ကမ္ဘာ့အပူချိန်အတက်အကျ
သာမိုမီတာများကို ၁၇ ရာစုနှစ်ကတည်းက တီထွင် အသုံးပြုခဲ့ကြသော်လည်း ၁၉ ရာစုနှစ်ကျမှသာ ကမ္ဘာ့လေထုအပူချိန်ကို စနစ်တကျနှင့် ကျယ်ပြန့်စွာ တိုင်းတာခဲ့ကြသည်။ အပူချိန်တိုင်းတာရေး စခန်းများကို ကနဦးက မြေပြင်ပေါ်၌သာ ထားရှိခဲ့ကြရာမှ နောက်ပိုင်း၌ လေထုအပူချိန်အပြင် သမုဒ္ဒရာရေပြင်ပေါ် သွားလာနေကြသည့် သင်္ဘောများတွင်လည်း သာမိုမီတာများ တပ်ဆင်ကာ ရေမျက်နှာပြင်နှင့် ရေမျက်နှာပြင်အောက် အတိမ်ပိုင်းရေထု၏ အပူချိန်ကိုပါ ရယူခဲ့ကြသည်။
အစောပိုင်းနှစ်များက ရေပြင်အပူချိန်ကို တိုင်းတာရာတွင် ရေပုံးဖြင့် ခပ်ယူပြီး တိုင်းသည်။ ၁၉၆၀ နှစ်များ၏ အစပိုင်းတွင် သင်္ဘောအင်ဂျင်ထဲသို့ ဝင်လာသော ရေကို ရယူ တိုင်းတာသည်။ အာကာသခေတ်သို့ ရောက်သောအခါ ရေမျက်နှာပြင်မှ ထုတ်လွှတ်နေသော အနီအောက်ရောင်ခြည်များကို ဂြိုဟ်တုများက ဖမ်းယူ၍ ရေပြင်အပူချိန်ကို တွက်ချက်သည်။
မြေပြင်စခန်းများ၊ ရေယာဉ်များ၊ မိုးလေဝသပူဖောင်းများ၊ ဂြိုဟ်တုများ စသည့် နေရာပေါင်း ၃၂၀ဝ၀ ခန့်မှ နေ့စဉ်တိုင်းတာမှုများကို ရယူ၍ ကမ္ဘာ့ပျမ်းမျှအပူချိန်ကို တွက်ချက်နေသည်။

ကမ္ဘာ့ပျမ်းမျှအပူချိန်ကို တွက်ချက်ရာတွင် တိုင်းတာရေးစခန်းများနှင့် ကိရိယာများကို ကမ္ဘာအနှံ့ မျှတ ညီညာစွာ ချမထားနိုင်ခြင်း၊ ကိရိယာအမျိုးအစား ကွဲပြားခြင်း၊ မြို့ပြများနှင့် နီးသော နေရာများတွင် အပူကျွန်းများ ဖြစ်ပေါ်နေနိုင်ပြီး ကျေးလက်ဝန်းကျင်၌ အပူချိန်လျော့နေတတ်ခြင်း စသည်တို့ အပါအဝင် တိကျမှန်ကန်သော ပျမ်းမျှအပူချိန်ကို မရနိုင်သည့် အကြောင်းတရားများစွာကို ထည့်သွင်း စဉ်းစားရသည်။ ထို့ပြင် ကမ္ဘာ့ပျမ်းမျှအပူချိန်ကို တိုင်းတာ တွက်ချက် ထုတ်ပြန်နေသော အဖွဲ့အစည်းများအကြား လက်ခံသော အယူအဆ၊ တွက်ချက်ပုံ စသည်တို့သည် ကွဲပြားချက် အနည်းနှင့်အများ ရှိကြသည်။

