ဘေးအန္တရာယ်အသွယ်သွယ်
အပူလှိုင်း
ကမ္ဘာ့အပူချိန် မြင့်တက်လာသည်နှင့်အမျှ အပူလှိုင်းဖြစ်ပေါ်မှု အကြိမ်စိပ်လာပြီး ပို၍လည်း ပြင်းထန်လာနေသည်။ အပူလှိုင်း တည်ရှိသည့်ရက် ပို၍ရှည်ကြာလာသည်။ ဖြစ်နေကျအပူချိန်ထက် နှစ်ရက် သို့မဟုတ် သုံးရက်ဆက်တိုက် ပိုမိုမြင့်တက်ပူပြင်းသောဖြစ်စဉ်ကို အပူလှိုင်းဟု ခေါ်သည်။

အထက်ပါပုံအရ လေသည် ပူသောအခါ ပွလာပြီး လေထုအပေါ်ပိုင်းသို့ ဆန်တက်သည်။ လေထုအပေါ်ပိုင်းတွင် လေများ ပိုမိုရောက်ရှိလာခြင်းကြောင့် ဖိအားများလာသည်။ ဖိအားများသောလေသည် အခြားတစ်နေရာသို့ ရွေ့လျားပြီး ရောက်ရာအရပ်၌ အောက်ဘက်သို့ ဖိသိပ်ကာ အပူဓာတ်များကို ထိန်းအုပ်ထားသောကြောင့် အောက်ပိုင်းလေထုနှင့်မြေပြင် ရက်အတန်ကြာပူလာပြီး အပူလှိုင်း ပေါ်ပေါက်သည်။ လေ၏ဖိအားကြောင့် တိမ်များ ကင်းစင်နေခြင်းကလည်း အပူဒဏ်ကို ပိုမိုပြင်းထန်စေသည်။
၂၀၂၂ ခုနှစ်က ဥရောပတိုက် နွေရာသီတွင် အပူလှိုင်းနှင့်လွန်ကဲအပူဒဏ်ကြောင့် လူ ၇၀ဝဝဝ ကျော် သေဆုံးခဲ့ဖွယ်ရာ ရှိသည်။ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံအများအပြား၌ လွန်ကဲစွာပူပြင်းသော နေ့ရက်များ စံချိန်တင် ပေါ်ပေါက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇွန်လ ၁၆ ရက်နှင့် ၂၄ ရက် အတွင်း လူပေါင်းသန်း ၅၀ဝ၀ ခန့် လွန်ကဲသောအပူကို ခံစားခဲ့ရသည်။
လွန်ကဲသောအပူချိန်သည် လူတို့၏ ကျန်းမာရေးကို ထိခိုက်ရုံမျှမက အသက်ဆုံးရှုံးသည် အထိ ဒုက္ခပေးနိုင်သည်။ ပတ်ဝန်းကျင်လေပူများမှ ကူးလာ၍ ဖြစ်စေ၊ ကိုယ်လက်လှုပ်ရှားမှု များခြင်းစသော အကြောင်း တစ်ခုခုကြောင့် ဖြစ်စေ လူ့ခန္ဓာကိုယ်ပူလာလျှင် ချွေးထွက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းမှ အပူများကို ပြင်ပသို့ စွန့်ထုတ်သည်။ ချွေးများသည် ရေငွေ့အဖြစ် ပတ်ဝန်းကျင်လေထဲသို့ ရောက်သွားသည်။ လေထုထဲ၌ ရေငွေ့နည်းနေလျှင် ချွေးမှဖြစ်ပေါ်လာသော ရေငွေ့များကို ကောင်းစွာ လက်ခံနိုင်သဖြင့် ချွေးကောင်းစွာ ထွက်နိုင်သည်။ လေထုထဲ၌ ရေငွေ့ များနေလျှင် ချွေးမှဖြစ်ပေါ်လာသော ရေငွေ့များကို လက်ခံနိုင်စွမ်း လျော့နည်းလာသည်။ ထို့ကြောင့် ခန္ဓာကိုယ်မှ ချွေးထွက်နိုင်စွမ်း