ကျယ်ပြန့်လာနေသောအပူပိုင်းဇုန်

တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် နေရောင်တည့်မတ်စွာ ကျရောက်ရာ ဒေသများ (ဥတ္တရယာဉ်စွန်းတန်း (မြောက်လတ္တီတွဒ် ၂၃ ဒသမ ၅ ဒီဂရီနှင့် ဒက္ခိဏယာဉ်စွန်းတန်း(တောင်လတ္တီတွဒ် ၂၃ ဒသမ ၅ ဒီဂရီ)ကြား နေရာဒေသများ)ကို အပူပိုင်းဇုန်ဟုပထဝီဝင်ဘာသာရပ်၌ သတ်မှတ်ခေါ်ဝေါ်သည်။

မိုးလေဝသနှင့် ရာသီဥတုပညာရှင်များကမူ အပူပိုင်းဇုန်၏နယ်နိမိတ်ကို လေထုအပူချိန်၊ မိုးရွာသွန်းမှု ပုံစံတို့နှင့်သတ်မှတ်လိုကြသည်။ အပူပိုင်းဇုန်ဒေသ ပင်လယ်ရေမျက်နှာပြင်၏ အနိမ့်ဆုံးပျမ်းမျှအပူချိန်သည် ၁၈ ဒီဂရီစင်တီဂရိတ် ရှိသည်။ အပူပိုင်းဇုန်ဒေသများ၏ အခြားဒေသများနှင့်မတူကွဲပြားသော လက္ခဏာများအနက်တစ်ခုမှာ စိုစွတ်ရာသီနှင့်ခြောက်သွေ့ရာသီများ တစ်လှည့်စီဖြစ်ပေါ်ကာ မိုးကာလ သတ်သတ်မှတ်မှတ် ရှိသည်။

အပူပိုင်းဇုန်ရှိ ထူးခြားသောအခြင်းအရာတစ်ခုမှာ ဟက်ဒလေလေစီးကြောင်း ဖြစ်သည်။ ဟက်ဒလေ လေစီးကြောင်းသည် အီကွေတာဒေသများတွင် ရေငွေ့များကိုသယ်ဆောင်ကာ အပေါ်သို့ဆန်တက်၍ မိုးရွာသွန်းစေကာ အပူပိုင်းဇုန်နယ်စပ် ခြောက်သွေ့သောအရပ်တွင် အောက်သို့ စုန်ဆင်းသည်။ ယင်းလေစီးကြောင်း၏ ဧရိယာကို ကြည့်၍လည်း အပူပိုင်းဇုန်၏အကျယ်ကို သိနိုင်သည်။

ယခုအခါ အပူပိုင်းဇုန်သည် ရာသီဥတုပြောင်းလဲမှု၏အကျိုးဆက်ဖြစ်သော သမုဒ္ဒရာရေပူနွေးလာမှုကြောင့် ကြီးထွားလာနေသည်။ ၁၉၇၉ ခုနှစ်မှစ၍ အပူပိုင်းဇုန်သည် ဆယ်စုနှစ်တစ်ခုတွင် ၅၆ ကီလိုမီတာမှ ၁၁၁ ကီလိုမီတာ နှုန်းဖြင့် ကျယ်ပြန့်လာနေသည်။ သမုဒ္ဒရာမျက်နှာပြင်ပိုမိုကျယ်ဝန်းသည့် ကမ္ဘာ့တောင်ဘက်ခြမ်းအပူပိုင်းဇုန်သည် မြောက်ဘက်ခြမ်းအပူပိုင်းဇုန်ထက် ပို၍ ကျယ်ပြန့်လာနေသည်။

အပူပိုင်းဇုန်ပြန့်ကားလာကာ အပူပိုင်းနှင့်သမပိုင်းဇုန်များကြားရှိ ကြားခံဇုန်ကျုံ့ဝင်လာနေခြင်းကြောင့် ဆိုးရွားသောအကျိုးဆက်များ ပေါ်ပေါက်လာနိုင်သည်။ ယင်းကြားခံဇုန်တွင် သြစတေးလျတောင်ပိုင်း၊ အာဖရိကတောင်ပိုင်း၊ ဥရောပတောင်ပိုင်း၊ မြေထဲပင်လယ်ဒေသ၊ အရှေ့အလယ်ပိုင်းဒေသ၊ အမေရိကန် အနောက်တောင်ပိုင်းနှင့် မက္ကဆီကိုမြောက်ပိုင်း၊ တောင်အမေရိကတောင်ပိုင်းတို့ ပါသည်။ (ပူးတွဲပုံ) ယင်းဒေသများတွင် လေစီးကြောင်းနှင့် မုန်တိုင်းလမ်းကြောင်းများ ပြောင်းလဲတိုက်ခတ်ခြင်းကြောင့် ရေအရင်းအမြစ်၊ စိုက်ပျိုးရေး၊ ဂေဟစနစ်စသည်တို့ကို ထိခိုက်ပြောင်းလဲနိုင်သည်။

Leave a comment