်းလဲခဲ့သည်။ ပြောင်းခဲ့သည့် အကြောင်းကလည်း အမျိုးမျိုးရှိသည်။ အာကာသဟင်းလင်းပြင်အတွင်း လှည့်လည်နေသော ကမ္ဘာ၏ တည်နေရာနှင့် အနေအထား၊ ကမ္ဘာပေါ်သို့ ဥက္ကာခဲကျရောက်မှု၊ လေထုတွင်းရောက် အမှုန်များ၏ သဘာဝနှင့်ပမာဏစသည်တို့ ဖြစ်သည်။
ကမ္ဘာ့ဝင်ရိုးတိမ်းစောင်းမှု
ကမ္ဘာ၏တောင်နှင့်မြောက်ဝင်ရိုးစွန်းတို့ကို စိတ်ကူးဖြင့် မျဉ်းသားဆက်သွယ်ကြည့်လျှင် ပေါ်လာသော မျဉ်းကြောင်းသည် ကမ္ဘာ့ဝင်ရိုး ဖြစ်သည်။ တစ်ဖန် ကမ္ဘာက နေကိုပတ်သောလမ်းကြောင်း အဝန်းအဝိုင်းကို ပြင်ညီတစ်ခုအနေနှင့် ပုံဖော်ကြည့်လျှင် ကမ္ဘာ့ဝင်ရိုးသည် ယင်းပြင်ညီကို မတ်မတ်ကျမနေဘဲ တိမ်းစောင်းနေသည်ကို တွေ့ရမည်။ အကယ်၍ ကမ္ဘာ့ဝင်ရိုးသည် ကမ္ဘာက နေကိုပတ်နေသောပြင်ညီကို မတ်မတ်ကျနေပါက ကမ္ဘာ့ဒေသများ၏ရာသီဥတုသည် နွေ မိုး ဆောင်း ဟူ၍ ပြောင်းလဲမည်မဟုတ်ချေ။ အီကွေတာတစ်ဝိုက်အပေါ် အမြဲတမ်းနေရောင်တည့်တည့်ကျရောက်၍ ယင်းဒေသသည် အစဉ်ပူပြင်းနေကာ အခြားဒေသများသည် အစဉ် အေးမြနေလိမ့်မည်။ နေ့တာနှင့်ညတာတို့သည်လည်း မပြောင်းမလဲ တစ်နှစ်ပတ်လုံး တစ်သမတ်တည်း ရှိနေလိမ့်မည်။
သို့သော် ကမ္ဘာ့ဝင်ရိုးသည် နေပတ်လမ်းကြောင်းပြင်ညီပေါ်သို့ ၂၃ . ၅ ဒီဂရီ တိမ်းစောင်းနေသဖြင့် နှစ်စဉ် ဇွန်လမှစ၍ ကမ္ဘာ့ မြောက်ဘက်ခြမ်းတွင် နေရောင်ပိုရ၍ နွေရာသီသို့ ရောက်သည်။ နေ့တာပိုရှည်သည်။ ယင်းအချိန်တွင် ကမ္ဘာ့တောင်ဘက်ခြမ်း၌ နေရောင်လျော့၍ရသဖြင့် ဆောင်းရာသီ ဖြစ်သည်။ နေ့တာ တိုသည်။ နောက်ထပ်ခြောက်လကြာ၍ ကမ္ဘာသည် နေ၏အခြားဘက်သို့ ရောက်သောအခါ မြောက်ဘက် ခြမ်းသို့ နေရောင်အကျနည်းပြီး ဆောင်းရာသီ ရောက်ကာ တောင်ဘက်ခြမ်းတွင် နေရောင် အကျများသဖြင့် နွေရာသီ ရောက်သည်။
ထို့အပြင် ကမ္ဘာ့ဝင်ရိုးတိမ်းစောင်းမှုပမာဏသည် တစ်သမတ်တည်းမနေဘဲ ၂၂ . ၁ ဒီဂရီနှင့် ၂၄ . ၅ ဒီဂရီ ကြား၌ ပြောင်းလဲရွေ့လျားလျက် ရှိသည်။ အနေအထားတစ်ခုမှ ဖြည်းဖြည်းချင်းပြောင်းလာပြီး မူရင်း အနေအထားသို့ ပြန်ရောက်ရန် နှစ်ပေါင်း ၄၁၀၀၀ ခန့် ကြာသည်။ ယခုအခါ တိမ်းစောင်းမှုသည် ၂၃ . ၅ ဒီဂရီရှိပြီး တိမ်းစောင်းမှုပမာဏ အနည်းဘက်သို့ ဦးတည်နေသည်။
