
ရာသီဥတုပြောင်းလဲခြင်းဆိုသည်မှာ နွေရာသီမှ မိုးရာသီ၊ မိုးရာသီမှ ဆောင်းရာသီ စသည်ဖြင့် ရာသီတစ်မျိုးမှနောက်တစ်မျိုးသို့ ကူးပြောင်းရောက်ရှိခြင်းကို မဆိုလိုဘဲ ရာသီတစ်ခုအတွင်း၌ ပုံမှန်ဖြစ်နေကျ အခြေအနေများ ပုံမှန်မှသွေဖည်လာခြင်းကို ဆိုလိုသည်။ အချို့နေရာများတွင် မိုးရွာသွန်းသည့် နေ့ရက်များတိုးလာနေပြီး အချို့ဒေသများတွင်မူ မိုးခေါင်သည့်ကာလ ရှည်လျားလာနေသည်။ ကမ္ဘာ၏ ‘ခေါင်ဖျား’ဟု ဆိုသော အာတိတ်ဒေသ၊ ကမ္ဘာ၏ ‘အောက်ခြေ’ဖြစ်သော အန္တာတိကဒေသ၊ ဟိမဝန္တာတောင်ထိပ်များစသည်တို့၌ ရေခဲပြင်များ တတိတိအရည်ပျော်လာနေသည်။ ပင်လယ်ရေပြင် တအိအိ မြင့်လာနေသည်။ သီးနှံအချို့၏ မှည့်ဝင်းချိန် ရိတ်သိမ်းခူးဆွတ်ချိန်များ တရွေ့ရွေ့ ပြောင်းလာနေသည်။ အပူပိုင်းဒေသတွင်သာ ရှင်သန်နိုင်ခဲ့သည့် ရောဂါပိုးသယ်သတ္တဝါအချို့ သမပိုင်းသို့တိုင် တစ်စတစ်စ နယ်ချဲ့ရောက်ရှိ၍ ရောဂါဘယဖြစ်ပွားမှုနယ်ပယ်နှင့် အရေအတွက် တိုးပွားလာနေသည်။ ရာသီပြောင်းမှုကိုမခံနိုင်၍ မျိုးသုဉ်းသွားသော သက်ရှိမျိုးစိတ်အရေအတွက် တဖြည်းဖြည်း များပြားလာနေသည်။ ရေအောက်သန္တာကျောက်တန်းများ တဖြုတ်ဖြုတ်ပျက်စီးလာနေသည်။ ယင်းတို့မှာ ရာသီဥတုပြောင်းလဲမှု၏လက္ခဏာများ ဖြစ်ကြသည်။
ရာသီဥတုပြောင်းလဲမှု အခြေအနေကို တိုင်းတာညွှန်ပြသည့်အချက်များမှာ ကမ္ဘာ၏ စွမ်းအင်အဝင်အထွက် မညီမျှမှု၊ ကမ္ဘာ့အပူချိန်၊ ဖန်လုံအိမ်ဓာတ်ငွေ့များ၊ သမုဒ္ဒရာရေထုအပူ၊ ပင်လယ်ရေမျက်နှာပြင်၊ သမုဒ္ဒရာရေထုအက်စစ်ပါဝင်မှု၊ ပင်လယ်ရေခဲပြင်ပမာဏ၊ ရေခဲမြစ်ဒြပ်ထုအတိုးအလျော့၊ ဖြစ်ကြသည်။
ကမ္ဘာ၏စွမ်းအင်အဝင်အထွက်မညီမျှမှု

