ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း ၈)

ရာသီဥတုဘေးမှ သက်သာရာရစေရန်

ဖော်ပြခဲ့သည့် ရာသီပြောင်းဆိုးကျိုးများ၏ ဒဏ်ကို သက်သာရာရအောင်လုပ်နိုင်သော နည်းလမ်းအများ ရှိရာ ယင်းတို့အနက် လောလောဆယ် လက်တွေ့လုပ်ဆောင်နိုင်သည့် အဓိကနည်းလမ်း သုံးခု ရှိသည်။

ပထမနည်းမှာ ရုပ်ကြွင်းလောင်စာများ၏ နေရာတွင် ဖန်လုံအိမ်ဓာတ်ငွေ့ မထွက်သော။ သို့မဟုတ် အထွက်နည်းသော စွမ်းအင်များဖြင့် အစားထိုးသုံးစွဲခြင်း၊ ဒုတိယနည်းမှာ စွမ်းအင်ချွေတာခြင်းနှင့် တတိယနည်းမှာ ရာသီပြောင်းဆိုးကျိုးများ၏ ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် အလိုက်သင့်နေထိုင်ခြင်းတို့ ဖြစ်ကြသည်။

အစားထိုးစွမ်းအင်များ

၂၀ဝ၀ ပြည့်နှစ်ကနှင့်စာလျှင် ၂၀၂၃ ခုနှစ်တွင် ဆိုလာ၊ လေအား၊ ရေအားအပါအဝင် အခြားပြန်ပြည့်မြဲစွမ်းအင်များနှင့် သန့်ရှင်းသောစွမ်းအင်များ သုံးစွဲမှုသည် သိသာစွာ တိုးမြင့်လာခဲ့ကြောင်း အောက်ပါပုံအရ သိနိုင်သည်။


သို့သော် အစဉ်မြင့်တက်နေသည့် ကမ္ဘာ့စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန် အစားထိုးစွမ်းအင်များကို တိုးတက်သုံးစွဲရုံမျှဖြင့် မလုံလောက်သောကြောင့် ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့များကို သုံးစွဲမှုမှာလည်း မြင့်တက်လျက်ပင် ရှိနေကြောင်း အောက်ပုံက ပြဆိုနေသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ရုပ်ကြွင်းလောင်စာအသုံး အတန်အသင့် လျှော့ချနိုင်သော်လည်းတရုတ်၊ အိန္ဒိယ အဓိကဖြစ်သော အာရှနိုင်ငံများနှင့် အချို့ဖွံ့ဖြိုးဆဲနိုင်ငံများသည် မိမိတို့၏ အလွန်မြင့်မားသော စွမ်းအင်လိုအပ်ချက်ကို ပြည့်မီအောင် လုပ်ဆောင်ရာတွင် ရုပ်ကြွင်းလောင်စာများ၏ နေရာတွင် ပြန်ပြည့်မြဲစွမ်းအင်များကို လျင်မြန်လုံလောက်စွာ အစားထိုးရန် အခက်အခဲ ရှိနေသည်။ တစ်နှစ်လျှင် ငါးရာခိုင်နှုန်းဖြင့် တိုးမြင့်လာနေသော အာရှလျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ရုပ်ကြွင်းလောင်စာများကို အဓိကသုံးစွဲ၍ ဖြေရှင်းနေရသည်။


ဆိုလာနှင့်လေအား အဓိကဖြစ်သော ပြန်ပြည့်မြဲစွမ်းအင်များကို ဖြစ်သင့်သည့်ပမာဏအထိ တိုးမြှင့်မသုံးစွဲနိုင်သေးခြင်းတွင် နည်းပညာ၊ ငွေရေးကြေးရေး၊ နိုင်ငံရေး၊ လူမှုရေးစသဖြင့် အကြောင်းတရားများစွာ ပါဝင်သည်။

ဆိုလာသည် နေရောင်ထွန်းလင်းမှ၊ လေအားသည် လုံလောက်သော အမြန်နှုန်းဖြင့် လေတိုက်မှ စွမ်းအင်ထုတ်ယူနိုင်သည်။ ဆိုလာနှင့်လေတို့ဖြင့် အချိန်အခါနှင့်
နေရာဒေသမရွေး စွမ်းအင်မထုတ်လုပ်နိုင်သော်လည်း ခေတ်သစ်ကမ္ဘာ၌
လူနေထိုင်ရာအရပ်တိုင်းတွင် စွမ်းအင်ကို အချိန်အခါမရွေး လိုအပ်လျက် ရှိသည်။


