ရာသီဥတုပြောင်းလဲခြင်း ဖတ်စာ (အခန်း ၄)

အေးနေသင့်သော်လည်း ပူလာသောကမ္ဘာ

ရေခဲခေတ် ဖြစ်ပေါ်မှု ပျောက်ကွယ်မှု၊ ကမ္ဘာ့အပူချိန် အတက်အကျ များသည် နေနှင့်ကမ္ဘာ အနီးအဝေး၊ ကမ္ဘာ့ဝင်ရိုး တိမ်းစောင်းမှု အနည်းအများတို့ပေါ်တွင် မူတည်ကြောင်း ဆားဗီးယား ပညာရှင် မီလူတင်မီလန်ကိုဗစ် (Milutin Milankovitch)က ၁၉၁၂ ခုနှစ်တွင် ပြောဆိုသည်။ ကမ္ဘာ၏ နေကို လှည့်ပတ်နေပုံ၊ မိမိ၏ဝင်ရိုးပေါ်တွင် လည်ပတ်နေပုံတို့ကြောင့် ပုံမှန်ဖြစ်ပေါ်နေသော ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း ဖြစ်စဉ်ကို မီလန်ကိုဗစ်သံသရာ (Milankovitch Cycle) ဟု ခေါ်သည်။

ကမ္ဘာသည် နေကို လှည့်ပတ်နေရာ၌ မတူညီသော ဘဲဥပုံလမ်းကြောင်းများဖြင့် လှည့်ပတ်သောကြောင့် ကမ္ဘာနှင့်နေ အကွာအဝေးသည် တသမတ်တည်း မဟုတ်ဘဲ နီးလိုက် ဝေးလိုက် ဖြစ်နေသည်။ နေနှင့်နီးလျှင် ပူပြီး နေနှင့်ဝေးလျှင် အပူချိန်ကျဆင်းသည်။ ကမ္ဘာနှင့်နေ အနီးအဝေးပြောင်းလဲခြင်း သံသရာသည် နှစ်ပေါင်း တစ်သိန်းခန့် ကြာသဖြင့် အဆိုပါဖြစ်စဉ်ကြောင့် ရာသီဥတု ပြောင်းလဲခြင်းသည် ယင်းမျှကာလအတွင်း တစ်ကြိမ် ဖြစ်ပေါ်သည်။


ကမ္ဘာသည် မိမိ၏ဝင်ရိုးပေါ် တိမ်းစောင်း၍ လည်နေရာ တိမ်းစောင်းမှု ဒီဂရီသည် များလိုက် နည်းလိုက် ဖြစ်နေသည်။ တိမ်းစောင်းမှုဒီဂရီ များ၍ နေဘက်သို့ မျက်နှာပိုမူလာသော ဒေသများတွင် နေရောင်ပိုရသည်။ ရာသီဥတု ပိုပူလာသည်။ တိမ်းစောင်းမှုဒီဂရီ နည်း၍ နေဘက်သို့ မျက်နှာပြုမှု ပိုနည်းလာသော ဒေသများတွင် နေရောင်လျော့နည်း၍ လက်ခံရရှိသည်။ ရာသီဥတု ပိုအေးသည်။ ပျမ်းမျှ နှစ်ပေါင်း လေးသောင်းလျှင် တစ်ကြိမ်ကျ ယင်းသို့အပြောင်းအလဲရှိသည်။


ကမ္ဘာသည် မိမိ၏ဝင်ရိုးပေါ် တိမ်းစောင်း၍ လည်နေရာ၌ နေနှင့်လတို့၏ ဆွဲအားကြောင့် အလွန်ဖြည်းညင်းစွာ ယိမ်းထိုးနေသည်။ ယိမ်းထိုးမှုပေါ် မူတည်၍ ကမ္ဘာ့ဒေသများပေါ် နေရောင်ကျရောက်မှု ပြောင်းလဲရာ ရာသီဥတုလည်း လိုက်ပြောင်းသည်။