ရာသီဥတုလေ့လာရေးအဖွဲ့အစည်းများအနက် ဗြိတိန်နိုင်ငံ ဟက်ဒ်လေအဖွဲ့ (Hadley Centre/Climatic Research Unit Temperature – HadCRUTS)၊ အမေရိကန် အာကာသ အဖွဲ့အစည်း (နာဆာ) (GISS Surface Temperature Analysis (GISTEMP))၊ အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့်လေထုလေ့လာရေးအဖွဲ့ (National Oceanic and Atmospheric Administration – NOAA၊ ဥရောပ အခြေစိုက် မိုးလေဝသ ခန့်မှန်းရေးဌာန (European Centre for Medium-Range Weather Forecasts – ECMWF) နှင့် အမေရိကန်နိုင်ငံ ဘာ့ကလေး ရာသီဥတုပြောင်းလဲခြင်း ကွန်ယက် (Berkeley Earth) တို့က သုတေသနပြု ထုတ်ပြန်ထားသော ၁၇၃ နှစ်အတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန် မြင့်တက်လာမှုပြ အပေါ်ပုံပါ ဂရပ်မျဉ်းများကို လေ့လာလျှင် အပူချိန် စတင် တိုင်းတာသည့် ၁၈၅၀ ပြည့်နှစ်ဝန်းကျင်က ဂရပ်မျဉ်းများသည် တစ်ခုနှင့်တစ်ခု ကွာဟနေကြကြောင်း ပုံ၏ ဝဲဘက်အပိုင်းတွင် တွေ့ရသည်။ယင်းအချိန်က တိုင်းတာရေးစခန်း နည်းပါးမှု၊ ကိရိယာများ၏ အားနည်းချက်၊ မှတ်တမ်းမပြည့်စုံမှု စသည်တို့ကြောင့် ထိုကဲ့သို့ ကွာဟနေခြင်း ဖြစ်သည်။
ယင်းအခက်အခဲများကို ဖြေရှင်းလာနိုင်သည်နှင့်အမျှ ၁၉၆၀ ပြည့်နှစ် ဝန်းကျင်မှစ၍ ဂရပ်မျဉ်းများ၏ ကွာဟချက် သိသာစွာ နည်းသွားပြီး ၂၀ ရာစုနှစ် နှောင်းပိုင်းမှစ၍ ဂရပ်မျဉ်းအားလုံး တစ်ထပ်တည်း နီးပါးကျလာကြောင်း ပုံ၏ ယာဘက်၌ တွေ့နိုင်သည်။ ယင်းသည် တိုင်းတာတွက်ချက်မှုများ၏ တိကျမှုကို ညွှန်းဆိုပြီး ကမ္ဘာ့ပျမ်းမျှအပူချိန် မြင့်တက်လာနေသည်ကို စိတ်ချလက်ချ ယုံကြည်လက်ခံရမည့် အထောက်အထား ဖြစ်သည်။
(ကြော်ငြာ)

ဘီလ်ဂိတ်၏ ထင်ရှားသော လက်ရာ
ရောင်းဈေး ၇၅၀ဝ ကျပ်
သွေဖည်အပူချိန်
၂၀၂၃ ခုနှစ်က ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၄ ဒသမ ၉၈ ဒီဂရီ ဆဲလ်စီးယပ်စ်ဖြစ်ကြောင်း ဥရောပ ကော်ပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှု လေ့လာရေးဌာန (Copernicus Climate Change Service) က ကြေငြာခဲ့သည်။
