ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း ၅)

အပူချိန်တက်လာခြင်းအကြောင်းရင်း

လွန်ခဲ့သည့်နှစ်တစ်ရာကျော်အတွင်း ကမ္ဘာကြီးပူနွေးလာခြင်းသည် လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏပိုလာခြင်းကြောင့်ဟု သေချာပေါက်နီးပါး ယူဆနိုင်သော်လည်း အဆိုပါအချက်ကို လက်မခံလိုသူအချို့က ယင်းဓာတ်ငွေ့ပိုလာမှုသည် သဘာဝအကြောင်းကြောင့် မဖြစ်နိုင်သလောဟု မေးခွန်းထုတ်ကြသည်။

အပေါ်ပုံသည် လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ဝဝဝ၀ ခန့်အတွင်း ကမ္ဘာ့လေထုတွင်းရောက် ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ အပြောင်းအလဲနှင့် တောင်ဝင်ရိုးစွန်းဝန်းကျင် အန္တာတိကတိုက်၏ အပူချိန် အပြောင်းအလဲကို နှိုင်းယှဉ်ပြသသောပုံ ဖြစ်သည်။ ယင်းကာလအတွင်း ကာဘွန်ဒိုင်အောက်ဆိုက်နှင့် ကမ္ဘာ့အပူချိန်တို့သည် သူတက်ကိုယ်တက် သူကျကိုယ်ကျဖြင့် အတက်အကျ ညီနေခဲ့ကြောင်း ပုံတွင် မြင်နိုင်သည်။

ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏသည် လွန်ခဲ့သောနှစ်ပေါင်း ၈၀ဝဝဝ၀ ခန့်မှစကာ ၁၉ ရာစုနှစ်ခန့်အထိ ၁၈၀ ပီပီအမ် (ppm = parts per million)နှင့် ၂၈၀ ပီပီအမ်တို့ကြားတွင်သာ သဘာဝအလျောက် နိမ့်ချည်မြင့်ချည် ရှိနေခဲ့သည်။

ယင်းသို့ နှစ်ပေါင်းသိန်းပေါင်းများစွာ ကြာအောင် အပြောင်းအလဲ နည်းနေခဲ့ရာမှ ၁၉ ရာစုနှစ်အတွင်း၌ ၂၈၀ ပီပီအမ်ကျော်လွန်ခဲ့ပြီး ၂၁ ရာစုနှစ် အစပိုင်းတွင် တဟုန်ထိုး မြင့်တက်ကာ ၄၀ဝ ပီပီအမ်ထက် ပိုသွားခဲ့သည်။ သုတေသန ပြု၍ ရသမျှသော ကမ္ဘာ့သမိုင်း တလျှောက်တွင် ယင်းမျှများပြားသော ကာဘွန်ဒိုင်အောက်ဆိုက်များ တစ်ကြိမ်မျှ လေထုထဲသို့ မရောက်ခဲ့ဖူးချေ။

ကမ္ဘာ့ပျမ်းမျှအပူချိန်တက်လာခြင်းနှင့် ရုပ်ကြွင်းလောင်စာသုံးစွဲမှု တိုးလာခြင်းတို့၏ အဆက်အစပ်ကို အခန်း ၄ ၌ ညွှန်ပြပြီးဖြစ်ရာ လွန်ခဲ့သည့်နှစ်တစ်ရာကာလ၌ လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ ပိုလာခြင်း၊ ကမ္ဘာကြီး ပူနွေးလာခြင်းသည် သဘာဝအကြောင်းများကြောင့် မဟုတ်နိုင်၊ လူတို့သုံးစွဲသော ရုပ်ကြွင်းလောင်စာမှ ထွက်သည့် ကာဘွန်ဒိုင်အောက်ဆိုက်ကြောင့်ဟု သေချာပေါက်နီးပါး ပြောနိုင်ခြင်း ဖြစ်သည်။



ကလေးများအတွက်


ရောင်းဈေး ၄၀ဝ၀ ကျပ်


ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်းတွင် ကာဘွန်ဒိုင်အောက်ဆိုက်အပြင် နေမှ အပူဓာတ်များ ပုံမှန်ထက်ပိုလာခြင်းကြောင့် မဖြစ်နိုင်သလောဟု မေးခွန်းထုတ်နိုင်သေးသည်။

ပုံပါ ဂရပ်မျဉ်းသည် ၁၇၀ဝ ပြည့်နှစ်မှစ၍ ၂၀၂၃ ခုနှစ်အထိ နေ၏လှုပ်ရှားမှု အနည်းအများ၊ တစ်နည်းဆိုရလျှင် ကမ္ဘာပေါ် ကျရောက်လာသော နေရောင်စွမ်းအင် အနည်းအများကို ပြသည်။ ယင်းဂရပ်မျဉ်းအရ ဖော်ပြပါကာလအတွင်း နေရောင်စွမ်းအင် အပြောင်းအလဲသည် ပြောပလောက်အောင် မများသဖြင့် နေကြောင့် ပိုပူလာခြင်း မဖြစ်နိုင်ပေ။

ထို့ပြင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ နိုင်ငံတကာ အစိုးရကိုယ်စားပြု ပညာရှင်များအဖွဲ့(အိုင်ပီစီစီ) The Intergovernmental Panel on Climate Change (IPCC) ကလည်း ၁၇၅၀ ပြည့်နှစ်ကစ၍ ကမ္ဘာကြီး ပူနွေးလာခြင်းတွင် ရုပ်ကြွင်းလောင်စာများကြောင့် ပူနွေးလာမှုက နေရောင်စွမ်းအင် အပြောင်းအလဲကြောင့် ပူနွေးလာမှုထက် အဆ ၂၇၀ ကျော် ပိုမိုသည်ဟု ပိုမိုသည်ဟု အခိုင်အမာ ဆိုထားသည်။

အခြားအခန်းများကို ဆက်လက်လေ့လာရန် ဆိုင်ရာခေါင်းစဉ်များကို နှိပ်ပါ။

အခန်း ၁။ ရာသီဥတုသိပ္ပံပညာ၏သမိုင်းအကျဉ်း

အခန်း ၂။ ဖန်လုံအိမ်အာနိသင်

အခန်း ၃။ ကမ္ဘာ့ပျမ်းမျှအပူချိန်ကိုတိုင်းတာခြင်း

အခန်း ၄။ အေးနေသင့်သော်လည်း ပူလာသောကမ္ဘာ

အခန်း ၆။ အနာဂတ်ရာသီဥတုကိုခန့်မှန်းခြင်း

အခန်း ၇။ ဘေးအန္တရာယ်အသွယ်သွယ်

အခန်း ၈။ ရာသီဥတုဘေးမှ သက်သာရာရစေရန်

အခန်း ၉။ အန္တရာယ်ဇုန်အတွင်းသို့ခြေချမိခြင်း

Leave a comment