ရေထွက်သန်၍ ရေရှည်ခံသည့် အဝီစိတွင်းများ

မြေအောက်ရေကို အဝီစိတွင်းများဖြင့် တူးဖော်ထုတ်ယူသုံးစွဲခဲ့သည်မှာ ခရစ်တော်မပေါ်မီ ရာစုနှစ်ပေါင်း များစွာကတည်းက ဖြစ်သည်။ တွင်းတူးစက်များ မပေါ်ပေါက်သေးသောခေတ်ဖြစ်၍ လူ့ခွန်အားသက်သက်ဖြင့်သာ ကြိုးပမ်းခဲ့ကြရာ အချို့တွင်းများကို သားစဉ်မြေးဆက် တူးဖော်ရသည့်အထိ ကြာမြင်ခဲ့သည်။

ခေတ်သစ်နည်းပညာနှင့် စက်ကြီးများဖြင့် အဝီစိတွင်း တူးဖော်ခြင်းကိုမူ ၁၉ ရာစု အလယ်ပိုင်းခန့်က ပြင်သစ်ပြည်၌ စတင်နိုင်ခဲ့သည်။

မည်သည့်နည်းကို သုံးသည်ဖြစ်စေ အောင်မြင်သော အဝီစိတွင်း ဖြစ်လာရန် တူးဖော် ရရှိသော မြေသား နမူနာများကို မှတ်သား လေ့လာခြင်းဖြင့် ရေရနိုင်သော အနက်ကို ခန့်မှန်းခြင်းမှာ လွန်စွာအရေးပါသည်။ ရွှံ့မြေ နုန်းမြေတို့ထဲ၌ ခိုအောင်းနေသော ရေပမာဏသည် သဲနှင့် ကျောက်စရစ်မြေတို့ထဲရှိ ရေပမာဏထက် များပြားသည်။ သို့သော် ရွှံ့နှင့် နုန်းတို့၏ သဘာဝမှာရှိသော ရေကို တတ်နိုင်သမျှ ထိန်းသိမ်း သိုလှောင်ထားတတ်ကြသောကြောင့် ယင်မြေမျိုးတို့မှ ရေများများစားစား မရယူနိုင်ချေ။ သဲနှင့် ကျောက်စရစ်တို့သည်မူ ယင်းတို့ထဲ၌ ရှိသော ရေကို လွယ်လင့်တကူ ထုတ်ပေးတတ်သောကြောင့် အဝီစိတွင်းတူးသူများသည် သဲနှင့် ကျောက်စရစ်များကို တွေ့သည်အထိ ကြိုးစားတူးဖော်ကြရသည်။

အနည်းဆုံး ဆယ်ပေခန့်ထူသော သဲနှင့် ကျောက်စရစ်လွှာတို့ထဲမှသာ သင့်တင့်သော ရေပမာဏကို ထုတ်ယူရရှိနိုင်၍ ယင်းအလွှာတို့ တည်ရှိရာ အနက်ပေနှင့် အထူကို သေချာစွာ ရှာဖွေတိုင်းတာရသည်။ ထို့နောက် ဆန်ခါပိုက်ကို သဲကျောက် စရစ်လွှာ၏ တည့်တည့်၌ ရှိစေရန် ဂရုစိုက်၍ ချထားရသည်။ ဆန်ခါပိုက်၏ အထက်တွင်မူ ရိုးရိုးပိုက်များကို မြေပြင်အထိ တောက်လျှောက်တပ်ဆင်ထားသည်။

မြေအောက်ရေများ အဝီစိတွင်းထဲသို့ လွယ်လင့်တကူ ဝင်ရောက်လာနိုင်စေရန်အတွက် တပ်ဆင်ထားရှိသည့် ဆန်ခါပိုက်သည် အဝီစိတွင်း၏အသက် ဖြစ်သည်။ အရည်အသွေး မကောင်းသောဆန်ခါပိုက်များ၏ ဆန်ခါပေါက်များတွင် သဲလုံးများ ပိတ်ဆို့ပြီး ရေအဝင်နည်းတတ်သည်။ ထို့ပြင် ရေတွင် ပျော်ဝင်နေသော ဓာတ်ဆားတို့၏ တိုက်စားမှုကြောင့် တိုတောင်းသော အချိန်အတွင်း၌ ဆွေးမြည့် ပျက်စီးတတ်သည်။ ဆန်ခါပိုက် ပျက်စီးသောအခါ တွင်းထဲသို့ သဲနှင့် ကျောက်စရစ်များ အလုံးအရင်းနှင့်ပြိုဆင်းလာသဖြင့် အဝီစိတွင်းသည်လည်း ပိတ်ဆို့ ပျက်စီးလေတော့သည်။ အရည်အသွေးကောင်း သော သတ္တု သို့မဟုတ် ပလတ်စတစ်ဖြင့် အထူးစီမံပြုလုပ်ထားသည့် ဆန်ခါပိုက်များကို အသုံးပြုသော အဝီစိတွင်းသည် ရေထွက်ကောင်းပြီး ကြာရှည်ခံသည်။