ကမ္ဘာ့အပူချိန်ထုတ်ပြန်ချက် အများအပြားတွင် အထက်ပါကဲ့သို့ ပကတိကိန်းဖြင့် ဖော်ပြခြင်းထက် လက်ရှိနှစ်၏ အပူချိန်သည် လွန်ခဲ့သောနှစ်ရှည်ကာလ(ဥပမာ နှစ်ပေါင်း ၅၀ အတွင်း)၏ ပျမ်းမျှထက် မည်မျှတက်သည် သို့မဟုတ် မည်မျှကျသည်ဟု နှိုင်းရကိန်းဖြင့် ဖော်ပြကြသည်။ ယင်းကို သွေဖည်အပူချိန် (temperature anomaly) ဟု ခေါ်သည်။ ဥပမာ – ၂၀၂၃ ခုနှစ် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုခေတ်ဦးကထက် ၁ ဒသမ ၃၅ ဒီဂရီ ဆဲလ်စီးယပ်စ် မြင့်တက်ခဲ့သည်ဟု အမေရိကန်အမျိုးသားသမုဒ္ဒရာနှင့် လေထုလေ့လာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ပကတိအပူချိန်သည် တိုင်းတာရေးစခန်းများ၏ အရေအတွက်နှင့် တည်နေရာ(အနိမ့်အမြင့်၊ မြို့ပြနှင့် အနီးအဝေးစသည်)၊ နေ့စဉ်မိုးလေဝသ အခြေအနေတို့ကြောင့် ဒေသတစ်ခုလုံး ခြုံငုံဖြစ်ပေါ်နေသော အပူချိန်ကို တိကျစွာ မဖော်ထုတ်နိုင်။ သွေဖည်အပူချိန်သည်မူ အထက်ပါအချက်များ၏ သက်ရောက်မှု နည်းပါးကာ ဒေသတစ်ခုတွင် ပေါ်ပေါက်နေသော အပူချိန်အတက်အကျကို ပိုမိုတိကျစွာ ဖော်ပြသဖြင့် ရာသီဥတုပြောင်းလဲခြင်းကို လေ့လာရာတွင် ပကတိအပူချိန်ထက် ပိုမိုအသုံးဝင်သည်။

နှစ်အလိုက် အပူချိန်အတက်အကျဖြစ်စဉ်များကို ပြောရာ၌ ကျောက်မီးသွေးကို လောင်စာအဖြစ် စတင်သုံးစွဲသည့် စက်မှုတော်လှန်ရေး (Industrial Revolution)(ဝါ) စက်မှုခေတ်ဦးကာလ ၁၇၅၀ ပြည့်နှစ်ဝန်းကျင်က ကမ္ဘာ့အပူချိန်ကို အခြေပြု ရည်ညွှန်းအမှတ် အဖြစ် ထားရှိသင့်သည်။
သို့သော် လေထုအပူချိန် တိုင်းတာရေး ကိရိယာများကို ကမ္ဘာတစ်ဝန်း အတော်အတန် ကျယ်ပြန့်စွာ တပ်ဆင်၍ စတင် တိုင်းတာ မှတ်တမ်းနိုင်ခဲ့သည်မှာ ၁၈၅၀ နှင့် ၁၉၀ဝ ပြည့်နှစ်ကြားထဲတွင် ဖြစ်၍ ယင်းနှစ်အပိုင်းအခြားကိုသာ စက်မှုခေတ်ဦး(pre-industrial period)အဖြစ် သတ်မှတ်ရည်ညွှန်းကြသည်။
ရှေးခေတ်ရာသီဥတု
ကာဘွန်ဒိုင်အောက်ဆိုက် တက်လျှင် ကမ္ဘာ့အပူချိန်လည်း လိုက်တက်သည်ကို စက်မှုခေတ်ဦးမှ အစပြုသည့် တိုင်းတာချက်များအရ သိရပြီ။ ယင်းဖြစ်စဉ်နှစ်ခု အတူတကွ ယှဉ်တွဲမြင့်တက်နေခြင်းမျိုး ထို့ထက်ရှေးကျသော ကမ္ဘာ့သမိုင်းတလျှောက်၌ ဖြစ်ပေါ်ခဲ့ဖူးပါသလား။
ဖြစ်ပေါ်ခဲ့ဖူးပါသည်။ ရှေးဟောင်းရာသီဥတုဗေဒ (paleoclimatology)ဟု ခေါ်သည့် နည်းပညာဖြင့် လွန်ခဲ့သော နှစ်ပေါင်း သန်းနှင့်ချီသည့် ကာလက အပူချိန်များကိုပင် ပြန်လည်လေ့လာထုတ်ဖော်ထားသည်။