ဆိုလာနှင့်လေစွမ်းအင်ကို သုံးလျှင် အချိန်မရွေး စွမ်းအင်ရနေစေရန် စွမ်းအင်သိုလှောင်ပေးသည့် ဘက်ထရီလိုအပ်သည်။ သို့မဟုတ် ဆိုလာနှင့်လေ မရသည့်အချိန်တွင် ရသည့်စွမ်းအင်တစ်မျိုးမျိုးဖြင့် အစားထိုးပေးဝေရမည်။

ယင်းသို့ လုပ်ဆောင်ရန် ဖွံ့ဖြိုးပြီးနိုင်ငံများပင်လျှင် အခက်အခဲများကြောင့် ရုန်းကန် လုပ်ဆောင်နေကြရသော အခြေအနေတွင် ရှိနေသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဆိုလာနှင့်လေတို့ကို လျင်မြန်လုံလောက်စွာ အစားထိုးရန် ကြန့်ကြာနေခြင်း ဖြစ်သည်။

ထို့ပြင် ဆိုလာနှင့်လေစွမ်းအင်များကို ထုတ်ယူနိုင်သည့် နေရာမှ မထုတ်ယူနိုင်သော နေရာသို့ ပို့လွှတ်ရန် ဓာတ်အားကွန်ရက် လိုအပ်သည်။ နိုင်ငံအတော်များများတွင်၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဓာတ်အားကွန်ရက်ကို တိုးချဲ့ အဆင့်မြှင့်ရဦးမည် ဖြစ်ရာ ယင်းသို့လုပ်ဆောင်ရန် ငွေကြေးအမြောက်အမြား ကုန်ကျမည်။ အချိန်ယူရမည်။


ဖွံ့ဖြိုးဆဲနိုင်ငံများသည် ပြန်ပြည့်မြဲစွမ်းအင်များကို တိုးမြှင့်သုံးစွဲနိုင်ရေး အပါအဝင် ရာသီဥတုပြောင်းလဲခြင်း၏ဒဏ်မှ သက်သာရာ သက်သာကြောင်း အစီအမံအမျိုးမျိုးအတွက် ဖွံ့ဖြိုးပြီးနိုင်ငံများထံမှ အကူအညီ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ထရီလျံဒေါ်လာ တောင်းခံခဲ့သော်လည်း အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ဝ သာပေးမည်ဟု ကတိကဝတ် ရရှိထားသည်။


ဆိုလာနှင့်လေအားတို့ကို တိုးမြှင့်သုံးစွဲနိုင်အောင်လုပ်ဆောင်ရာတွင် တွေ့ကြုံရသည့် အခြားအတားအဆီးများ အနက် တစ်ခုမှာ နိုင်ငံအသီးသီး၏ အစိုးရများသည် ရုပ်ကြွင်းလောင်စာကဏ္ဍ၌ ကူညီပံ့ပိုးမှု အမြောက်အမြား ထည့်ဝင်လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယင်းသို့ ကူညီထောက်ပံ့သည့်ပမာဏမှာ ၂၀၂၂ ခုနှစ်က တစ်ကမ္ဘာလုံး၌ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလျံနှင့် ခုနစ်ထရီလျံကြားတွင် ရှိသည်ဟု ခန့်မှန်းကြသည်။ ထို့ပြင် ကမ္ဘာ့ရုပ်ကြွင်းလောင်စာကဏ္ဍ၌ လုပ်ကိုင်နေကြသည့် လုပ်သားအရေအတွက်မှာ တစ်ကမ္ဘာလုံး၌ ၃၂ သန်းခန့် ရှိသည်။

