
ThantZin Lynn is with Vum Lun Dal and 13 others.
ရေမကြာခဏ လွမ်းတာခံရသလို အနီးအနားက မြစ်ချောင်းကမ်းပါးတွေ ပြိုလို့ ရပ်ရွာတွေပြောင်းရွေ့ရတယ်ဆိုတာ ဖြစ်တတ်တဲ့သဘာဝပါ။ အဲလို ရပ်ရွာထဲမှာ ကလေးမြို့နယ်၊ ဖောင်ကူးချောင်းကမ်းဘေးက မော်လိုက်ကလေးရွာစုလဲ ပါဝင်ပါတယ်။ တောင်ရွာ၊ မြောက်ရွာ ဆိုပြီး ရှိခဲ့ကြတယ်။ ဒုတိယ ကမ္ဘာစစ်မှာ ကျန်ခဲ့တာလို့ အဆိုရှိတဲ့ ဘိလပ်မြေအိတ်လိုက်ခဲနေတဲ့ အတုံးကြီးတွေ ခင်းထားတဲ့ ရွာအဝင်လမ်းဟာ ရွာရဲ့ အမှတ်အသားတခုပေါ့။ ကမ်းပြိုသလို လမ်းမကြီးနဲ့ အကူးအသန်းခက်လို့ ရွာသားအချို့က ကလေးတမူး ကားလမ်းဘေး ကိုပြောင်းရွေ့ပြီး မော်လိုက်ကလေး ရွာသစ်ဆိုပြီး အခြေချနေခဲ့တာ ကြာလှပါပြီ။
၂၀၁၅ ခုနှစ် ကလေးမြို့မှာ စံချိန်တင်ရေကြီးတော့ ကျန်နေခဲ့တဲ့ မော်လိုက်ကလေး တောင်ရွာ နဲ့ မြောက်ရွာဟာ လဲ ကားလမ်းဘေးကို ပြောင်းခဲ့ရပြန်ပါတယ်။ ရှေ့က လူတွေ ရွေးကျန်၊ ပါယ်မြေ တွေမှာပဲ နေကြရတာမို့ အရင်က တပြန့်တပြော ကွင်းပြင်၊ ချောင်းဘေး နေသူတွေဟာ အခုတော့ တောင်ကုန်း လျှိုမြောင်တွေကြားမှာ ရသလို ရွာသစ်တည်ခဲ့ကြရတယ်။ ထူးဆန်းတာက မူလ မြောက်ရွာ က တောင်ဖက်ကျသလို၊ မူလ တောင်ရွာက မြောက်ဖက်အပိုင်းမှာ နေရာ ရတာကြောင့် အခေါ်ရ အမှတ်ရ ကတ်သီးကတ်သတ် နိုင်လှပါတယ်။ မူလနေရာမှာ ရေဘေးသင့်လို့ ကုန်းပေါ်ကို ပြောင်းခဲ့တဲ့ရွာသားတွေဟာ အခုလဲ ရေဘေးသင့်လျက်ပါ။ အရင်က ရေမြုပ်တဲ့ဘေးကနေ အခုတော့ ရေရှားပါးတဲ့ဘေးကို ကြုံနေရပါတယ်။ မြစ်ကမ်းပြိုလို ပြေးခဲ့ရတဲ့သူတွေက အခုတော့ မြေကို ဖြိုပြီး ရွာချဲ့နေရပါတယ်။ ထူးခြားလှတဲ့ ဝိရောဓိများလို့သာ ဆိုရမလားပဲ။ ရွာသစ်မှာ အခြေချကထဲက မြောက်အရပ်မှာရှိတဲ့ မော်လိုက်ကလေး တောင်ရွာဟာ ခြောက်သွေ့ကာလ ရောက်ရင် ရေရှားပါတယ်။ ၅ ဂါလံ ပုံးဝါ တပုံးရဖို့ ၂ နာရီလောက် စောင့်ခတ်ကြရတာတောင် မလုံလောက်တဲ့ ဘဝပါ။ မိုးကာလမှာတော့ ချောက်က ကျတဲ့ရေတွေကြောင့် အခက်အခဲ မရှိခဲ့ပါဘူး။
