ရေသောက်ခြင်းအနုပညာ

ပျမ်းမျှအားဖြင့် လူ့ခန္ဓာကိုယ်အလေးချိန်၏ ၇၀ ရာခိုင်နှုန်းသည် ရေများဖြစ်ကြသည်။ ကလေးသူငယ်များ၏ ခန္ဓာကိုယ်တွင် ၈၀ ရာခိုင်နှုန်းမျှရေပါပြီး အသက်ရလာသည်နှင့်အမျှ ရေပမာဏ ဖြည်းဖြည်းချင်း လျော့သွားသည်။ အသက်ကြီးရင့်သူများတွင် ကျောက်ကပ်အလုပ်လုပ်မှု၊ ဟော်မုန်းနှင့် ကိုယ်တွင်းဇီဝဖြစ်စဉ် ပြောင်းလဲသဖြင့် ရေသောက်လိုစိတ်နည်းလာခြင်း စသည်တို့ကြောင့် ရေသည် ကိုယ်အလေးချိန်၏ ၅၀ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်။

လူ့ခန္ဓာကိုယ်အပေါ် ရေကအကျိုးပြုပုံ

‘ရေသည်အသက်’ဆိုသည့်စကားအတိုင်း လူ့ခန္ဓာကိုယ်အပေါ် ရေ၏အကျိုးပြုလုပ်ဆောင်ချက် အများအပြား ရှိသည်။ ရေသည် အပူဓာတ်ကို ထိန်းထားနိုင်သော သတ္တိရှိသဖြင့် အေးသော၊ ပူသော ပတ်ဝန်းကျင်တို့တွင် ကိုယ်ခန္ဓာ ရုတ်ချည်း အေးလွန်း၊ ပူလွန်းခြင်း မဖြစ်အောင် ထိန်းညှိပေးသည်။ ပြင်ပအပူချိန်သည် ခန္ဓာ အပူချိန်ထက် မြင့်နေပါက ကိုယ်တွင်းရှိရေသည် ချွေးအသွင်ဖြင့်ထွက်လာပြီး ချွေးအငွေ့ပျံသောအခါ ကိုယ်ခန္ဓာသည် အေး၍ကျန်ရစ်သည်။

အရိုးအဆစ်များကြားရှိ ရေသည် လှုပ်ရှားမှု၊ ဆောင့်မိမှုတို့ကြောင့် ယင်းအင်္ဂါများ မထိခိုက်မိအောင် ကူရှင်သဖွယ် အကာအကွယ် ပေးသည်။ မျက်လုံးအိမ်၊ ဦးနှောက်၊ ကျောရိုးများကိုလည်း ရေအဓိကပါသော အရည်များက မထိခိုက်အောင် ဝန်းရံကာကွယ်ထားသည်။ စိုစွတ်နေရန်လိုသော အင်္ဂါများ ဖြစ်ကြသည့် ပါးစပ်၊ မျက်စိ၊ နှာခေါင်းစသည်များကို ရေက စိုစွတ်နေစေသည်။

ရေများများသောက်လျှင် ဆာလောင်မှုပြေလျော့ကာ အစာများများမစားမိအောင် တားဆီးပေးခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ကျစေသည်။ ကိုယ်တွင်းအဆီများကို ရေက ချက်လုပ်ဓာတ်ပြောင်းစေကာ အဆီပိုများကို လျှော့ချပေးသည်။ ကိုယ်တွင်းအက်စစ်ပမာဏကို အနေတော်ဖြစ်စေရန် ထိန်းညှိပေးသည်။

