မြေအောက်တမံက ပြောင်းလဲပေးလိုက်သော ဘဝများ

(၁)

”ရွာက ချောင်းဘေးမှာရှိပေမယ့် ဒီချောင်းက မိုးတွင်းမှ ရေရှိတာ၊ ရေရှိတယ်ဆိုတာလည်း အထက်ဘက်မှာ မိုးရွာတုန်းခဏပဲ။ အထက်မှာ မိုးရွာပြီဆိုရင် ချောင်းထဲကိုဖြတ်မသွားနဲ့တော့။ ရေလုံးက ဝါးလုံးထိုးစီးတာ။ မနှစ်က မိုးကလေးညို့လာပြီး လွတ်မယ်ထင်လို့ ရွာမြောက်ဘက်က သာရင် နွားလှည်းနဲ့ ဖြတ်ကူးလိုက်တာ၊ နွားရော၊ လူရော၊ လှည်းရော ရေစီးနဲ့ပါသွားလိုက်တာ သူ့သမီးငယ် ဂွက်ထော်မ ရှာမတွေ့တော့ဘူး။ ဒီချောင်းကအတော်လေးဆိုးတယ်။ တစ်နှစ်ကို တစ်ယောက်နှစ်ယောက် လူစားတယ်” မကွေးတိုင်းဒေသကြီး သဲတောကျေးရွာနေ ဦးချစ်တုံးက ပြောသည်။

ဦးချစ်တုံး ရည်ညွှန်းသည့် သဲတောရွာဘေးရှိချောင်းသည် သဲချောင်းဖြစ်သည်။ အဆိုပါ ချောင်းနည်းတူ မြန်မာနိုင်ငံ မိုးနည်းရေရှားဒေသရှိ သဲချောင်းများသည် မိုးရာသီတွင်နှင့် မုန်တိုင်း တိုက်ခတ်သောအခါများတွင် ရေများ တစ်ဟုန်ထိုး စီးဆင်းလာတတ်သဖြင့် ချောင်းဖြတ်ကူးသူများအတွက် အန္တရာယ်ကြီးမားလှသည်။ သို့သော် ချောင်းအထက်ဘက်တွင် မိုးတိတ်သွားပြီး မကြာလှသောအချိန်တွင် ရေစီးကို မတွေ့ရတော့ချေ။ ရေအတော်များများက အောက်ဘက်သို့ ဆက်စီးပြီး ရေအချို့က သဲထဲသို့ စိမ့်ဝင်သွားသည်။ ရေကို မမြင်ရ၊ သဲပြင်ကြီးသာ မြင်ရတော့သည်။ မျက်မြင်တွင် သဲပြင်ကြီး ဖြစ်နေသော်လည်း သဲပြင်အောက်သို့ စိမ့်ဝင်သွားသောရေများသည် ချောင်းဘေးကရွာများအတွက် တန်ဖိုးမဖြတ်နိုင်သော ရေအရင်းအမြစ်များပင် ဖြစ်တော့သည်။

(၂)

”မိုးရွာပြီးသွားရင် နှစ်လ၊ သုံးလလောက်တော့ လက်ယက်တွင်းတူးပြီး ရေခပ်သုံးလို့ရတာပေါ့။ နွေအခါဆိုရင် လက်ယက်တွင်းလည်း ခန်း၊ ရွာထဲက ရေတွင်းတွေလည်း ရေခန်းသွား၊ အလွန်ရေရှားတာပေါ့။ ဒါ့ကြောင့် ကျုပ်တို့ သဲတောသားတွေ လူရုပ်မပီတာပေါ့ဗျာ” ဦးချစ်တုံးက အတိတ်အကြောင်းကို ပြန်ပြောရင်း ချွေးဒီးဒီးကျနေသည့် သူ့မျက်နှာကို ခေါင်းတွင်ပတ်ထားသည့် မျက်နှာသုတ်ပဝါကြမ်းဖြင့် သုတ်လိုက်သည်။