ခေတ်မီဆန်ခါပိုက်ရှိ ဆန်ခါပေါက်များ၏အကျယ်မှာ တစ်လက်မ၏ အပုံနှစ်ဆယ်ပုံ တစ်ပုံခန့်အထိ ရှိတတ်သည်။ ဆန်ခါပေါက်ကျယ်လေ ရေပိုဝင်လေဖြစ်သော်လည်း ဆန်ခါ ပိုက်အပေါက်သည် ကျယ်လွန်းသောအခါ သဲနုများပါ ရေနှင့် အတူ လိုက်ပါဆုံးရှုံးနိုင်သည့်အန္တရာယ်ရှိသည်။ ဤအဖြစ်မျိုးကို “သဲလိုက်”သည်ဟု ခေါ်ရာ သဲလိုက်မှု ရှည်ကြာပါက ဆန်ခါ ပိုက် ပတ်လည်တွင် ဂလိုင်ဖြစ်လာပြီး အဝီစိတွင်း ပြိုတတ်သည်။ ထို့ကြောင့် ဆန်ခါပေါက်တစ်ပေါက်ချင်း၏ အကျယ် မှာ ပိုက်ပတ်လည်ရှိ သဲနှင့် ကျောက်စရစ် အများစု၏ အရွယ် ထက် သေးငယ်ရမည်။ သို့မှသာ သဲလုံးနှင့် ကျောက်စရစ်လုံး များ ရေစီးနှင့်အတူ လိုက်ပါ မသွားနိုင်ရန် ထိန်းထားနိုင်မည် ဖြစ်သည်။ ထို့ပြင် ဆန်ခါပေါက်ဖောက်ထားသော ပုံစံဒီဇိုင်း သည် အပေါက်များကြား၌ သဲလုံးများ ညပ်၍ ပိတ်ဆို့နေခြင်း မရှိစေရန် ပြုလုပ်ထားရမည်။ ဆန်ခါပိုက်ကို ပြုလုပ်သော ပစ္စည်းသည် ရေတွင်ပါသော တိုက်စားတတ်သည့် ဓာတ်ဆား များ၊ တွင်းဆေးရာတွင် သုံးသည့် ကလိုရင်း ပိုးသတ်ဆေးနှင့် ငရဲမီးတို့၏ ဓာတ်ပြုမှုဒဏ်ကို ခံနိုင်သည့် ပစ္စည်းဖြစ်ရန် လိုအပ် သည်။

အဝီစိတွင်းတစ်တွင်း၏အရည်အသွေးကို ဆုံးဖြတ်ရာ ၌ ယင်းတွင်း ရေရှည်တည်တံ့ရေးအတွက် ရေထွက်နှုန်း ကောင်းခြင်းအပြင် ရေစုပ်ယူနေစဉ် ရေမျက်နှာပြင်နိမ့်ကျသွားမှုကိုပါဂရုပြုရမည်။ အဝီစိတွင်းထဲရှိ ရေမျက်နှာပြင် နိမ့်ကျမှု များပြားလွန်းလျှင် အကြောင်းအမျိုးမျိုးကြောင့် ဆန်ခါပိုက် ပိတ်ဆို့ကာ ရေထွက်နှုန်း ကျဆင်း ရပ်တန့်သွားတတ်သည်။ ထို့ကြောင့် တကယ်တမ်း ကောင်းမွန်၍ ရေရှည် တည်တံ့မည့် အဝီစိတွင်း တစ်တွင်းသည် ရေထွက်နှုန်းကောင်းရမည့်အပြင် ရေစုပ်ယူချိန်၌ ရေမျက်နှာပြင်နိမ့်ကျမှုလည်း နည်းပါးရမည် ဟု သတ်မှတ်ကြခြင်း ဖြစ်သည်။ ဤနေရာတွင်လည်း ဆန်ခါ ပိုက်၏ ကဏ္ဍက အရေးပါလာပြန်သည်။