စားလိုက်သောအစာများတွင်ပါသော ရေသည် အစာကို အူလမ်းကြောင်းတစ်လျှောက် ချောမွေ့စွာ ရွေ့လျားစေသည်။ ရေမော်လီကျူးသည် အခြားမော်လီကျူးများနှင့် အလွယ်တကူ ချိတ်ဆက် ဓာတ်ပြုနိုင်ခြင်းကြောင့် အစာတွင်ပါသည့် သတ္တုဓာတ်၊ ဗီတာမင်၊ ဂလူးကို့စ်စသည့် အာဟာရဓာတ်များသည် ရေတွင် ပျော်ဝင်ပြီး သွေးအဖြစ်နှင့် ဆဲလ်များဆီသို့ ရောက်ရှိသည်။ အလားတူ သောက်လိုက်သော ရေနှင့် အခြားအရည်များတွင် ပါသော အာဟာရဓာတ်များ၊ ကိုယ်တွင်းအင်္ဂါများမှ ထုတ်လုပ်ပေးသော ဟော်မုန်းများကို သွေးက ဆဲလ်များဆီသို့ သယ်ဆောင်ပေးသည်။ ယင်းအာဟာရဓာတ်နှင့် ဟော်မုန်းများကို ဆဲလ်များက ဇီဝဓာတုနည်းဖြင့် ဖြိုခွဲကျေညက်စေပြီး ကိုယ်ခန္ဓာ၏ လုပ်ငန်းဆောင်တာအဝဝ၌ အသုံးချသည်။

ရေတွင်ပျော်ဝင်သည့်အခါ လျှပ်စစ်အဖို သို့မဟုတ် အမဓာတ်ဆောင် ‘အိုင်းယွန်း’များ၊ ယင်းမှတဆင့် လျှပ်စစ်စီးကြောင်းများ ပေါ်ပေါက်လာစေသော ဆိုဒီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်၊ ဘိုင်ကာဘွန်နိတ်၊ ကလိုရိုက်စသည်တို့ကို ‘အီလက်ထရိုလိုက်’များဟု ခေါ်သည်။ အီလက်ထရိုလိုက်များကို လူသိနည်းသော်လည်း ယင်းတို့သည် လူသိများသော ဗီတာမင်များကဲ့သို့ပင် ခန္ဓာကိုယ်ကျန်းမာရေး အတွက် အရေးပါသည်။ ဇီဝကမ္မဖြစ်စဉ်၊ အင်ဇိုင်းလုပ်ဆောင်မှု၊ ဆဲလ်များ၏ ကျန်းမာရေး၊ ကိုယ်ခံအားစနစ် စသည်တို့အတွက် ဗီတာမင်များကို လိုအပ်သကဲ့သို့ အီလက်ထရိုလိုက်များက ကိုယ်တွင်းအရည်အမျိုးမျိုး၏ အချိုးအဆ ညီမျှရန် ထိန်းညှိပေးသည်။ အီလက်ထရိုလိုက်များကြောင့် ဦးနှောက်တွင်းရှိ နျူရွန်ခေါ် ဆဲလ်များအချင်းချင်း ဆက်သွယ်ကာ လူတို့ တွေးခေါ်စဉ်းစားနိုင်သည်။ ကိုယ်တွင်းအင်္ဂါများ လှုပ်ရှားရန် ဦးနှောက်မှ ညွှန်ကြားပေးနိုင်သည်။ အီလက်ထရိုလိုက်များက သွေးဖိအားကိုလည်း ထိန်းညှိပေးသည်။ အီလက်ထရိုလိုက်များသည် ရေရှိသောကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ရာ ခန္ဓာကိုယ်တွင်း ရေမရှိပါက အီလက်ထရိုလိုက်လည်း ပေါ်မလာနိုင်သဖြင့် အဆိုပါလုပ်ငန်းဆောင်တာများလည်း ရပ်ဆိုင်းသွားမည်။

ရေအသောက်နည်းလျှင်

ဆဲလ်များက စွန့်ထုတ်လိုက်သော အညစ်အကြေးများကို ကျင်ငယ်ကျင်ကြီးများမှတစ်ဆင့် ကိုယ်ခန္ဓာပြင်ပသို့ ရေက သယ်ထုတ်ပေးသည်။ ရေအသောက်နည်းသောအခါ အဆိုပါဖြစ်စဉ်တွင် အနှောင့်အယှက် အဆီးအတား ဖြစ်လာပြီး ဆီးချုပ်ဝမ်းချုပ် ဖြစ်လာသည်။