ရွာသစ်တည်ကထဲက အရပ်ဖက်အဖွဲ့အစည်းတွေက ရေတွင်းတွေ တူးပေးခဲ့သလို နိုင်ငံတော်ကလဲ ရေတွင်း တူးပေးခဲ့တယ်။ အိမ်အများစုကလဲ ကိုယ်ပိုင်ရေတွင်းတွေ တူးခဲ့ကြတယ်။ ဒါပေမဲ့ ဘယ်ရေတွင်းကမှ နွေရာသီမှာ ရေလုံလောက်အောင် မထွက်ကြပါဘူး။ ဒီတော့ အရပ်ဖက် အသင်းအဖွဲ့၊ စေတနာရှင်များရဲ့ ရေအလှူကို နွေကာလတိုင်းရယူခဲ့ကြရတဲ့ အခြေအနေဖြစ်နေပါတယ်။ နှစ်စဥ် နွေရောက်တိုင်း တောင်ရွာမှာ ရေအခက်အခဲပြသနာကြုံရပေမဲ့ မြောက်ရွာကတော့ ရေမခက်ပြန်ပါဘူး။ ရေမြေ တဆက်ထဲရွာ ၂ ခု ဘာကြောင့် ခုလို ဖြစ်သလဲ ဆိုတာကို လေ့လာလိုက်တော့ မြောက်ရွာအထက်မှာ မော်လိုက်ကလေးရွာသစ် ဆရာတော်နဲ့ ဒကာများ ဆောက်လုပ်ထားတဲ့ လျှိုပိတ်ဆည်တခုကို တွေ့ရပါတယ်။ ဆည်ရေကို တိုက်ရိုက် ရယူသုံးစွဲမှုတော့ မရှိပါဘူး။ ရေပညာရှင်များရဲ့ ရေးသားတင်ပြချက်တွေနဲ့ ချိန်ထိုးကြည့်တဲ့ အခါမှာ မြောက်ရွာ ရေမခက်အောင် တဖက်ပိတ်ဆည်က မြေအောက်ရေ ပြန်လည်ဖြည့်တင်းမှု လုပ်နေလို့ ဆိုတဲ့ အတွေးပဲ ပေါ်လာပါတယ်။ ဒါကြောင့် မော်လိုက်ကလေး တောင်ရွာရဲ့ အထက်မှာရှိတဲ့ ရွာဦးကျောင်း ဘေးက လျှိုကို ပိတ်ပြီး တဖက်ဆည်ကန် ဆောက်ဖို့ စဥ်းစားခဲ့ကြပါတယ်။

ဘုရားကျောင်းကန် ဆိုတဲ့ စကားအရ တင့်တယ်တဲ့နေရာဖြစ်သလို ရပ်ရွာမှာ မီးဘေးထင်းဘေး အတွက်လဲ အဟန့်အတားရေကန်တခုဖြစ်လာပါ့မယ်။ အထူးသဖြင့်တော့ ရွာထဲမှာ သုံးနေတဲ့ ရေတွင်းတွေမှာ မြေအောက်ရေ ပြန်လည်ဖြည့်တင်းတဲ့ တာဝန်ကို ထမ်းဆောင်စေဖို့ပဲ ဖြစ်ပါတယ်။
တာဘောင်အမြင့်ဆုံးနေရာဟာ ပေ ၂၀ခန့်ရှိမှာဖြစ်ပြီး တာဘောင် အလျားက ပေ ၁၃၀ လောက်ရှိပါလိမ့်မယ်။ တာရိုးထိပ် အကျယ်ကတော့ ၁၀ ပေ ကျော် နဲ့ တာရိုးအခြေကတော့ အကျယ်ဆုံးနေရာမှာ ပေ ၆၀ ခန့် ရှိနိုင်ပါလိမ့်မယ်။ ကန်ရေပြည့်သွားရင် မျက်နာပြင်ဧရိယာ .၃ဧက ခန့်နဲ့ ရေထုထည် ဂါလံ ၂၅၀၀၀၀ ကနေ ၃သိန်းကြား သိုလှောင်နိုင်ပါလိမ့်မယ်။ ကန်က ပေ ၂၀၀ လောက် အလျားရှိမှာပါ။ မူလက မတည်အလှူရှင် နဲ့ ရပ်ရွာ စုပေါင်းထဲ့ဝင်ငွေ၊ ထပ်တိုးအလှူခံမှုတွေနဲ့ ဆည်ကို နိုင်သမျှ ဆောက်လုပ်ဖို့ ဖြစ်ပေမဲ့ ရေခက်ခဲတဲ့ အခြေအနေကို တာဝန်ရှိ လူကြိးများသိရှိသွားချိန်မှာတော့ ပံ့ပိုးမှု ပေးလာခဲ့ပါတယ်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သဘာဝဘေး စီမံခန့်ခွဲမှု ဦးစီးဌာနရဲ့ ပံ့ပိုးမှု ၉၆၅၀၀၀၀ ကျပ် ထောက်ပံ့မှု ရလာခဲ့ပါတယ်။ ရရှိလာတဲ့ ငွေကို ရပ်ရွာက ဖွဲ့စည်းထားတဲ့ ဆည် တည်ဆောက်ရေးကော်မတီက စီမံခန့်ခွဲမှာဖြစ်ပြီး တည်ဆောက်မှုဆိုင်ရာ နည်းပညာနဲ့ ကြီးကြပ်မှုကိိုတော့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေး ဦးစီးဌာန တာဝန်ယူပေးတာဖြစ်ပါတယ်။