တိမ်းစောင်းမှုပမာဏ များသောအခါ နွေအခါပိုပူပြီး ဆောင်းအခါပိုအေးသည်။ တိမ်းစောင်းမှု နည်းသောအခါ နွေအခါအပူလျော့၍ ဆောင်းအခါ အအေးလျော့သည်။ နွေအခါ အပူလျော့သောခေတ်သို့ရောက်သောအခါ ဆောင်းတွင်းက ဖုံးခဲ့သောရေခဲပြင်နှင့်ရေခဲမြစ်အချို့ နွေတွင် အရည်မပျော်နိုင်ကြချေ။ မြေပြင် ရေပြင်တို့နှင့် စာလျှင် နှင်းများ ရေခဲပြင်များသည် နေရောင်ကို ပို၍ရောင်ပြန်ဟပ်ထုတ်သဖြင့် ရေခဲပြင်ဧရိယာများသော ကမ္ဘာ့မျက်နှာပြင်မှ လက်ခံစုပ်ယူသောအပူဓာတ်ပမာဏ နည်း၍ ကမ္ဘာ့အပူချိန်သည်လည်း ထပ်၍ ကျဆင်းပြန်သည်။ ယင်းဖြစ်ရပ်မျိုး နှစ်ကာလကြာရှည်စွာ ဆက်တိုက်ကြုံရသောအခါ ကမ္ဘာပေါ်တွင် ရေခဲပြင် များသထက်များလာကာ ရေခဲခေတ်သို့ ရောက်သည်။ ဝင်ရိုးတိမ်းစောင်းမှုပမာဏ တဖြည်းဖြည်း ပြန်များ လာသောခေတ်တွင်မူ ပိုပူလာသောနွေဥတုကြောင့် ရေခဲပြင်များအရည်ပျော်ပြီး ရေခဲခေတ်မှလွတ်သည်။
ပြောင်းလဲနေသော နေနှင့်ကမ္ဘာအကွာအဝေး

ကမ္ဘာသည် နေကို လှည့်ပတ်နေရာ၌ ပတ်လမ်းကြောင်းသည် ပကတိစက်ဝိုင်းပုံ မဟုတ်ဘဲ ဘဲဥပုံ ဖြစ်နေကာ ကမ္ဘာသည် နေနှင့် နီးလိုက် ဝေးလိုက် ဖြစ်နေခြင်းသည်လည်း ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။ ကမ္ဘာသည် နေနှင့် နီးလာပါက ပူလာပြီး နေနှင့် ဝေးသွားပါက အပူချိန် ကျလာသည်။ နေနှင့် ကမ္ဘာ အနီးဆုံးအချိန် တွင် မိုင်ပေါင်း ၉၁ သန်းကျော် ကွာကာ အဝေးဆုံးအချိန်တွင် မိုင်ပေါင်း ၉၄ သန်းကျော် ကွာသည်။
သို့သော် ဘဲဥပုံ နေပတ်လမ်းကြောင်းသည်ပင် အစဉ်တစ်သမတ်တည်း မရှိချေ။ နှစ်ပေါင်း ၉၀၀၀၀ မှ ၁၀၀၀၀၀ ခန့်တွင်တစ်ကြိမ် စက်ဝိုင်းပုံနီးနီးဖြစ်လိုက် ဘဲဥပုံဖြစ်လိုက်နှင့် ဖြည်းဖြည်းချင်း ပြောင်းလဲနေသည်။ လက်ရှိအခြေအနေ၌ ကမ္ဘာသည် ဇန်နဝါရီလတွင် နေနှင့်အနီးဆုံး အနေအထားသို့ ရောက်၍ ဇွန်လတွင် အဝေးဆုံးသို့ရောက်သည်။ ဇန်နဝါရီလသည် ကမ္ဘာ့မြောက်ခြမ်းတွင် ဆောင်းအခါ ဖြစ်ပြီး တောင်ခြမ်းတွင် နွေပေါက်နေသည်။ ယင်းအချိန်တွင် နေနှင့်နီးနေသဖြင့် မြောက်ခြမ်း၏ဆောင်းသည် သာမန်ထက် အအေးပေါ့ပြီး တောင်ခြမ်း၏နွေသည် သာမန်ထက်ပိုပူသည်။
