အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ

လူကြီးပိုင်းအတော်များများသည် သူတို့ငယ်စဉ်က ကြည့်ဖူးခဲ့မည်ဖြစ်သော ”ပြန်လမ်းမရှိသောမြစ်” ရုပ်ရှင်ကားကို မေ့နိုင်ကြဦးမည်မဟုတ်ချေ။ ရောဘတ်မစ်ချမ်နှင့် မာရီလင်မွန်ရိုးတို့ ပါဝင်ပြီး အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသရှိ မြစ်တစ်စင်းကို ကျောရိုးပြု ရိုက်ကူးခဲ့သော ဂန္ထဝင်ရုပ်ရှင်ကားအဖြစ် အမှတ်ရနေကြမည်။

”ပြန်လမ်းမရှိသောမြစ်”ရုပ်ရှင်နည်းတူ မြစ်များကို အခြေခံဖန်တီးခဲ့သော အခြားအနုပညာလက်ရာများ မရေမတွက်နိုင်အောင် ရှိသည်။ စာရေးဆရာကြီးမတ်တွိုန်း၏ ကမ္ဘာကျော်လက်ရာ ”ဟပ်ကယ်ဘယ်ရီဖင်း၏ စွန့်စားခန်းများ”သည် အမေရိကန်နိုင်ငံ မစ္စစ္စပီမြစ်ကို အခြေခံထားသည်။ အလားတူ ကမ္ဘာ့အရှည်ဆုံး မြစ်များ ဖြစ်ကြသော အယ်မဇုန်မြစ်နှင့်နိုင်းလ်မြစ်တို့သည် ဝတ္ထုနှင့်ရုပ်ရှင်ဇာတ်လမ်းပေါင်း များစွာကို မွေးဖွားပေးခဲ့သည်။ ဂီတဘက်တွင် မြစ်အကြောင်း ဖွဲ့ဆိုထားသည့် ကမ္ဘာကျော်သီချင်းများရှိသည့် နည်းတူ မြန်မာတွင်လည်း ယမုန်နာပတ်ပျိုးမှသည် မြင့်မြင့်ခင်သီဆိုသော ‘မြစ်ကြီးဧရာဝတီ’အလယ်၊ ခင်ဝမ်း၏ ‘ဧရာဝတီ’နှင့် ထူးအိမ်သင်၏ ‘ရာဇဝင်များရဲ့သတို့သမီး’ အထိ မြစ်ဖွဲ့သီချင်းများသည် ဂီတချစ်သူများ၏ နှလုံးအိမ်တွင် စွဲကျန်နေကြသည်။

နှလုံးသားထဲ ဒြပ်မဲ့အနုပညာများစိမ့်ဝင်နေစေရန် မြစ်များက အထောက်အကူပြုသကဲ့သို့ ကမ္ဘာ့မြို့တော်များ၏ အလှအပကိုလည်း မြစ်များက ထပ်ဆင့် တန်ဆာဆင်နေကြသည်။ မြို့ကို ဖြတ်စီးနေသော ထမ်းစ်မြစ်သာ မရှိလျှင် လန်ဒန်မြို့တော်သည် ယခုကဲ့သို့ ခံ့ညားမှု ရှိချင်မှရှိမည်။ ရှုပ်ထွေးနေသော ဘန်ကောက်မြို့တော်ကို ကျောက်ဖရားမြစ်အတွင်းမှ ကြည့်လျှင် ပို၍တည်ငြိမ်သောအာရုံမျိုးကို ရသည်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်ကို ဆဲန်မြစ်တွင်းမှ ငေးမောခံစားလျှင် မြို့ထဲ လျှောက်ကြည့်သည်နှင့်မတူ ကွဲပြားသောရသကို ဖြစ်စေသည်။ ကမ္ဘာကျော် အိုင်ဖယ်မျှော်စင်၊ နော့ထရာဒမ်ဘုရားကျောင်း၊ လု(ဗ်)(ရ်)ပြတိုက် စသည်တို့ကို ဆဲန်မြစ်တွင်း လှေစီးရင်း တအံ့တသြ ရှုစားနိုင်ကြသည်။

မြစ်ထဲကအိုလံပစ်

၂၀၂၄ ကမ္ဘာ့အိုလံပစ်ကို ပါရီမြို့တော်တွင် ကျင်းပခွင့်ရသောအခါ ပြီးခဲ့သောအိုလံပစ်များနှင့်မတူ၊ တမူ ထူးခြားစေရန် ဖွင့်ပွဲအခန်းအနားနှင့် ရေကူးပြိုင်ပွဲအချို့ကို ဆဲ(န်)မြစ်တွင်း၌ ပြုလုပ်ရန် ဆုံးဖြတ်စီစဉ်ကြသည်။ ဖွင့်ပွဲတွင် ပြိုင်ပွဲဝင် အားကစားအဖွဲ့များသည် ပါရီမြို့ကို ဖြတ်စီးသည့် ဆဲ(န်)မြစ်ကြောင်းတလျှောက် ခြောက်ကီလိုမီတာခရီးကို လှေစီးဖြတ်သန်းရင်း မြစ်ကမ်းပါးနှင့် တံတားများပေါ်က အားပေးနေကြသည့် ပရိသတ်များအား နှုတ်ဆက်ခဲ့ကြသည်။ ဖွင့်ပွဲအခန်းအနားကို အကြမ်းဖက်သမားများက တိုက်ခိုက် ဖျက်ဆီးမည့် အန္တရာယ် ရှိနိုင်သည်ဟု စိုးရိမ်ခဲ့ကြသော်လည်း အောင်မြင်စွာ ပြုလုပ်ခဲ့ကြသည်။

သို့သော် ဆဲ(န်)မြစ်ရေ အရည်အသွေးကျဆင်းမှုကြောင့် ရေကူးပွဲစဉ်အချို့ကို ရွှေ့ဆိုင်းပြီးမှ ကျင်းပခဲ့ရသည်။ ဆဲ(န်)မြစ်သည် အိုလံပစ်ပွဲတော် မကျင်းပမီ နှစ်အတန်ကြာကပင် ညစ်ညမ်းသည့် ပြဿနာများနှင့် ကြုံတွေ့နေခဲ့ရသည်။ ပါရီမြို့တွင်းနှင့်ဆင်ခြေဖုံးမှ ထွက်သည့် စက်မှုနှင့် အိမ်တွင်း စွန့်ပစ်ရေများကို ရေဆိုးသန့်စင်စက်ရုံများဖြင့် သန့်စင်ပြီးမှ ဆဲ(န်)မြစ်တွင်းသို့ ဝင်ရောက်စေသော်လည်း မနိုင်မနင်း ဖြစ်နေခဲ့သည်။ လွန်ခဲ့သောနှစ်က မသန့်စင်ရသေးသော စွန့်ပစ်ရေ ကုဗမီတာ ၁ ဒသမ ၉ သန်း ဆဲ(န်)မြစ်ထဲသို့ စီးဝင်ခဲ့သည်။ အထူးသဖြင့် မိုးသည်းထန်သောအခါ မြစ်ထဲသို့ညစ်ညမ်းရေ ပိုမိုစီးဆင်းသည်။ ယင်းအဖြစ်မျိုးကို ရှောင်နိုင်ရန် အိုလံပစ်ပွဲတော်အမီ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ အကုန်အကျခံ၍ ရေဆိုးသန့်စင်စနစ်ကို အဆင့်မြှင့်ခဲ့သည်။