ကမ္ဘာ့လေထုသည် နေမှ ကျရောက်လာသောစွမ်းအင်များကို လက်ခံရရှိနေသည်။ ယင်းစွမ်းအင်များအနက် အချို့ကို လေထုမှ အာကာသထဲသို့ ပြန်ဟပ်ထုတ်လိုက်သည်။ ပြန်ဟပ်ထုတ်ပြီး ကျန်သောအသားတင်စွမ်းအင်များကို ကမ္ဘာ့လေထုက လက်ခံရရှိသည်။
အသားတင်နေစွမ်းအင်များသည် လေထုကိုဖြတ်၍ ကမ္ဘာ့မျက်နှာပေါ်သို့ ကျရောက် ရိုက်ခတ်သောအခါ စွမ်းအင်အချို့ကို မြေပြင်နှင့်ရေပြင်တို့က စုပ်ယူလိုက်ပြီး အချို့ကို လေထုတွင်းသို့ ပြန်ဟပ်လိုက်ကြသည်။
လေထုတွင်းရှိ ကာဘွန်ဒိုင်အောက်ဆိုက်အဓိကဖြစ်သော ဖန်လုံအိမ်ဓာတ်ငွေ့များသည် ပြန်ဟပ်စွမ်းအင် အပူဓာတ်အချို့ကို ဖမ်းယူထိန်းအုပ်ယူသည်။ ပြန်ဟပ်စွမ်းအင်အချို့သည် လေထုကိုဖြတ်၍ အာကာသထဲသို့ လွင့်ပါသွားသည်။ ထို့ကြောင့် လေထုသည် နေမှရောက်လာသော အသားတင်စွမ်းအင်အပြင် မြေပြင်မှ ပြန်ဟပ်စွမ်းအင်(အပူဓာတ်)ကိုပါ ရရှိသည်။ အဆိုပါစွမ်းအင်နှစ်မျိုးကြောင့် ကမ္ဘာသည် အလောတော် နွေးထွေးနေသည်။ အနေတော်အပူဓာတ်ကြောင့် သက်ရှိများ ရှင်သန်နိုင်သည်။ နွေမိုးဆောင်းရာသီများ ပုံမှန်ဖြစ်ပေါ်လည်ပတ်နေခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ ခန့်ကစ၍ ရုပ်ကြွင်းလောင်စာများ တိုးမြှင့်သုံးစွဲလာခဲ့ခြင်းကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့များ လေထုတွင်းသို့ များပြားစွာ ရောက်ရှိသည်။ ယင်းဓာတ်ငွေ့များက မြေပြင်မှ ပြန်ဟပ်စွမ်းအင် အပူဓာတ်အချို့ကို ပိုမိုဖမ်းယူထိန်းအုပ်လိုက်သည်။ လေထုကိုဖြတ်၍ အာကာသထဲသို့ လွင့်ပါသွားသောစွမ်းအင်ပမာဏ လျော့နည်းသွားပြီး လေထုတွင်းကျန်ရစ်သော စွမ်းအင်ပမာဏ များပြားလာသည်။ ကမ္ဘာကြီး ပိုမိုပူနွေးလာနေသည်။
လေထုတွင်း ယခင်ကထက် ပိုမိုများပြားလာသောစွမ်းအင်များ၏ ၉၁ ရာခိုင်နှုန်းကို သမုဒ္ဒရာရေထုက လည်းကောင်း၊ ၅ ရာခိုင်နှုန်းကို ကမ္ဘာမြေပြင်က လည်းကောင်း၊ ၃ ရာခိုင်နှုန်းကို ရေခဲပြင်များက လည်းကောင်း စုပ်ယူသည်။ လေထုတွင်း၌ ၁ ရာခိုင်နှုန်း ကျန်သည်။
ဖန်လုံအိမ်ဓာတ်ငွေ့များ
လေထုတွင်း၌ သဘာဝအလျောက် ဖြစ်ပေါ်နေသော ဖန်လုံအိမ် ဓာတ်ငွေ့များမှာ ရေငွေ့၊ ကာဘွန်ဒိုင်အောက်ဆိုက်၊ မီသိန်း၊ နိုက်ထရပ်စ်အောက်ဆိုက် တို့ ဖြစ်ကြသည်။ ယင်းဓာတ်ငွေ့များထဲတွင် ပမာဏအများဆုံးမှာ ရေငွေ့ ဖြစ်သည်။ သို့သော် ရေငွေ့သည် လေထုတွင်း၌ ရက်အနည်းငယ်မျှသာတည်နေနိုင်သောကြောင့် ရေငွေ့၏ ကမ္ဘာကိုပူနွေးစေမှုသည် မများလှချေ။ ထို့ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့အကြောင်းပြောလျှင် ရေငွေ့ကို ထည့်သွင်းပြောဆိုလေ့မရှိပေ။ ရေငွေ့ကဲ့သို့ ပမာဏ မများသော်လည်း လေထုထဲတွင်အများဆုံးပါဝင်၍ ကမ္ဘာကို နွေးထွေးစေလျက်ရှိသည့် ဓာတ်ငွေ့မှာ ကာဘွန်ဒိုင်အောက်ဆိုက် ဖြစ်သည်။
၂၀၂၄ ခုနှစ် လေထုတွင်းရှိ ကာဘွန်ဒိုင်အောက်ဆိုက်၊ မီသိန်းနှင့် နိုက်ထရပ်စ်အောက်ဆိုက် ပမာဏသည် လွန်ခဲ့သောနှစ်ပေါင်း ၈၀ဝ ဝဝဝ အတွင်း အမြင့်မားဆုံးဖြစ်သည်။