ယိမ်းထိုးနေသောကမ္ဘာ

ရာသီဥတုပြောင်းလဲခြင်း အခြားအကြောင်းတစ်ခုမှာ ကမ္ဘာသည် မိမိ၏ဝင်ရိုးပေါ်တွင် ယိမ်းထိုး၍ လည်နေမှု ဖြစ်သည်။ ဝင်ရိုးယိမ်းထိုးမှုသည် နှစ်ပေါင်း ၂၆၀၀၀ လျှင် ၁ ပတ် ပြည့်သည်။ ယင်းယိမ်းထိုးမှုကြောင့် နွေ နှင့်ဆောင်းဝင်ချိန်သည် နှစ်ပေါင်း ၇၀ လျှင် ၁ ရက်နှုန်းဖြင့် တဖြည်းဖြည်း ရွေ့လျားနေသည်။ ဥပမာ ၂၀၀၀ ပြည့်နှစ်က ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဆောင်းရာသီ စလျှင် ၂၀၇၀ ပြည့်နှစ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဆောင်းရာသီ စမည်။ ယင်းသို့ တဖြည်းဖြည်း ရွေ့လျားနေမှုကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀၀ က ကမ္ဘာ့မြောက်ခြမ်း၌ ဒီဇင်ဘာလတွင် နွေဖြစ်၍ ဇွန်လတွင် ဆောင်းဖြစ်ခဲ့သည်။ ကမ္ဘာ့တောင်ခြမ်း၌ ဒီဇင်ဘာလတွင် ဆောင်းဖြစ်၍ ဇွန်လတွင် နွေဖြစ်ခဲ့သည်။ လက်ရှိအခြေအနေနှင့် ပြောင်း ပြန် ဖြစ်သည်။ ယင်းဖြစ်ရပ်မျိုးကို နောက်နှစ်ပေါင်း ၁၃၀၀၀ ကြာလျှင် ထပ်ကြုံရဦးမည်။
ကမ္ဘာ့ဝင်ရိုးတိမ်းစောင်းမှု၊ ကမ္ဘာနှင့်နေတို့ကြားအကွာအဝေး၊ ကမ္ဘာ့ဝင်ရိုး ယိမ်းထိုးနေမှုတို့သည် ရှုပ်ထွေးသော၊ တွက်ရခက်ခဲသောပုံစံဖြင့် ကမ္ဘာ့ရာသီဥတုကို အမျိုးမျိုးပြောင်းလဲစေလျက် ရှိသည်။ အဆိုပါဖြစ်စဉ်သုံးခု (သို့မဟုတ်)နှစ်ခုတို့ အချိန်ကိုက်ပေါင်းဆုံမိလျှင် ကမ္ဘာပေါ်တွင် ရာသီဥတုပြင်းထန်မှု ပိုဆိုးလာသည်။ တစ်ခါတစ်ရံ ယင်းဖြစ်စဉ်များ၏သက်ရောက်မှုများ တစ်ခုကိုတစ်ခု အပြန်အလှန် ချေဖျက်လိုက်သဖြင့် ရာသီဥတုကို ထိခိုက်ခြင်းမရှိချေ။
မြေထုရွေ့လျှင် ရာသီဥတုပြောင်း