ယင်းလုပ်ဆောင်ချက်ကြောင့် ဆဲ(န်)မြစ်ရေ အရည်အသွေး သိသာစွာ တိုးတက်လာသည်။ အိုလံပစ် မစမီ ဇူလိုင်လလယ်က ပါရီမြို့တော်ဝန်သည် ဆဲ(န်)မြစ်ရေ အရည်အသွေး ကောင်းမွန်လာမှုကို သက်သေပြရန် မြစ်ထဲသို့ ကိုယ်တိုင်ဆင်းကူးပြခဲ့သည်။ သို့သော် ရေကူးပြိုင်ပွဲမစမီကလေး၌ မြစ်ရေအရည်အသွေးကို ထပ်မံတိုင်းတာသောအခါ ဘက်တီးရီးယားပိုးတစ်မျိုး ရှိသင့်သည်ထက် များနေသေးကြောင်း စစ်ဆေး တွေ့ရှိသဖြင့် ရေသန့်စင်မှုများ ထပ်မံပြုလုပ်ရန် ရေကူးပြိုင်ပွဲကို ရက်ရွှေ့ဆိုင်းပြီး ကျင်းပခဲ့ရသည်။

ညစ်ညမ်းသောမြစ်

ပါရီမြို့တော်ရှိ ဆဲ(န်)မြစ်၏ မသန့်စင်မှုသည် အိုလံပစ်ကို အကြောင်းပြု၍ လူသိများခဲ့သော်လည်း ကမ္ဘာတွင် အဆိုပါမြစ်ထက် အဆများစွာ ညစ်ညမ်းသော မြစ်များ ရှိနေပြီး မြစ်ရေကို အမှီပြု သောက်သုံးနေရသည့် မြို့ရွာများအတွက် ကြီးမားသော ပြဿနာတစ်ရပ်ပင် ဖြစ်နေကြောင်းကိုမူ လူသိမများလှချေ။ အဆိုပါ မြစ်များအနက် အညစ်ညမ်းဆုံးထဲတွင်ပါသည့် မြစ်မှာ ဂင်္ဂါမြစ် ဖြစ်သည်။ ကီလိုမီတာ ၂၅၀ဝ ကျော် ရှည်လျားသည့် ဂင်္ဂါမြစ်ရေကို မြစ်ကြောင်းတလျှောက်ရှိ လူပေါင်းသန်း ၅၀ဝ ခန့်က သောက်သုံးရေ၊ စိုက်ပျိုးရေ၊ လုပ်ငန်းသုံးရေတို့အတွက် မှီခိုအသုံးပြုကြသည်။ ကမ္ဘာ့မြစ်များအားလုံးအနက် လူအသုံးအများဆုံးမြစ်ဟု ဆိုသည်။

ဂင်္ဂါမြစ်ရေကိုသုံးစွဲသူ အများစုဖြစ်သည့် ဟိန္ဒူလူမျိုးတို့အတွက်မူ ယင်းမြစ်သည် သာမန်မြစ်မျှ မဟုတ်၊ အထွတ်အမြတ်ထား၍ ကိုးကွယ်ကြသော မြစ်လည်း ဖြစ်သည်။ ဂင်္ဂါမြစ်ရေထဲ၌ ရေဆင်းချိုးလျှင် အပြစ်များ ပပျောက်ကင်းစင်သည်ဟုပင် ယူဆကြသည်။ ဂင်္ဂါမြစ်ကို ထိုမျှအသုံးများ၊ အထွတ်အမြတ် ထားကြသော်လည်း မြစ်ရေသန့်စင်နေရန်အတွက်ကိုမူ အလေးအနက် ထားသင့်သလောက် မထားကြချေ။ မသန့်စင်ရသေးသော လူ့မိလ္လာအညစ်အကြေးများ၊ စိုက်ခင်းမှထွက်လာသည့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး အကြွင်းအကျန်များ၊ စက်ရုံထွက် စွန့်ပစ်ရေဆိုးများ စသည်တို့အပြင် တိရစ္ဆာန်နှင့် လူအသေကောင်များပင် ဂင်္ဂါမြစ်ရေထဲ၌ တွေ့ရလေ့ရှိသဖြင့် ယင်းမြစ်ကို ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များအနက် တစ်စင်းအဖြစ် သတ်မှတ်ခြင်းခံရသည်။

ဂင်္ဂါမြစ်ထဲသို့ စီးဝင်နေသည့် ညစ်ညမ်းရေများ

ယင်းသို့ ညစ်ညမ်းနေသည့် ဂင်္ဂါမြစ်ကို အိန္ဒိယအစိုးရအဆက်ဆက်က စုစုပေါင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ဘီလျံမျှ အကုန်ခံကာ သန့်စင်ရန် အားထုတ်ခဲ့ကြသော်လည်း ယခုအထိ အောင်မြင်မှုအချို့သာ ရသေးသည်။ ညစ်ညမ်းမှုပမာဏကို တိုင်းတာရာတွင် စံတစ်မျိုးအဖြစ် သတ်မှတ်ကြသော ကိုလီဖောင်း ဘက်တီးရီးယား ပါဝင်မှုသည် ဖြစ်သင့်သည်ထက် သုံးဆမှ ၁၂ ဆမျှ များပြားလျက်ပင် ရှိသေးသည်။

ဂင်္ဂါမြစ်နည်းတူ အင်ဒိုနီးရှာနိုင်ငံ စီထရမ်မြစ်၊ တရုတ်နိုင်ငံ မြစ်ဝါမြစ်၊ အီတလီနိုင်ငံ ဆာရ်နိုမြစ်၊ အမေရိကန် နိုင်ငံ မစ္စစ္စပီမြစ်စသည်တို့အပါအဝင် မြစ်အများအပြား၏ရေများသည် လူတို့သုံးစွဲရန်မသင့်သော အခြေအနေ အထိ ညစ်ညမ်းနေသည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သော ရေပညာရှင် ၁၀ ဦး၏ ကမ္ဘာ တစ်ဝန်းလုံးရှိ ရေဝေဒေသငယ် ၁၀ဝဝဝ ကျော်၌ ပြုလုပ်ခဲ့သည့် သုတေသနစာတမ်းအရ ရေဝေ ဒေသငယ် ၂၀ဝ၀ ကျော်တွင် မြစ်ရေညစ်ညမ်းမှုကြောင့် ရေကောင်းရေသန့်ရှားပါးမှု ကြီးထွားလာနေကြောင်း သိရသည်။ သောက်သုံးရေဖူလုံရေးအတွက် ကြိုးပမ်းကြရာတွင် ရေပမာဏကိုသာ ဦးစားပေးစဉ်းစားခဲ့ကြရာမှ ရေညစ်ညမ်း၍ ရေကောင်းရေသန့် လျော့နည်းသော ပြဿနာသည်လည်း တဖြည်းဖြည်းနှင့် ရှေ့တန်းသို့ ရောက်လာနေသည်။