ကျဆင်းကာ ကိုယ်တွင်း အပူကို စွန့်ထုတ်နိုင်စွမ်း နည်းလာသဖြင့် လူ့ခန္ဓာကိုယ်အပူချိန် တဖြည်းဖြည်းတက်လာသည်။ တက်လာသော အပူချိန်သည် ၃၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ပြီး ယင်းအတိုင်း အချိန်အတန် ကြာရှိနေလျှင် သတိလစ်သွားနိုင်သည်၊ အသက် ပါသွားနိုင်သည်။
အသက်အန္တရာယ် မဖြစ်သော်မှ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ ပန်းနာရင်ကြပ်၊ စိတ်ရောဂါအခံရှိသူများ ရောဂါပိုမိုဆိုးရွားလာနိုင်သည်။ မတော်တဆဘေးအန္တရာယ် ပိုဖြစ်နိုင်သည်။
အပူလှိုင်းနှင့် မိုးခေါင်ခြင်း တစ်ချိန်တည်း ပေါ်ပေါက်ပါက သီးနှံအထွက် ထိခိုက်နိုင်သည်၊ ရေရှားပါးနိုင်သည်။ စွမ်းအင်ပိုမိုသုံးစွဲကြသဖြင့် လျှပ်စစ်ပြတ်တောက်နိုင်သည်။
(ကြော်ငြာ)

တည်ပုဒ် (အကြောင်းအရာ) ၁၄၈ ခု ပါဝင်သည်။
ရောင်းဈေး ၁၅၀ဝ၀ ကျပ်
သမုဒ္ဒရာအပူလှိုင်း
သမုဒ္ဒရာများသည် ပုံမှန်အားဖြင့် နေရောင်ခြည်အပူ၊ လေထုမှ ပြန်ဟပ်လာသောအပူတို့ကို စုပ်ယူကာ ရေငွေ့ပြန်ခြင်း၊ ပင်လယ် ရေခဲပြင် အရည်ပျော်ခြင်း၊ အပေါ်အောက် ရေဖလှယ်ခြင်း စသည်တို့ဖြင့် အပူများကို ပြန်လည်ထုတ်လွှတ် ရွှေ့ပြောင်းသွားစေသည်။ သို့သော် အယ်လ်နီညိုဖြစ်စဉ်၊ သမုဒ္ဒရာရေစီးကြောင်းများ ပြောင်းလဲခြင်း၊ ရေထုတွင်း အပေါ်အောက် ရေဖလှယ်မှု နည်းပါးခြင်း စသည်တို့ကြောင့် အပူလှိုင်းများ ပေါ်ပေါက်ကာ လပေါင်းများစွာ ကြာသည်အထိ တည်ရှိနေတတ်သည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့် ပိုမိုလာသောလေထုတွင်း အပူဓာတ်၏ ၉၀ ရာခိုင်နှုန်းသည် ရေထုတွင်းသို့ ကူးပြောင်း ရောက်ရှိသဖြင့် သမုဒ္ဒရာအပူလှိုင်းများသည် ပိုမိုဖြစ်ထွန်းပေါ်ပေါက်လာနေသည်။ ပိုမိုပြင်းထန်ကြာရှည်လာလျက် ရှိသည်။ ပူနွေးလာသော ရေထုသည် အောက်ဆီဂျင်ကို စုပ်ယူနိုင်စွမ်း ကျဆင်းလာ၍ ရေနေသတ္တဝါများ၏ ပေါက်ပွားနှုန်း ကျဆင်းလာသည်။ အပူဒဏ်ကို မခံနိုင်ကြသော ရေနေသတ္တဝါများ သေဆုံးခြင်းကြောင့် ငါးဖမ်းဆီးရရှိမှု လျော့နည်းကျဆင်းသည်။

သန္တာကျောက်တန်း
ရေထုအပူချိန် မြင့်တက်လာသဖြင့် သန္တာကျောက်တန်းများ ပျက်စီးသည်။