ကမ္ဘာ့ရာသီဥတုတည်း ဟူသော အင်ဂျင်စက်ကြီးကို အဓိက မောင်းနှင်နေသော စွမ်းအင်ဖြစ်သည့် နေရောင်ခြည်ကို လေထုနှင့်ရေထုက စုပ်ယူသကဲ့သို့ မြေထုကလည်း စုပ်ယူသိုလှောင်ထားသည်။ လေထု၊ ရေထုနှင့် မြေထုတို့ နေရာရွေ့လျားလျှင် အပူဓာတ်ကိန်းရာ ရွေ့လျားသည့်အတွက် ရာသီဥတုလည်း လိုက်၍ ပြောင်းလဲသည်။ လေထု၊ ရေထုတို့ ရွေ့လျားမှုကို ထင်ရှားစွာ သိနိုင်မြင်နိုင်ကြသော်လည်း မြေထု၏ ရွေ့လျားမှုကိုသိရန်မလွယ်လှချေ။ သို့သော် ကမ္ဘာ့တိုက်ကြီးများသည် လူ့လက်သည်းခွံရှည်ထွက်သည့်နှုန်းဖြင့် ရှေးက ရွေ့လျားခဲ့၊ ယခုလည်းရွေ့ဆဲ ဖြစ်သည်။ နောင်တွင်လည်း ရွေ့နေကြဦးမည်။ ယခုအခါ အာရှတိုက်၊ ဥရောပတိုက်၊ အာဖရိကတိုက်စသည်ဖြင့် ကွဲထွက် တည်ရှိနေသော်လည်း ကမ္ဘာ့ကုန်းမြေများအားလုံးသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၂၅ သန်းခန့်အချိန်အထိ တိုက်ကြီးတစ်ခုတည်းအဖြစ် တစ်စု တစ်စည်းတည်း ရှိခဲ့သည်။ ကုန်းမြေအများစုသည် အီကွေတာဝန်းကျင်တွင် ရှိနေခဲ့စဉ်အခါက နေရောင်ခြည်ကို စုပ်ယူမှု များပြားသဖြင့် ရာသီဥတုလည်းပိုပူသည်။ ဥပမာ လွန်ခဲ့သောနှစ်သန်းပေါင်း ၁၀၀ ခန့်ကကမ္ဘာ့ပျမ်းမျှအပူချိန် သည် ယခုထက် ၁၀ ဒီဂရီ စင်တီဂရိတ်မျှ ပိုခဲ့သည်။ ယင်းနောက်ပိုင်းတွင် အန္တာတိကတိုက်သည် တောင်ဝင်ရိုးစွန်းအရပ်တွင် ကျန်နေခဲ့ကာ အခြားတိုက်များသည် မြောက်ဖက်သို့ ရွေ့လျားကြသဖြင့် မြေထု၏ အပူဓာတ်သိုမှီးမှု၊ လေထုနှင့်ရေထုစီးဆင်းမှုများ ပြောင်းလဲကာ ကမ္ဘာသည် လက်ရှိအခြေအနေအထိ အပူချိန် ကျဆင်းခဲ့သည်။
ဥက္ကာခဲနှင့်ကြယ်တံခွန်
အာကာသထဲမှကျရောက်လာသည့် ဥက္ကာခဲများ၊ ကြယ်တံခွန် များကြောင့်လည်း ရာသီဥတုပြောင်းခဲ့ဖူးသည်။ ဥက္ကာခဲနှင့်ကြယ်တံခွန်အများစုသည် လေထုထဲသို့ ဝင်ရောက်လာလျှင် လေထု၏ ပွတ်တိုက်အားကြောင့် မီးလောင်ကြေမွသွားကြသည်။ သို့သော် နှစ်ပေါင်းသန်းအနည်းငယ်ကြာလျှင်တစ်ခါ ကမ္ဘာပေါ် ကျလာတတ်သည့် အလွန်ကြီးမားသောဥက္ကာခဲအချို့သည် မြေပြင်သို့တိုင်ရောက်ရှိ၍ အလွန်ပြင်းထန်သော