မြေပေါ်တွင် တစ်ချိန်က ရှိခဲ့ဖူးပြီး အကြောင်းအမျိုးမျိုးကြောင့် မြေအောက်အနက်ပိုင်းသို့ ရောက်ရှိကာ မြေပေါ်နှင့် နှစ်ပေါင်းသိန်းသန်းချီ အဆက်ပြတ်နေသော ရေနမူနာများကို တွင်းတူးရယူလေ့လာလျှင် ယင်းရေမော်လီကျူးများ မြေပေါ်၌ ရှိစဉ်က ရာသီဥတုကို သိရှိနိုင်သည်။ သစ်ပင် ပင်စည်ကို ဖြတ်ကြည့်လျှင် မြင်ရသော အရစ်များကို လေ့လာမှုမှလည်း ယင်းသစ်ပင် ကြီးထွားလာမှုဖြစ်စဉ်တလျှောက် ဖြစ်ပေါ်ခဲ့သော ရာသီဥတု အခြေအနေကို ဖော်ထုတ်နိုင်သည်။
သို့သော် ယင်းနည်းလမ်းများသည် ဆိုင်ရာရေနမူနာ၊ သစ်ပင်တို့ တည်ရှိ ရှင်သန်နေခဲ့သော ဒေသ၏ ရာသီဥတုအချက်အလက်များကိုသာ ပေးစွမ်းနိုင်သည်။ ကမ္ဘာနှင့်ချီသော ရာသီဥတုဖြစ်စဉ်ကို မသိနိုင်ပေ။
ရေခဲထဲရှိဓာတ်ငွေ့များ
အက်တမ်များသည် အိုင်ဆိုတုပ်အမျိုးမျိုးအသွင်ဖြင့် တည်ရှိကြရာ အောက်ဆီဂျင်တွင် ပုံမှန်အိုင်ဆိုတုပ်၊ လေးသောအိုင်ဆိုတုပ်၊ ပေါ့သော အိုင်ဆိုတုပ်ဟူ၍ ရှိသည်။ အလားတူ ဟိုက်ဒရိုဂျင်အက်တမ်တွင် ဒျူတေရီယမ်(deuterium)အိုင်ဆိုတုပ် ဟူ၍ ရှိသည်။ ရေမော်လီကျူးများရှိ အောက်ဆီဂျင်အိုင်ဆိုတုပ်အလေးနှင့် အိုင်ဆိုတုပ်အပေါ့၏ အချိုး၊ ဒျူတေရီယမ်နှင့် ပုံမှန်ဟိုက်ဒရိုဂျင်၏ အချိုးတို့ဖြင့် ရှေးပဝေသဏီက လေထုတွင်ဓာတ်ငွေ့ပါဝင်မှုနှင့်ကမ္ဘာ့အပူချိန်များကိုတွက်ချက်နိုင်သည်။
လေထုတွင်းဓာတ်ငွေ့များသည် နှင်းမှုန်များနှင့်အတူ ကျလာပြီး ရေခဲပြင်များထဲ၌ ရောက်ရှိ တည်နေမြဲဖြစ်သည်။ ကာလကြာ၍ ရေခဲပြင်များ ထူထပ်လာပြီး အောက်ပိုင်းသို့ ဆင်းသက် နစ်မြုပ်သွားကြသော်လည်း ရေခဲထဲရှိ ဓာတ်ငွေ့နှင့် အမှုန်အမွှားများသည် နှစ်သန်းပေါင်းများစွာ ကြာသည့်တိုင်အောင် အနက်ပိုင်း ရေခဲပြင်များထဲတွင် အောက်ပုံပါအတိုင်း မပျက်မစီး ရှိနေကြသည်။

ရေခဲပြင်များကို တူးဖော်၍ ရေမော်လီကျူးများရှိ အိုင်ဆိုတုပ်အချိုးများကို တွက်ချက်လျှင် ယင်းအချိန်က လေထုတွင်း ဓာတ်ငွေ့ပမာဏနှင့် အပူချိန်စသည်တို့ကို သိနိုင်သည်။