မြစ်ရေညစ်ညမ်းခြင်းနှင့်အတူ မြစ်ရေစီးလျော့နည်းလာနေခြင်းက ကမ္ဘာ့မြစ်အများအပြားကို ခြိမ်းခြောက်နေသည်။ လေထုနှင့် ရေထုအပူချိန် တက်လာ၊ ရေငွေ့ပိုပြန်၍ မိုးပိုရွာလာသောကြောင့် တစ်ကမ္ဘာလုံး ခြုံကြည့်လျှင် မြစ်ရေစီး များလာနေသော်လည်း မြစ်အချို့၏ ရေစီး လျော့နည်းလာနေသည်။ ဥပမာ – ဘရာဇီးနိုင်ငံ မြစ်ရေတိုင်းတာရေး စခန်းများ၏ ၂၅ ရာခိုင်နှုန်းတွင် မြစ်ရေစီးတိုးလာသော်လည်း မြောက်အမေရိကတိုက် မြောက်ပိုင်း မြစ်ရေတိုင်းတာရေး စခန်း ၁၁၉ ခုအနက် ၄၀ ရာခိုင်နှုန်း၊ ဆိုက်ဘေးရီးယား မြစ်ရေတိုင်းတာရေးစခန်းများ၏ ၃၂ ရာခိုင်နှုန်းနှင့် ဥရောပတိုက် မြစ်ရေတိုင်းတာရေး စခန်းများ၏ ၁၉ ရာခိုင်နှုန်းတို့တွင် မြစ်ရေစီး သိသာစွာ လျော့နည်းခဲ့ကြောင်းကိုလည်း တွေ့ရပြန်သည်။ ကမ္ဘာ့မြစ်များ၏ သုံးပုံနှစ်ပုံသည် ရေလှောင်တမံ ဆောက်လုပ်ခြင်း၊ မြစ်ဝှမ်းဒေသ မြေယာအသုံးချမှု ပြောင်းလဲခြင်း၊ ရေထုတ်ယူသုံးစွဲမှု များလာခြင်း စသည်တို့ကြောင့် ရေစီးပြောင်းလဲလျက် ရှိသည်။ မြစ်ကြောင်းတလျှောက် လူနေမြို့ရွာ မများလှဘဲ ရေစီးများသော အယ်မဇုန်ကဲ့သို့ မြစ်ကြီးများတွင် ရေထုထည် မယုတ်လျော့သေးသော်လည်း လူနေထူထပ်သော မြစ်ကြောင်း အများအပြားတွင်မူ မြစ်ရေ လျော့နည်းလာနေရာ ယင်းဖြစ်စဉ်ကို ပို၍ဆိုးရွားစေသည်မှာ အချို့ဒေသများ၌ ပေါ်ပေါက်နေသော မိုးခေါင်မှု ဖြစ်သည်။

မိုးခေါင်၍ မြစ်ရေနည်းသွားသောအခါ သောက်သုံးရေ၊ စိုက်ပျိုးရေ ရရှိမှုကို သက်ရောက်သည့်အပြင် အမေရိကန်နိုင်ငံ မစ္စစ္စပီမြစ်၊ ဥရောပတိုက် ရိုင်းမြစ်တို့ကဲ့သို့ မြစ်ကြောင်းတလျှောက် သင်္ဘောများဖြင့် ကုန်စည်တင်ပို့ကြသည့် မြစ်များတွင် စီးပွားရေးကိုပါ ထိခိုက်သည်။ ဥပမာ – ၂၀၂၃ ခုနှစ်က ရိုင်းမြစ်ဝှမ်းအချို့နေရာများတွင် မိုးခေါင်သဖြင့် ရိုင်းမြစ်ရေသည် အနိမ့်ဆုံးရှိရမည့် ရေမှတ် ၂ ဒသမ ၁ မီတာထက် လျော့နည်းကာ ၁ ဒသမ ၆ မီတာအထိ ကျဆင်းသွားသဖြင့် သင်္ဘောများ၏ ဝန်အားကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချသယ်ယူခဲ့ရသည်။ သင်္ဘောဖြင့် သယ်ယူသည့်စရိတ် တက်ခဲ့သည်။ ဂျာမနီနိုင်ငံ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားထုတ်စက်ရုံသို့ သင်္ဘောဖြင့် ကျောက်မီးသွေးတင်ပို့မှု လျော့နည်းခြင်း၊ နျူကလီးယားဓာတ်အားထုတ်စက်ရုံ အအေးခံစနစ်အတွက် လိုအပ်သည့် မြစ်ရေ အလုံအလောက် မရရှိခြင်းတို့ကြောင့် စွမ်းအင်ထုတ်လုပ်ရေးကို လျှော့ချခဲ့ရသည်။

ပျောက်ကွယ်သွားသော တရုတ်မြစ်ချောင်းအချို့

ရာသီဥတုပြောင်းလဲမှုဒဏ်သည် အချို့မြစ်ငယ်များကို ကောသွားသည်အထိပင် သက်ရောက်နေသည်။ ၁၉၉၀ ပြည့်နှစ်ခန့် စာရင်းများအရ တရုတ်နိုင်ငံ၌ ရေဝေဧရိယာစတုရန်းမိုင် ၄၀ နှင့်အထက်ရှိသည့် မြစ်ပေါင်း ၅၀ဝဝဝ ကျော် ရှိခဲ့သည်။ ၂၀၁၀ မှ ၂၀၁၂ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ပထမဆုံး ရေသန်းခေါင်စာရင်း ကောက်ယူခဲ့ရာ အထက်ပါစာရင်းဝင်မြစ်ပေါင်း ၂၂၀ဝ၀ ကိုသာတွေ့ရတော့သဖြင့် နှစ်ပေါင်း ၂၀ ခန့်အတွင်း မြစ်ပေါင်း ၂၈၀ဝ၀ ခန့် ပျောက်ဆုံးသွားသည့်သဘော ဖြစ်နေသည်။ ယင်းသို့ဖြစ်ရသည်မှာ ယခင်စာရင်းဇယားများ၏ မတိကျမှု လွဲချော်မှုကြောင့်က အဓိကဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့်လည်း ဖြစ်နိုင်သည်ဟု တရုတ်အစိုးရက ဆိုသည်။

