ပင်လယ်ရေပြင်မြင့်တက်လာခြင်း

ကမ္ဘာ့ပင်လယ်ရေပြင်သည် ၁၉၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ၀ . ၂၀ မီတာမြင့်တက်ခဲ့သည်။

၁၉၀၁ ခုနှစ်နှင့် ၁၉၇၁ ခုနှစ်အတွင်း တစ်နှစ်လျှင် ၁ . ၃ မီလီမီတာနှုန်း

၁၉၇၁ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်အတွင်း တစ်နှစ်လျှင် ၁ . ၉ မီလီမီတာနှုန်း

၂၀၀၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း တစ်နှစ်လျှင် ၃ . ၇ မီလီမီတာနှုန်း တက်ခဲ့ရာ မြင့်တက်နှုန်း တစ်ချိန်ထက်တစ်ချိန် မြန်ဆန်လာလျက်ရှိသည်။

(ရည်ညွှန်း-Climate Change 2021: The Physical Science Basis by IPCC)

TOPEX/Poseidon အာကာသယာဉ်က တိုင်းတာချက်များအရ ပင်လယ်ရေပြင်သည် ၁၉၉၂ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ကြား၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း ၁၀ . ၁ စင်တီမီတာ (၃ . ၉၈ လက်မ) ခန့် တက်လာခဲ့ကြောင်း သိရသည်။ (ရည်ညွှန်း – NASA Earth Observatory)

ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် ကမ်းရိုးတန်းမှ မိုင်၄၀ အကွာဒေသများအတွင်း နေထိုင်လျက်ရှိရာ ‘ပင်လယ်ရေပြင် မြင့်တက်လာလျှင်’ဟူသောစိုးရိမ်မှုသည် ယခင်ကတည်းကပင် ရှိနေခဲ့သည်။ ယခုအခါ ယင်းစိုးရိမ်မှုသည် မြန်မာနိုင်ငံအပါအဝင် အချို့နေရာများတွင် နဖူးတွေ့ဒူးတွေ့ စတင်ရင်ဆိုင်နေရသည့် ပြဿနာ ဖြစ်လာသည်။

ပင်လယ်ရေပြင်ကို မြင့်လာစေသည့် အဓိကအကြောင်းရင်းများမှာ ကမ္ဘာ့မြောက်ဘက် ဂရင်းလန်းကျွန်းနှင့် တောင်ဘက်စွန်း အန္တာတိကတိုက်တို့ရှိ ရေခဲများ အရည်ပျော်လာနေခြင်း၊ ပူနွေးရာသီဥတုကြောင့် ရေထု ပွယောင်းလာခြင်းတို့ကြောင့် ဖြစ်သည်။ တောင်ထိပ်ရေခဲပြင်အရည်ပျော်ခြင်းကလည်း အဓိကမဟုတ်သော အကြောင်းတစ်ခုအနေနှင့် ပါသည်။

တွက်ချက်မှုများအရ ပင်လယ်ရေပြင် ၂ . ၅ စင်တီမီတာ (၁ လက်မ) မြင့်တက်လာတိုင်း ရေပြင်သည် ကုန်းတွင်းပိုင်းသို့ ပျမ်းမျှ ၂ . ၅ မီတာ (၈ . ၅ ပေ)ခန့် တိုးဝင်ရောက်ရှိသည်။ မြင့်တက်လာသော ပင်လယ်ရေသည် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်၍ ဒေသအများအပြားကို လွှမ်းမိုးနိုင်သည့် အန္တရာယ်ရှိသည်။ ယင်းအန္တရာယ်ကို မော်လ်ဒိုက်၊ တူဗားလူစသည့် ကျွန်းနိုင်ငံများက အဆိုးရွားဆုံး ခံစားကြရမည်။

ကျွန်းများသာမက ကမ်းရိုးတန်းဒေသများ၏ ၉၀ ရာခိုင်နှုန်းနှင့် ကမ်းရိုးတန်းမြို့များအားလုံးတွင် ပင်လယ်ရေသည် အနည်းနှင့်အများ မြင့်တက်လာမည်။ ၂၀၅၀ ပြည့်နှစ်အရောက်တွင် အရှေ့နှင့်အရှေ့တောင်အာရှလူဦးရေ၏ ၈၀ ရာခိုင်နှုန်းသည် ပင်လယ်ရေပြင်မြင့်တက်လာမှု၏ အကျိုးဆက်ကို ခံကြရမည်။

(ရည်ညွှန်း- World Economic Forum’s Global Risk Report 2019)

ပင်လယ်ရေပြင်သည် တစ်ကမ္ဘာလုံး၌ တညီတညာတည်း မြင့်တက်နေခြင်းမဟုတ်ဘဲ သမုဒ္ဒရာရေစီးကြောင်း၊ ကမ်းရိုးတန်းမြေပြင်အနေအထား၊ လေတိုက်မှုစသည်တို့ကြောင့် ဒေသအလိုက်ကွဲပြားကြောင်း အောက်ပုံအရ သိနိုင်သည်။

