ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း ၁)

ရာသီဥတုသိပ္ပံပညာ၏သမိုင်းအကျဉ်း

ကမ္ဘာ့လေထုတွင်းရှိ ဓာတ်ငွေ့များအနက် တစ်ရာခိုင်နှုန်းမျှပင် မပြည့်တတ်သော ဓာတ်ငွေ့အချို့သည် နေရောင်၏ အပူဓာတ်ကို စုပ်ယူသည့်အပြင် မြေပြင်မှ ပြန်ဟပ်လာသော အပူဓာတ်ကိုလည်း စုပ်ယူကာ မြေပြင်ပေါ်သို့ ပြန်လည် ထုတ်လွှတ်ကြကြောင်း လွန်ခဲ့သော နှစ်ပေါင်း ၂၀ဝ ဝန်းကျင်ကတည်းက သိရှိခဲ့ကြသည်။

အဆိုပါဓာတ်ငွေ့များသာ ကမ္ဘာ့လေထုအတွင်း၌ မရှိခဲ့လျှင် ကမ္ဘာမြေပြင်၏ ပျမ်းမျှအပူချိန်သည် ရေခဲမှတ်အောက်သို့ ရောက်ကာ လူတို့ ရှင်သန်နိုင်မည် မဟုတ်ချေ။

ထိုခေတ်က သိပ္ပံပညာရှင်များသည် ယင်းဖြစ်စဉ်ကို မည်သို့လေ့လာခဲ့သနည်း။

ယင်းဖြစ်စဉ်သည် ကမ္ဘာ့ရာသီဥတုအပေါ် အခြားနည်းဖြင့် မည်သို့ သက်ရောက်သေးသနည်း။

ယင်းဖြစ်စဉ်နှင့် ကမ္ဘာကြီး ပူနွေးလာနေမှု မည်သို့ ဆက်စပ်သနည်း။


အရာဝတ္ထုအားလုံးနီးပါးသည် ရောင်ခြည်(radiation)ကို ထုတ်လွှတ်သည်။ ပူလေ ရောင်ခြည် ပိုမိုထုတ်လွှတ်လေ ဖြစ်ပြီး ယင်းရောင်ခြည်များ၏ လှိုင်းအလျားသည် တိုကြသည်။ နေ၏ မျက်နှာပြင်သည် ၆၀ဝ၀ ဒီဂရီ ဆဲလ်စီးယပ်စ်မျှ ပူပြင်းသဖြင့် နေမှ ထွက်သော ရောင်ခြည်များ၌ လှိုင်းအလျားတိုသည့် အလင်းရောင်များ ပါဝင်သည်။

ကမ္ဘာသည် နေရောင်ခြည်ကို စဉ်ဆက်မပြတ် ရနေသော်လည်း အတိုင်းအဆမရှိ ပူမလာခြင်းမှာ မိမိတို့ရရှိနေသော အပူဓာတ်ကို ရောင်ခြည်အဖြစ် ပြန်လည်ထုတ်လွှတ်နေ၍သာ ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ၁၉ ရာစုနှစ် အလယ်ပိုင်းခန့်က သိရှိခဲ့ကြသည်။ ကမ္ဘာ၏ ရောင်ခြည်ထုတ်လွှတ်မှု အပူချိန်သည် အနုတ် ၁၈ ဒီဂရီ ဆဲလ်စီးယပ်စ်ခန့် (သုညဒီဂရီ ဖာရင်ဟိုက်ခန့်) ဖြစ်ရာ လှိုင်းအလျားရှည်သည့် အနီအောက်ရောင်ခြည်(infrared ray)များကို ထုတ်လွှတ်သည်။