ရေအသောက်နည်းသောအခါနှင့် အလျဉ်မီအောင် ပြန်ဖြည့်မပေးနိုင်သောအခါများတွင် လူ့ခန္ဓာကိုယ် ဖောက်ပြန်လာသည်။ အာခြောက်လာသည်၊ တံတွေး နည်းလာသည်၊ ဆီးပမာဏနှင့် သွားသောအကြိမ် နည်းလာသည်။ ဆီးအနံ့ပြင်းလာသည်၊ အရောင်ရင့်လာသည်။ အီလက်ထရိုလိုက်ပါဝင်မှု အချိုး မညီမမျှဖြစ်လာပြီး ကြွက်တက်သည်။ စိတ်စူးစိုက်မှု၊ နိုးကြားမှုတို့ လျော့ပါးလာသည်။ အတွက်အချက် မှားယွင်းလာသည်။ အမြင်အာရုံ လျော့နည်းလာသည်။ ပင်ပန်းနွမ်းနယ်လာသည်။ မူးမော်လာသည်။ သွေးသည် ပုံမှန်ထက် ပို၍ပျစ်လာသဖြင့် လှည့်ပတ်မှု နှေးလာသည်။ ပျစ်သောသွေးကို တွန်းပို့နေရ၍ နှလုံးသည် ပို၍အလုပ်လုပ်လာရသည်။

ရေအသောက်များလွန်းလျှင်

သွေးထဲရှိ အီလက်ထရိုလိုက် အချိုးအဆသည် ရေအသောက်နည်းလျှင် ပြောင်းလဲသကဲ့သို့ ရေအသောက်များလျှင်လည်း ပြောင်းလဲသည်။ ယင်းသို့ ပြောင်းလဲခြင်းကြောင့် ခန္ဓာတွင်း ဇီဝဓာတုဖြစ်စဉ်များ ကမောက်ကမဖြစ်လာသည်။ ပုံမှန်အခြေအနေတွင် ကျောက်ကပ်သည် သွေးတွင်ပါသော ရေ၊ ဆားဓာတ်နှင့် အခြားဓာတ်များကို စိစစ်၍ မလိုသည်တို့ကို ကိုယ်ပြင်ပသို့ ထုတ်ပေးသည်။ ကျောက်ကပ်က ရေပိုများကို စွန့်ထုတ်မပေးနိုင်သောအခါ ပိုသောရေတို့သည် ဆဲလ်များထဲသို့ ဝင်ရောက်ကြသဖြင့် ဆဲလ်များ ပွလာသည်။ အခြားဆဲလ်များသည် မည်သို့မျှဒုက္ခမပေးဘဲ အတိုင်းအတာ တစ်ခုအထိ ပွလာနိုင်သော်လည်း တစ်ခုနှင့်တစ်ခု ကျပ်တည်းစွာတည်ရှိကြသော နျူရွန်ခေါ် ဦးနှောက်ဆဲလ် များသည်မူ ရေအဝင်များလွန်းသောအခါ အလိုက်သင့်ပွမလာနိုင်ဘဲ ဖောက်ပြန်လာသဖြင့် သတိလစ် မေ့မျောခြင်း၊ အသက်ရှူရပ်ခြင်းစသည်မှ အသက်ဆုံးသည်အထိ ဖြစ်တတ်သည်။

ကျောက်ကပ်ရောဂါ အဆင့် (၄)နှင့် (၅)သို့ ရောက်နေသူများသည် သင့်တော်သောပမာဏထက် ရေပိုသောက်မိပါက ကျောက်ကပ်က ရေအပိုအလျှံများကို မစွန့်ထုတ်နိုင်သဖြင့် အသက်ရှူရ ခက်လာနိုင်သည်။ သွေးတိုးလာနိုင်သည်။ အလားတူ နှလုံးအားနည်းသူများသည် ရေပိုသောက်မိလျှင် နှလုံးပိုအလုပ်လုပ်ရသည်။ သွေးတိုးသည်။ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းလာနိုင်သည်။