ယိမ်းထိုးမှုသည် နှစ်ပေါင်း ၂၆၀ဝ၀ လျှင် တစ်ပတ် ပြည့်သဖြင့် ယင်းဖြစ်စဉ်ကြောင့် ရာသီဥတု ပြောင်းလဲခြင်းသည် နှစ်ပေါင်း ၂၆၀ဝ၀ လျှင် တစ်ကြိမ် ဖြစ်ပေါ်သည်။



တည်ပုဒ် (အကြောင်းအရာ) ၁၄၈ ခု ပါဝင်သည်။


ရောင်းဈေး ၁၅၀ဝ၀ ကျပ်


JPG converted with https://ezgif.com/svg-to-jpg

မီလန်ကိုဗစ်သံသရာ သဘောတရားအရ အတက်အကျ ရှိသော ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၀ ရာစုနှစ်အထိ ယေဘုယျအားဖြင့် တန့်နေခဲ့သော်လည်း ၁၂၀ဝ ပြည့်နှစ်ကျော်မှစကာ အပူချိန် လျော့နည်းလာခဲ့သည်။ တဖန် ၁၃၅၀ ပြည့်နှစ်ကျော်မှ ၁၈၅၀ ပြည့်နှစ်ကျော်အတွင်း အပူချိန် ထပ်မံကျဆင်းပြန်ခဲ့ရာ ယင်းကာလကို ‘ရေခဲခေတ်အငယ်စား‘ဟု ကင်ပွန်းတပ် ခေါ်ဝေါ်ခဲ့ကြသည်။

အကယ်၍သာ အဆိုပါ သဘာဝအလျောက် ကမ္ဘာ့ပျမ်းမျှအပူချိန် လျော့နည်းလာခြင်း၌ အဟန့်အတား တစ်စုံတစ်ရာ မရှိခဲ့ပါက ယခုအခါ ကမ္ဘာသည် လက်ရှိထက် သိသာစွာ အေးမြနေလိမ့်မည်။


ယခုအခါ အေးမြနေရမည့် ကမ္ဘာသည် လက်တွေ့တွင် ၁၉၀ဝ ပြည့်နှစ် နောက်ပိုင်းမှစကာ ကျသည်က နည်းနည်း၊ ထပ်တက်သည်က များများ ပုံစံဖြင့် သိသာစွာ မြင့်တက်လာကြောင်း ပုံပါအတွန့်အခေါက်များသော မျဉ်းအရ သိနိုင်သည်။

အတွန့်အခေါက် နည်းသောမျဉ်းသည် ကျောက်မီးသွေး အပါအဝင် ရုပ်ကြွင်းလောင်စာ သုံးစွဲမှု တောက်လျှောက် မြင့်တက်လာပုံကို ပြသည်။

အပူချိန်မျဉ်းနှင့် ရုပ်ကြွင်းလောင်စာ သုံးစွဲမှုမျဉ်းတို့ တက်ပုံတက်နည်း ယေဘုယျတူသဖြင့် အပူချိန်တက်ခြင်းသည် ကျောက်မီးသွေးမှ ထွက်သော ကာဘွန်ဒိုင်အောက်ဆိုက်ကြောင့် ဖြစ်သည်မှာ ပေါ်လွင်နေသည်။

အခြားအခန်းများကို ဆက်လက်လေ့လာရန် ဆိုင်ရာခေါင်းစဉ်များကို နှိပ်ပါ။

အခန်း ၁။ ရာသီဥတုသိပ္ပံပညာ၏သမိုင်းအကျဉ်း

အခန်း ၂။ ဖန်လုံအိမ်အာနိသင်

အခန်း ၃။ ကမ္ဘာ့ပျမ်းမျှအပူချိန်ကိုတိုင်းတာခြင်း

အခန်း ၅။ အပူချိန်တက်လာခြင်းအကြောင်းရင်း

အခန်း ၆။ အနာဂတ်ရာသီဥတုကိုခန့်မှန်းခြင်း

အခန်း ၇။ ဘေးအန္တရာယ်အသွယ်သွယ်

အခန်း ၈။ ရာသီဥတုဘေးမှ သက်သာရာရစေရန်

အခန်း ၉။ အန္တရာယ်ဇုန်အတွင်းသို့ခြေချမိခြင်း

Leave a comment