ရေမျက်နှာပြင် နိမ့်ကျမှုကို ဖြစ်ပေါ်စေသည့် အကြောင်း ရင်းများမှာ “ရေအောင်းလွှာ”ခေါ် မြေအောက်ရေများ တည်ရှိရာ မြေလွှာ၏ သဘာဝ၊ ဆန်ခါပိုက်ပိတ်ခြင်းနှင့် အသုံးပြုသော ဆန်ခါပိုက်၏ အရည်အသွေးတို့ပေါ်တွင် မူတည်သည်။ ဖော် ပြပါ အချက်သုံးချက်အနက် ပထမအချက်ဖြစ်သော ရေ အောင်းလွှာ၏ သဘာဝကို မည်သို့မျှ ပြုပြင်ပြောင်းလဲ၍ မရ နိုင်ချေ။ ဆန်ခါပိုက်ပိတ်ခြင်းကိုမူ ရှောင်ရှားနိုင်သည်။ ဆန်ခါ ပိုက်၏ အရည်အသွေးကိုလည်း သင့်တော်သလို ရွေးချယ်နိုင် သည်။

ဆန်ခါပိုက်ပိတ်ရခြင်းအကြောင်းများအနက်တစ်ခုမှာ သဲလုံးများ တစ်ဆို့ခြင်းကြောင့်ဖြစ်သည်။ အဝီစိတွင်းများကို တူးပြီးလျှင်ပြီးချင်း ဆန်ခါပိုက်ပတ်ပတ်လည်ရှိ သဲနုများကိုကုန်စင်အောင်ဆေးကြော၍ ရေကြည်သက်သက် ထွက်အောင် စီမံထားရသော်လည်း ရံဖန်ရံခါ သဲနုများ ကျန်နေတတ်ပြီး ဆန်ခါပေါက်များ၏ အဝတွင် လာရောက် တစ်ဆို့နေတတ်သည်။ အဝီစိတွင်းမှ ရေထုတ်ယူနှုန်းများလေ ရေစီးနှင့်အတူ သဲနုများ ပိုမိုလိုက်ပါလာကာ ဆန်ခါပေါက်များ၌ တစ်ဆို့နိုင်သည့် အခွင့်အလမ်း ပိုများလေဖြစ်သည်။

မြေအောက်၌ ရှင်သန်ပေါက်ဖွားသည့် ဘက်တီးရီးယားပိုး အချို့မှ ထွက်သော “ချွဲ”(Slime)များကြောင့်လည်း ဆန်ခါ ပိုက် ပိတ်ဆို့တတ်သည်။ ဆန်ခါပေါက်တွင် ကပ်ငြိနေသော ဘက်တီးရီးယားချွဲများသည် ရေတွင်ပါသော ဓာတ်ဆား မှုန့် များ၊ အနည်များကိုပါ ဖမ်းယူထားခြင်းဖြင့် ဆန်ခါပေါက် ပိတ် ဆို့မှုကို ပိုမိုဆိုးရွားစေတတ်သည်။

အချို့သော ဘက်တီးရီးယားပိုးတို့သည်မူ မြေအောက်တွင် သဘာဝအလျောက် သူ့ဘာသာသူနေလျှင် အဝီစိတွင်းကို မည်သို့မျှအန္တရာယ်မပေးချေ။ တွင်းထဲမှ ရေထုတ်ယူနှုန်း များလာ၍ မြေအောက်ရေမျက်နှာပြင် နိမ့်ကျလာသောအခါ နိမ့်ကျသော ရေမျက်နှာပြင်နှင့်အတူ မြေအောက်အနက်ပိုင်း အထိ ရောက်ရှိလာသည့် အောက်ဆီဂျင်ဓာတ်တို့နှင့် ထိတွေ့ ခွင့်ရလျှင်မူ ယင်းဘက်တီးရီးယားတို့သည် အဝီစိတွင်းကို အန္တ ရာယ်ပေးနိုင်သည်။ အန္တရာယ်ပေးပုံမှာ အောက်ဆီဂျင်ကို အသုံး ချ၍ ရေတွင် ပျော်ဝင်နေသော သံ၊ မင်းဂနီး စသော ဓာတ်များ ကို ရေတွင် မပျော်ဝင်သော အနည်များဖြစ်အောင် ပြောင်းလဲ ပေးလိုက်ကြရာ ယင်းအနည်တို့သည် ဆန်ခါပေါက်တွင် တစ် ဆို့နေခြင်းဖြင့် အဝီစိတွင်း၏ရေထွက်နှုန်းကို ကျဆင်းစေသည်။

