ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း ၉)

အန္တရာယ်ဇုန်အတွင်းသို့ခြေချမိခြင်း

ကမ္ဘာ့ပျမ်းမျှအပူချိန်သည် တစ်ဒီဂရီ၏ အစိတ်အပိုင်းတစ်ခုမျှ တက်လျှင်ပင် ရာသီဥတုစနစ်ကို ထိခိုက်မှု အနည်းအကျဉ်း ရှိသည်။ အပူချိန်ယင်းမျှတက်နေခြင်းသည် တစ်နှစ် နှစ်နှစ် သုံးလေးနှစ်ဆိုလျှင် မသိသာလှသော်လည်း နှစ်ပေါင်းရာချီသော ကာလအတွင်း နည်းနည်းချင်းစီ တက်ခဲ့ရာမှ ဖြစ်ပေါ်သည့် ထိခိုက်မှုများသည် တအိအိနှင့် စုပုံများပြားလာခဲ့သောကြောင့် ယခုအခါ ပြင်းထန်သောအပူလှိုင်း၊ အားကောင်းသောမုန်တိုင်း၊ ဆိုးရွားသောရေကြီးမှု၊ မကြုံစဖူးကြီးမားသော တောမီးစသည်တို့ကို ရင်ဆိုင်နေရပြီ ဖြစ်သည်။

အစွန်းရောက်ရာသီဥတုဘေးများ ဖြစ်ပေါ်မည်မှန်း သိရှိခဲ့ကြသော်လည်း လက်တွေ့တွင် အပူချိန် မတက်အောင် ထိန်း၍ မရနိုင်တော့သည့် အခြေအနေသို့ ရောက်နေသဖြင့် တက်မည့်အပူချိန်ပမာဏကိုသာ ကန့်သတ်ရန် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ပြင်သစ်နိုင်ငံ ပါရီမြို့၌ သဘောတူညီခဲ့ကြသည်။ ဆက်တက်မည့် ကမ္ဘာ့အပူချိန်သည် စက်မှုခေတ်ဦးကာလ အပူချိန်နှင့် နှိုင်းယှဉ်လျှင် ၂ ဒီဂရီ ဆဲလ်စီးယပ်စ်အောက် များစွာ လျော့နည်းစေရန်၊ ဖြစ်နိုင်လျှင် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ပိုမတက်စေရန် လုပ်ဆောင်ကြဖို့ ပါရီအစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြသည်။


အပူချိန် မည်မျှတက်လျှင် ရာသီဥတုဘေးများ မည်မျှပြင်းထန်မည်ကိုလည်း ထိုအချိန်ကတည်းက ထုတ်ဖော်သတိပေးခဲ့ကြသည်။ စက်မှုခေတ်ဦးထက် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုတက်လျှင် သန္တာကျောက်တန်းများသည် ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအတွင်း ပျက်စီးမည်။ သန္တာကျောက်တန်းများသည် ငါးတို့၏ ခိုလှုံရာ ဖြစ်သောကြောင့် ငါးတန်ချိန် တစ်နှစ်လျှင် ၁ ဒသမ ၅ သန်း လျော့နည်းရရှိမည်။ စားနပ်ရိက္ခာ ဖူလုံရေးကို ထိခိုက်မည်။ ရေထုအပူဓာတ်ကို သယ်ယူကာ ကုန်းမြေထုကို အပူအအေး မျှတစေလျက် ရှိသော သမုဒ္ဒရာရေစီးကြောင်းများ နှေးကွေးသွားသဖြင့် အပူအအေးလွန်ကဲသည့် ရာသီဥတုမျိုးကို အချို့ဒေသများ ကြုံတွေ့ရမည်။ ပျမ်းမျှပင်လယ်ရေပြင်သည် ဝ ဒသမ ၄ မီတာ ပိုမြင့်တက်သဖြင့် ကမ်းရိုးတန်းဒေသ အများအပြား ရေအောက်ရောက်မည်။ ကမ္ဘာ့မြောက်ခြမ်းရှိ စဉ်ခဲဒေသမြေလွှာများ အရည်ပျော်ကာ ယင်းမြေလွှာများထဲရှိ အားကောင်းသော ဖန်လုံအိမ်ဓာတ်ငွေ့ ဖြစ်သည့် မီသိန်းများ လွတ်ထွက်လာသဖြင့် ကမ္ဘာကြီး ပိုပူလာမည်။ ယင်းတို့မှာ အပူချိန် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ပိုတက်လျှင် ဖြစ်လာနိုင်သည်များထဲမှ အချို့သာ ဖြစ်သည်။