ပေါက်ကွဲမှုကို ဖြစ်ပေါ်စေသည်။ ပေါက်ကွဲမှုကြောင့် မြေသား ကျောက်သားများ ပဲ့ထွက်လွင့်စင်ကာ လေထု ထဲသို့ အလုံးအရင်းနှင့်ရောက်ရှိ၍ နေရောင်ခြည်ကိုကာဆီးလိုက်ကြသဖြင့် ကမ္ဘာ အလွန်အေးမြလာခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၆၅ သန်းခန့်က ယင်းအဖြစ်မျိုး ဖြစ်ပေါ်ခဲ့ရာ ထိုအချိန်က ကမ္ဘာပေါ်တွင် ကျက်စားနေခဲ့သည့် ဒိုင်နိုဆောသတ္တဝါများ မျိုးတုံး ပျောက်ကွယ်သွားဖူးသည်။
အမှုန်များ
ကြယ်တံခွန်နှင့်ဥက္ကာခဲတို့နည်းတူ မီးတောင်မှထွက်သည့် ပြာမှုန်များ၊ ဓာတ်ငွေ့များသည် ကမ္ဘာ့ရာသီဥတုကို သိသာစွာ ပြောင်းလဲစေတတ်သည်။ မီးတောင်များသည် ကာဘွန်ဒိုင်အောက်ဆိုက်၊ ရေငွေ့၊ ဆာလ်ဖာ ဒိုင်အောက်ဆိုဒ်၊ ပြာမှုန်စသည်တို့ကို လေထုတွင်းမှုတ်ထုတ်သည်။ မီးတောင်မှထွက်သည့် ကာဘွန်ဒိုင်အောက်ဆိုက်စသည့် ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏသည် ကမ္ဘာကို ပူနွေးစေရာတွင် များစွာ သက်ရောက်မှုမရှိသော်လည်း ဆာလ်ဖိတ်အမှုန်များသည်မူ ပြာမှုန်ဘဝသို့ ပြောင်းကာ ရာသီဥတုကို အေးမြစေသည်။ ဆာလ်ဖိတ်အမှုန်များသည် လေထုအမြင့်မိုင် ၃၀ သို့တိုင် ရောက်ရှိကာ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့လွှမ်းခြုံ၍ နေရောင်ကို အာကာသထဲ ပြန်ဟပ်ထုတ်ခြင်းဖြင့် ရာသီဥတုကိုအေးမြစေသည်။
သို့သော် ဆာလ်ဖိတ်တို့သည် လအနည်းငယ်ကြာမှ ပြာမှုန်ဘဝရောက်သည့် အတွက် အဓိက မီးတောင်ပေါက်မှုကြီးများ အပြီး ရာသီဥတုအေးမြလာရန် လပေါင်းများစွာ ကြာသည်။ ဥပမာ ၁၉၉၁ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ ပင်နာဘူတိုမီးတောင် ပေါက်ကွဲခဲ့ရာ လေထုတွင်းသို့ ဆာလ်ဖာဒိုင်အောက်ဆိုက် တန်ချိန် ၂၆ သန်းမျှ ရောက်ရှိခဲ့သည်။ ယင်းမီးတောင်ပေါက်ပြီး တစ်နှစ်အကြာတွင် ကမ္ဘာ့ပျမ်းမျှအပူချိန်သည်လည်း ၀ . ၅ ဒီဂရီခန့် ကျဆင်းခဲ့သည်။