ရေတွင်ပျော်ဝင်နေသောအချို့ဓာတ်ဆားတို့သည် ဘက်တီးရီးယားပိုးတို့၏ ပယောဂမပါစေကာမူ နိမ့်ကျလာသောရေမျက်နှာပြင်နှင့်အတူ ရောက်ရှိလာသည့် အောက်ဆီဂျင်နှင့်ထိတွေ့မိသောအခါ အနည်များ အဖြစ်သို့ ပြောင်းလဲ၍ တွင်း ဆန်ခါပေါက်များကို ပိတ်ဆို့စေသည်သာမက တွင်းပတ်ပတ် လည်ရှိ သဲနှင့် ကျောက်စရစ်လုံးများကြား၌ ခိုဝင်နေခြင်းဖြင့် လည်း ရေစီးမှုကို အနှောင့်အယှက် အဟန့်အတား ပြုတတ် သည်။

ထုံးဓာတ်တစ်မျိုးဖြစ်သော ကယ်လ်စီယံ ကာဗွန်နိတ်နှင့် အလားတူ ဓာတ်ဆားများသည် မြေအောက်ရေ အချို့တွင် ပျော်ဝင်နေကြသော ဓာတ်များ ဖြစ်သည်။ ယင်းတို့ ပျော်ဝင်နေမှုမှာ ရေတွင် ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ် ပျော်ဝင်မှုနှင့် ဆက်စပ် နေသည်။ အကြောင်းတစ်ခုခုကြောင့် ရေထဲမှ ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်များ “လွတ်ထွက်”သွားပါက ကယ်လ်စီယံ ကာဘွန်နိတ်တို့သည်လည်း ရေထဲတွင် မပျော်ဝင်နိုင်တော့ဘဲ အနည်ဖတ်များ ဘဝသို့ ပြောင်းလဲသွားသည်။ မြေအောက်ရေ ထဲမှ ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်များ လွတ်ထွက်နိုင်သည့် အကြောင်းရင်းတစ်ခုမှာ ရေထုတ်ယူနှုန်းများပြီး ရေမျက်နှာပြင် နိမ့်ကျကာ တွင်းပတ်လည်ရှိ ရေဖိအား လျော့ကျသွားမှုကြောင့် ဖြစ်သည်။ ထိုအကြောင်းကြောင့် ဖြစ်ပေါ်လာသော ဓာတ်ဆား အနည်တို့သည် ဆန်ခါပေါက်များနှင့် သဲနှင့် ကျောက်စရစ်များ အကြား ဝင်ရောက်ကာ ရေသွားလမ်းကြောင်းကို ပိတ်ဆို့စေ တတ်သည်။ ထို့အပြင် ယင်းအနည်တို့ကြောင့်ပင် သဲနှင့် ကျောက်စရစ်များ အချင်းချင်း ကော်နှင့်ကပ်လိုက်သကဲ့သို့ တွဲ ဆက် ကပ်ငြိမိကြသောအခါ တွင်းထဲသို့ ရေလုံး၀ မဝင်တော့ သည့်အဖြစ်မျိုးနှင့်လည်း ကြုံကြရသည်။

အဝီစိတွင်း ဆန်ခါပိုက် ပိတ်ဆို့မှုများအနက် သဲလုံးပိတ်ဆို့ မှုများကို အားကောင်းသော လေမှုတ်စက်များနှင့် အဝီစိတွင်း ဆေး ကိရိယာများကို အသုံးပြု၍ ဆေးကြော ရှင်းလင်းနိုင် သည်။ ဘက်တီးရီးယား ချွဲများကြောင့်ဖြစ်သော ပိတ်ဆို့မှုကို ကလိုရင်း ပိုးသတ်ဆေးခတ်၍ ရှင်းလင်းနိုင်သည်။ ထုံးဓာတ် စသော ဓာတ်ဆားအနည်တို့ကြောင့် ပိတ်ဆို့မှုကို သင့်တော် သော ငရဲမီးများကို တွင်းထဲလောင်းထည့် ဓာတ်ပြုစေခြင်းဖြင့် ဆေးကြောနိုင်သည်။ သို့သော် ယင်းလုပ်ဆောင်မှုများမှာ ငွေ ကြေးကုန်ကျမှုရှိ၍ ကျွမ်းကျင်သော ပညာရှင်လုပ်သားများ၏ ကြီးကြပ်မှုဖြင့်သာ လုပ်ဆောင်နိုင်ကြသည်။