ရေသယံဇာတဆိုင်ရာ ကမ္ဘာသိပညာရှင်တစ်ဦး ဖြစ်သည့် ပီတာဂလိုက်က ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာ့ရေသယံဇာတများအပေါ် အမှန်တကယ် ခြိမ်းခြောက်နေသည်၊ ရေကောင်းရေသန့်ပမာဏ လျော့နည်း လာနေခြင်း၊ ရေအရည်အသွေး ကျဆင်းလာခြင်းနှင့် အစွန်းရောက် မိုးလေဝသဖြစ်ရပ်များက သက်ရောက် ထိခိုက်မှုကို ညွှန်ပြနေသည်။ သို့သော် တရုတ်နိုင်ငံတွင် ဖြစ်ပေါ်နေသော ရေဘက်ဆိုင်ရာ စိန်ခေါ်မှုများသည် ရာသီဥတုပြောင်းလဲခြင်း တစ်ခုတည်းကြောင့် မဟုတ်ဟု ဆိုသည်။ သူက တရုတ်၏ မြစ်ချောင်းများ တိမ်ကော ပျောက်ကွယ်သွားခြင်း၏ အဓိကအကြောင်းမှာ မြစ်ရေများကို အဆင်ခြင်မဲ့ ထိန်းချုပ်မှုမဲ့ ထုတ်သုံးခြင်းကြောင့် ပို၍ ဖြစ်နိုင်သည်ဟု ပြောသည်။

မြစ်ချောင်း ၂၈၀ဝ၀ ပျောက်ကွယ်သွားကြောင်း သိရချိန်သည် တရုတ်နိုင်ငံတွင် မြို့ပြနှင့် စက်မှုလုပ်ငန်းများ တဟုန်ထိုးများပြားလာနေခြင်းနှင့် တိုက်ဆိုင်နေသည်။ ၁၉၉၀ ခုနှစ်နှင့် ၂၀ဝ၀ ခုနှစ်တို့ကြားတွင် တရုတ်မြို့ပြ ဧရိယာသည် စတုရန်းမိုင် ၅၀ဝ၀ မျှ ပို၍ ကျယ်ပြန့်လာခဲ့သည်။ တရုတ်၏ဂျီဒီပီသည် ၂၀ဝ၀ ခုနှစ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၉ ထရီလျံ ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ၇ ဒသမ ၃၁ ထရီလျံထိ တိုးတက်ခဲ့သည်။ ဖွံ့ဖြိုးလာသော မြို့ပြနှင့် စီးပွားရေး၏ အကျိုးဆက်အဖြစ် ရေနှင့်စွမ်းအင် အရင်းအမြစ်တို့ သိသာစွာ လျော့နည်းသွားသည်။

မိုးခေါင်သော်လည်း ရေမခန်းသောမြစ်

တရုတ်မြစ်ချောင်းများကဲ့သို့မဟုတ်ဘဲ မိုးခေါင်ခြင်း ဖြစ်စဉ်ကို စနစ်တကျ ကြိုတင်တွက်ချက်လေ့လာကာ ထိရောက်သောနည်းလမ်းများဖြင့် ဆိုးကျိုးသက်ရောက်မှု အနည်းဆုံး ဖြစ်အောင် လုပ်ဆောင်နေသည်မှာ ကော်လိုရာဒိုမြစ် ဖြစ်သည်။ အမေရိကန်နိုင်ငံအနောက်ပိုင်း၏ အဓိကမြစ်ဖြစ်သည့် ကော်လိုရာဒိုမြစ်သည် ကီလိုမီတာ ၂၃၀ဝ ကျော် ရှည်ပြီး ရေဝေဒေသသည် ၆၃၀ဝဝဝ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ မြစ်ဖျားခံရာ ရော့ကီးတောင်တန်းများပေါ်မှ စတင်ကာ အနောက်တောင်ဘက်သို့ ဦးတည်၍ ကွေ့ကောက် ဝေ့ဝိုက် စီးဆင်းသည့် ကော်လိုရာဒိုမြစ်ဝှမ်းဒေသတွင် ဝိုင်အိုးမင်း၊ နဗားဒါး၊ ယူထား၊ ကော်လိုရာဒို၊ ကယ်လီဖိုးနီယား၊ အရီဇိုးနား၊ နယူးမက္ကဆီကို ပြည်နယ်များနှင့် မက္ကဆီကိုနိုင်ငံ၏ အနောက်မြောက်ပိုင်းတို့ ပါဝင်ပြီး နောက်ဆုံး ကယ်လီဖိုးနီးယား ပင်လယ်ကွေ့၊ ကောတက်ဇ်ပင်လယ်ထဲသို့ စီးဝင်သည်။ မြစ်ကြောင်း တလျှောက်တွင် အဓိကမြစ်လက်တက်ကိုးစင်းက ပင်မမြစ်ထဲသို့ စီးဝင်အားဖြည့်သည်။

ရော့ကီးတောင်တန်းပေါ်ရှိ ဆီးနှင်းနှင့်ရေခဲပြင်များ အရည်ပျော်ရာမှ ကော်လိုရာဒိုမြစ် စတင်ဖြစ်ပေါ်သည်။  (Photo by Alex Hager/KUNC)

မြစ်ဖျားခံရာမှ မြစ်အောက်ပိုင်းအထိ ကော်လိုရာဒိုမြစ်ဝှမ်း တစ်ခုလုံးပေါ်သို့ တစ်နှစ်လျှင် ဆီးနှင်းနှင့်မိုး ကုဗကီလိုမီတာ ၂၁၀ ခန့် ရွာကျသည့်အနက် အများစုမှာ မြစ်စတင်စီးဆင်းရာဒေသများ၌ ကျသည့် ဆီးနှင်းများ ဖြစ်ကြသည်။ မြစ်ဝှမ်းအောက်ပိုင်း၌ ပျမ်းမျှမိုးရေချိန် တစ်နှစ် မီလီမီတာ ၄၀ဝ ခန့်သာ ရွာသည်။ ရွာကျသော ဆီးနှင်းနှင့် မိုးရေများအနက် ဆီးနှင်းအဖြစ်မှ လေထဲသို့ တိုက်ရိုက်အငွေ့ပြန်ခြင်း၊ သစ်ပင်များမှ ပင်ငွေ့ပြန်ခြင်း၊ မြေဆီလွှာနှင့် ရေပြင်များပေါ်မှ အငွေ့ပြန်ခြင်း စသည်တို့ကြောင့် ရွာကျသော ဆီးနှင်းနှင့်မိုး စုစုပေါင်း၏ ၁၀ ပုံ ၉ ပုံသည် လေထုထဲ ပြန်ရောက်ပြီး ကျန် ၁၀ ပုံ ၁ ပုံဖြစ်သော ၂၁ ကုဗကီလိုမီတာသာ မြစ်ထဲသို့ စီးဝင်သည်။ မြစ်ရေစီး၏ ၈၅ ရာခိုင်နှုန်းသည် နှင်းဖုံးတောင်တန်းများပေါ်မှ စီးကျလာသော ရေများ ဖြစ်ရာ ကော်လိုရာဒိုမြစ်ဝှမ်း ရေဖူလုံရေးသည် ရော့ကီးတောင်တန်းများပေါ် ကျဆင်းသည့် ဆီးနှင်းပမာဏအပေါ် အဓိကတည်မှီသည်။