ပင်လယ်ရေတက်မှု၏ ဆိုးကျိုးကို အထူးသဖြင့် ဆင်းရဲသောနိုင်ငံများ ပိုခံကြရမည်။ ယင်းဒေသများတွင် တက်လာသည့် ရေကို ကာကွယ်ရေး အစီအမံများ တည်ဆောက်ရန် ဓနအင်အား ချို့ငဲ့သည်။ ယင်းဒေသသားတို့ မှီခိုအားထားနေရသည့် သောက်သုံးရေ အရင်းအမြစ်များသည် ရေလွှမ်းမိုးမှုကြောင့် ညစ်ညမ်းပြီး သောက်မရ သုံးမရ စိုက်ပျိုးမရ ပြဿနာများနှင့် ရင်ဆိုင်ရနိုင်သည်။

ရန်ကုန်အပါအဝင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ ၂၁၀၀ ပြည့်နှစ်အရောက်တွင် ခံစားရနိုင်သည့် ပင်လယ်ရေလွှမ်းမိုးမှု ပမာဏကို အောက်ပုံ၌ ပြထားသည်။

(ရည်ညွှန်း- Earth.org)

ဘင်္ဂလားပင်လယ်အော်၏ အချို့နေရာများတွင် ရေပြင်သည် တစ်နှစ်လျှင် ၃ . ၁၄ မီလီမီတာ တက်လာနေသည်။ မြန်မာ့ကမ်းရိုးတန်း၌ ပင်လယ်ရေပြင်သည် လက်ရှိထက် ၂၀၅၀ ခုနှစ်တွင် ၂၀ စင်တီမီတာ မှ ၄၀ စင်တီမီတာအထိ တက်လာနိုင်သည်။

မကြာမီနှစ်များက မြန်မာနိုင်ငံ၌ ပေါ်ပေါက်ခဲ့သော အောက်ပါ ဖြစ်ရပ်များသည် ပင်လယ်ရေပြင် တက်မှုကြောင့်ဟု တပ်အပ်မပြောနိုင်သော်လည်း ယင်းအချက်ကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်။

ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စုသည် ပစောက်ပုံစံ ကမ်းရိုးတန်းတွင် တည်ရှိပြီး အထက်တန်းကျောင်း၊ ဆေးရုံ၊ တည်းခိုခန်း၊ ဈေးနှင့်ဘဏ်ခွဲတစ်ခု ရှိသည့် ကျေးရွာအုပ်စုကြီး ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဇွန်နှင့် ဇူလိုင်လ ရေထရက် များတွင် ကျေးရွာအုပ်စုရွာ ၁၄ ရွာ၏ကမ်းခြေတစ်လျှောက်ရှိ အိမ်များကို ပင်လယ် လှိုင်းလုံးများက ဆင့်ကာ ဆင့်ကာ ရိုက်ပုတ် ဖျက်ဆီး ဆွဲချသွားခဲ့သည်။ အိမ်ခြေကိုးဆယ်ကျော် ပျက်စီးသည့်အပြင် အိမ်ဆောက်ဖို့ မကျန်တော့သည်အထိ ကမ်းနားမြေများကို ပင်လယ်က ဆွဲယူသွားခဲ့သည်။ (ရည်ညွှန်း – ပင်လယ်ကို အလျှော့ပေးရတော့မလား)

ပဲခူးမြို့၏ အရှေ့တောင်ဘက် ကီလီုမီတာ ၅၀ ခန့်အကွာ စစ်တောင်းမြစ်၀ရှိ တံတားဦးကျေးရွာ၏ ရွာသား ၁၀၀၀ ခန့်သည် တစ်ချိန်ထက် တစ်ချိန် တဖြည်းဖြည်း မြင့်၍မြင့်၍ လာနေသော ဒီရေများကြောင့် ၂၀၁၈ ခုနှစ်က သယ်၍ရသည့် ပစ္စည်းမှန်သမျှ အကုန်သယ်၍ ရွာကို စွန့်ခွာခဲ့ကြသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အလှပ်ကျေးရွာက လူနေအိမ် ၄၀ ခန့်သည် ၂၀၁၈ ခုနှစ် ဩဂုတ်လက ပင်လယ် လှိုင်းဒဏ် တိုက်စားခံရ၍ပျက်စီးခဲ့သည်။ ယင်းကျေးရွာသည် သံလွင်မြစ်၀တွင် ပင်လယ်ဖက်ကို မျက်နှာမူ တည်ရှိနေပြီး တဖြည်းဖြည်း ပင်လယ်၏ ဝါးမျိုမှုဒဏ်ကို ခံနေရသည်။ ရွာသားများ၏ အဆိုအရ ရွာရှိ ရေတွင်းတစ်တွင်းသည် ပင်လယ်အောက် ရောက်သွားပြီ။ ယခင်က ဒီရေတက်၊ ရေကြီးသည်မျိုး ကြုံဖူးသော်လည်း ယခုအကြိမ်လောက် လျင်လျင်မြန်မြန် ပင်လယ်ဒီရေတက်သည့် ဖြစ်စဉ်မျိုး မကြုံဖူးကြောင်း ဒေသခံများက ဆိုသည်။

(၂၆ . ၈ . ၂၀၂၂ တွင် ဖြည့်စွက် ရေးသားသည်။)

6 thoughts on “ပင်လယ်ရေပြင်မြင့်တက်လာခြင်း

Leave a comment