ဘက်တီးရီးယားချွဲတို့ကြောင့်ဖြစ်သော ပိတ်ဆို့မှုမျိုးကို လုံးဝမဖြစ်ပေါ်ရအောင်တားဆီးရန် မလွယ်လှချေ။ သို့သော် အခြား အကြောင်းကြောင့် ပိတ်ဆို့မှုများကိုမူ ဖြစ်လာမှ ဆေး ကြောရှင်းလင်းမည့်အစား ငွေလည်းမကုန်၊ လွယ်ကူမှုလည်း ရှိသည့် နည်းလမ်း တစ်ရပ်ဖြင့် လုံးဝမပိတ်ဆို့စေရန် သို့မဟုတ် ပိတ်ဆို့မှုဖြစ်စဉ်ကို နှောင့်နှေးစေရန် ကာကွယ် လုပ်ဆောင်နိုင် ကြသည်။

ယင်းနည်းမှာ မိမိတို့ ထုတ်ယူလိုသော ရေပမာဏကို အချိန်တိုတိုအတွင်း၌ အလုံးအရင်းဖြင့် ထုတ်ယူမည့် အစား နည်းနည်းချင်းထုတ်ယူရန်ဖြစ်သည်။ ဥပမာ တစ်နေ့လျှင် ဂါလံ ၁၀၀၀၀ သုံးစွဲသည့် ကျေးရွာတစ်ရွာ၌ တစ်နာရီ ဂါလံ ၂၀၀၀ နှုန်းဖြင့် ငါးနာရီအတွင်း၌ ထုတ်ယူမည့်အစား တစ်နာရီ ဂါလံ ၁၀၀၀ နှုန်းဖြင့် ၁၀ နာရီကြာ ထုတ်ယူရန်ဖြစ်သည်။ ရေစုပ်နှုန်းကို လျှော့၍ ရေစုပ်ချိန်ကို ဆွဲဆန့်နိုင်လေ ကောင်းလေ ပင်။ အရန်အဝီစိတွင်းရှိသော ဒေသများ၌ တွင်းတစ်တွင်းတည်း ကိုသာ သုံးပြီး ကျန်တွင်းများကို အနားပေးထားခြင်းမှ ရှောင်ရှား ကာ ရှိသမျှတွင်းများမှ ညီညီမျှမျှ စုပ်ယူ အသုံးချသင့်သည်။

ဤသို့ ပြုလုပ်ခြင်းကြောင့် ရေစီးနှုန်း နှေးသွားပြီး ရေ မျက်နှာပြင် နိမ့်ကျမှုသည် လျော့နည်းသွားမည်။ အကျိုးဆက် အဖြစ်ဖြင့် ဆန်ခါပေါက်ဝ၌ သဲပိတ်ဆို့နိုင်မှု အခွင့်အလမ်း နည်းသွားမည်။ အောက်ဆီဂျင် ဓာတ်များ မြေအောက် အနက် ပိုင်းအထိ ရောက်ရှိလာခြင်းနှင့် တွင်းပတ်လည်၌ ရေဖိအား သိသာစွာ ကျဆင်းမှု မရှိတော့ခြင်းတို့ကြောင့် ဓာတ်ဆား အနည် ဖြစ်ပေါ် ပိတ်ဆို့မှုများ နည်းပါး နှောင့်နှေးသွားမည် ဖြစ်သည်။