အနီအောက်ရောင်ခြည်၏ လှိုင်းအလျားသည် အလင်းရောင်လှိုင်းထက် ပိုမိုရှည်လျားသောကြောင့် ယင်းရောင်ခြည်ကို မျက်စိဖြင့် မမြင်နိုင်ပေ။ သို့သော် ယင်းတွင်ပါသော အပူဓာတ်ကို ခံစားခြင်းဖြင့် အနီအောက်ရောင်ခြည် ရှိမှန်း သိနိုင်သည်။ ယင်းရောင်ခြည်ကို ကိရိယာများဖြင့် ဖမ်းယူနိုင်၊ တိုင်းတာနိုင်သည်။


ဂျိုးဇက်ဖူရီယေး

ကမ္ဘာ့မျက်နှာပြင်က ပြန်လည်ထုတ်လွှတ်နေသည့် ရောင်ခြည်ပမာဏကို ပြင်သစ်သိပ္ပံပညာရှင် ဂျိုးဇက်ဖူရီယေး(Joseph Fourier)က ၁၈၂၀ ပြည့်နှစ်၌ တွက်ချက် ထုတ်ဖော်ခဲ့သည်။ ထို့နောက် သူတွက်ချက်ရရှိသော ပမာဏအတိုင်း ကမ္ဘာ့မျက်နှာပြင်က ရောင်ခြည်ထုတ်လွှတ်နေခဲ့လျှင် ရှိနေရမည့် အပူချိန်ကို ဆက်လက်တွက်ချက်သည်။ ယင်းအပူချိန်ကို အမှန်တကယ် တိုင်းတာ ရရှိသည့် အပူချိန်နှင့် နှိုင်းယှဉ်သောအခါ တွက်ချက်ရရှိသည့် အပူချိန်က နည်းနေပြီး ကမ္ဘာ့မျက်နှာပြင်၏ တကယ့်အပူချိန်က များနေကြောင်း တွေ့ရသည်။

တကယ့်အပူချိန်က တွက်ချက်ရရှိသည်ထက် များနေခြင်းမှာ ကမ္ဘာ့မျက်နှာပြင်က ထုတ်လွှတ်လိုက်သော အပူအချို့ကို လေထုက စုပ်ယူထားပြီး တဖန်ပြန်၍ မျက်နှာပြင်ပေါ် ကျရောက် ပူနွေးစေသောကြောင့် ဖြစ်မည်ဟု ဂျိုးဇက်ဖူရီယေးက ယူဆသည်။

သို့သော် သူ့ယူဆချက် မှန်ကန်ကြောင်းကို သက်သေမပြနိုင်ခဲ့ချေ။


ဂျွန်တင်းဒေါလ်

ဂျိုးဇက်ဖူရီယေး၏ ယူဆချက် မှန်ကန်ကြောင်း ထုတ်ဖော်နိုင်သူမှာ အိုင်းရစ်လူမျိုး သိပ္ပံပညာရှင် ဂျွန်တင်းဒေါလ်(John Tyndall) ဖြစ်သည်။ ဂျွန်တင်းဒေါလ်သည် ဖန်ပြွန်ရှည်တစ်ခုအတွင်း၌ ဓာတ်ငွေ့အမျိုးမျိုး ထည့်ကာ ယင်းဓာတ်ငွေ့တို့က အနီအောက်ရောင်ခြည်ကို စုပ်ယူနိုင်မှုအား လေ့လာသုတေသနပြုသည်။

ကမ္ဘာ့လေထုတွင်းရှိ အဓိကဓာတ်ငွေ့နှစ်မျိုး ဖြစ်ကြသော အောက်ဆီဂျင်(oxygen)နှင့် နိုက်ထရိုဂျင်(nitrogen)တို့သည် အနီအောက်ရောင်ခြည် ဖြတ်သန်းမှုအပေါ် လုံးဝနီးပါး သက်ရောက်မှု မရှိကြောင်း၊ သို့သော် ရေငွေ့(water vapor)၊ ကာဘွန်ဒိုင်အောက်ဆိုက်(carbon dioxide)နှင့် နိုက်ထရပ်စ်အောက်ဆိုက်(nitrous oxide) စသည်တို့ကမူ အနီအောက်ရောင်ခြည်ကို ကောင်းစွာ စုပ်ယူနိုင်ကြောင်း ဂျွန်တင်းဒေါလ်က စမ်းသပ်တွေ့ရှိခဲ့သည်။ အဆိုပါဓာတ်ငွေ့သုံးမျိုးကို ဖန်လုံအိမ်ဓာတ်ငွေ့များ(greenhouse gases)ဟု ခေါ်သည်။


