ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း ၆)

အနာဂတ်ရာသီဥတုကိုခန့်မှန်းခြင်း

အတိတ်က ရာသီဥတုအကြောင်းကို သိခဲ့ကြပြီ။ ပစ္စုပ္ပန်ရာသီဥတုကို ခံစားတွေ့ထိနေကြရပြီ။ အနာဂတ် ရာသီဥတုအခြေအနေ မည်သို့ ဖြစ်လာမည်နည်း။ ကမ္ဘာ့အပူချိန် ဆက်တက်ဦးမည်လော၊ တက်လျှင် မည်မျှတက်မည်နည်း။

ရာသီဥတုစနစ်သည် ကြီးမားကျယ်ပြန့်သလောက် အလွန်အမင်း ရှုပ်ထွေးလှသည်။ ထို့ကြောင့် ရာသီဥတု ဖြစ်ပေါ်မှု ပြောင်းလဲမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်နေ၊ ဆက်စပ်နေသော ဘာသာရပ် အမျိုးမျိုး၊ အချက်အလက် အထွေထွေကို ထည့်သွင်းစဉ်းစား တွက်ချက်မှသာ အနာဂတ်ရာသီဥတုကို အကြမ်းမျှခန့်မှန်းနိုင်ကြသည်။ ယင်းသို့ တွက်ချက် ခန့်မှန်းရန် လူသားတို့၏ ဉာဏစွမ်းရည် သက်သက်မျှဖြင့် မလုပ်ဆောင်နိုင်ချေ။ ကွန်ပျူတာ မော်ဒယ်များ တည်ဆောက် တွက်ချက်ခြင်းဖြင့်သာ အမျိုးမျိုးသော အခြေအနေတို့၌ ကမ္ဘာ့ရာသီဥတုစနစ် မည်သို့ တုံ့ပြန်ပြောင်းလဲမည်ကို ခန့်မှန်းနိုင်ကြသည်။ ယင်းကွန်ပျူတာမော်ဒယ်များ၏ အစွမ်းကြောင့် အနာဂတ်ကမ္ဘာ့အပူချိန် မည်သို့ရှိမည်ကို မှန်းဆပြောဆိုနိုင်ကြပြီ ဖြစ်သည်။


ကွန်ပျူတာ မော်ဒယ်ဆိုသည်မှာ ဖြစ်စဉ်တစ်ခု၊ စနစ်တစ်ခုစသည်တို့ အတိတ်က မည်သို့ ဖြစ်ပျက်ခဲ့၊ ပစ္စုပ္ပန်တွင် မည်သို့ ဖြစ်ပျက်နေ၊ အနာဂတ်၌ မည်သို့ ဖြစ်ပျက်မည်တို့ကို ကိန်းဂဏန်းနှင့် အချက်အလက်များ၊ ဖော်မြူလာများစသည်တို့ကို ကွန်ပျူတာသုံး၍ တွက်ချက်အဖြေထုတ်သော နည်းပညာကို ခေါ်သည်။

ဥပမာ – ရေငွေ့ပြန်ခြင်းဖြစ်စဉ်ကို ကွန်ပျူတာမော်ဒယ်ဖြင့် လေ့လာရာတွင် ရေ၏ ကနဦးအပူချိန်၊ ရေထဲသို့ ကူးပြောင်း ရောက်ရှိသော နေရောင်၏အပူပမာဏ၊ ယင်းအပူစွမ်းအင်ကြောင့် ရေမော်လီကျူးများ မည်သို့ လှုပ်ရှားပုံ၊ ဖြစ်ပေါ်လာသော ရေငွေ့ ပမာဏနှင့် ရေငွေ့ထဲရှိ စွမ်းအင်ပမာဏစသည်တို့ကို တိုင်းတာသည်။ ရရှိသော အချက်အလက်များဖြင့် ရေငွေ့ပြန်ခြင်းနှင့် ပတ်သက်သော ဖော်မြူလာများ၊ သိလိုသောအဖြေများကို ထုတ်ယူသည်။