ထို့ကြောင့် ရုပ်ကြွင်းလောင်စာလုပ်ငန်းများအတွက် ကူညီပံ့ပိုးမှုကို အချိန်တိုအတွင်း လျှော့ချခြင်း၊ ရုပ်သိမ်းခြင်း ပြုရန် လက်တွေ့တွင် မဖြစ်နိုင်ချေ။ လုပ်ဆောင်ပါက လောင်စာဈေးတက်ခြင်း၊ အလုပ်လက်မဲ့ ပေါများလာခြင်းမှသည် စီးပွားရေး နိုင်ငံရေး မတည်မငြိမ်မှုများအထိ ပေါ်ပေါက်လာနိုင်သောကြောင့် အစိုးရများသည် ယင်းကိစ္စကို အချိန်ယူကာ အဘက်ဘက်မှ တွက်ချက်လုပ်ဆောင်နေရသည်။


ရုပ်ကြွင်းလောင်စာမှ ပြန်ပြည့်မြဲစွမ်းအင်သို့ ကူးပြောင်းရာတွင် စီးပွားရေးလုပ်ငန်းကြီးများ၏ ကဏ္ဍကလည်း အရေးပါသည်။ စီးပွားရေးလုပ်ငန်းကြီးများသည် ဆိုင်ရာနိုင်ငံများ၏ စီးပွားရေးသာမက ဆိုင်ရာအစိုးရများ အပေါ်၌လည်း ရာသီဥတုမူဝါဒ ချမှတ်ခြင်း အပါအဝင် နေရာအများအပြားတွင် အထိုက်အလျောက် သြဇာ သက်ရောက်မှုများ ရှိသဖြင့် အရေးပါသည်ဟု ဆိုရခြင်း ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး ရုပ်ကြွင်းလောင်စာကုမ္ပဏီ ဆော်ဒီအရမ်ကို(Saudi Aramco)သည် ၂၀၂၂ ခုနှစ်က ဝင်ငွေ အမေရိကန် ဒေါ်လာဘီလျံ ၅၉၀ ဘီလျံနှင့် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဘီလျံ ရရှိခဲ့ပြီး တရုတ် ပက်ထရိုချိုင်းနား(PetroChina)သည် ယင်းနှစ်က ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၈၆ ဘီလျံနှင့် အမြတ်ငွေ အမေရိကန် ဒေါ်လာ ၂၁ ဘီလျံ ရရှိခဲ့သည်။ ထိုမျှဝင်ငွေကောင်း၊ အမြတ်အစွန်းများနေသည့် ရုပ်ကြွင်းလောင်စာ ကုမ္ပဏီများသည် မူလလုပ်ငန်းကို လွယ်လွယ်နှင့် စွန့်ပယ်ကာ ပြန်ပြည့်မြဲစွမ်းအင်ဘက်သို့ လျင်မြန်စွာ ကူးပြောင်းမည်ဟု မမျှော်လင့်နိုင်ပေ။

ထို့ပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရေးနှင့်တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ၌ ရုပ်ကြွင်းလောင်စာကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၂၀၂၂ ခုနှစ်တွင်ထက် ၂၀၂၃ ခုနှစ်က ၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင်ထက် ၂၀၂၄ ခုနှစ်တွင် ၇ ရာခိုင်နှုန်း တိုးခဲ့မည်ဟု ခန့်မှန်းထားသည်။


ရာသီဥတုပြောင်းလဲနေသောကမ္ဘာအတွက် မဝေးလှသော အနာဂတ်၌ အလားအလာကောင်းသော စွမ်းအင်ဇာစ်မြစ်တစ်ခုမှာ ဟိုက်ဒရိုဂျင် ဖြစ်သည်။ ဟိုက်ဒရိုဂျင်နှင့်အောက်ဆီဂျင်တို့ကို ဓာတ်ပြုစေခြင်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးသည့် ဟိုက်ဒရိုဂျင်လောင်စာဆဲလ်(fuel cell)များမှ လေထုညစ်ညမ်းသည့် ဓာတ်ပစ္စည်းများ၊ ဖန်လုံအိမ်ဓာတ်ငွေ့များ မထွက်ပေါ်ဘဲ ရေသာ ထွက်သဖြင့် သန့်ရှင်းသောစွမ်းအင် ဖြစ်သည်။

