
မြေအောက်ရေကြော(aquifer)အဓိကနှစ်မျိုးရှိသည်။ မြေအောက်ရေရှိရာသဲထု၏အောက်တွင်သာ ရွှံ့၊ ကျောက်လွှာစသောရေပိတ်လွှာရှိသည့် ရေကြောကို unconfined aquifer ဟုခေါ်ပြီး အပေါ်ရောအောက်ပါရေပိတ်လွှာရှိသည့် ရေကြောကို confined aquifer ဟုခေါ်သည်။ တစ်ဖက်ပိတ်ရေကြောနှင့်နှစ်ဖက်ပိတ်ရေကြောဟု ပြန်ဆိုနိုင်မည်ထင်သည်။ ဥပမာအလွယ်ပေးရလျှင် တစ်ဖက်ပိတ်မြေအောက်ရေကြောရှိရေသည် မြစ်ချောင်းထဲတွင်စီးသည့်ရေနှင့်တူပြီး နှစ်ဖက်ပိတ်မြေအောက်ရေကြောရှိရေသည် ပိုက်ထဲတွင်စီးသည့်ရေနှင့်တူသည်။
ခန်းခြောက်လျော့နည်းသွားသည့်မြေအောက်ရေကိုပြန်ဖြည့်ရာတွင် ယေဘုယျအားဖြင့် တစ်ဖက်ပိတ်ရေကြောကို ဖြည့်ရတာက ပိုလွယ်သည်။ လွယ်သည်ဆိုသော်လည်း မြေအောက်ရေကြော တည်နေပုံ၊ တည်ဆောက်ပုံ၊ သဲလုံးများ၏အရွယ်အစားစသည်တို့ကို ဇလဘူမိဗေဒနည်းပညာဖြင့် တိုင်းတာတွက်ချက်ဖို့လိုအပ်သည်။ ပြန်ဖြည့်မည့်ရေများကို သိုလှောင်မည့် ရေစိမ့်ကန်(ပထမပုံကိုကြည့်ပါ)၏ တည်နေရာနှင့်အရွယ်အစားကိုလည်း တွက်ရသည်။ ပြီးလျှင် ပြန်ဖြည့်မည့်ရေကို လိုအပ်သလို အမှိုက်သရိုက်ဖယ် သန့်စင်စေကာ ရေစိမ့်ကန်တွင်းထည့်၍ မြေအောက်စိမ့်ဝင်စေရသည်။ ပြန်ဖြည့်ရေကြောင့် မြေအောက်ရေပြင်မြင့်တက်လာသည်။ ဖြည့်သည့်ရေပမာဏပေါ်တွင်မူတည်ကာ အဝီစိတွင်းမှ ရေပိုထုတ်သုံးလာနိုင်သည်။ ရေများများဖြည့်နိုင်လျှင် နွေတက်သော်မှ မခန်းတော့ချေ။ ပြန်ဖြည့်သည့်ရေအတွက် မိုးရေ၊ ချောင်းရေတို့ကိုသုံးနိုင်သည်။

ကုန်ကျစရိတ်အထိုက်အလျောက်ရှိသည်။ သို့သော် ယင်းကုန်ကျငွေသည် ကျဆင်းသွားသော တွင်းရေနောက်လိုက်၍ တစ်မြို့လုံးတွင်းတွေထပ်နက်အောင်တူးနေရတာ၊ နောက်ဆုံး ဘယ်လောက်နက်အောင်တူးတူး ရေမရနိုင်တော့တာတွေနှင့်စာလျှင်တော့ အများကြီးကုန်ရကျိုးနပ်သည်။

အချို့နေရာများတွင် ရေစိမ့်ကန်အစား တွင်းတူး၍ မှုတ်သွင်းခြင်းဖြင့်လည်း မြေအောက်ရေပြန်ဖြည့်ကြသည်။ တစ်လက်စတည်းပြောရလျှင် တစ်ဖက်ပိတ်ရေကြောသည် ရေဖြည့်ရတာပိုလွယ်သည်ဆိုသော်လည်း တွင်းတိမ်သောအခါ အိမ်သုံးမိလ္လာကန်မှအညစ်အကြေးများ စိမ့်ဝင်နိုင်ခြေတော့ရှိသည်။ ရေတွင်းနှင့်မိလ္လာကန် အနည်းဆုံးပေ ၅၀ ကွာအောင်ထားနိုင်လျှင် ကောင်းသည်။