တည်ဆောက်ရေးလုပ်ငန်းမစခင်မှာ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းကို ရပ်ရွာလူထုအတွင်း Cash for Work ပုံစံနဲ့ ခိုင်းစေခဲ့သလို တည်ဆောက်ရေးကာလအတွင်း လူအားနဲ့ ဆောင်ရွက်နိုင်တာတွေကိုလဲ ရပ်ရွာလူထု လုပ်အားနဲ့ ဆက်လက် လုပ်ဆောင်ကြမှာဖြစ်ပါတယ်။ ၂၉ ရက်နေ့မှာ နိုင်ငံတော်က ပံ့ပိုးငွေရ ရှိသလို မြေပြင်မှာလဲ အပေါ်ယံမြေသား ဖယ်ထုတ်ခြင်းကို စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ရာသီဥတု အခြေအနေ ပေးလာခဲ့ရင်တော့ တည်ဆောက်ရေးလုပ်ငန်း ၂ ပါတ် အတွင်းမှာ အပြီး လုပ်ဖို့ စီမံချက်ထား ဆောင်ရွက်နေပါတယ်။ မိုးနှောင်းကာလ ရွာသွန်းတဲ့ မိုးရေများနဲ့ ကန်ရေကို သိုလှောင်မှာဖြစ်ပြီး လာမဲ့ နွေကာလ ရေခက်ခဲမှုကို အတတ်နိုင်ဆုံး လျော့ချပေးဖို့ ရည်မှန်းထားပါတယ်။ ဆည်တည်ဆောက်လို့ တရွာလုံး ရေမပြတ်တော့ဘူးဆိုတာတော့ ချက်ခြင်းမဖြစ်နိုင်ပါဘူး။ ရေပြတ်တဲ့ ကာလကို တိုနိုင်သမျှ တိုအောင်သာ လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ရွာအထက်က ရေဝေရေလဲ တောတွေကိုထိမ်းဖို့ကလဲ လိုပါသေးတယ်။ မဖြစ်မနေ လုပ်ကြရမှာပါ။

အခုလို တဖက်ပိတ်ဆည် လုပ်ငန်း အကောင်အထည်ဖော်ဖို့ ကနဦးစီစဥ်ခဲ့ တဲ့ ကိုဂျပန်၊ ဒေါ်ချစ်ချစ်ဝင်း၊ မမာလာ တို့နဲ့ အတူ ရပ်ရွာဖက်က တာဝန်ယူခဲ့တဲ့ ဆရာတော်နဲ့ ရွာတာဝန်ရှိသူများ။ ရပ်ကျေး ဥက္ကဌ နဲ့တကွ မြို့နယ် အုပ်ချုပ်ရေးမှုးရုံးမှ တာဝန်ရှိသူများကိုလဲ ကျေးဇူးတင်ရမှာပါ။ ထောက်ခံချက်အတွက် အချိန်မအားတဲ့ကြားက လုပ်ဆောင်ပေးတဲ့ ပြည်သူ့လွတ်တော်၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ်များကိုလဲ ကျေးဇူးတင်ပါတယ်။ ဒေါ်နွဲ့ယဥ်အေး ရဲ့ စီစဥ်ပေးမှုနဲ့ အတူ လက်ခံတွေ့ဆုံခွင့်ပေးခဲ့တဲ့ ပြည်ထောင်စု ဝန်ကြီး၊ ဒုဝန်ကြီး၊ ညွန်ကြားရေးမှုးချုပ်တို့ကိုလဲ အထူးကျေးဇူးတင်ပါတယ်။ ခွင့်ပြုချက်ကို မြန်ဆန်စွာဆောင်ရွက်ပေးတဲ့ ဌာန ဝန်ထမ်းများနဲ့တကွ တိုင်းဦးစီး၊ ခရိုင်ဦးစီး၊ မြို့နယ်ဦးစီး၊ အဆင့်ဆင့်သော ဝန်ထမ်းများကိုလဲ ကျေးဇူးတင်စကား ဆိုပါရစေ။ ပုံစံထုတ်တိုင်းတာရေး နဲ့ လုပ်ငန်းကြီးကြပ်မှုကို ဆောင်ရွက်ပေးတဲ့ ဆည်မြောင်းဥိစီးဌာက အီးအီး အမှုးပြုတဲ့ ဝန်ထမ်းတွေကိုလဲ မေ့ထားလို့မရပါဘူး။ZeyaSoe