ဆိုလာနှင့်လေအားတို့မှ ထုတ်လုပ်ထားသော လျှပ်စစ်ကို လောင်စာဆဲလ်ထဲ ထည့်၍ လိုရာသို့ သယ်ဆောင်အသုံးပြုနိုင်သည်။ ထို့ကြောင့် ဟိုက်ဒရိုဂျင်နှင့် ဆိုလာတို့ကို တွဲဖက်အသုံးပြုခြင်းသည် များစွာ တွင်ကျယ်လာရန် ရှိသည်။ ယခုအခါ လောင်စာဆဲလ်များကို ယာဉ်များ၊ စွမ်းအင်အမြောက်အမြားသုံးရသည့် သံမဏိနှင့် ဘိလပ်မြေထုတ်လုပ်ရေး လုပ်ငန်းများစသည်တို့၌ စတင်သုံးစွဲနေကြသည်။ ယင်းတို့၏ နည်းပညာ မြင့်မားလာရန်နှင့် ကုန်ကျစရိတ် သက်သာအောင် ကြိုးပမ်းမှုများသည် အရှိန်ရလာနေသည်။



ကလေးများအတွက်


ရောင်းဈေး ၄၀ဝ၀ ကျပ်

မက်ဆာချူးဆက် စက်မှုတက္ကသိုလ် သုတေသီများက ဖန်လုံအိမ်ဓာတ်ငွေ့ မထွက်သော လျှပ်စစ် ဖြစ်စေရန် ဖြစ်နိုင်ခြေပေါင်း ၁၀ဝ၀ ခန့်ကို ၂၀၁၈ ခုနှစ်က လေ့လာခဲ့သည်။ သန့်လည်း သန့်ရှင်းရမည်၊ စဉ်ဆက် မပြတ်လည်း ရနေရမည်၊ ဈေးလည်းအနည်းဆုံး ဖြစ်ရမည်ဆိုသော အချက်အားလုံးနှင့် ကိုက်ညီသည်မှာ နျူကလီးယား ဖြစ်ကြောင်း တွေ့ရှိသည်။ သို့သော် နျူကလီးယားစက်ရုံသည် တည်ဆောက်စရိတ် အလွန်များသည်။ လူ့အမှားများကြောင့် အန္တရာယ် ဖြစ်နိုင်သည်။ နျူကလီးယားလောင်စာ ဖြစ်သော ယူရေနီယမ်ကို လက်နက်အဖြစ် ပြောင်းနိုင်သည်။ စွန့်ပစ်ပစ္စည်းများသည် အန္တရာယ်ကြီး၍ သိုလှောင်ရန် ခက်ခဲသည်။

လက်ရှိသုံးစွဲနေသည့် နျူကလီးယား ကွဲထွက်ခြင်းနည်းပညာနှင့် မတူသည့် နျူကလီးယား ပေါင်းစည်းခြင်း နည်းပညာသည် အထက်ပါအန္တရာယ်မျိုး လွန်စွာနည်းပါးသည့်အပြင် စွမ်းအင် အမြောက်အမြားကို ထုတ်ပေးနိုင်သည်။ နည်းပညာနှင့် ကုန်ကျစရိတ် အတားအဆီးများကြောင့် ယင်းနည်းဖြင့် ထုတ်ယူနေသော လျှပ်စစ်များသည် သုတေသနလုပ်ငန်းများအတွက်သာ ဖြစ်နေသေးသော်လည်း အနာဂတ်တွင် အသုံးပြုရန် အလားအလာကောင်းများ ပေါ်ထွက်နေသည်။


ကာဘွန်ဒိုင်အောက်ဆိုက် အထွက်နည်းသော သို့မဟုတ် မထွက်သော စွမ်းအင်များကို တစ်ဖက်မှ ဖော်ထုတ်နေကြသကဲ့သို့ လေထုတွင်း ရောက်နှင့်ပြီးသော ကာဘွန်ကို ပြန်လည်ထုတ်ယူခြင်းဖြင့်လည်း လည်းကောင်း၊ စက်ရုံမှထွက်သော ကာဘွန်ဒိုင်အောက်ဆိုက်ကို လေထုထဲမဝင်ရောက်မီ ဖမ်းယူ ဖယ်ရှားခြင်းဖြင့် လည်းကောင်း ရာသီဥတုဘေးလျော့နည်းအောင် ကြိုးပမ်းကြသည်။ ကာဘွန်များကို ကြားခံဓာတ်ပစ္စည်း တစ်မျိုးမျိုးဖြင့် ဓာတ်ပြုစေခြင်းဖြင့် စုပ်ယူ၍ မြေအောက်သို့ မှုတ်သွင်းကာ မြေလွှာများ၌ သိုလှောင်သည်။ သို့မဟုတ် တစ်နည်းနည်းဖြင့် အသုံးချသည်။