မိုးလေဝသကွန်ပျူတာမော်ဒယ်တွင် ရေငွေ့ပြန်ခြင်းအပြင် အပူချိန်၊ လေထုဖိအား၊ ဆီးနှင်းနှင့်မိုးရွာကျခြင်း၊ လေတိုက်နှုန်း၊ စိုထိုင်းဆ စသည်တို့၏ လက်ရှိအခြေအနေအပြင် လွန်ခဲ့သော နှစ် လ ရက်များ၌ ပေါ်ပေါက်ခဲ့သည်တို့ကိုပါ ထည့်တွက်ရသဖြင့် ရေငွေ့ပြန်ခြင်းမော်ဒယ်ထက် များစွာရှုပ်ထွေးသည်။ စွမ်းအားမြင့် မိုးလေဝသကွန်ပျူတာ မော်ဒယ်များသည် စူပါကွန်ပျူတာများကို အသုံးပြု၍ ခန့်မှန်းချက်များကို ထုတ်ပြန်သည်။


ရာသီဥတုကွန်ပျူတာမော်ဒယ်သည် မိုးလေဝသမော်ဒယ်ထက် အဆပေါင်းများစွာ ရှုပ်ထွေးသည်။ ရာသီဥတုကွန်ပျူတာမော်ဒယ်ဖြင့် တွက်ချက်ရာတွင် ကမ္ဘာ့လေထုကို အောက်ပါပုံအတိုင်း ရုပ်လုံးကြွယူနစ် တစ်ခုစီအဖြစ် ခွဲထုတ်ကာ သီးခြားယူနစ်တစ်ခုစီအပြင် ယူနစ် အချင်းချင်းဆက်စပ်ပြောင်းလဲမှုကိုလည်းလေ့လာ အဖြေထုတ်ကြသည်။

ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်၌ ဆယ်စုနှစ်တန်းသာမက ရာစုနှစ်နှင့်ချီသော ကာလရှည်အတွင်း လေထု၊ ရေထု၊ ရေခဲထု၊ နေရောင်ခြည်စွမ်းအင်၊ မီးတောင်ပေါက်မှု၊ အယ်လ်နီညို၊ လာနီညာစသည်တို့၏ ပြောင်းလဲမှုများကို တွက်ရ ခန့်မှန်းရသည်။ ရုပ်ကြွင်းလောင်စာအသုံးလျှော့ချနိုင်မှု၊ ဖန်လုံအိမ်ဓာတ်ငွေ့ မထွက်သည့်၊ အထွက်နည်းသည့် သန့်ရှင်းသော စွမ်းအင်များကို မည်မျှ ကျယ်ကျယ်ပြန့်ပြန့်နှင့် မည်မျှမြန်မြန် သုံးစွဲလာနိုင်မည်နည်း စသည်တို့ကို စဉ်းစားတွက်ချက်ရာတွင် သိပ္ပံပညာရပ် မဟုတ်သော လူဦးရေ တိုးတက်မှု၊ စီးပွားရေးနှင့် လူတို့၏ အနေအထိုင် အသွားအလာ စသည်တို့ကိုလည်း မှန်းဆရသည်။



ဘီလ်ဂိတ်၏ ထင်ရှားသော လက်ရာ


ရောင်းဈေး ၇၅၀ဝ ကျပ်


ရုပ်ကြွင်းလောင်စာအသုံးလျှော့ချနိုင်မှုနှင့် သန့်ရှင်းသော စွမ်းအင်များကို သုံးစွဲလာနိုင်မှုသည် စီးပွားရေး၊ နည်းပညာ၊ လူမှုရေးစသည်တို့ပေါ် မူတည်ပြီး အမျိုးမျိုး ဖြစ်လာနိုင်သည်။ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ နိုင်ငံတကာ အစိုးရကိုယ်စားပြု ပညာရှင်များအဖွဲ့သည် ဆိုင်ရာပညာရှင်များ၏ သုတေသနစာတမ်းများ၊ တွေ့ရှိချက်များအပြင် ရာသီဥတုကွန်ပျူတာမော်ဒယ်များကို သုံး၍ အနာဂတ်တွင် ဖြစ်လာနိုင်သည့် ရာသီဥတုပြောင်းလဲခြင်းနှင့် ဆက်စပ်သော လူမှုစီးပွားအခြေအနေများကို ထုတ်ပြန်ထားသည်။ ယင်းတို့ကို ‘ဝေမျှတွေ့ကြုံရမည့်လူမှုစီးပွားလမ်းကြောင်းများ (Shared Socioeconomic Pathways (SSPs))ဟု ခေါ်သည်။

လမ်းကြောင်း-၁ (SSP1) = ရုပ်ဝတ္ထုနှင့်စွမ်းအင်သုံးစွဲခြင်းကို လျှော့ချ၍ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေးသည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးလမ်းကြောင်း။