မီးတောင်ပြာများနှင့်အလားတူ အေရိုဆိုးလ်အမှုန်များသည်လည်း ရာသီဥတုအပေါ် သက်ရောက်မှု ရှိသည်။ အေရိုဆိုးလ်ဆိုသည်မှာ လေထုအတွင်း လွင့််မျောနေသည့် အမှုန်များကို ခေါ်သည်။ မီးတောင်ပေါက်မှု၊ ဖုန်မှုန့်မုန်တိုင်း၊ တောမီးနှင့် သစ်ပင်မြက်ပင်များ မီးလောင်မှုစသည့် သဘာဝအကြောင်းများကြောင့် လေထုတွင်းရောက်နေသည့် အေရိုဆိုးလ်အမှုန်များ ရှိသကဲ့သို့ စက်ကိရိယာများမောင်းနှင်ခြင်း၊ လူ့အသုံးအဆောင်ပစ္စည်းများကို အသုံးပြုခြင်း စသည့် လူတို့၏ပယောဂကြောင့် လေထုတွင်းရောက်နေသည့် အေရိုဆိုးလ်အမှုန်များလည်း ရှိသည်။ လေထုတွင်းရှိ အေရိုဆိုးလ်ပမာဏ၏ ၁၀ ရာခိုင်နှုန်းသည် လူ့ပယောဂကြောင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အေရိုဆိုးလ်အမှုန်များသည် အမျိုးအစားကိုလိုက်၍ ပူခြင်း အေးခြင်းတို့ကို ဖန်တီးနိုင်သည်။ ဥပမာ မီးတောင်ပြာတွင်ပါသည့် ဆာလ်ဖာဒိုင်အောက်ဆိုက်ကဲ့သို့ အရောင်ဖျော့သည့် အမှုန်များသည် နေရောင်ကို အာကာသတွင်းသို့ ပြန်ကန်ထုတ်သဖြင့် အောက်ပိုင်းဒေသများကို အေးမြစေသည်။ မီးခိုးထဲတွင်ပါသည့် အမည်းရောင်အမှုန်များသည်မူ နေရောင်ခြည်အပူဓာတ်ကိုစုပ်ယူ၍ အပူချိန်တိုးစေသည်။ အေရိုဆိုးလ်တို့သည် ယင်းကဲ့သို့ အပူချိန်နှင့်စွမ်းအင်ညီမျှမှုကို ပြောင်းလဲစေခြင်းဖြင့် ရာသီဥတုပြောင်းလဲစေရန် အားပေးသည်ဟု ပညာရှင်အချို့က ယူဆသည်။
အနိမ့်ပိုင်းတိမ်တိုက်
တိမ်တိုက်များသည် အေရိုဆိုးလ်တို့ကို အခြေခံ၍ ဖြစ်ထွန်းလာကြရာ လေထုထဲတွင် အေရိုဆိုးလ်မရှိလျှင် တိမ်တိုက်များလည်း မရှိနိုင်ချေ။ တိမ်တိုက်များသည် ယင်းတို့၏ ထူထပ်မှုနှင့်အမြင့်ကို လိုက်၍ အောက်ပိုင်း ဒေသများ၏အပူချိန်ကို ပြောင်းလဲစေသည်။ အမြင့်ပိုင်းရှိ ပါးလွှာသောတိမ်တိုက်များသည် အပူဓာတ် စုပ်ယူနိုင်စွမ်း မြင့်မား၍ ရာသီဥတုကို ပူနွေးစေသည်။ အနိမ့်ပိုင်းရှိ ထူထဲသောတိမ်တိုက်များသည်မူ မြေပြင်ပေါ်သို့ ဦးတည်ကျရောက်လာသော နေရောင်ခြည်အချို့ကို ရောင်ပြန်ဟပ်ထုတ်ခြင်းဖြင့် ကမ္ဘာကို အတိုင်းအတာတစ်ခုအထိ အေးမြလာစေသည်။