လေထုတွင်းသို့ ပိုမိုဝင်ရောက်လာသော ကာဘွန်ဒိုင်အောက်ဆိုက်များသည် ရေထုထဲ ပိုမိုပျော်ဝင်လာသဖြင့် စက်မှုခေတ်မတိုင်မီကနှင့် စာလျှင် သမုဒ္ဒရာရေထု၏ အက်စစ်ဓာတ် ၃၀ ရာခိုင်နှုန်းခန့် ပိုလာသည်။ အက်စစ်ဓာတ် ပိုလာခြင်းကြောင့် အခွံမာ ရေနေသတ္တဝါနှင့် သန္တာကျောက်တန်းတို့၏ တည်တံ့မှုသည် စိုးရိမ်စရာ အခြေအနေသို့ ဆိုက်ရောက်လျက် ရှိသည်။
သန္တာကျောက်တန်းတို့တွင် လူတို့၏ အစာ ဖြစ်သော အပင်နှင့် ငါးမျိုးစိတ် သန်းပေါင်းများစွာ တည်မှီ နေထိုင်၍ ကုန်းပေါ်ရှိ မိုးသစ်တောများကဲ့သို့ ဇီဝမျိုးစိတ် အလွန်ကြွယ်ဝသော ဂေဟစနစ်တစ်မျိုး ဖြစ်သည်။ သန္တာကျောက်တန်းများသည် ငါးမျိုးစိတ် လေးပုံတစ်ပုံတို့ မှီခိုရှင်သန်ရာ ဖြစ်သည်။ အိုးအိမ် မြို့ရွာများ ပျက်စီးလျှင် လူတို့ ဒုက္ခရောက်ကြရသကဲ့သို့ နှစ်ပေါင်း ၄၀ အတွင်း ငါးကောင်ရေ ထက်ဝက်မျှ ကျဆင်းသွားသည်။

မုန်တိုင်းတိုက်ခြင်းနှင့်ရေကြီးရေလျှံခြင်း
ပိုမို ပူနွေးလာသော သမုဒ္ဒရာ ရေထုမှ ရေငွေ့ပြန်ခြင်း ပိုမိုများပြားလာသောကြောင့် မုန်တိုင်းများ ပိုမိုအားကောင်းလာသည်။ ၁၉၈၅ ခုနှစ်မှ စ၍ ကမ္ဘာတွင် မုန်တိုင်း တစ်နှစ်လျှင် ပျမ်းမျှအလုံး ၈၀ ခန့် ဖြစ်ပေါ်သည်။ ရာသီဥတု ပြောင်းလဲခြင်းကြောင့် အချို့ဒေသများ၌ မုန်တိုင်းအရေအတွက် ပိုလာသော်လည်း အချို့ဒေသများတွင် လျော့သွားသည်။ မုန်တိုင်း လုံးရေ အတိုးအလျော့ မရေရာသော်လည်း မုန်တိုင်းပြင်းအား ပိုလာသောအချက်ကိုမူ အားလုံးက လက်ခံကြသည်။
ပြင်းထန်လာသော မုန်တိုင်းများနှင့် မြင့်တက်လာသော ပင်လယ်ရေပြင်တို့က ကမ်းခြေရေပြင် မြင့်တက်ခြင်းကို ပိုမိုဆိုးရွားစေသည်။ မုန်တိုင်း ပြင်းအားပိုလာခြင်း၊ ရေပိုပါသောမိုးများ ရွာသွန်းခြင်းတို့ကြောင့် မုန်တိုင်း၏ အဖျက်စွမ်းအားသည် ကမ်းရိုးတန်းဒေသများအပြင် ကုန်းတွင်းပိုင်းဒေသများကိုပါ ထိခိုက်စေလျက် ရှိသည်။
လေထုနှင့်ရေထု ပူနွေးလာခြင်းကြောင့် နွေးမလာမီကထက် ရေငွေ့ပိုပြန်လာကာ လေထုတွင်း၌ ရေငွေ့ ပိုများလာလျက် ရှိသည်။ လေထုအပူချိန် တစ်ဒီဂရီစင်တီဂရိတ် တက်တိုင်း လေထုတွင်း ရေငွေ့ပမာဏ ခုနစ်ရာခိုင်နှုန်း ပိုများလာသည်။ ရေငွေ့များကို ပိုမို လက်ခံထားသောလေထုတွင် နောက်ဆုံးရေငွေ့များဖြင့် ပြည့်ဝလာသောအခါ သည်းထန်သောမိုးများ အဖြစ် ပြန်လည်ရွာကျစေသည်။ ရာသီဥတုပြောင်းနေသော ကမ္ဘာ၌ ဤနည်းဖြင့် မိုးရွာသောအခါ ပိုမို သည်းထန်လာလျက် ရှိသည်။

