ဖန်လုံအိမ်အာနိသင်

အနီအောက်ရောင်ခြည်ကို လေထုက စုပ်ယူခြင်း၊ ပြန်လည်ထုတ်လွှတ်ခြင်းတို့က ကမ္ဘာကို မည်သို့ ပူနွေးစေသနည်း။
လေထုတွင်းရှိ ဖန်လုံအိမ်ဓာတ်ငွေ့နှင့် ရေငွေ့၊ ရေခဲမှုန်နှင့် ရေစက်ငယ်များဖြင့် ဖွဲ့စည်းတည်ရှိသော တိမ်တိုက်တို့သည် ကမ္ဘာ့မျက်နှာပြင်က ထုတ်လွှတ်သော အနီအောက် ရောင်ခြည်ကို စုပ်ယူလိုက်ပြီးနောက် တဖန် ပြန်လည်ထုတ်လွှတ်သည်။ ပြန်ထုတ်လိုက်သော ရောင်ခြည်၏ ထက်ဝက်ခန့်သည် လေထု၏ အပေါ်ဘက်သို့ တက်သွားပြီး ထက်ဝက်ခန့်သည် လေထုအောက်ပိုင်းကို ဖြတ်၍ မြေပြင်ပေါ် ပြန်ကျသည်။
ဤနည်းဖြင့် ကမ္ဘာ့မြေပြင်သည် နေ၏ တိုက်ရိုက်အပူနှင့် လေထုထဲမှ ပြန်ကျလာသော အပူ၊ ဇာစ်မြစ်နှစ်ခုမှ အပူများကို လက်ခံရရှိသည်။ နေမှအပူကို နေရောင်ထွန်းလင်းသည့်အခါမှသာ ရနိုင်ပြီး လေထုထဲမှ ပြန်ကျလာသောအပူကိုမူ အစဉ်အမြဲရနေသောကြောင့် အပူပမာဏချင်း ယှဉ်လျှင် လေထုထဲမှ ပြန်ကျလာသောအပူက နေမှ တိုက်ရိုက်အပူထက် နှစ်ဆခန့် များသည်။
ရေငွေ့
ဖန်လုံအိမ်ဓာတ်ငွေ့များ၏ အာနိသင်သည် တစ်မျိုးနှင့်တစ်မျိုး မတူပေ။ ယင်းဓာတ်ငွေ့များထဲတွင် ရေငွေ့သည် အခြေအနေကို လိုက်ပြီး လေထုထဲတွင် လုံးဝကင်းစင်နေနိုင်ကာ လေထု၏ သုံးရာခိုင်နှုန်းအထိ များပြားနေခြင်းမျိုးလည်း ဖြစ်နိုင်သည်။
လေထုတွင်း၌ ရေငွေ့မည်မျှ ရှိနေနိုင်သနည်းဆိုသောအချက်သည် အပူချိန်ပေါ်တွင် မူတည်သည်။ ပူနွေးသောလေထုသည် အေးသော လေထုထက် ရေငွေ့များကို ပိုမိုလက်ခံသယ်ဆောင်နိုင်သည်။ ထို့ကြောင့် အပူချိန် မြင့်လာလျှင် လေထုတွင်း၌ ရေငွေ့ ပိုများလာသည်။ ရေငွေ့သည် ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်၍ အပူဓာတ်များကို မြေပြင်သို့ ပိုမိုထုတ်လွှတ်သောကြောင့် မြေပြင်ပို၍ ပူလာသည်။ အပူကြောင့် ပိုပူခြင်း ဖြစ်စဉ် ပေါ်ပေါက်သည်။
သို့သော် ရေမော်လီကျူးများသည် မြေပြင်နှင့်လေထုတို့ကြား အငွေ့ပြန်လိုက်၊ ဆီးနှင်းနှင့်မိုးအဖြစ် ပြန်ရွာကျလိုက်နှင့် လျင်မြန်စွာ ကူးလူး သွားလာလျက် ရှိကြရာ ရေမော်လီကျူးတစ်လုံးသည် လေထုတွင်း၌ ပျမ်းမျှ ၈ ရက်မှ ၁၀ ရက်ကြာမျှသာ တည်နေနိုင်သောကြောင့် ယင်းတို့၏ လေထုနှင့် မြေပြင်ကို ပူနွေးစေသည့် ပမာဏမှာ မများလှချေ။
ကာဘွန်ဒိုင်အောက်ဆိုက်
ကာဘွန်ဒိုင်အောက်ဆိုက်မော်လီကျူး လေထုတွင်း၌ တည်နေနိုင်သည့်အချိန်သည် ရေငွေ့ ထက် များစွာ ပိုမိုကြာမြင့်သည်။