အရာဝတ္ထုတစ်ခုကို ဖန်အုပ်ဆောင်းဖြင့် အုပ်ထားလျှင် ပူနွေးလာသည့်အတိုင်း ကာဘွန်ဒိုင်အောက်ဆိုက် အပါအဝင် ဓာတ်ငွေ့အချို့သည် ကမ္ဘာ့မြေပြင်မှ ပြန်ဟပ်ထုတ်လိုက်သော အနီအောက်ရောင်ခြည် အပူများကို ထိန်းအုပ်စုပ်ယူပြီး ကမ္ဘာ့မြေပြင်ပေါ်သို့ ပြန်လည်ကျရောက်စေကာ ပူနွေးစေသဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့များဟု ခေါ်ခြင်း ဖြစ်သည်။

ဖန်လုံအိမ်ဓာတ်ငွေ့များက အပူဓာတ်များကို ထိန်းအုပ်ထားမှုကြောင့် ပူနွေးလာခြင်းကို ဖန်လုံအိမ်အာနိသင်(greenhouse effect)ဟု ခေါ်သည်။

ကမ္ဘာ့လေထုတွင်းရှိ အဓိကဓာတ်ငွေ့များ ဖြစ်ကြသော အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်တို့ကဲ့သို့ အက်တမ်နှစ်လုံးစီသာ ရှိသည့် ‘ဘက်ညီ’မော်လီကျူးများသည် ရောင်ခြည်များအပေါ် သက်ရောက်လွှမ်းမိုးမှု အလွန်နည်းသည်။

ဟိုက်ဒရိုဂျင်၁အက်တမ်နှစ်လုံးနှင့် အောက်ဆီဂျင်အက်တမ်တစ်လုံးဖြင့် ဖွဲ့စည်းထားသော ရေမော်လီကျူး၊ ကာဘွန်အက်တမ်တစ်လုံးနှင့် အောက်ဆီဂျင်အက်တမ်နှစ်လုံးဖြင့် ဖွဲ့စည်းထားသော ကာဘွန်ဒိုင်အောက်ဆိုက်မော်လီကျူး စသည့် ဖန်လုံအိမ်ဓာတ်ငွေ့များသည် ‘ဘက်မညီ’ကြသဖြင့် ရောင်ခြည်များအပေါ် သက်ရောက်လွှမ်းမိုးမှု အလွန်များသောကြောင့် အပူဓာတ်များကို ထိန်းအုပ်နိုင်ကြခြင်း ဖြစ်သည်။


အရာဝတ္ထုတစ်ခုကို ဖန်အုပ်ဆောင်းဖြင့် အုပ်ထားလျှင် ပူနွေးလာသည့်အတိုင်း ကာဘွန်ဒိုင်အောက်ဆိုက် အပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့အချို့သည် ကမ္ဘာမြေပြင်မှ ပြန်ဟပ်ထုတ်လိုက်သော အနီအောက်ရောင်ခြည် အပူများကို ထိန်းအုပ်စုပ်ယူပြီး မြေပြင်ပေါ်သို့ ပြန်လည်ကျရောက်စေကာ ကမ္ဘာကို ပူနွေးစေသည်။

ဖန်လုံအိမ်ဓာတ်ငွေ့များက အပူဓာတ်များကို ထိန်းအုပ်ထားမှုကြောင့် ပူနွေးလာခြင်းကို ဖန်လုံအိမ်အာနိသင်(greenhouse effect)ဟု ခေါ်သည်။