ပူနွေးလာသော ကမ္ဘာတွင် ဤသို့ဖြင့် အဖျက်စွမ်းအားကောင်းသော မုန်တိုင်းများ၊ သည်းထန်သောမိုးများကြောင့် ရေကြီးရေလျှံမှုများကို ယခင်ကထက် ပိုမိုတွေ့ကြုံခံစားနေကြရသည်။
မိုးခေါင်ခြင်း
ရာသီဥတုပြောင်းလဲခြင်းကြောင့် မိုးများလွန်းကာ ရေကြီးရေလျှံဖြစ်သောဒေသများ ရှိသကဲ့သို့ မိုးခေါင်သော နေရာများလည်း ရှိသည်။ မိုးခေါင်မှုကြောင့် ရေရှားပါးမှုကို ဆိုးရွားစွာ ခံစားကြရသည်။ မြင့်တက်လာနေသည့် အပူချိန်သည် ခြောက်သွေ့ဒေသများကို ပို၍ခြောက်သွေ့စေကာ ရေငွေ့ပြန်မှု ပိုများလာသဖြင့် မြေဆီလွှာ ပို၍ ခြောက်သွေ့လာသည်။ မိုးခေါင်မှုကို ပို၍ ဆိုးရွားလာစေသည်။ ကျန်းမာရေး စိုက်ပျိုးရေး စီးပွားရေး စွမ်းအင်ကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင်ရေးရာတို့၌ ပျက်စီးဆုံးရှုံးမှု များစွာ ပေါ်ပေါက်သည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့၏ အချက် အလက်များအရ သဘာဝဘေးအန္တရာယ်များထဲ၌ မိုးခေါင်ခြင်းသည် ဆုံးရှုံးမှုအများဆုံး ဖြစ်သည်။ မိုးခေါင်ခြင်းကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ခြောက်ဘီလျံမှ ရှစ်ဘီလျံအထိ ဆုံးရှုံးနေသည်။ ၁၉၇၀ မှ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် မိုးခေါင်ခြင်းကြောင့် လူ ၆၅၀ဝဝဝ သေဆုံးခဲ့သည်။
ပင်လယ်ရေပြင်မြင့်တက်ခြင်း
ကမ္ဘာ့ပျမ်းမျှပင်လယ်ရေမျက်နှာပြင်သည် နှစ်ပေါင်း သောင်းနှင့်ချီ၍ သိသာသော အတိုးအလျော့ မရှိဘဲ တန့်နေခဲ့ရာမှ ကမ္ဘာအနှံ့၌ တအိအိမြင့်တက်လာလျက် ရှိသည်။ ၁၉၉၃ ခုနှစ်က ပင်လယ်ရေပြင်ထက် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ပင်လယ်ရေပြင်က ၁၀ဝ ဒသမ ၈ မီလီမီတာ ပိုမိုမြင့်တက်ခဲ့သည်။

ပင်လယ်ရေပြင် မြင့်တက်လာခြင်း၏ အဓိကအကြောင်းမှာ ကမ္ဘာ့မြောက်ဘက် ဂရင်းလန်းကျွန်းနှင့် တောင်ဘက်စွန်း အန္တာတိကတိုက်တို့ရှိ ရေခဲများ အရည်ပျော်လာနေသောကြောင့် ဖြစ်သည်။ တက်လာနေသော ကမ္ဘာ့လေထုအပူချိန်ကြောင့် ရေထုပွယောင်းလာခြင်းကြောင့်လည်း ပင်လယ်ရေပြင် မြင့်လာသည်။ ပင်လယ်ရေပြင်မြင့်တက်မှု ပမာဏ၏ သုံးပုံနှစ်ပုံသည် ရေခဲအရည်ပျော်ခြင်းကြောင့် ဖြစ်ပြီး သုံးပုံတစ်ပုံသည် ရေထု ပွယောင်းလာခြင်းကြောင့် ဖြစ်သည်။