ရေစီးနည်းသော်လည်း လူဦးရေ မများသေး၊ ထုတ်ယူသုံးစွဲမှု မများသေးချိန် ၂၀ ရာစုနှစ် အစပိုင်းအထိ မြစ်ရေကို မိမိတို့အလိုရှိသလောက် ထုတ်သုံးနေနိုင်ခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ်ဝန်းကျင်တွင် လူများလာ၊ အသုံးများလာခြင်းနှင့်အတူ မြစ်ရေသုံးသည့် ခုနစ်ပြည်နယ်တို့အကြား အငြင်းပွားလာကြသည်။ အငြင်းပွားခြင်းမှသည် ပဋိပက္ခအထိ ဖြစ်မလာစေရန် အချင်းချင်းညှိနှိုင်းကြပြီး ၁၉၂၂ ခုနှစ်တွင် ကော်လိုရာဒို မြစ်ရေ ခွဲဝေသုံးစွဲရေး စာချုပ်ချုပ်ဆိုကာ မိမိတို့ရသည့် ခွဲတမ်းအတိုင်း ထုတ်ယူသုံးစွဲကြသည်။ ကော်လိုရာဒိုမြစ်၏ ရေဝေဒေသအများစုသည် အဆိုပါ အမေရိကန်ခုနစ်ပြည်နယ်အတွင်း ကျရောက်သော်လည်း ယင်းမြစ်သည် မက္ကဆီကိုနိုင်ငံကို ဖြတ်ပြီးမှ ပင်လယ်ထဲသို့ စီးဝင်သောကြောင့် မက္ကဆီကိုကလည်း ကော်လိုရာဒိုမြစ်ရေကို အချိုးကျရပိုင်ခွင့် ရှိကြောင်း အရေးဆိုသည့်အတွက် ၁၉၄၄ ခုနှစ်တွင် အမေရိကန်နှင့် မက္ကဆီကိုတို့အကြား ကော်လိုရာဒိုမြစ်ရေ ခွဲဝေသုံးစွဲရေးစာချုပ်ချုပ်ဆိုကြသည်။ မြစ်ရေနှင့်ပတ်သက်ပြီး အငြင်းပွားစရာများ ပေါ်လာသည့်အခါ အထက်ပါစာချုပ်များအပါအဝင် ရေခွဲဝေသုံးစွဲရေးစာချုပ်များကို ကိုးကားခြင်း၊ ယင်းစာချုပ်များကို အခြေအနေအသစ်နှင့် ကိုက်ညီအောင် ပြင်ဆင်ခြင်း စသည်တို့ဖြင့် ငြိမ်းချမ်းစွာသုံးစွဲလာခဲ့ကြသည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။

ကော်လိုရာဒိုမြစ်ရေကို စိုက်ပျိုးမွေးမြူရေးအတွက် အများဆုံးသုံးသည်။ မြစ်ရေ၏ ထက်ဝက်ကျော်ကို သုံးစွဲသော စိုက်ခင်းနှင့် မွေးမြူရေးလုပ်ငန်း ဧရိယာ ဟက်တာနှစ်သန်းကျော်မှ ရရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ၏ ပမာဏမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးဘီလျံနီးပါးမျှ ဖြစ်သည်။ ထို့ပြင် စက်မှုလုပ်ငန်းများနှင့် လူသန်းပေါင်း ၄၀ ခန့်၏ သောက်သုံးရေဇာစ်မြစ် အဖြစ်လည်း အသုံးချသေးသည်။ လောင်းကစားမြို့တော် လာ့စ်ဗေးဂတ်စ်၏ သောက်သုံးရေ ၉၀ ရာခိုင်နှုန်းကို ကော်လိုရာဒိုမြစ်မှ ရယူသည်။ ကိစ္စအဝဝအတွက် ၂၀ဝ၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်ကြားကာလတွင် ကော်လိုရာဒိုမြစ်ရေထုတည် တစ်နှစ်လျှင် ပျမ်းမျှ ၂၄ ကုဗကီလိုမီတာနီးနီး ထုတ်ယူသုံးစွဲခဲ့သည်။

တစ်နှစ်ပျမ်းမျှသုံးစွဲပမာဏ ၂၄ ကုဗကီလိုမီတာသည် မြစ်ထဲသို့ ရောက်သော တစ်နှစ်ပျမ်းမျှ ၂၁ ကုဗကီလိုမီတာထက် များနေရာ ကော်လိုရာဒိုမြစ်ဝှမ်းဒေသသည် ရေသုံးစွဲမှု၌ အနှုတ်ပြခြင်းပင် ဖြစ်သည်။ အဝင်ထက် အထွက်က များနေမှု နှစ်အတန်ကြာသောအခါ ကော်လိုရာဒိုမြစ်သည် မက္ကဆီကိုနိုင်ငံထဲ အရောက်တွင် ရေစီးပျောက်သွားခဲ့သည်။ အချိန်များစွာတွင် ကောတက်ဇ်ပင်လယ်ထဲအထိ မစီးဆင်းနိုင်တော့ချေ။

ရေစီးများချိန် ၁၉၈၅ ခုနှစ်က ကော်လိုရာဒိုမြစ်သည် ကောတက်ဇ်ပင်လယ်ထဲသို့ စီးဝင်နိုင်ခဲ့သော်လည်း (ဝဲဘက်ပုံ) ရေစီးနည်းသော ၂၀ဝ၇ ခုနှစ်တွင်မူ ရေစီးကြောင်းပျောက်သွားသဖြင့် သဲသောင်များကိုသာ မြင်နိုင်သည်။ (ယာဘက်ပုံ) (Images source: U.S. Department of the Interior / USGS and NASA)

ယင်းအခြေအနေကို ကျော်လွန်ပြီး မြစ်တစ်စင်းလုံး ဖြည်းဖြည်းချင်း ကောမသွားစေရန် ကူညီပေးခဲ့သည်မှာ ရေဝေဒေသအတွင်းရှိ ရေလှောင်တမံများ ဖြစ်ကြသည်။ ကော်လိုရာဒိုမြစ်မပေါ်ရှိ ရေလှောင်တမံ ၁၅ ခုနှင့် မြစ်လက်တက်များပေါ်ရှိ ရာနှင့်ချီသော ရေလှောင်တမံကြီးငယ်တို့တွင် သိုလှောင်ထားသော ရေများကို ထုတ်ယူသုံးစွဲခြင်းဖြင့် ရေဖူလုံစေခဲ့သည်။