မီးတောင်ပေါက်ခြင်း၊ ပင်လယ်ရေထဲမှ လွတ်ထွက်လာခြင်း၊ ဇီဝဒြပ်များ ဆွေးမြည့်ခြင်း၊ တောမီးလောင်ခြင်း စသည်တို့ကြောင့် ကာဘွန်ဒိုင်အောက်ဆိုက်များ လေထုတွင်းသို့ ရောက်သည်။ ယင်းဓာတ်ငွေ့အချို့သည် ဇီဝနှင့် ရုပ်ပိုင်းဆိုင်ရာ ဖြစ်စဉ်များကြောင့် ထုံးကျောက်စသည်များအဖြစ်သို့ ပြောင်းလဲပြီး ဖြည်းဖြည်းချင်း မြေအောက်အနက်ပိုင်းအထိ မြုပ်ဝင်သွားသည်။ တဖန် မီးတောင်ပေါက်ခြင်းနှင့် မြေလွှာလှုပ်ရှားမှုများမှတဆင့် မြေပေါ်နှင့် လေထုတွင်းသို့ ပြန်ရောက်သည်။ လေထု၊ ရေထုနှင့် အနက်ပိုင်း မြေထုများအကြား ဖြစ်ပေါ်နေသည့် ကာဘွန်သံသရာလည်ခြင်း ဖြစ်စဉ်သည် တစ်ပတ်လည်ရန် နှစ်သန်းပေါင်းများစွာ ကြာသည်။
အဆိုပါ ကာဘွန်ဒိုင်အောက်ဆိုက်များအပြင် အနက်ပိုင်း မြေထုထဲသို့ မရောက်ဘဲ လေထု၊ ရေထုနှင့် အပင်များကြား လှည့်လည်နေသည့် ကာဘွန်ဒိုင်အောက်ဆိုက်များလည်း ရှိရာ ယင်းတို့ တစ်ပတ်ပြည့်ရန် လှည့်လည်ချိန်သည် နှစ်ရာထောင်ချီအောင် ကြာသည်။ ထို့ကြောင့် ယင်းဓာတ်ငွေ့ လေထုတွင်း၌ တည်ရှိနေနိုင်ချိန်သည် အနည်းဆုံး နှစ်ပေါင်းရာဂဏန်းမှ ထောင်ဂဏန်းအထိလည်း ဖြစ်နိုင်သည်။
ကာဘွန်ဒိုင်အောက်ဆိုက်သည် လေထုတွင်း၌ ကြာမြင့်စွာ တည်နေနိုင်သည့်အပြင် လူတို့ကြောင့် လေထုတွင်းသို့ ဝင်ရောက်နေသော ပမာဏလည်း များသဖြင့် ကမ္ဘာကို ပူနွေးစေရာ၌ ယင်းဓာတ်ငွေ့ကို အရေးအပါဆုံး ဖန်လုံအိမ်ဓာတ်ငွေ့ဟု သတ်မှတ်ကြသည်။
(ကြော်ငြာ)

ကလေးများအတွက်
ရောင်းဈေး ၄၀ဝ၀ ကျပ်

ဤပုံအရ လေထုတွင်းရောက် ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏနှင့် ပျမ်းမျှကမ္ဘာ့မျက်နှာပြင်အပူချိန်တို့သည် တစ်ခုနှင့်တစ်ခု အချိုးညီစွာ မြင့်တက်လာနေကြောင်း သိရသည်။
အချိုးညီသော်လည်း ကာဘွန်ဒိုင်အောက်ဆိုက် မြင့်တက်မှုသည် ပြေပြစ်ပြီး အပူချိန် မြင့်တက်မှုသည် နိမ့်ချည်မြင့်ချည်နှင့် အတွန့်အခေါက် များပြားသည်ကိုလည်း မြင်နိုင်သည်။ ယင်းသို့ဖြစ်ခြင်းသည် ဆိုင်ရာနှစ်များတွင် ပေါ်ပေါက်သော အယ်လ်နီညို၊ မီးတောင်ပေါက်ခြင်း၊ လေထုတွင်း အမှုန်များလာခြင်း စသည်တို့၌ အရင်းခံသည်။ ရေတိုကာလတွင် အပူချိန်တစ်ညီတည်း မတက်သော်လည်း ရေရှည်၌မူ ကာဘွန်ဒိုင်အောက်ဆိုက် တက်တိုင်း ပျမ်းမျှကမ္ဘာ့မျက်နှာပြင် အပူချိန်လည်း လိုက်တက်ကြောင်း ဂရပ်မျဉ်းက အခိုင်အမာ ပြဆိုနေသည်။
ထို့ကြောင့် လူတို့က လေထုတွင်းသို့ ကာဘွန်ဒိုင်အောက်ဆိုက်များ ပိုမိုရောက်ရှိစေလျှင် ပျမ်းမျှကမ္ဘာ့မျက်နှာပြင်အပူချိန်လည်း လိုက်တက်သည်ဟု အသေအချာ ကောက်ချက်ချ၍ရသည်။