ကမ္ဘာ့လေထုတွင်းရှိ အဓိကဓာတ်ငွေ့များ ဖြစ်ကြသော အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်တို့ကဲ့သို့ အက်တမ်နှစ်လုံးစီသာ ရှိသည့် ‘ဘက်ညီ’မော်လီကျူးများသည် ရောင်ခြည်များအပေါ် သက်ရောက်လွှမ်းမိုးမှု အလွန်နည်းသည်။

ဟိုက်ဒရိုဂျင်(hydrogen)အက်တမ်နှစ်လုံးနှင့် အောက်ဆီဂျင်အက်တမ်တစ်လုံးဖြင့် ဖွဲ့စည်းထားသော ရေမော်လီကျူး၊ ကာဘွန်အက်တမ်တစ်လုံးနှင့် အောက်ဆီဂျင်အက်တမ်နှစ်လုံးဖြင့် ဖွဲ့စည်းထားသော ကာဘွန်ဒိုင်အောက်ဆိုက်မော်လီကျူး စသည့် ဖန်လုံအိမ်ဓာတ်ငွေ့များသည် ‘ဘက်မညီ’ကြသဖြင့် ရောင်ခြည်များအပေါ် သက်ရောက်လွှမ်းမိုးမှု အလွန်များသောကြောင့် အပူဓာတ်များကို ထိန်းအုပ်နိုင်ကြခြင်း ဖြစ်သည်။


ဆွမ်းတေးအာရင်းနီးယပ်စ်

ဆွီဒင်ပညာရှင် ဆွမ်းတေးအာရင်းနီးယပ်စ်(Svante Arrhenius)က ဖန်လုံအိမ်ဓာတ်ငွေ့တစ်မျိုးဖြစ်သော ကာဘွန်ဒိုင်အောက်ဆိုက်၏ လေထုတွင်း နှစ်ပေါင်းများစွာ တည်နေနိုင်သော သတ္တိကြောင့် ကမ္ဘာကြီး ပိုပူလာနိုင်ကြောင်း ခန့်မှန်းပြောဆိုခဲ့သည်။

၁၈၉၆ ခုနှစ်တွင် အာရင်းနီးယပ်စ်ရေးသားသော စာတမ်းတစ်စောင်၌ လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ နှစ်ဆများလာပါက ကမ္ဘာ့အပူချိန်သည် ငါးဒီဂရီမှ ခြောက်ဒီဂရီ ဆဲလ်စီးယပ်စ် အထိ ပိုတက်လာနိုင်ကြောင်း ဖော်ပြသည်။ ၁၉၀၈ ခုနှစ်က ထုတ်ဝေသည့် စာအုပ်တွင်မူ ကမ္ဘာ့အပူချိန်သည် လေးဒီဂရီ ဆဲလ်စီးယပ်စ် ပိုတက်လာနိုင်သည်ဟု ပြင်ဆင်ရေးသားသည်။

အာရင်းနီးယပ်စ်၏ ၂၀ ရာစုနှစ် အစပိုင်းက ခန့်မှန်းတွက်ချက်မှုသည် ၂၁ ရာစုအတွင်း ဖြစ်လာနိုင်သော အပူချိန်နှင့် နီးစပ်သည်မှာ ထူးခြားသည်။



တည်ပုဒ် (အကြောင်းအရာ) ၁၄၈ ခု ပါဝင်သည်။
ရောင်းဈေး ၁၅၀ဝ၀ ကျပ်

ဂျီအက်စ်ကောလင်ဒါ

အာရင်းနီးယပ်စ် ခန့်မှန်းခဲ့သော ရာသီဥတု ပူနွေးခြင်းနှင့် လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ ဆက်စပ်မှုကို အတိအကျ တွက်ချက်ဖော်ထုတ်သူမှာ ဗြိတိသျှပညာရှင် ဂျီအက်စ်ကောလင်ဒါ (Guy Stewart Callendar) ဖြစ်သည်။