ယင်းနည်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ခဲ့လျှင် ကာဘွန်မည်မျှ ထုတ်ထုတ် ပြန်လည် စုပ်ယူ ဖယ်ရှားနိုင်မည်။ ယခုအခါ တစ်နှစ်လျှင် ကာဘွန် တန်ချိန် သန်း ၂၃၀ ကို ထုတ်ယူအသုံးချနေသည်။ နည်းပညာအရရော၊ ရင်းနှီးမြှုပ်နှံမှုပါ တွင်ကျယ်လာရန် လိုသေးသည်။


တစ်ကမ္ဘာလုံးကို လွှမ်းခြုံသော ဂျီအိုအင်ဂျင်နီယာနည်းပညာ(Geo- engineering)များဖြင့်လည်း ကမ္ဘာ့အပူချိန်ကို လျှော့ချရန် စဉ်းစားကြသည်။

မီးတောင်ပေါက်ရာမှ ထွက်လာသည့် ဆာလ်ဖာအမှုန်များသည် လေထုအမြင့်ပိုင်းဒေသ များတွင် အချိန်အတန်ကြာ တည်ရှိကာ နေရောင်ကို ကာဆီးပေးထားခြင်းဖြင့် ကမ္ဘာ့အပူချိန်ကို အချိန် အကန့်အသတ်ဖြင့် ကျဆင်းစေသည်။ ဥပမာ ၁၉၉၁ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ ပင်နာတူဘိုမီးတောင် ပေါက်ကွဲပြီးနောက် ကမ္ဘာ့ အပူချိန်သည် ဝ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်မျှ သုံးနှစ်ခန့် ကျဆင်းသွားခဲ့သည်။ ယင်းဖြစ်ရပ်ကို နမူနာယူလျက် နေရောင်ကာ အမှုန်များကို လေထုတွင်း ကြဲပက်ထားခြင်း၊ ပင်လယ်ရေမှုန်များကို လေထုတွင်းသို့ မှုတ်သွင်းထားခြင်း စသည်တို့ဖြင့် ကမ္ဘာ့အပူချိန်ကို ကျဆင်းရန် ကြိုးစားနိုင်သည်။


အချို့က နေနှင့် ကမ္ဘာကြား အာကာသထဲတွင် ကြေးမုံချပ်များခံကာ နေရောင်ကို ကမ္ဘာပေါ် အကျနည်းစေမည့်နည်းကို စဉ်းစားသည်။

သို့သော် ဂျီအိုအင်ဂျင်နီယာပညာကို တစ်ကမ္ဘာလုံးလွှမ်းခြုံ၍ မစမ်းသပ်မီ ဆိုင်ရာဒေသငယ်များတွင် ဦးစွာစမ်းသပ်ဖို့ လိုသည်။ တစ်ကမ္ဘာလုံး လွှမ်းခြုံသောစနစ် ဖြစ်သည့်အတိုင်း တစ်ကမ္ဘာလုံး သဘောတူညီဖို့ လိုသည်။ အပူချိန်ကို မည်မျှအထိ လျှော့ချမည်ကိုလည်း သဘောတူရမည်။

အချို့ကမူ ဂျီအိုအင်ဂျင်နီယာ နည်းပညာများ အောင်မြင်မှုရသွားမည်ကို စိုးရိမ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ဂျီအိုအင်ဂျင်နီယာပညာဖြင့် ကမ္ဘာကို အေးအောင် လုပ်နိုင်လျှင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျော့နည်းအောင် မလုပ်တော့ဘဲ အတိုင်းအဆမရှိ ထုတ်နေမည်ကို တွေးပူကြ၍ ဖြစ်သည်။ ယင်းသို့ ဖြစ်လာပါက ဂျီအိုအင်ဂျင်နီယာပညာကို အကြောင်း တစ်ခုခုကြောင့် အသုံးမချနိုင်တော့သော တစ်နေ့တွင် စုပုံနေသော ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် ကမ္ဘာသည် မနေနိုင်လောက်အောင် ပူပြင်းသွားမည့် အန္တရာယ် ရှိသည်ဟု ထောက်ပြကြသည်။