သောက်သင့်သည့်ရေပမာဏ

ယေဘုယျပြောရလျှင် ခန္ဓာကိုယ်က တစ်နေ့တာ လိုအပ်သည့် ရေပမာဏသည် အမျိုးသားဆိုလျှင် ပုံမှန်ဖန်ခွက် (ရှစ်အောင်စဝင်) ဖြင့် ၁၅ ခွက်ခန့်(၃ ဒသမ ၇ လီတာခန့်)၊ အမျိုးသမီး ဆိုလျှင် ၁၂ ခွက်ခန့်မျှ ဖြစ်သည်။ ထိုရေပမာဏ၏ ငါးပုံတစ်ပုံကို စားလိုက်သောအစာနှင့် ကော်ဖီ၊ ဖျော်ရည် စသည်တို့မှ ရရှိသဖြင့် အမျိုးသားဆိုလျှင် ရေ ၁၂ ခွက်(၃ လီတာခန့်)၊ အမျိုးသမီးဆိုလျှင် ၁၀ ခွက်နီးပါး သောက်သင့်သည်။

သောက်သင့်သောရေပမာဏ တွက်ချက်ပုံ နောက်တစ်နည်းမှာ ကိုယ်အလေးချိန်(ပေါင်)ကို ၁၆ နှင့်စား၍ ရသော အဖြေကိုယူရသည်။ ဥပမာ ပေါင် ၁၆၀ လေးသောသူသည် ၁၀ ခွက်သောက်သင့်ပြီး ၁၂၈ ပေါင်လေးသောသူသည် ရှစ်ခွက်သောက်သင့်သည်။

အမေရိကန် ဆီးရောဂါပါရဂူ Dr. Jamin Brahmbhatt က ဆီးအရောင်ကို ကြည့်၍လည်း သောက်ရမည့်ရေပမာဏကို ချင့်ချိန်နိုင်ကြောင်း အကြံပြုသည်။ အိပ်ရာထခါစ အဦးဆုံးသွားသော ဆီးအရောင်သည် ရင့်နေခြင်းမှာ ပုံမှန်ဖြစ်သော်လည်း နေ့ဘက်သွားသော ဆီးအရောင်သည်မူ အဝါဖျော့အရောင် ဖြစ်နေသင့်သည်။ ထို့ကြောင့် နေ့ဘက်သွားသောဆီး၏ အရောင်ရင့်နေပါက ရေပိုသောက်ဖို့လိုကြောင်း မှတ်ယူသင့်သည်။ တစ်ရက်လျှင် ဆီး ၂ ဒသမ ၅ လီတာခန့်သွားလျှင် ဆီးသွားလမ်းကြောင်းတွင် ကျောက်တည်ရန် မလွယ်ကူသောကြောင့် ဆီးပမာဏကိုကြည့်၍ သောက်ရမည့်ရေပမာဏကို ချင့်ချိန်ပါဟု အဆိုပါဆီးရောဂါပါရဂူက ဆိုသည်။

(ကြော်ငြာ)

အထက်ပါကိန်းဂဏန်းများသည် ယေဘုယျခန့်မှန်းတွက်ချက်မှုသာ ဖြစ်၍ ရာသီဥတု၊ လေထုအပူချိန်၊ ကိုယ်လက်လှုပ်ရှားမှု၊ ရောဂါဖြစ်ပွားမှု၊ သောက်သောဆေးစသည်တို့ပေါ်တွင် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်သည်။ ပူအိုက်သောနေ့များ၊ အားကစားလေ့ကျင့်ခန်းလုပ်သောနေ့များ၊ ဝမ်းလျှောသောအခါ၊ အငန်အစားများသောအခါများတွင် ခါတိုင်းထက် ရေပိုသောက်သင့်သည်။ ပူအိုက်လွန်း၍ ဖြစ်စေ၊ ကိုယ်လက်လှုပ်ရှား၍ ဖြစ်စေ ချွေးအထွက်များလွန်းလျှင် ၁၅ မိနစ်လျှင် တစ်ကြိမ်ခန့် ပုံမှန်ဖန်ခွက်တစ်ခွက်စီ၊ စုစုပေါင်း ၆ ခွက်ထက်မပိုစေဘဲ သောက်သင့်သည်ဟု ဆီးရောဂါပါရဂူ Dr. Jamin Brahmbhatt က ပြောသည်။