ရှေးဟောင်းကမ္ဘာ့ရာသီဥတုအခြေအနေကို ထုတ်ဖော်ပေးနိုင်သည့် ရေခဲနမူနာများကို ကမ္ဘာ့တိုက်ကြီးများအားလုံး၌ တူးဖော်ရယူ လေ့လာနေကြသော်လည်း ရေခဲပြင်အထူဆုံးဖြစ်သော ဂရင်းလန်းကျွန်းနှင့် အန္တာတိကတိုက်မှ အများဆုံးရယူသည်။ ရေခဲနမူနာများကို အတောင့်လိုက် တူးဖော်သိမ်းဆည်းထားရာ ရေခဲနမူနာအတောင့် စုစုပေါင်းအရှည် မီတာထောင်ပေါင်းများစွာကို ကမ္ဘာအနှံ့သုတေသနဌာနများ၌ လေ့လာနေကြသည်။

ထူထဲသောရေခဲပြင်များ၏ အောက်ပိုင်းရှိ ရေခဲနမူနာများသည် အပေါ်ပိုင်းရေခဲနမူနာများထက် ပို၍ ရှေးကျသည်။ ယခုအခါ ရေခဲပြင်အနက် သုံးကီလိုမီတာအထိ တူးဖော်နိုင်ကြပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၂ ဒသမ ၇ သန်းက စတင်ဖြစ်ပေါ်ခဲ့သည့် ရေခဲနမူနာများကိုပင် လေ့လာနိုင်ကြပြီ ဖြစ်သည်။

ပုံပါ ဂရပ်မျဉ်းသုံးကြောင်းအနက် အပေါ်နှစ်ကြောင်းသည် အန္တာတိက ရေခဲနမူနာများက ပြောသော ကမ္ဘာ့အပူချိန် အတက် အကျကို ပြသည်။ ကမ္ဘာ့အပူချိန်သည် လွန်ခဲ့သော နှစ်ပေါင်း ၄၄၀ဝဝဝ ခန့်က အမြင့်ဆုံးရောက်ခဲ့ပြီး ဖြည်းဖြည်းချင်း ကျလာရာ လွန်ခဲ့သော နှစ်ပေါင်း ၃၆၀ဝဝဝ ခန့်တွင် အနိမ့်ဆုံး ရောက်သည်။ ထို့နောက် လွန်ခဲ့သော နှစ်ပေါင်း ၃၅၀ဝဝဝ နှင့် ၃၄၀ဝဝဝ ကြားတွင် အမြင့်ဆုံး ပြန်ရောက်သည်။ ယင်းသို့ အတက်အကျ ဖြစ်နေခဲ့ရာ ကမ္ဘာ့အပူချိန်သည် အကြမ်းအားဖြင့် နှစ်ပေါင်း ၁၀ဝဝဝ၀ ခန့်ကြာလျှင် တစ်ကြိမ်ကျ အမြင့်ဆုံးနှင့် အနိမ့်ဆုံးသို့ ရောက်ကြောင်း သိရသည်။
ဂရပ်မျဉ်းသုံးကြောင်းအနက် အောက်ဆုံးမျဉ်းသည် ကမ္ဘာပေါ်၌ ဖြစ်ပေါ် တည်ရှိခဲ့သည့် ရေခဲထုထည်ကို ပြဆိုသည်။ ယင်းမျဉ်းကို ကြည့်လျှင် ကမ္ဘာ့အပူချိန်အမြင့်ဆုံးသို့ ရောက်သောအခါ ရေခဲပြင်အကျယ်အဝန်း အနည်းဆုံး ဖြစ်ပြီး ကမ္ဘာ့အပူချိန်အနိမ့်ဆုံးသို့ ရောက်သောအခါ ရေခဲပြင်အများဆုံး ဖုံးလွှမ်းခဲ့ကြောင်း တွေ့ရသည်။