ယင်းတို့ထဲတွင် အမေရိကန်နိုင်ငံ၏ အကြီးဆုံး လူလုပ်ရေကန်နှစ်ခု ဖြစ်သည့် မိ(ဒ်)ရေကန်နှင့် ပေါင်းဝဲလ်ရေကန်တို့ ပါဝင်သည်။ အကြီးဆုံးဖြစ်သော မိ(ဒ်)ရေကန်သည် ဟူးဗားရေလှောင်တမံ၏ နောက်တွင် ရှိပြီး ရေကုဗမီတာ ၃၅ သန်းခန့် သိုလှောင်နိုင်သည်။ ဒုတိယ အကြီးဆုံး ဖြစ်သော ပေါင်းဝဲလ်ရေကန်သည် ဂလင်းကင်ညွန်ရေလှောင်တမံ၏ နောက်တွင် ရှိပြီး ရေကုဗမီတာ ၃၃ သန်းခန့် သိုလှောင်နိုင်သည်။ ယင်းရေလှောင်တမံများအပါအဝင် ကော်လိုရာဒို ရေဝေဒေသ ရေလှောင်တမံများအားလုံးထဲရှိ သိုလှောင်ရေ စုစုပေါင်းမှာ ၇၅ ကုဗကီလိုမီတာခန့် ဖြစ်ရာ ကော်လိုရာဒိုမြစ်တစ်နှစ်ရေစီး၏ လေးဆခန့်ကို သိုလှောင်ထားခြင်း ဖြစ်သည်။

ရေသုံးစွဲမှုက ရေအဝင်ထက် များသည့်အခါတိုင်း ရေလှောင်တမံထဲမှ ရေများကို ထုတ်သုံးနေခဲ့သော်လည်း အချို့နှစ်များ၌ မြစ်ဖျားခံရာ ရော့ကီးတောင်တန်းတွင် ဆီးနှင်းအကျ များသဖြင့် ရေလှောင်တမံထဲရှိ ရေပြင် ပြန်မြင့်တက်လာခဲ့သောကြောင့် ရေသိသာစွာ လျော့ကျမသွားခဲ့ချေ။ သို့သော် ၂၀ဝ၀ ပြည့်နှစ်ခန့်မှစ၍ ဒေသတွင်း နှစ်ရှည်မိုးခေါင်လာခြင်းက အခြေအနေကို ပြောင်းလဲပစ်လိုက်သည်။ မိုးခေါင်ခြင်းကြောင့် ရေအဝင်နည်းလာသည်။ ၂၀ဝ၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်းတွင် ငါးနှစ်သာ ရေအဝင်အထွက်မျှပြီး ကျန် ၁၆ နှစ်၌ ရေထုတ်သုံးမှုက အဝင်ပမာဏထက် များသဖြင့် ၂၀၂၂ ခုနှစ် အကုန်တွင် မိ(ဒ်)ရေကန်နှင့် ပေါင်းဝဲလ်ရေကန်တို့၏ ရေပမာဏများသည် သိုလှောင်ပမာဏ၏ လေးပုံတစ်ပုံခန့်စီသာ ကျန်တော့သည်။

ရေပြင်နိမ့်ကျလာခြင်းကြောင့် မိ(ဒ်)ရေကန်အတွင်း ရေယူအဆောက်အအုံ၏ အောက်ပိုင်းပါ ရေမျက်နှာပြင်ပေါ်သို့ ရောက်လာသည်ကို ၂၀၂၂ ခုနှစ်က တွေ့ရပုံ။ တောင်ကုန်းနံရံပေါ်၌ မြင်ရသော အရစ်သည် တချိန်က ရှိခဲ့သော ရေမျက်နှာပြင်ကို ပြသည်။

မိုးခေါင်ခြင်းကြောင့် သိုလှောင်ရေနည်းလာမှုကို ဒေသတွင်းအပူချိန် တက်လာခြင်းက ထပ်ဆင့် ဆိုးရွားစေသည်။ ၁၈၈၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ကော်လိုရာဒိုရေဝေဒေသတွင် အပူချိန် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်တက်ခဲ့သည်။ ပိုပူလာခြင်းကြောင့် ၂၀ဝ၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်ကြားတွင် ဒေသတွင်း ရေထုထည် ကုဗကီလိုမီတာ ၄၀ မျှ ဆုံးရှုံးခဲ့သည်ဟု လေ့လာချက်တစ်ရပ်က ဆိုသည်။ ယင်းပမာဏသည် မိ(ဒ်)ရေကန်၏ သိုလှောင်ပမာဏထကပင် များသေးသည်။

၂၀၂၃ ခုနှစ်အတွင်းက ရော့ကီးတောင်တန်း၌ ဆီးနှင်းအကျ များသဖြင့် ၂၀၂၄ ခုနှစ် သြဂုတ်လတွင် မိ(ဒ်)ရေကန်နှင့် ပေါင်းဝဲလ်ရေကန်တို့သည် သိုလှောင်နိုင်သော ပမာဏ၏ ၃၇ ရာခိုင်နှုန်းခန့်အထိ ပြန်ပြည့်လာသော်လည်း ရေရှည်၌ ကော်လိုရာဒိုမြစ်ရေစီးသည် ပိုမိုလျော့နည်းလာမည်ဟု ခန့်မှန်းထားသည်။ ရေအားလျှပ်စစ်ထုတ်လုပ်မှု သိသာစွာ နည်းသွားနိုင်သည့် အလားအလာရှိနေသည်။ ယင်းအခြေအနေကို ရှောင်လွှဲနိုင်ရန် မြစ်ရေကို လျှော့ချသုံးစွဲခြင်းသည် အကောင်းဆုံးနည်း ဖြစ်သည့်အတွက် အမေရိကန် ပြည်ထောင်စုအစိုးရ၊ ကော်လိုရာဒိုရေဝေဒေသပြည်နယ်အစိုးရများနှင့် ဒေသခံ တိုင်းရင်းသားများသည် ကော်လိုရာဒို အောက်ပိုင်းရေဝေဒေသ ရေထိန်းသိမ်းရေးကို လုပ်ဆောင်ရန် ၂၀၂၄ ခုနှစ် မတ်လက သဘောတူခဲ့ကြသည်။ ယင်းသဘောတူညီချက်အရ ဆိုင်ရာပြည်နယ်များသည် မိမိတို့ရရှိထုတ်ယူနေသော ကော်လိုရာဒိုမြစ်ရေပမာဏကို လျှော့ချထုတ်ယူမည်၊ ယင်းသို့ရေလျှော့ချထုတ်ယူနိုင်ရန် ပြည်ထောင်စု အစိုးရက အကူအညီပေးမည်။ ရေအသုံးချွေတာခြင်း၊ စွန့်ပစ်ရေသန့်စင်အသုံးချခြင်း၊ မြေအောက်ရေ အသုံးချခြင်း၊ မိုးရေခံစနစ်များ ပိုမိုတပ်ဆင်ခြင်း စသည့် နည်းလမ်းများဖြင့် ၂၀၂၆ ခုနှစ်အရောက်၌ ကော်လိုရာဒိုမြစ်ရေ လေးကုဗမီတာနီးနီးကို ချွေတာပြီးသား ဖြစ်စေရန် လုပ်ဆောင်ကြမည်။