ဦးချစ်တုံးအပါအဝင် သဲတောရွာသူရွာသားများသာမက မြန်မာ့မိုးနည်းရေရှားဒေသ သဲချောင်းဘေးရှိ ရွာများသည် ချောင်းသဲပြင်ထဲတွင် စိမ့်ဝင်ပြီး ကျန်နေသောရေများကို လက်ယက်တွင်းများ တူး၍ ခပ်သုံးကြသည်။ စိတ်အေးလက်အေး ခပ်သုံးရသည်တော့ မဟုတ်ပါ။ မိုးရွာစဉ်က ဝါးလုံးထိုး စီးကျလာနိုင်သော ရေများကို စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ရသကဲ့သို့ ယခုတော့ သဲပြင်ထဲက ရေများ မည်သည့်အချိန်တွင် ခန်းသွားမည်နည်းဟု ကြောင့်ကြနေကြရပြန်သည်။ နွေတက်၍ အပူရှိန်ပြင်းလာသည်နှင့်အမျှ ခပ်ယူသူ များသဖြင့် သဲထဲတွင် ရေကျန် တဖြည်းဖြည်း နည်းလာသည်။ အောက်ရေရယူရန် ထပ်နှိုက်ကြသဖြင့် တွင်းများက ပို၍ နက်သွားသည်။ တွင်းထဲရေဝင်သည့် အချိန် ပိုကြာလာသည်။ ရွာကလူများ လက်ယက်တွင်းဘေးတွင် စောင့်၍ ရေခပ်ကြရသည်။ တချို့ရွာများတွင် ည ၈ နာရီ၊ ၉ နာရီအထိစောင့်၍ ခပ်မှ ရေရကြသည်။

(၃)

”ကျုပ်တို့က တစ်သက်လုံး ဒီလိုပဲနေလာပြီး ဒီလူတွေ အခုလိုလာပြီးလုပ်တော့ ပထမတော့ သိပ်ပြီး မယုံဘူးလေ။ အဲဒါကြောင့် သူတို့လုပ်တာတွေ ကျုပ်က လိုက်ပြီးကြည့်တာ။ ကျုပ်က အိုပယ်ဖြစ်နေတော့ အိမ်မှာလည်း တောက်တိုမယ်ရပဲ။ ကျုပ်သမီးနဲ့သားမက်က ကျုပ်ကိုဘာမှမခိုင်းဘူး။ အလုပ်လုပ်စေချင်တာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီဆရာတွေ လုပ်တာကို ကျွန်တော်က အသေးစိတ်ကြည့်ဖြစ်တာ””

‘ကျုပ်တို့’ဆိုသူများမှာ သဲတောရွာမှ ဦးချစ်တုံးအပါအဝင် ရွာသားအချို့ ဖြစ်သည်၊ ‘ဒီလူတွေ’က ရွာသားများအခေါ် ဆည်မြောင်း သို့မဟုတ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ အင်ဂျင်နီယာများကို ဆိုလိုသည်၊ ‘အခုလိုလာပြီးလုပ်’ ဆိုသည်မှာ သဲတောရွာဘေးရှိ သဲချောင်းထဲ၌ မြေအောက်တမံ ဆောက်လုပ်ဖို့ ဖြစ်နိုင် မဖြစ်နိုင် ဆည်မြောင်းအင်ဂျင်နီယာများ ကွင်းဆင်း လေ့လာတိုင်းတာရန်အတွက် ရောက်လာကြခြင်းကို ရည်ညွှန်းသည်။ အချိန်က ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ဖြစ်သည်။