လေထုတွင်း၌ ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ ၂၀၀၀ ပြည့်နှစ်တွင် ၃၇၀ ပီပီအမ်မျှ ရှိသည်။ ၂၀၀၅ ခုနှစ်၌ ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏသည် ၃၈၀ ပီပီအမ် အထိ မြင့်တက်လာခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ၄၁၃ ပီပီအမ် ဖြစ်လာသည်။ ၂၀၂၄ ခုနှစ်၌ ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏသည် ထုထည်အားဖြင့် ၄၂၃ ဒသမ ၉ ပီပီအမ်(အလေးချိန်အားဖြင့် ၃၃၀၆ ဂစ်ဂါတန်)သို့ ရောက်ရှိရာ ၁၇၅၀ ပြည့်နှစ်ကထက် ၁၅၂ ရာခိုင်နှုန်း များပြားလာသည်။

မီသိန်း(methane)သည် ပူနွေးစေရာတွင်နှင့် ရာသီဥတုပြောင်းလဲစေရာတွင် ကာဘွန်ဒိုင်အောက်ဆိုက်ပြီးလျှင် အန္တရာယ် အများဆုံးဓာတ်ငွေ့ဖြစ်သည်။ မီသိန်းပမာဏသည် ၂၀၂၄ ခုနှစ်၌ ထုထည်အားဖြင့် ၁၉၄၂ ပီပီဘီသို့ ရောက်ရှိရာ ၁၇၅၀ ပြည့်နှစ်ကထက် ၂၆၆ ရာခိုင်နှုန်း များပြားလာသည်။

နိုက်ထရပ်စ်အောက်ဆိုက်သည် ကမ္ဘာကို ပူနွေးစေရာတွင် ကာဘွန်ဒိုင်အောက်ဆိုက်ထက် အဆ ၃၀ဝ ပိုမို အားကောင်းသည့်အပြင် လေထုတွင်း၌ နှစ်ပေါင်း ၂၀ဝ ခန့်အထိ တည်နေနိုင်သဖြင့် အထူးသတိပြုရမည့် ဓာတ်ငွေ့ ဖြစ်သည်။ နိုက်ထရပ်စ်အောက်ဆိုက်ပမာဏသည် ထုထည်အားဖြင့် ၃၃၈ ပီပီဘီသို့ ရောက်ရှိရာ ၁၇၅၀ ပြည့်နှစ်ကထက် ၁၂၅ ရာခိုင်နှုန်း များပြားလာသည်။
ကမ္ဘာ့အပူချိန်

ရာသီဥတုပြောင်းလဲမှုဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်း(အိုင်ပီစီစီ)၏ဒုတိယဥက္ကဋ္ဌဟောင်း ကိုဘာရက်က “သိပ္ပံပညာရပ်ရှုထောင့်ကဆိုရင် အပူချိန်ဒီဂရီရဲ့အစိတ်အပိုင်းတိုင်းဟာ ရာသီဥတုပြောင်းလဲမှုရဲ့ဆိုးကျိုးတွေကို ဖန်တီးရာမှာ အရေးပါလှပါတယ်”ဟု ဆိုသည်။ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၈၅၀-၁၉၀ဝ ပျမ်းမျှထက် ၁ ဒသမ ၄၃ ဒီဂရီ ဆဲလ်စီးယပ်စ် မြင့်မားသည်။
ကုန်းမြေထုနှင့်သမုဒ္ဒရာရေထု နှစ်ခုလုံး၏ အပူချိန်များကို တိုင်းတာနိုင်ခဲ့သည့် ၁၇၆ နှစ်ကာလအတွင်း လွန်ခဲ့သောသုံးနှစ်သည် အပူပြင်းဆုံးနှစ်များ ဖြစ်ကြသည်။ တိုင်းတာသောဌာနပေါ်မူတည်ပြီး ၂၀၂၅ ခုနှစ်သည် ဒုတိယ သို့မဟုတ် တတိယအပူဆုံးနှစ် ဖြစ်သည်။ ၂၀၂၄ ခုနှစ်သည် အပူဆုံးနှစ် ဖြစ်ခဲ့သော်လည်း လာနီညာအခြေအနေကြောင့် ၂၀၂၅ ခုနှစ်တွင် အပူလျော့ခဲ့သည်။
သမုဒ္ဒရာရေထုအပူ
လွန်ခဲ့သောဆယ်စုနှစ်နှစ်ခုအတွင်း သမုဒ္ဒရာရေထုက နှစ်စဉ်စုပ်ယူနေသည့် စွမ်းအင်(အပူဓာတ်)ပမာဏသည် လူတို့နှစ်စဉ်သုံးစွဲနေသော စွမ်းအင်ပမာဏထက် ၁၈ ဆများပြားသည်။