ဆန်ခါပိုက်၏ အရည် အသွေး မကောင်းမှုကြောင့် အဝီစိ တွင်း ရေရှည်တည်တံ့မှုကို ဆိုးရွားစွာ ထိခိုက်စေတတ်သော အချက်ကိုမူ ကျယ်ပြန့်စွာ သဘောပေါက်ခြင်း မရှိကြသေးချေ။ တွက်ချက်မှုများအရ အထူး စီမံပြုလုပ်ထားသော ဆန်ခါပိုက်များရှိ ဆန်ခါပေါက် ဧရိယာမှာ ပိုက်မျက်နှာပြင် ဧရိယာ စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော် အထိ ရှိသည်။ စံမီ ဆန်ခါ ပိုက်များ၏တန်ဖိုးမှာ ရိုးရိုးပိုက်များ၏တန်ဖိုးထက် ၈ ဆခန့် ဈေးပိုပေးရသည်။ ထိုသို့ ဈေးကြီးပေးရသောကြောင့် လည်း ကောင်း၊ အလွယ်တကူ မရနိုင်သောကြောင့် လည်းကောင်း တွင်း အနက် ပေ ၁၀၀ လျှင် ဆန်ခါပိုက်အရှည် ၁၀ ပေ ပေ ၂၀ ခန့်သာလျှင် သုံးရသည့်တိုင် နေရာအများအပြား၌ ယင်း ပိုက်များကို သုံးစွဲခြင်းမရှိဘဲ ရိုးရိုးပိုက်များကို ဆန်ခါပေါက် ဖောက်၍ သုံးစွဲနေကြသည်။ ပိုက်၏ ခိုင်ခံ့မှုကို ငဲ့ရသည့်အတွက် ယင်းပိုက်များ၏ ဆန်ကာပေါက် ဧရိယာမှာ အထူးဆန်ခါပိုက် များရှိ အပေါက်ထက် များစွာနည်းသည်။ ထို့ကြောင့် ယင်းတို့ကို သုံးပါက ရေအဝင်နည်းသည့် အပြင် ရှိသမျှ ဆန်ခါပေါက်များ တွင်းသို့ ရေများအလုအယက် တိုးဝှေ့ ဝင်ရောက်ရသဖြင့် ရေ မျက်နှာ ပြင် နိမ့်ကျမှု ပိုမိုများပြားသည်။ ထို့ပြင် ယင်း ဆန်ခါ ပေါက်များ၏ ကြားတွင် သဲလုံးများ၊ အနည်များ ညပ်နေလျှင် ရုတ်တရက် ထွက်ရန် မလွယ် ချေ။

အပေါက်ဖောက်ထားသော ပိုက်များနှင့် အထူးစီမံပြုလုပ် ထားသော ဆန်ခါပိုက်များ၏ခြားနားမှုကို သိရန် စမ်းသပ်မှု တစ်ခု ပြုလုပ်ခဲ့ဖူးသည်။ ပေ ၂၀ ရှည်၍ ၁၂ လက်မအချင်းရှိ သံပိုက်ကို အပေါက်ဖောက်၍ လည်းကောင်း၊ ၁၀ ပေရှည်၍ ၈ လက်မအချင်းရှိသော အထူးဆန်ခါပိုက်ကိုသုံး၍လည်းကောင်း ရေထွက်နှုန်းနှင့် ရေမျက်နှာပြင်နိမ့်ကျမှုကို စမ်းသပ်ခဲ့သည်။ ရရှိသော အဖြေမှာ အပေါက်ဖောက်ထားသော ၁၂ လက်မပိုက်ဖြင့် စမ်းလျှင် တစ်မိနစ် ရေဂါလံ ၁၀၀ ထွက်ပြီး ရေမျက်နှာပြင် နိမ့်ကျမှု ၇ ပေခွဲရှိသည်။ ၈ လက်မ အထူး ဆန်ခါပိုက်ဖြင့် စမ်းသပ် သော အခါတွင်မူ တစ်မိနစ် ရေဂါလံ ၂၀၀ ထွက်ပြီး ရေမျက်နှာပြင် နိမ့်ကျမှုမှာ ၂ ပေခွဲသာရှိကြောင်း တွေ့ရသည်။

ထို့ကြောင့် စံမီဆန်ခါပိုက်များကိုအလွယ်တကူရရှိအောင်စီမံပြီး ကျယ်ပြန့်စွာ သုံးကြလျှင် ငွေအမြောက် အများ အကုန်ခံ၍ တူးထားသော အဝီစိတွင်းများမှ ရေလည်း ပိုရ၊ တာရှည် လည်း ခံကာ ငွေကုန်ကျိုး လည်း နပ်ကြကာ တစ်နေ့တစ်ခြား ရှားပါးလာနေသည့် ရေကောင်းရေသန့်ကို နှစ်လကြာရှည် သုံး ခွင့်ရကြမည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s