တမံကို ကြားဖူးမြင်ဖူးကြသော်လည်း မြေအောက်တမံဆိုသည်ကို ရွာသားများ မဆိုထားဘိ၊ ဗဟုသုတ လေ့လာလိုက်စားသူအချို့အတွက်ပင် အသစ်အဆန်း ဖြစ်နေသည်။ တမံသည် အတားအဆီးဟု အဓိပ္ပာယ် ရရာ မြေအောက်တမံသည် မြေအောက်အတားအဆီးဖြစ်သည်။ မည်သည်ကို တားသနည်းဆိုလျှင် ရေကို တားသည်။ မြေပေါ်တမံများသည် မြေပေါ်တွင် စီးနေသောရေများကို တားဆီးခြင်းဖြင့် တမံ၏ နောက်တွင် ဖြစ်ပေါ်လာသော ဆည်ထဲကရေကို သုံးစွဲကြသည်။ သဲချောင်း၏ သဲပြင်ကို ကန့်လန့်ဖြတ် တူးဖော်၍ မြေအောက်တမံ ဆောက်လုပ်ထားလျှင် ယင်းတမံသည် သဲချောင်းထဲ စိမ့်ဝင်ရောက်ရှိလာသော ရေများကို တားဆီး သိုလှောင်ပေးထားသဖြင့် နွေတက်သော်လည်း သဲထဲတွင် ရေများ ကျန်နေမည်ဟု အင်ဂျင်နီယာများက သဲတောရွာသားများအား ရှင်းပြသောအခါ အားလုံးသဘောပေါက်သွားသည်။ တမံထိပ်သည် ချောင်းကြမ်းပြင်နှင့် တစ်ပြေးညီ ဖြစ်ပြီး တမံကိုယ်ထည် တစ်ခုလုံးမှာ မြေအောက်တွင် ရှိသောကြောင့် မြေအောက်တမံဟု ခေါ်ခြင်းဖြစ်သည်။ မြေပေါ်မှ ကြည့်လျှင် သဲကိုသာ မြင်ရသော်လည်း မြေအောက်တမံ၏နောက် သဲထု၏ ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိသည် ရေများ ဖြစ်ကြသည်။ သိုလှောင်ရေ ပမာဏသည် မြေပေါ်တမံများထက် နည်းသော်လည်း မြေပေါ်တမံများထက် ကုန်ကျစရိတ် များစွာ နည်းပါးသော အားသာချက်ကို ပိုင်ဆိုင်သည်။ သဲထဲတွင် သိုလှောင်ထားခြင်း ဖြစ်သောကြောင့် ရေညစ်ညမ်းနိုင်သည့် အခွင့်အလမ်း နည်းသည်။

(၄)

”မြေအောက်တမံ လုပ်ဖို့ဆိုပြီး ချောင်းတစ်လျှောက် လိုက်ပြီးကြည့်တယ်။ သဲတွေ စစ်ဆေးတယ်။ ချောင်းအကျယ် တိုင်းတယ်။ ဘေးသားမြေအနေအထားကြည့်ပြီး ဒီနေရာကို ရွေးလိုက်တာပဲ” ဆည်မြောင်း အင်ဂျင်နီယာများ”လုပ်ပုံကိုင်ပုံကို စိတ်ဝင်စားသဖြင့် သူတို့နောက် တကောက်ကောက် လိုက်ကြည့်ပြီး သူနားလည်သမျှကို ဦးချစ်တုံးက ပြန်လည်ဖောက်သည်ချသည်။

အင်ဂျင်နီယာများသည် မြေအောက်တမံ တည်ဆောက်မည့်နေရာ၏ အထက်ဘက်တွင် လုံလောက်သော ရေဝေရေလဲ ဧရိယာ ရှိမရှိ လေ့လာကြသည်။ သဲချောင်းမြေသည် ရေစိမ့်ဝင်သိုလှောင်နိုင်စွမ်းမြင့်မားသည့် သဲမြေကြမ်းအမျိုးအစား ဖြစ်သင့်သည်။ တမံအား အောက်ခံရေမစိမ့်နိုင်သော အလွှာအထိ တည်ဆောက်ရသောကြောင့် အောက်ခံအလွှာသည် နက်လွန်းပါကလည်း တည်ဆောက်စရိတ် များပြားနိုင်သည်။ သိုလှောင်ထားသည့် ရေများအား တိုက်ရိုက်အကျိုးရှိစွာ သုံးစွဲနိုင်ရန်အတွက် လူနေ ကျေးရွာများ၊ စိုက်ပျိုးခင်းများနှင့် အလှမ်းမဝေးလွန်းသည့်နေရာ ဖြစ်သင့်သည်။ သိလိုသည့် အချက်များကို လေ့လာတိုင်းတာတွက်ချက်ပြီးသောအခါ သဲတောရွာဘေးကချောင်းသည် မြေအောက်တမံ တည်ဆောက်ရန် သင့်တော်ကြောင်း ဆုံးဖြတ်လိုက်ကြသည်။