ပင်လယ်ရေပြင်မြင့်တက်ခြင်းကို ကမ်းရိုးတန်း ဒေသများနှင့် ကျွန်းနိုင်ငံများက ပို၍ ခံစားကြရမည်။ ပင်လယ် ရေအောက် ရောက်သည့်အပိုင်းက ရောက်ပြီး ရေအောက် မရောက်သေးသော အပိုင်းများသည် မုန်တိုင်းတိုက်သောအခါ ရေလွှမ်းမိုးမှု ပို၍ဆိုးလာမည်။ မြင့်တက်လာသောပင်လယ်ရေပြင်က မြေပေါ် မြေအောက်ရေချို အရင်းအမြစ်များထဲသို့ ရေငန်များ ဝင်ရောက် ရောနှောမည်။ ကမ္ဘာ့မြို့ကြီး ၁၀ မြို့ အနက် ရှစ်မြို့သည် ကမ်းရိုးတန်းပေါ် သို့မဟုတ် ကမ်းရိုးတန်းနှင့် မလှမ်းမကမ်း၌ တည်ရှိကြသည့်အပြင် တိုးတက်လာသော လူဦးရေအတွက် မြို့ပြများကို ချဲ့ထွင်ကြ၊ အသစ် တည်ဆောက်ကြရာတွင် ကမ်းရိုးတန်း အောက်ခံမြေပျော့များပေါ်၌ မြင့်မားလေးလံသည့် အဆောက်အအုံများ ဆောက်လုပ်လျှင် မြေပြင် နိမ့်ကျပြီး ပင်လယ်ရေပြင် မြင့်တက်မှုကို ပို၍ ဆိုးရွားစေသည်။

ဖော်ပြခဲ့သောဘေးများအပြင် တောမီးလောင်ခြင်း၊ ရောဂါဘယပြန့်ပွားခြင်းစသည့် လွန်ကဲပြင်းထန်သော မိုးလေဝသ၊ ရာသီဥတု၊ ရေနှင့် ဆက်နွှယ်သော ဘေးအန္တရာယ်ပေါင်း ၁၁၇၇၈ ခု ၁၉၇၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်ကြား၌ ဖြစ်ပွားခဲ့သည်။ ယင်းဘေးအန္တရာယ်များကြောင့် လူနှစ်သန်းကျော်သေဆုံးကာ ဆုံးရှုံးမှုပမာဏသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ထရီလျံ (1 trillion = 1,000,000,000,000)မျှ ရှိကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့၏ ထုတ်ပြန်ချက်က ဆိုထားသည်။ ၂၀ဝ၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်ကြားကာလတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ဆက်စပ်သောဖြစ်ရပ်များကြောင့် လူ ၆၀ဝဝဝ ကျော်သေဆုံးခဲ့သည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ပေါ်ပေါက်သော အာဟာရချို့တဲ့မှု၊ ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အပူလျှပ်ခြင်းတို့၏ အကျိုးဆက်အဖြစ် ၂၀၃၀ ပြည့်နှစ်နှင့် ၂၀၅၀ ပြည့်နှစ်ကြားတွင် တစ်နှစ်လျှင် လူ ၂၅၀ဝဝဝ ခန့်သေဆုံးမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းသည်။
ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် အခြေခံအဆောက်အအုံများ ပျက်စီးခြင်း၊ ပစ္စည်း ဥစ္စာ ဆုံးပါးခြင်း၊ သီးနှံဆုံးရှုံးခြင်း၊ လူ့ကျန်းမာရေးထိခိုက်ခြင်းတို့ကြောင့် ၂၀၅၀ ပြည့်နှစ်အရောက်တွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ထရီလျံနှင့် ၃ ဒသမ ၁ ထရီလျံကြား၌ ရှိနိုင်သည်။
ထုတ်လွှတ်နေသော ဖန်လုံအိမ်ဓာတ်ငွေ့များကို ယခုလုံးဝ ရပ်တန့်လိုက်လျှင်သော်မှ လေထုတွင်းရောက်နေပြီးသော ဓာတ်ငွေ့များကြောင့် ရာသီဥတုပြောင်းလဲခြင်းသည် ဆက်လက်ပေါ်ပေါက်နေဦးမည်။
(ဤ”ရာသီဥတုပြောင်းလဲခြင်းဖတ်စာ” ဒစ်ဂျစ်တယ်စာအုပ်ကို ရာသီဥတုပြောင်းလဲခြင်း၏ သိပ္ပံနှင့် နည်းပညာ အခြေခံအချက်အလက်များ၊ ယင်းဖြစ်စဉ်၏ ဆိုးကျိုးများကို လျော့နည်းသက်သာအောင် ကြိုးပမ်းရာ၌ တွေ့ကြုံနေရသော နည်းပညာ စီးပွားရေး လူမှုရေး နိုင်ငံရေး အခက်အခဲများကို စိတ်ပါဝင်စားသည့် မည်သူမဆို အလွယ်တကူ လေ့လာသဘောပေါက်နိုင်စေရန် တိုတိုရှင်းရှင်းနှင့် လိုရင်းရောက်အောင် အားထုတ်ပြုစုထားပါသည်။
တစ်ဦးချင်း ဖတ်ရှုသူများနှင့် အစုအဖွဲ့အလိုက် လေ့လာဆွေးနွေးသူများသည် ဤဒစ်ဂျစ်တယ်စာအုပ်ပါ စာပုဒ်များကို ကူးယူဝေမျှနိုင်ပါသည်။ သို့သော် အခန်းတစ်ခန်းလုံးကို ဖြစ်စေ၊ ဒစ်ဂျစ်တယ်စာအုပ် တစ်အုပ်လုံးကို ဖြစ်စေ၊ ပုံနှိပ်နည်းပညာ၊ ဒစ်ဂျစ်တယ်နည်းပညာ မည်သည့်နည်းပညာနှင့်မဆို ကျွန်တော့ထံမှ ခွင့်ပြုချက် မရဘဲ ကူးယူဝေမျှခြင်း မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။)
အခြားအခန်းများကို ဆက်လက်လေ့လာရန် ဆိုင်ရာခေါင်းစဉ်များကို နှိပ်ပါ။
အခန်း ၁။ ရာသီဥတုသိပ္ပံပညာ၏သမိုင်းအကျဉ်း
အခန်း ၂။ ဖန်လုံအိမ်အာနိသင်
အခန်း ၃။ ကမ္ဘာ့ပျမ်းမျှအပူချိန်ကိုတိုင်းတာခြင်း
အခန်း ၄။ အေးနေသင့်သော်လည်း ပူလာသောကမ္ဘာ
အခန်း ၅။ အပူချိန်တက်လာခြင်းအကြောင်းရင်း
အခန်း ၆။ အနာဂတ်ရာသီဥတုကိုခန့်မှန်းခြင်း
အခန်း ၈။ ရာသီဥတုဘေးမှ သက်သာရာရစေရန်
အခန်း ၉။ အန္တရာယ်ဇုန်အတွင်းသို့ခြေချမိခြင်း