လမ်းကြောင်း-၂ (SSP2) = လူမှုရေး၊ စီးပွားရေးနှင့် နည်းပညာ တိုးတက်မှုများကို အစဉ်အဆက်က ရခဲ့သည့်နှုန်းထက် ဖြည်းဖြည်းချင်းသာ ဖွံ့ဖြိုးစေသော အလယ်အလတ် လမ်းကြောင်း။

လမ်းကြောင်း-၃ (SSP3) = နိုင်ငံများသည် နိုင်ငံတွင်းစွမ်းအင်နှင့် စားနပ် ရိက္ခာ ဖူလုံရေး၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုသာ အာရုံစိုက်ကြသဖြင့် အချို့ဒေသများတွင်သဘာဝပတ်ဝန်းကျင်ယိုယွင်းသော လမ်းကြောင်း။

လမ်းကြောင်း-၄ (SSP4) = နိုင်ငံတွင်း၌ရော၊ နိုင်ငံအချင်းချင်းကြားတွင်ပါ မညီမျှမှု ကြီးထွားလာပြီး ယင်းမညီမှုမျှက သဘာဝပတ်ဝန်းကျင်ရေးရာတို့တွင်ပါ သက်ရောက်သည့် လမ်းကြောင်း။

လမ်းကြောင်း-၅ (SSP5) = လူမှုစီးပွားနှင့် နည်းပညာပိုင်းတွင် တိုးတက်ပြီး ရုပ်ကြွင်းလောင်စာများကို ဆက်လက်သုံးစွဲကြသော်လည်း ဆန်းသစ်တီထွင်မှုများကြောင့် ဘေးအန္တရာယ်လျော့နည်းနိုင်သည့် လမ်းကြောင်း။


လမ်းကြောင်းငါးခုအနက် သုံးခုကို လျှောက်လှမ်းခဲ့လျှင် ဖြစ်ပေါ်နိုင်သည့် ကမ္ဘာ့အပူချိန်များကို အောက်ပါအတိုင်း မြင်နိုင်သည်။

လမ်းကြောင်း-၁ ဖြစ်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးစားပေးသည့်လမ်းကြောင်းကို ရွေးလျှင်ပင် လေထုတွင်း ရောက်နှင့်ပြီးဖြစ်သော ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် အပူချိန် ဆက်တက်မည်။ သို့သော် အတက်နည်းမည်။

ဖြည်းဖြည်းချင်းဖွံ့ဖြိုးသောလမ်းကြောင်း-၂ ကို လျှောက်လျှင် လမ်းကြောင်း-၁ ထက် အပူချိန် ပိုမိုမြင့်တက်မည်။

လမ်းကြောင်း-၅ ရုပ်ကြွင်းလောင်စာများကို ဆက်လက်သုံးစွဲကြလျှင်မူ နည်းပညာတိုးတက်သည့်တိုင် အပူချိန် များစွာမြင့်တက်မည်။

မည်သည့်လမ်းကြောင်းကို လျှောက်သည်ဖြစ်စေ၊ အပူချိန် မတက်အောင် တားဆီးခြင်းငှာ မစွမ်းနိုင်တော့ချေ။ အတက်နည်းအောင်နှင့် လွန်ကဲသောအပူကြောင့် ပေါ်ပေါက်လာမည့် ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်အောင်သာ ပြင်ဆင်ရတော့မည်။


အခြားအခန်းများကို ဆက်လက်လေ့လာရန် ဆိုင်ရာခေါင်းစဉ်များကို နှိပ်ပါ။

အခန်း ၁။ ရာသီဥတုသိပ္ပံပညာ၏သမိုင်းအကျဉ်း

အခန်း ၂။ ဖန်လုံအိမ်အာနိသင်

အခန်း ၃။ ကမ္ဘာ့ပျမ်းမျှအပူချိန်ကိုတိုင်းတာခြင်း

အခန်း ၄။ အေးနေသင့်သော်လည်း ပူလာသောကမ္ဘာ

အခန်း ၅။ အပူချိန်တက်လာခြင်းအကြောင်းရင်း

အခန်း ၇။ ဘေးအန္တရာယ်အသွယ်သွယ်

အခန်း ၈။ ရာသီဥတုဘေးမှ သက်သာရာရစေရန်

အခန်း ၉။ အန္တရာယ်ဇုန်အတွင်းသို့ခြေချမိခြင်း

Leave a comment