မြေအောက်တမံများ တည်ဆောက်ရာတွင် ချောင်းအနေအထားနှင့် အကုန်အကျခံနိုင်မှုပေါ်တွင် မူတည်၍ ရေလုံပလတ်စတစ်၊ ရွှံ့စေး စသည်တို့ဖြင့် လွယ်ကူစွာ တည်ဆောက်နိုင်သကဲ့သို့ မြေသားတမံ၊ အုတ်၊ ကွန်ကရစ်၊ ကျောက်စီကွန်ကရစ် စသည်တို့ဖြင့်လည်း အသုံးပြုနိုင်သည်။ ရွှံ့စေးများပေါ်တွင် ပလတ်စတစ်၊ တာလပတ်စသည်တို့ ဖုံးအုပ်တည်ဆောက်ကြသော တမံငယ်များတွင် ပလတ်စတစ်၊ တာလပတ်တို့အား ချောင်းရေတွင် မျောလာသော သစ်ကိုင်းသစ်ချောင်းများ ထိုးမိခြင်းနှင့် ဆွေးမြည့်ခြင်းမှ ကာကွယ်ရန်အတွက် ယင်းတို့အပေါ်တွင် မြေစေးလွှာတစ်ထပ် ထပ်မံဖုံးအုပ်ပေးသင့်သည်။ တမံအမြင့် များပါက အောက်ခြေအမြင့် တစ်နေရာအထိ ကွန်ကရစ်တမံတည်ဆောက်၍ ကျန်အပေါ်ပိုင်းများအား မြေသားဖြင့် ထပ်ဆင့်၍ မြေသားတမံပြုလုပ်ခြင်းဖြင့်လည်း တည်ဆောက်နိုင်သည်။

(၅)

”ပထမ ဒီနေရာမှာ ဆယ်ပေအကျယ်လောက် ချောင်းကိုဖြတ် မြောင်းကြီးတူးလိုက်တာ။ တူးတာမှ ရေလုံးဝ မစိမ့်တဲ့အထိ တူးလိုက်တာ။ အဲဒီမှာ အောက်ခံကျောက်ပဲ ရှိတော့တယ်။ အဲဒီနေရာကစပြီး ကန့်လန့်ဖြတ် ကျောက်ကြီးစီတယ်။ ကျောက်လတ်တွေ စီတယ်။ ဘိလပ်မြေကို ဖောဖောသီသီသုံးပြီး ဒီတမံ ဆောက်ခဲ့တယ်။ ကျုပ်မှတ်ထားတာ တစ်လခွဲပြီး နှစ်ရက်နဲ့ ပြီးသွားတယ်။ အောက်ခြေက ခုနစ်ပေ၊ ရှစ်ပေလောက်ရှိပြီး ထိပ်မှာတော့ သုံးပေလောက် ရှိတယ်။ ပြီးတော့ ဘေးနံရံနှစ်ဖက် သဲဖြည့်တယ်” မြေအောက်တမံ ဆောက်လုပ်ပုံကို မိမိဉာဏ်မီသမျှ လေ့လာထားသည်တို့ကို ဦးချစ်တုံးက ပြောပြသည်။

မြေအောက်တမံ တည်ဆောက်ရာ၌ နည်းပညာလွယ်ကူသည်။ တည်ဆောက်ရေးပစ္စည်းရရှိနိုင်မှု လွယ်ကူသည်။ တည်ဆောက်စရိတ်သက်သာသည်။ ထိန်းသိမ်းပြုပြင်သန့်ရှင်းမှုလုပ်ငန်းများ ရှင်းလင်း လွယ်ကူသည်။ မြေပေါ်တမံကို သူ့နောက်က ရေဖိအားကိုခံနိုင်အောင် ဆောက်ရသော်လည်း မြေအောက်တမံသည်မူ သဲများက နှစ်ဖက်ညှပ်နေ၍ မပြိုနိုင်။