သေချာသည်ဟု ဆိုသော်လည်း ရာသီဥတုအရေးသည် အားလုံးနှင့် သက်ဆိုင်သည် ဖြစ်သောကြောင့် ယင်းအချက်နှင့် ပတ်သက်ပြီး ဒွိဟများ မပေါ်ပေါက်စေရန်၊ အငြင်းမပွားနိုင်စေရန်၊ ခိုင်လုံသထက် ခိုင်လုံစေရန် လုပ်ဆောင်သင့်သည်။
ပျမ်းမျှကမ္ဘာ့မျက်နှာပြင်အပူချိန်ကို တကယ်မှန်ကန်စွာ တိုင်းတာနိုင်သလား။
ပျမ်းမျှကမ္ဘာ့မျက်နှာပြင်အပူချိန်သည် ကာဘွန်ဒိုင်အောက်ဆိုက်အပြင် အခြားအကြောင်းများကြောင့်ရော မမြင့်တက်နိုင်သလော။
ရာသီဥတုသည် အစဉ်အမြဲ ပြောင်းလဲနေသည်ဟု ဆိုကြရာ လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း ပြောင်းလဲသည်ကို မည်သည့်အတွက်ကြောင့် အရေးတကြီး ပြောဆိုဆွေးနွေးနေဖို့ လိုသလဲ။
နှစ်တစ်ရာအတွင်း ရာသီပြောင်းခဲ့သော ပမာဏသည် လွန်ခဲ့သောနှစ်သိန်းသန်းချီသော ကာလအတွင်းကနှင့် စာလျှင် မည်သို့ရှိသနည်း။
(ဤ”ရာသီဥတုပြောင်းလဲခြင်းဖတ်စာ” ဒစ်ဂျစ်တယ်စာအုပ်ကို ရာသီဥတုပြောင်းလဲခြင်း၏ သိပ္ပံနှင့် နည်းပညာ အခြေခံအချက်အလက်များ၊ ယင်းဖြစ်စဉ်၏ ဆိုးကျိုးများကို လျော့နည်းသက်သာအောင် ကြိုးပမ်းရာ၌ တွေ့ကြုံနေရသော နည်းပညာ စီးပွားရေး လူမှုရေး နိုင်ငံရေး အခက်အခဲများကို စိတ်ပါဝင်စားသည့် မည်သူမဆို အလွယ်တကူ လေ့လာသဘောပေါက်နိုင်စေရန် တိုတိုရှင်းရှင်းနှင့် လိုရင်းရောက်အောင် အားထုတ်ပြုစုထားပါသည်။
တစ်ဦးချင်း ဖတ်ရှုသူများနှင့် အစုအဖွဲ့အလိုက် လေ့လာဆွေးနွေးသူများသည် ဤဒစ်ဂျစ်တယ်စာအုပ်ပါ စာပုဒ်များကို ကူးယူဝေမျှနိုင်ပါသည်။ သို့သော် အခန်းတစ်ခန်းလုံးကို ဖြစ်စေ၊ ဒစ်ဂျစ်တယ်စာအုပ် တစ်အုပ်လုံးကို ဖြစ်စေ၊ ပုံနှိပ်နည်းပညာ၊ ဒစ်ဂျစ်တယ်နည်းပညာ မည်သည့်နည်းပညာနှင့်မဆို ကျွန်တော့ထံမှ ခွင့်ပြုချက် မရဘဲ ကူးယူဝေမျှခြင်း မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။)
အခြားအခန်းများကို ဆက်လက်လေ့လာရန် ဆိုင်ရာခေါင်းစဉ်များကို နှိပ်ပါ။
အခန်း ၁။ ရာသီဥတုသိပ္ပံပညာ၏သမိုင်းအကျဉ်း
အခန်း ၃။ ကမ္ဘာ့ပျမ်းမျှအပူချိန်ကိုတိုင်းတာခြင်း
အခန်း ၄။ အေးနေသင့်သော်လည်း ပူလာသောကမ္ဘာ
အခန်း ၅။ အပူချိန်တက်လာခြင်းအကြောင်းရင်း
အခန်း ၆။ အနာဂတ်ရာသီဥတုကိုခန့်မှန်းခြင်း
အခန်း ၇။ ဘေးအန္တရာယ်အသွယ်သွယ်
အခန်း ၈။ ရာသီဥတုဘေးမှ သက်သာရာရစေရန်
အခန်း ၉။ အန္တရာယ်ဇုန်အတွင်းသို့ခြေချမိခြင်း
Leave a comment