၂၀၂၅ ခုနှစ်၌ သမုဒ္ဒရာရေထု(ရေမျက်နှာပြင်မှ မီတာ ၂၀ဝ၀ အနက်အထိ)အတွင်း ရောက်ရှိနေသောာ စွမ်းအင်(အပူဓာတ်)ပမာဏသည် ၂၀၂၄ ခုနှစ်ကထက် ၂၄ ဇက်တာဂျူးလ်(zettajoule)ပိုလာခဲ့သည်။ ယင်းဂဏန်းသည် တိုင်းတာမှတ်တမ်းတင်မှုများ လုပ်ဆောင်ခဲ့သည့် ၆၆ နှစ်အတွင်း အများဆုံးဖြစ်သည်။ ၂၀ဝ၅-၂၀၂၅ ခုနှစ်အတွင်း ရေထုအပူချိန်တက်နှုန်းသည် ၁၉၆၀-၂၀ဝ၅ ခုနှစ်အတွင်း တက်နှုန်းထက် နှစ်ဆကျော် မြန်ဆန်သည်။
ကမ္ဘာ့ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အမြင့်

ကမ္ဘာ့ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင်သည် နှစ်ပေါင်းသောင်းနှင့်ချီ၍ သိသာသော အတိုးအလျော့ မရှိဘဲ တန့်နေခဲ့ရာမှ ယခုအခါ ကမ္ဘာအနှံ့၌ တအိအိမြင့်တက်လာလျက်ရှိသည်သာမက မြင့်တက်မှုသည် အရှိန်ရလာနေသည်။ ပင်လယ်ရေပြင် မြင့်တက်လာခြင်း၏ အဓိကအကြောင်းမှာ ကမ္ဘာ့မြောက်ဘက် ဂရင်းလန်းကျွန်းနှင့် တောင်ဘက်စွန်း အန္တာတိကတိုက်တို့ရှိ ရေခဲများ အရည်ပျော်လာနေသောကြောင့် ဖြစ်သည်။ ဟိမဝန္တာ၊ အဲလ်ပ်စသည့် တောင်ထိပ်ရေခဲပြင် အရည်ပျော်မှုများ ရှိသော်လည်း ဂရင်းလန်းကျွန်းနှင့် တောင်ဝင်ရိုးစွန်း ရေခဲအရည်ပျော်မှုကဲ့သို့ ပင်လယ်ရေပြင်မြင့်တက်ရာတွင် အရေးမပါပေ။ ရေသည် ပူသောအခါ ပွယောင်းလာသည့်အတိုင်း တက်လာနေသော ကမ္ဘာ့လေထုအပူချိန်ကြောင့်လည်း ပင်လယ်ရေပြင် မြင့်လာနေသည်။ ပင်လယ်ရေပြင်မြင့်တက်မှုပမာဏ၏ သုံးပုံနှစ်ပုံသည် ရေခဲအရည်ပျော်ခြင်းကြောင့် ဖြစ်ပြီး သုံးပုံတစ်ပုံသည် ရေထုပွယောင်းလာခြင်းကြောင့် ဖြစ်သည်။
ကမ္ဘာ့ပျမ်းမျှပင်လယ်ရေမျက်နှာပြင်သည် ၂၀၁၂ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်ကြား၌ တစ်နှစ်လျှင် ၄ ဒသမ ၇၅ မီလီမီတာနှုန်းဖြင့် မြင့်တက်ခဲ့သည်။ ၂၀၂၃ နှင့် ၂၀၂၄ ကြားတွင် ၅ မီလီမီတာ တက်ခဲ့သည်။ အဆိုပါကိန်းဂဏန်းများကို ၁၉၉၃ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်ကြားတွင် ၂ ဒသမ ၆၅ မီလီမီတာနှုန်းသာ တက်ခဲ့သည်နှင့် နှိုင်းယှဉ်ပါက မြင့်တက်နှုန်း သိသာစွာ မြန်ဆန်လာခဲ့ကြောင်း သိနိုင်သည်။
၁၉၉၃ ခုနှစ်အစပိုင်းနှင့် နှိုင်းယှဉ်လျှင် ၂၀၂၅ ခုနှစ်အကုန်တွင် ပင်လယ်ရေပြင်သည် ၁၁ မီတာခန့် မြင့်တက်ခဲ့သည်။
သမုဒ္ဒရာရေထုအက်စစ်ပါဝင်မှု