သဲတောကျေးရွာအနီးရှိ အမြင့် ၁၅ ပေ၊ အလျားပေ ၉၀ မြေအောက်တမံကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အတွင်းက ဆောက်လုပ်ပြီးစီးခဲ့သည်။ ကန်ရေပြည့်ရေလှောင်ပမာဏ ဂါလန်လေးသန်းခွဲခန့် ဆန့်သည်။ တစ်နည်းဆိုရလျှင် ရေရှားလှသော သဲတောရွာ၏ဘေးတွင် ဂါလန်လေးသန်းဆန့် ရေကန်ကြီး ပေါ်ထွန်းလာခြင်းပင် ဖြစ်သည်။

(၆)

”တမံပြီးတဲ့ရက်ကစပြီး ကျုပ်တို့လည်း မိုးရွာပါစေ၊ ရွာပါစေလို့ ဆုတောင်းနေတယ်။ မိုးရွာတဲ့နေ့ကတော့ ကျုပ်အိမ်ကနေ သဲချောင်းတမံကို တန်းပြီးပြေးတာ။ ဒီဆရာတွေ တစ်လခွဲ၊ နှစ်လအပင်ပန်းခံပြီး လုပ်ထားတဲ့ တမံ ဘယ်လိုနေမလဲဆိုတာ သိချင်လို့။ ကျုပ်အိမ်ကနေ ထပြီးပြေးတော့ ကျုပ်သားမက်ကလည်း အဘ၊ အဘလို့ လှမ်းခေါ်ပြီး ကျုပ်နောက်က ပြေးပြီးလိုက်တယ်။ တမံထိပ်ရောက်မှ ကျုပ်လည်း အပြေးရပ်၊ တမံထိပ်မှာထိုင်ပြီး အမောဖြေရင်း အထက်ဘက်က စီးလာတဲ့ရေကို စောင့်ကြည့်ဖြစ်တယ်။ ရေက အရင်လို သဲချောင်းထဲမှာ ဝါးလုံးထိုးမစီးတော့ဘူး။ တဖြည်းဖြည်းပဲ စီးလာတယ်။ တမံအထိကို ဖြည်းဖြည်းစီးလာပြီး တမံကို ချက်ချင်းတောင် မကျော်နိုင်ဘူး။ အဲဒီမိုးမှာတော့ ကျုပ်ထင်တယ်။ တမံထဲ ရေဖြည့်နေရလို့လား မသိဘူး။ တမံပေါ်က နည်းနည်းပဲ ကျော်သွားတယ်” ဦးချစ်တုံးက သူ့အတွေ့အကြုံကို ပြောပြသည်။

ကုန်းမြင့်ပိုင်းက အရှိန်ဖြင့် ဆင်းလာသော ရေများသည် မြေအောက်တမံက ခံနေသဖြင့် အရှိန်လျော့ကျသွားသည်။ တမံ၏ အလျားနှင့်အမြင့်ပေါ် မူတည်၍ ရေလွှမ်းမိုးမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်သည်။ သဲထဲသို့ စိမ့်ဝင်သောရေများသည် တမံထဲတွင် ဖြည့်နေရင်း ချောင်းနှင့် ဆက်စပ်နေသော ဝဲဘက်ယာဘက် မြေအောက်လွှာများထဲသို့ ပျံ့နှံ့သွားကာ ပတ်ဝန်းကျင်ကို စိမ်းလန်း စိုပြည်စေသဖြင့် သီးနှံများ စိုက်ပျိုးအောင်မြင်သည်။ ပို၍ ဝမ်းသာရသည်မှာ ရွာထဲရှိ ရေတွင်းများ၏ ရေပြင်များပါ မြင့်တက်လာကြသောကြောင့် ဖြစ်သည်။