အထူးစိုးရိမ်ဖွယ်ရာမှာ အဆိုပါဖြစ်စဉ်များသည် မူလအခြေအနေသို့ ပြန်မရောက်နိုင်တော့သော ပျက်စီးမှုများ ဖြစ်သည်။ သန္တာကျောက်တန်းများ ပြန်လည်ဖြစ်ထွန်းမလာနိုင်တော့။ သမုဒ္ဒရာရေစီးကြောင်းများ ပုံမှန်အတိုင်း မလည်ပတ်နိုင်တော့။ တက်လာသောပင်လယ်ရေပြင် ပြန်ကျမသွားနိုင်တော့။ လွတ်ထွက်လာသည့် မီသိန်းများ ပျောက်ပျက်မသွားနိုင်တော့ချေ။

ထိုမျှအန္တရာယ်ကြီးလှသည်ကို သိရှိနားလည်ကြပြီး ကမ္ဘာ့အပူချိန်ကို တတ်အားသမျှ ထိန်းချုပ်ရန် ကြိုးစားခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့သဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်ကြား ဆယ်နှစ်တာကာလအတွင်း အပူချိန်တောက်လျှောက်တက်လာခဲ့ပြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၈၅၀ ပြည့်နှစ်နှင့် ၁၉၀ဝ ပြည့်နှစ်ကြားကထက် ၁ ဒသမ ၅၅ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုမိုမြင့်မားခဲ့သောကြောင့် ၂၀၂၄ ခုနှစ်သည် ခေတ်သစ်လူ့သမိုင်း၌ အပူပြင်းဆုံးနှစ် ဖြစ်သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့က ၂၀၂၅ ခုနှစ် ဇန်နဝါရီလက ကြေငြာလိုက်သည်။



ဘီလ်ဂိတ်၏ ထင်ရှားသော လက်ရာ


ရောင်းဈေး ၇၅၀ဝ ကျပ်

၂၀၂၄ ခုနှစ်၏ ပျမ်းမျှကမ္ဘာ့အပူချိန်တက်မှု ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်သွားခြင်းသည် ထူထပ်ကျယ်ပြော သားကောင်ပေါသည့် တောကြီးမြိုင်လယ်၏ အစပ်ပိုင်းသို့် စတင်ဝင်ရောက်မိခြင်းနှင့် အလားတူသည်။ အသက်ရှင်လျက် ပြန်ထွက်လာရန် ခက်ခဲသော တောစပ်သို့ ရောက်နေမှန်းသိသဖြင့် ရှေ့ဆက်မလျှောက်ဘဲ နောက်ကြောင်းပြန်လှည့်လျှင် အန္တရာယ်ကင်းနိုင်သေးသည်။ နောက်ပြန်မလှည့်ဘဲ တောနက်ထဲ တိုးဝင်သွားလျှင် အစာပြတ်သည့်အခြေအနေ၊ သားရဲတို့၏ဘေးစသည်တို့နှင့် ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရမည်သာ ဖြစ်သည်။