စွမ်းအင်ချွေတာခြင်း

ရုပ်ကြွင်းလောင်စာများကို လုံးလုံးမပစ်ပယ်နိုင်သေးမီ စွမ်းအင် ချွေတာရေးသည် ရာသီဥတုဘေးကို လျော့ပါးစေရာ၌ အရေးပါသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။ ဥပမာ – ဆီစားသက်သာသောယာဉ်နှင့် စက်ကိရိယာများကို တီထွင် သုံးစွဲခြင်းမျိုးကို ဆိုလိုသည်။ ကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ လုပ်ငန်းဆောင်တာများလုပ်ဆောင်ခြင်း၊ ပို့ဆောင်သွားလာခြင်း ကိစ္စအဝဝတွင် ရုပ်ကြွင်းလောင်စာနှင့် မကင်းနိုင်ကြချေ။ အသုံးအဆောင်ပစ္စည်းများကို ချွေတာသုံးစွဲခြင်း၊ တစ်ခါသုံးပစ္စည်းများအစား ပြန်သုံးနိုင်သော ပစ္စည်းများကို တတ်နိုင်သမျှ သုံးစွဲခြင်း၊ သုံးပြီးပစ္စည်းအဟောင်းများကို တတ်နိုင်သမျှ စွန့်ပစ်ခြင်းမပြုဘဲ ပြုပြင်သန့်စင်ကာ ပြန်လည် သုံးစွဲခြင်းတို့သည် လောင်စာကို ချွေတာရာရောက်သည်။ အစားအစာများ၏ သုံးပုံတစ်ပုံသည် အမှန်တကယ် မစားမသုံးရဘဲ လေလွင့် ပျက်စီး စွန့်ပစ်နေရသည်ဟု လေ့လာချက်တစ်ရပ်က ဆိုသည်။ အမေရိကန်နိုင်ငံတွင် စွန့်ပစ်အစာများအတွက် သုံးစွဲခဲ့ရသော လျှပ်စစ်ပမာဏသည် တစ်နိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်မှု၏ ၂ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။


ရာသီဥတုပြောင်းလဲမှုနှင့် အလိုက်သင့်နေထိုင်ခြင်း

ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ်အများစုသည် ဖြစ်ပွားသော အကြိမ်အရေအတွက် မြင့်တက်လာပြီး ပိုမို ပြင်းထန်လာနေသဖြင့်
ယင်းအန္တရာယ်များ လူတို့အပေါ် ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် (ဖြစ်နိုင်လျှင် သဘာဝနည်းလမ်းများကို အသုံးပြု၍) လုပ်ဆောင်ဖို့ လိုသည်။ ဥပမာ – အပူဒဏ်မှ ကင်းဝေးရန် သစ်ပင်များ စိုက်ခြင်း၊ ရေရှားခြင်းမှ သက်သာရာရစေရန် မိုးရေ စုဆောင်း အသုံးချခြင်း၊ ရေလွှမ်းမိုးမှုဒဏ်မှ သက်သာရာရစေရန် တာရိုးများ ဆောက်လုပ်ခြင်း၊ အမြင့်ပိုင်းသို့ ရွှေ့ပြောင်းခြင်း စသည်တို့ ဖြစ်သည်။

အခြားအခန်းများကို ဆက်လက်လေ့လာရန် ဆိုင်ရာခေါင်းစဉ်များကို နှိပ်ပါ။

အခန်း ၁။ ရာသီဥတုသိပ္ပံပညာ၏သမိုင်းအကျဉ်း

အခန်း ၂။ ဖန်လုံအိမ်အာနိသင်

အခန်း ၃။ ကမ္ဘာ့ပျမ်းမျှအပူချိန်ကိုတိုင်းတာခြင်း

အခန်း ၄။ အေးနေသင့်သော်လည်း ပူလာသောကမ္ဘာ

အခန်း ၅။ အပူချိန်တက်လာခြင်းအကြောင်းရင်း

အခန်း ၆။ အနာဂတ်ရာသီဥတုကိုခန့်မှန်းခြင်း

အခန်း ၇။ ဘေးအန္တရာယ်အသွယ်သွယ်

အခန်း ၉။ အန္တရာယ်ဇုန်အတွင်းသို့ခြေချမိခြင်း

Leave a comment