တာဝေးပြေးပွဲကဲ့သို့ ပြင်းထန်သောအားကစားလှုပ်ရှားသူများသည် ပုံမှန်ထက်ရေပိုသောက်ရမည် ဖြစ်သော်လည်း အလွန်အကျွံမသောက်မိစေရန် ဂရုပြုသင့်သည်။ ရေအသောက်များလွန်းသွားပါက သွေးထဲ၌ ဆိုဒီယမ်ပျော်ဝင်မှုအချိုးအဆ နည်းလွန်းသွားသဖြင့် ပုံလျက်သား လဲကျသည်မျိုးနှင့် ကြုံရနိုင်သည်။ ယင်းသို့လဲကျသော အားကစားသမားများကို လေ့လာချက်အရ ရေအသောက်နည်း၍ လဲသူထက် ရေအသောက်လွန်၍ လဲသူက ပိုများကြောင်း တွေ့ရသည်။

သောက်သင့်သောရေအမျိုးအစား

အပြင်းအထန်လှုပ်ရှားရသော အားကစားသမားများ၊ ချွေးအလွန်အကျွံထွက်သူများသည် အီလက်ထရိုလိုက် ပါသော အားဖြည့်ရေများကို သောက်သင့်သည်။ ကျန်းမာပြီး အာဟာရပြည့်ဝသည့် အစားအသောက်ကို စားသောက်နေသူများသည် ကိုယ်တွင်း၌ ရှိသင့်သည့် အီလက်ထရိုလိုက်နှင့် အခြားဓာတ်များ ရှိနေသည့်အတွက် ရောဂါပိုးမွှား ကင်းစင်အောင် သန့်စင်ထားသော သောက်ရေသန့်ကို ပုံမှန်သောက်နေလျှင် လုံလောက်သည်။ အီလက်ထရိုလိုက် အားဖြည့်ရေ၊ အယ်လ်ကာလီဓာတ်ပေါင်း ဖြည့်စွက်ထားသောရေ၊ သတ္တုဓာတ်ကြွယ်ဝသည့် သဘာဝစိမ့်စမ်းရေ၊ ခန္ဓာကိုယ်တွင်း အရည်များနှင့် နီးစပ်အောင် ထုတ်လုပ်ထားသောရေ၊ ရေဓာတ်ပြည့်ဝစေသောရေ စသဖြင့် ကြော်ငြာအားကောင်းကောင်းနှင့် ရောင်းချနေသည့် သောက်ရေဘူးများကို တကူးတက ဝယ်ယူသောက်သုံးဖို့ မလိုအပ်ချေ။ ကျန်းမာသူတစ်ယောက်သည် အားကစား အပြင်းအထန်မလုပ်၊ ချွေးအလွန်အကျွံမထွက်ဘဲ အဆိုပါရေများကို သောက်ခြင်းဖြင့် ကြော်ငြာထားသည့် ထပ်ဆင့်အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း လုံလောက်သော သိပ္ပံအထောက်အထားများ လုံးဝမရှိပါ။

အယ်လ်ကာလီဖြည့်စွက်ထားသောရေသည် ရိုးရိုးရေသန့်ထက် အကျိုးပိုမများပါ။ (ဟားဗတ်တက္ကသိုလ် ဆေးပညာဌာန)
ဓာတ်အချို့ဖြင့် ဖြည့်စွက်ထားသောရေဘူးများဟု ကြော်ငြာရောင်းချနေသူများ၏ သားကောင် မဖြစ်ပါစေနှင့်။ (ယင်းကြော်ငြာများကို မယုံကြည်ကြပါနှင့်။) (အမေရိကန် FDA)

ကိုးကား – Checking your urine plays a key role in your daily hydration habits By Dr. Jamin Brahmbhatt (UPDATED OCT 1, 2025) CNN Health

Leave a comment