ထို့အတူ လာမည့်နှစ်များ၌ ကမ္ဘာ့ပျမ်းမျှအပူချိန်တက်မှုကို တစ်နည်းနည်းဖြင့် ၁ ဒသမ ၅ ဒီဂရီအောက် ပြန်ရောက်အောင် အားထုတ်နိုင်လျှင် ရာသီဥတုဘေးများ ယခုထက်ပိုပြင်းထန်မလာအောင် တားဆီးနိုင်မည့် အလားအလာ ရှိသေးသည်။ သို့သော် ကမ္ဘာကြီးတွင် လက်ငင်းလက်တွေ့ ဖြစ်ပေါ်နေသည့် အခြေအနေမှာ အပူချိန်တက်ခြင်း၏ အဓိကအကြောင်း ဖြစ်သော ကာဘွန်ဒိုင်အောက်ဆိုက်များ လေထုတွင်းသို့ ဝင်ရောက်နေမှုသည် လွန်ခဲ့သောနှစ် ၁၀ဝ ခန့်အတွင်း တောက်လျှောက်နီးပါး မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ အောက်ပါဇယားသည် ၁၉၄၀၊ ၁၉၆၀၊ ၁၉၈၀၊ ၂၀ဝဝ၊ ၂၀၂၀ နှင့် ၂၀၂၄ ခုနှစ်များတွင် ရုပ်ကြွင်းလောင်စာ သုံးစွဲမှုနှင့် စက်မှုလုပ်ငန်းများမှ လေထုတွင်းဝင်ရောက်ခဲ့သော ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏကို ဘီလျံမက်ထရစ်တန်ဖြင့် ဖော်ပြသည်။

၁၉၄၀ ပြည့်နှစ်၄ ဒသမ ၈၆ ဘီလျံမက်ထရစ်တန်
၁၉၆၀ ပြည့်နှစ်၉ ဒသမ ၃၉ ဘီလျံမက်ထရစ်တန်
၁၉၈၀ ပြည့်နှစ်၁၉ ဒသမ ၄၈ ဘီလျံမက်ထရစ်တန်
၂၀ဝဝ ပြည့်နှစ်၂၅ ဒသမ ၂၀ ဘီလျံမက်ထရစ်တန်
၂၀၂၀ ပြည့်နှစ်၃၄ ဒသမ ၃၇ ဘီလျံမက်ထရစ်တန်
၂၀၂၄ ခုနှစ် ၃၇ ဒသမ ၄၁ ဘီလျံမက်ထရစ်တန်

လေထုတွင်းသို့ ကာဘွန်ဒိုင်အောက်ဆိုက် ဆက်တိုက်တိုးမြင့်ဝင်ရောက်လာခြင်း၏ အကျိုးဆက်အဖြစ် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၈၅၀ ပြည့်နှစ်နှင့် ၁၉၀ဝ ပြည့်နှစ်ကြားကထက် ၁ ဒသမ ၅၅ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုမိုမြင့်မားခဲ့ခြင်းမှာ ကမ္ဘာကြီးသည် အန္တရာယ်ဇုန်အတွင်းသို့ စတင်ခြေချမိပြီဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

ယင်းအန္တရာယ်ခြေလှမ်းကို ရုတ်သိမ်း၍ နောက်ပြန်ဆုတ်နိုင်မည်လော ဆိုသည်ကို စိုးရိမ်တကြီး စောင့်ကြည့်ရတော့မည်။

ဤ”ရာသီဥတုပြောင်းလဲခြင်းဖတ်စာ”ဒစ်ဂျစ်တယ်စာအုပ်ကို
Dr. Kerry Emanuel, Professor of Atmospheric Science,
Massachusetts Institute of Technology ၏
Climate Science, Risk & Solutions, Climate Knowledge for Everyone ကို အဓိက ကိုးကားကာ အခြားဝက်ဘ်ဆိုက်များမှ ရယူသည့် အချက်အလက်များဖြင့် ပြုစုပါသည်။

အခြားအခန်းများကို ဆက်လက်လေ့လာရန် ဆိုင်ရာခေါင်းစဉ်များကို နှိပ်ပါ။

အခန်း ၁။ ရာသီဥတုသိပ္ပံပညာ၏သမိုင်းအကျဉ်း

အခန်း ၂။ ဖန်လုံအိမ်အာနိသင်

အခန်း ၃။ ကမ္ဘာ့ပျမ်းမျှအပူချိန်ကိုတိုင်းတာခြင်း

အခန်း ၄။ အေးနေသင့်သော်လည်း ပူလာသောကမ္ဘာ

အခန်း ၅။ အပူချိန်တက်လာခြင်းအကြောင်းရင်း

အခန်း ၆။ အနာဂတ်ရာသီဥတုကိုခန့်မှန်းခြင်း

အခန်း ၇။ ဘေးအန္တရာယ်အသွယ်သွယ်

အခန်း ၈။ ရာသီဥတုဘေးမှ သက်သာရာရစေရန်

Leave a comment