၂၀၁၅ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား လူတို့ကြောင့် လေထတွင်း ဝင်ရောက်လာသည့် ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ၏ ၂၉ ရာခိုင်နှုန်းကို သမုဒ္ဒရာရေထုက စုပ်ယူသည်။ အကျိုးဆက်အဖြစ် ရေ၌ အက်စစ်ပါဝင်မှု မြင့်တက်လာသည်။ ရေ၌ အက်စစ်ပါဝင်မှုအညွှန်းကိန်း ပီအိပ်ချ်(pH) ပြောင်းလဲလာသည်။ ပီအိပ်ချ်နည်းလျှင် ရေတွင် အက်စစ်ပါဝင်မှု များသည်။
၁၉၈၅ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်ကြား သမုဒ္ဒရာရေထု၏ ပီအိပ်ချ်ယူနစ်သည် ဆယ်စုနှစ်တစ်ခုလျှင် ဝ ဒသမ ဝ၁၇ နှုန်းဖြင့် ကျဆင်းလာခဲ့သည်။
ရေခဲမြစ်ဒြပ်ထုအတိုးအလျော့

‘ဇလဗေဒနှစ်’ကို အောက်တိုဘာ ၁ မှ စက်တင်ဘာ ၃၀ အတွင်းဟု သတ်မှတ်ထားသည်။ ၂၀၂၄-၂၀၂၅ ဇလဗေဒနှစ်အတွင်း ရေခဲမြစ်ဒြပ်ထုအတိုးအလျော့ဆိုင်ရာအချက်အလက်များကို အတည်မပြုနိုင်သေးချေ။ သို့သော် ယင်းကာလအတွင်း၌ ကမ္ဘာ့ရေခဲမြစ်ဒြပ်ထုသည် သိသာစွာ လျော့နည်းလာနေကြောင်း အထောက်အထားများ ရှိသည်။ ကမ္ဘာအနှံ့တွင် နှစ်စဉ်စံပြုလေ့လာနေခဲ့သည့် ရေခဲမြစ်ပေါင်း ၁၇၀ ခန့်အနက် ၁၅၅ ခု၏ ဒြပ်ထုများသည် လွန်ကဲစွာ လျော့နည်းလာနေသည်ဟု သိရသည်။
အာတိတ်ပင်လယ်ရေခဲပြင်နှင့် အန္တာတိတ်ပင်လယ်ရေခဲပြင်

ဂြိုဟ်တုများဖြင့် စတင်တိုင်းတာခဲ့သည့် ၁၉၇၉ ခုနှစ်မှစ၍ အာတိတ်ပင်လယ်ရေခဲပြင်၏ နှစ်စဉ်ပျမ်းမျှအကျယ်အဝန်းသည် စတုရန်းကီလိုမီတာ ၁၁ ဒသမ ဝ၁ သန်း ရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် စတုရန်းကီလိုမီတာ ၁၀ ဒသမ ၁၀ သန်း ရှိအထိ လျော့ကျလာခဲ့သည်။

အလားတူ အန္တာတိတ်ပင်လယ်ရေခဲပြင်၏ နှစ်စဉ်ပျမ်းမျှအကျယ်အဝန်းသည် ၂၀၂၅ ခုနှစ်တွင် စတုရန်းကီလိုမီတာ ၁၀ ဒသမ ၈၁ သန်း ရှိရာ တိုင်းတာခဲ့သည့်နှစ်များအတွင်း တတိယအနည်းဆုံး အကျယ်အဝန်း ဖြစ်သည်။
ကိုးကား –
World Meteorological Organization (WMO). State of the Global Climate 2025.
(WMO-No. 1342). Geneva, 2026. ISBN: 978-92-63-11299-7.
https://doi.org/10.59327/WMO/S/CRI/SOC1
https://www.jkclimate.fr/InteractiveDashboard2025/dashboard.html


Leave a comment