စာမျက်နှာ – ၃၁ ပါ ဂရပ်မျဉ်းများအရ အန္တာတိကတိုက်၏ အမြင့်ဆုံးအပူချိန်နှင့် အနိမ့်ဆုံးအပူချိန်တို့၏ ခြားနားချက်တို့သည် ၉ ဒီဂရီ ဆဲလ်စီးယပ်စ်ခန့် ရှိသော်လည်း တစ်ကမ္ဘာလုံး၏ အပူချိန်အမြင့်ဆုံးနှင့် အနိမ့်ဆုံးခြားနားချက်သည် ၅ ဒီဂရီဆဲလ်စီးယပ်စ်ခန့် ဖြစ်သည်။ ဂရပ်မျဉ်းပါ လွန်ခဲ့သော နှစ်ပေါင်း ၄၅၀ဝဝဝ အတွင်း ထို့ထက်ပို၍ မတက်ခဲ့၊ မကျခဲ့ပေ။
သို့သော် ၂၀ ရာစုနှစ် အစမှအဆုံး၊ နှစ် ၁၀ဝ အတွင်း ဝ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်စ် မြင့်တက်ခဲ့ခြင်း၊ စက်မှုခေတ်ဦးမှ ၂၀၂၄ ခုနှစ်အထိ၊ နှစ်ပေါင်း ၁၇၀ ခန့်အတွင်း ၁ ဒသမ ၅၅ ဒီဂရီ ဆဲလ်စီးယပ်စ် မြင့်တက်ခဲ့ခြင်းတို့သည် သဘဝအတိုင်းမဟုတ်၊ လူတို့ကြောင့် လေထဲဝင်လာသော ကာဘွန်ဒိုင်အောက်ဆိုက်တို့ကြောင့်သာဟု ကောက်ချက်ချရတော့မည်။

(ဤ”ရာသီဥတုပြောင်းလဲခြင်းဖတ်စာ” ဒစ်ဂျစ်တယ်စာအုပ်ကို ရာသီဥတုပြောင်းလဲခြင်း၏ သိပ္ပံနှင့် နည်းပညာ အခြေခံအချက်အလက်များ၊ ယင်းဖြစ်စဉ်၏ ဆိုးကျိုးများကို လျော့နည်းသက်သာအောင် ကြိုးပမ်းရာ၌ တွေ့ကြုံနေရသော နည်းပညာ စီးပွားရေး လူမှုရေး နိုင်ငံရေး အခက်အခဲများကို စိတ်ပါဝင်စားသည့် မည်သူမဆို အလွယ်တကူ လေ့လာသဘောပေါက်နိုင်စေရန် တိုတိုရှင်းရှင်းနှင့် လိုရင်းရောက်အောင် အားထုတ်ပြုစုထားပါသည်။
တစ်ဦးချင်း ဖတ်ရှုသူများနှင့် အစုအဖွဲ့အလိုက် လေ့လာဆွေးနွေးသူများသည် ဤဒစ်ဂျစ်တယ်စာအုပ်ပါ စာပုဒ်များကို ကူးယူဝေမျှနိုင်ပါသည်။ သို့သော် အခန်းတစ်ခန်းလုံးကို ဖြစ်စေ၊ ဒစ်ဂျစ်တယ်စာအုပ် တစ်အုပ်လုံးကို ဖြစ်စေ၊ ပုံနှိပ်နည်းပညာ၊ ဒစ်ဂျစ်တယ်နည်းပညာ မည်သည့်နည်းပညာနှင့်မဆို ကျွန်တော့ထံမှ ခွင့်ပြုချက် မရဘဲ ကူးယူဝေမျှခြင်း မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။)
အခြားအခန်းများကို ဆက်လက်လေ့လာရန် ဆိုင်ရာခေါင်းစဉ်များကို နှိပ်ပါ။
အခန်း ၁။ ရာသီဥတုသိပ္ပံပညာ၏သမိုင်းအကျဉ်း
အခန်း ၂။ ဖန်လုံအိမ်အာနိသင်
အခန်း ၄။ အေးနေသင့်သော်လည်း ပူလာသောကမ္ဘာ
အခန်း ၅။ အပူချိန်တက်လာခြင်းအကြောင်းရင်း
အခန်း ၆။ အနာဂတ်ရာသီဥတုကိုခန့်မှန်းခြင်း
အခန်း ၇။ ဘေးအန္တရာယ်အသွယ်သွယ်
အခန်း ၈။ ရာသီဥတုဘေးမှ သက်သာရာရစေရန်
အခန်း ၉။ အန္တရာယ်ဇုန်အတွင်းသို့ခြေချမိခြင်း