ဒေသတွင်းမိုးခေါင်ခြင်းအပါအဝင် ရာသီဥတုအခြေအနေများကို အစိုးမရသော်လည်း ကော်လိုရာဒို ရေဝေဒေသ၏ ရေဘက်ဆိုင်ရာ အဆောက်အအုံများကို မှန်ကန်စွာ ဒီဇိုင်ဒထုတ် တည်ဆောက်ခဲ့ကာ ကောင်းမွန်ထိရောက်သော ရေဘက်ဆိုင်ရာ စီမံခန့်ခွဲရေးနည်းလမ်းများဖြင့် ထိန်းသိမ်းလာခဲ့သည်မှာ နှစ်ပေါင်းတစ်ရာကျော် ကြာခဲ့ပြီဖြစ်ရာ အဆိုပါအတွေ့အကြုံများကို ခေတ်မီနည်းစနစ်များဖြင့် ပေါင်းစပ်အသုံးချမည် ဖြစ်၍ ကိုလိုရာဒိုမြစ်၏ အနာဂတ်အတွက် များစွာစိုးရိမ်ရန် မလိုဟု ယူဆရသည်။ လူဦးရေများလာ၊ ရေအသုံးများလာ၊ ရေထုညစ်ညမ်းလာသည်သာမက ရာသီဥတုပြောင်းလဲခြင်းကြောင့် မြစ်အများအပြား၌ ရေကောင်းရေသန့် နည်းပါးလာနေခြင်းနှင့် ရင်ဆိုင်နေရသည့် အခြေအနေတွင် ကော်လိုရာဒိုမြစ်ရေကို စီမံခန့်ခွဲမှုဖြင့် မခန်းခြောက်စေရန် အားထုတ်ခြင်းကို အခြားနိုင်ငံများက လေ့လာ အတုယူဖို့ ကောင်းလှသည်။

ငြိမ်းချမ်းရေးသို့ဦးတည်စေသောမြစ်

ကော်လိုရာဒိုမြစ်ကဲ့သို့ ခြောက်သွေ့ဒေသတွင် စီးဆင်းသဖြင့် ရေစီးနည်းရုံမက ရှားပါးပစ္စည်းဖြစ်သော မြစ်ရေကို အချင်းချင်းမသင့်မမြတ်ဖြစ်နေကြသည့် နိုင်ငံများအကြား ခွဲဝေသုံးစွဲရသဖြင့် ရေကြောင့် စစ်ခင်းကြရမည်လောဟု စိုးရိမ်နေရသည့်မြစ်မှာ အရှေ့အလယ်ပိုင်းဒေသရှိ ဂျော်ဒန်မြစ် ဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသ၌ ပြဿနာထွေပြားနေသည့် အစ္စရေး၊ ဆီးရီးယား၊ ဂျော်ဒန်နှင့် ပါလက်စတိုင်းတို့ကို အပေါ်ယံလေ့လာလျှင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ နယ်မြေလုနေကြသည်ဟု ထင်ရသော်လည်း ပို၍ နက်ရှိုင်းစွာ စိစစ်လျှင် ဒေသတွင်း ရေအရင်းအမြစ်များကို အထူးသဖြင့် ဂျော်ဒန်မြစ်ရေကို သူပိုရသင့် ငါပိုရသင့် စကားဆိုနေကြကြောင်းကိုလည်း တွေ့ရသည်။ ခြောက်ရက်စစ်ပွဲဟု လူသိများသော ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲ ဖြစ်ခဲ့ခြင်းအကြောင်းများထဲတွင် ဂျော်ဒန်မြစ်ရေကလည်း တစ်ခုအနေနှင့် ပါဝင်ခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဗိုလ်ချုပ်ကြီးရှာရွန်က ပြောခဲ့သည်။ ”၁၉၆၇ ခုနှစ်မှာ ခြောက်ရက်စစ်ပွဲ ဖြစ်ခဲ့တယ် ဆိုပေမယ့် အဲဒီအချိန်မတိုင်မီ နှစ်နှစ်ကျော်ကတည်းက စစ်ပွဲစခဲ့တယ်လို့ ဆိုနိုင်ပါတယ်”ဟု သူက ပြောခဲ့သည်။ ဆီးရီးယားနှင့် ဂျော်ဒန်တို့က ဂျော်ဒန်မြစ်ရေကို ပိုမိုလွှဲပြောင်းရယူရန် လုပ်ဆောင်ခဲ့ခြင်းအား ရှာရွန်က ညွှန်းခြင်းဖြစ်သည်။

ဆီးရီးယားနှင့်လက်ဘနွန်နယ်စပ်ဒေသမှ မြစ်ဖျားခံသည့် ဂျော်ဒန်မြစ်သည် မြောက်ဘက်မှ တောင်ဘက်သို့ ဦးတည်စီးဆင်းရင်း လမ်းခုလတ်တွင် ဂါးလာလီရေအိုင်ထဲသို့ ဝင်ရောက်သည်။ တဖန် ယင်းမြစ်သည် ဂါးလာလီရေအိုင်ထဲမှ စီးထွက်လာကာ ပင်လယ်သေတွင်းသို့ စီးဝင်သည်။ ထို့ကြောင့် ဂါးလာလီ ရေအိုင်သည် ဂျော်ဒန်မြစ်၏အစိတ်အပိုင်းတစ်ခုဟု ဆိုနိုင်သည်။

ဂါးလာလီရေအိုင်

မြစ်ကြောင်း ၂၂၃ ကီလိုမီတာ ရှည်လျားပြီး ရေဝေဒေသ စတုရန်းကီလိုမီတာ ၁၈၀ဝ၀ ကျော်ကျယ်သည့် ဂျော်ဒန်မြစ်ထဲသို့ ဝင်ရောက်သည့် အဓိက ရေအရင်းအမြစ်များမှာ ဂါးလာလီရေအိုင်အပြင် မြစ်လက်တက်များ၊ မြစ်အနောက်ဘက်ကမ်းရှိ တောင်အောက်ရေကြောတို့ ဖြစ်ကြသည်။ အဓိကလက်တက်ဖြစ်သော ယာမု(ခ်)မြစ်မှ ဂျော်ဒန်မြစ်တွင်းသို့ တစ်နှစ် ရေကုဗမီတာသန်း ၄၀ဝ ခန့် စီးဝင်သည်။ လွန်ခဲ့သည့် ၂၅ နှစ် ခန့်က ဂျော်ဒန်မြစ်၏ ပျမ်းမျှရေစီးသည် တစ်နှစ်လျှင် ကုဗမီတာသန်း ၁၃၀ဝ ခန့် ဖြစ်သည်။