ရွာရေတွင်းနှင့် ပတ်သက်ပြီး ”မိုးရွာပြီး သုံးရက်လောက်ကြာတော့ တွင်းရေက တစ်ပေနီးပါး တက်လာတယ်။ နောက်ပိုင်း ကျုပ်မှတ်ထားသလောက် တစ်ပတ်၊ ဆယ်ရက်ကြာတော့ နှစ်ပေသာသာ တက်လာတယ်”ဟု ဦးချစ်တုံးက ဝမ်းသာအားရ ဆိုသည်။

ပီတိလွှမ်းဖုံးနေသော ဦးချစ်တုံးသည် အားရပါးရ ပြောနေရင်း ချောင်းကို နွားလှည်းနှင့် ဖြတ်ကူးရင်း ရေစီးနှင့် ပါသွားသဖြင့် သမီးတစ်ယောက် ဆုံးပါးခဲ့ဖူးသည့် ရွာမြောက်ဘက်က သာရင်၏ အဖြစ်ကို ပြန်သတိရလာသည်။ ”ရေရရုံတင် ဘယ်ဟုတ်လို့လဲဗျာ။ အခုတော့ မိုးရွာရင်လည်း ကျုပ်တို့သဲချောင်းက ကြောက်စရာ မလိုတော့ဘူး။ တမံပေါ် ရေမကျော်သရွေ့ တမံရေမဝင်တဲ့ အောက်ဘက်က ဖြတ်လို့ ရတယ်။ ကျုပ်တို့ တစ်ရွာလုံး ပျော်မဆုံး မော်မဆုံးပါ။ အဲဒါကြောင့် ဆရာတို့ အစိုးရအဖွဲ့ကို ကျေးဇူးတင်ကြောင်း ဝမ်းသာအားရပြောမိတာပါ”ဟု ဦးချစ်တုံးက အူလှိုက်သည်းလှိုက် ပြောသည်။

ပြောပြောဆိုဆို ဦးချစ်တုံးက ဆည်မြောင်းအင်ဂျင်နီယာ၏ လက်ကို ရင်းရင်းနှီးနှီး ဖျစ်ညှစ်၍ နှုတ်ဆက်သည်။ မနောကံတွင် ပေါ်လာသော ဝမ်းမြောက်ကျေးဇူးတင်ခြင်းကို ဝစီကံမှ ထုတ်ပြောရုံမျှဖြင့် အားမရသောကြောင့် ကာယကံဖြင့် ဖော်ပြခြင်း ဖြစ်သည်။ ဆည်မြောင်းအင်ဂျင်နီယာကလည်း ‘မိမိတို့၏ လုပ်ဆောင်ချက်ကြောင့် တစ်ရွာလုံး အကျိုးရှိခဲ့ပြီ’ဟု တွေးမိရင်း ပေါ်လာသော ပီတိအဟုန်ကြောင့် ကိုဗစ်ရောဂါကာလ ဖြစ်နေသည်ကိုပင် သတိမရနိုင်တော့ဘဲ ဦးချစ်တုံး၏ လက်ကို တင်းတင်းကျပ်ကျပ် ပြန်ဆုပ်၍ နှုတ်ဆက်လိုက်လေသည်။

သူတို့ရပ်နေသော သဲချောင်းအတွင်းရှိ ရေများကို မမြင်သာသကဲ့သို့ ဆည်မြောင်းအင်ဂျင်နီယာနှင့် ဦးချစ်တုံးတို့၏ မျက်ဝန်းများထဲရှိ ပီတိမျက်ရည်များကိုလည်း မည်သူမျှ မမြင်ကြရပါ။

(မောင်အောင် ရေးသားသော ‘ရွှေညာသူ ရွှေညာသားတို့အတွက် သဘာဝလက်ဆောင်’ ဆောင်းပါးနှင့် အေးမြင့်ဆွေ(ဆည်/ရေ) ရေးသားသော ‘လက်ယက်တွင်းရေ အေးမြမြနှင့် အညာဒေသက မြေအောက်တမံများ’ ဆောင်းပါးပါ အချက်အလက်များကို ရယူ၍ ခံစားရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။)

Leave a comment