၁၉၀ဝ ပြည့်နှစ်မတိုင်မီကတည်းက လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ များလာနေပြီး ကမ္ဘာ့မျက်နှာပြင်အပူချိန် တက်နေခဲ့ကြောင်း ကောလင်ဒါက ၁၉၃၈ ခုနှစ်တွင် ပြောသည်။ ယင်းသို့ တက်နေခြင်းမှာ စက်ရုံများ၌ ကျောက်မီးသွေး အပါအဝင် ရုပ်ကြွင်းလောင်စာ(fossil fuel)များကို သုံးစွဲလောင်မြှိုက်မှုမှ ထွက်သော ကာဘွန်ဒိုင်အောက်ဆိုက်ကြောင့်ဟု ကောလင်ဒါက ယူဆသည်။

သို့သော် ကောလင်ဒါသည် တွက်ချက်ပြောဆိုခြင်းသာ ဖြစ်ပြီး ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏကို မတိုင်းတာနိုင်ခဲ့သဖြင့် သူ့ယူဆချက်ကို အကြီးအကျယ် ဝေဖန်ကြသည်။


ချားလ်စ်ဒေးဗစ်ကီးလင်း

လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏ တိုင်းတာမှုကို ၁၉၅၈ ခုနှစ်ကျမှသာ စနစ်တကျနှင့် စဉ်ဆက်မပြတ် ပြုလုပ်ခဲ့နိုင်သည်။ ယင်းလုပ်ငန်းစဉ်ကို အဆိုပြုအကောင်အထည်ဖော်ခဲ့သူမှာ သိပ္ပံပညာရှင် ဒေါက်တာချားလ်စ်ဒေးဗစ်ကီးလင်း(Charles David Keeling) ဖြစ်သည်။

ကီးလင်းသည် ကာဘွန်ဒိုင်အောက်ဆိုက် တိုင်းတာချက်များကို ဦးစွာ တောင်ဝင်ရိုးစွန်းဝန်းကျင်၌ ပြုလုပ်ခဲ့သော်လည်း ငွေကြေးမလုံလောက်မှုကြောင့် နောက်ပိုင်းတွင် ပစိဖိတ်သမုဒ္ဒရာ၊ ဟာဝိုင်အီကျွန်း၊ မောင်နာလိုအာ(Mauna Loa) လေ့လာရေးစခန်းသို့ ပြောင်းရွှေ့ ဆောင်ရွက်ခဲ့သည်။

မောင်နာလိုအာစခန်း

ယခုအခါ ကာဘွန်ဒိုင်အောက်ဆိုက်တိုင်းတာခြင်းကို မောင်နာလိုအာစခန်း အပြင် အခြားမြေပြင်စခန်းအချို့နှင့် အာကာသထဲမှလည်း လုပ်ဆောင်နေသည်။


အခြားအခန်းများကို ဆက်လက်လေ့လာရန် ဆိုင်ရာခေါင်းစဉ်များကို နှိပ်ပါ။

အခန်း ၂။ ဖန်လုံအိမ်အာနိသင်

အခန်း ၃။ ကမ္ဘာ့ပျမ်းမျှအပူချိန်ကိုတိုင်းတာခြင်း

အခန်း ၄။ အေးနေသင့်သော်လည်း ပူလာသောကမ္ဘာ

အခန်း ၅။ အပူချိန်တက်လာခြင်းအကြောင်းရင်း

အခန်း ၆။ အနာဂတ်ရာသီဥတုကိုခန့်မှန်းခြင်း

အခန်း ၇။ ဘေးအန္တရာယ်အသွယ်သွယ်

အခန်း ၈။ ရာသီဥတုဘေးမှ သက်သာရာရစေရန်

အခန်း ၉။ အန္တရာယ်ဇုန်အတွင်းသို့ခြေချမိခြင်း

Leave a comment