ဂျော်ဒန်မြစ်တစ်နေရာ

ဂျော်ဒန်မြစ်ဝှမ်းဒေသတွင် မြေပေါ်ရေ ၃၅ ရာခိုင်နှုန်း၊ မြေအောက်ရေ ၅၆ ရာခိုင်နှုန်းနှင့် ပြန်လည်သန့်စင် ထားသော စွန့်ပစ်ရေ ၉ ရာခိုင်နှုန်းတို့ကိုသုံးစွဲသည်။ မြေအောက်ရေကို ပိုအသုံးများသော်လည်း ဂျော်ဒန်မြစ်ရေကိုလည်း ရနိုင်သလောက် ယူသုံးကြသည်။ အဆိုပါမြစ်ဝှမ်းဒေသအတွင်း မူရင်း နေထိုင်သူ ခုနစ်သန်းကျော်ခန့်အပြင် ဂျော်ဒန်သည် ပါလက်စတိုင်းဒုက္ခသည် နှစ်သန်းကျော်ကို လက်ခံထားရသဖြင့် သူတို့အတွက်ပါ သောက်သုံးရေ လိုအပ်သည်။ သောက်သုံးရေထက် ပမာဏပို၍ လိုအပ်သည်မှာ ဧရိယာဟက်တာ ၁၀ဝဝဝ၀ မှ ၁၅၀ဝဝဝ ကြား ရှိသည့် စိုက်ခင်းများအတွက် စိုက်ပျိုးရေ ဖြစ်သည်။ စိုက်ခင်းများ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ အစ္စရေး၊ ဂျော်ဒန်နှင့် ဆီးရီးယားတို့ထဲ၌ ရှိသည်။ ကျန် ၁၀ ရာခိုင်နှုန်းနီးပါးခန့်သည် လက်ဘနွန်နှင့် ပါလက်စတိုင်း စိုက်ခင်းများ ဖြစ်ပြီး စိုက်ပျိုးရေကဏ္ဍ ရေသုံးစွဲမှုသည် တစ်နှစ်လျှင် ကုဗမီတာ သန်း ၁၂၀ဝ ခန့် ဖြစ်သည်။

ဒေသတွင်း ရေလိုအပ်ချက် များသော်လည်း ဂျော်ဒန်မြစ်ဝှမ်းဒေသသည် မိုးနည်းသောဒေသ ဖြစ်သည်။ မြစ်ဝှမ်းဒေသမြောက်ဘက်တွင် တစ်နှစ်လျှင် မိုးရေချိန် ၁၂၀ဝ မီလီမီတာ ရွာကျသော်လည်း တောင်ဘက်ပိုင်း၌ မိုးအလွန်နည်းသည်။ အချို့နေရာများတွင် တစ်နှစ်လျှင် မီလီမီတာ ၁၀ဝ မျှသာ ရွာသည်။ ထို့ပြင် နွေအခါတွင် ဂျော်ဒန်မြစ်နှင့် မြစ်လက်တက်များ ရေသိသာစွာ လျော့နည်းသွားတတ်ရာ တစ်နှစ်ပတ်လုံး သုံးနိုင်ရန် ဆောင်းအခါ စီးသောရေများကို တားဆီးသိုလှောင်ရသည်။ ၁၉၆၄ ခုနှစ်၌ အစ္စရေးသည် ဂါးလာလီရေအိုင်မှအထွက် ဂျော်ဒန်မြစ်ပေါ်တွင် ရေလှောင်တမံ ဆောက်၍ လည်းကောင်း၊ ဂျော်ဒန်သည် ယာမု(ခ်)မြစ်လက်တက်ပေါ်၌ ရေလွှဲအဆောက်အအုံ ဆောက်၍ လည်းကောင်း၊ ဆီးရီးယားက ယာမု(ခ်)မြစ်ပေါ်တွင် ရေလှောင်တမံများ ဆောက်လုပ်၍ လည်းကောင်း ရေလွှဲယူသည်။ ဂျော်ဒန်မြစ်ဝှမ်း ဒေသ၌ ရေလှောင်တမံ ၄၅ ခု ရှိပြီး ရေကုဗမီတာသန်း ၃၉၀ ခန့် သိုလှောင်နိုင်သည်။ အဆိုပါ ရေသိုလှောင်လွှဲယူမှုများသည် ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲ ဖြစ်ပေါ်လာရန် သန္ဓေတည်ပေးလိုက်သကဲ့သို့ ရှိသည်။

စစ်ပွဲပြီးသော်လည်း ရေပြဿနာက မပြီးဘဲ ဂျော်ဒန်ဖြစ်ရေကို အများအပြားဆက်လက်ထုတ်ယူကြသဖြင့် မြစ်နောက်ဆုံးစီးဝင်ရာ ပင်လယ်သေတွင်းသို့ ရောက်သောအခါ ရေစီး သိသာစွာ နည်းသွားသည်။ မူလကပင် ရေစီးနည်းသော ဂျော်ဒန်မြစ်ရေ ပင်လယ်သေတွင်းသို့ စီးဝင်ပမာဏမှာ အများဆုံးအချိန်က တစ်နှစ်လျှင် ကုဗမီတာသန်း ၁၂၀ဝ ခန့်ရှိခဲ့ရာမှ ယခုအခါ ကုဗမီတာသန်း ၂၀ မှ ၂၀ဝ ကြားသာ စီးဝင်တော့သည်။ ပင်လယ်သေသည်လည်း တဖြည်းဖြည်း ခန်းခြောက်လာနေသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ ခန့်အတွင်း ပင်လယ်သေရေပြင်သည် ၄၅ မီတာမျှ နိမ့်ကျခဲ့ပြီး လက်ရှိတွင် တစ်နှစ်လျှင် တစ်မီတာခန့် ဆက်လက် ကျဆင်းနေသည်။

ပင်လယ်သေထဲသို့ စီးဝင်နေသော ဂျော်ဒန်မြစ်

ဆီးရီးယား၊ ဂျော်ဒန်၊ အစ္စရေးနှင့် ပါလက်စတိုင်းတို့သည် ဂျော်ဒန်မြစ်ရေအတွက် အချင်းချင်း ဆွေးနွေး ညှိနှိုင်းပြီး စာချုပ်ချုပ်ဆို၍ ခွဲဝေသုံးစွဲခဲ့ကြသည်မှာ ၁၉၁၃ ခုနှစ်ကတည်းက ဖြစ်သော်လည်း မြစ်ရေနှင့် ပတ်သက်လာလျှင် ယင်းနိုင်ငံတို့အကြား အမြဲအငြင်းပွားနေခဲ့ကြသည်။ အထူးသဖြင့် မိုးအရနည်းသော ဂျော်ဒန်မြစ်အောက်ပိုင်းရှိ အစ္စရေးနှင့် ဂျော်ဒန်တို့အကြား ရေအငြင်းပွားမှုသည် ပို၍ ပြင်းထန်သည်။

ထိုသို့အငြင်းပွားနေမှုကို ပြေလျော့စေရန် ပင်လယ်နီမှ ရေငန်များကို ပင်လယ်သေသို့ လွှဲပြောင်းသုံးစွဲရန် ၂၀ဝ၅ ခုနှစ်က အစ္စရေး၊ ဂျော်ဒန်နှင့် ပါလက်စတိုင်းတို့ သဘောတူခဲ့ကြသည်။ ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံမျှ ရှိမည့် ယင်းစီမံကိန်းအရ ပင်လယ်နီရေ တစ်နှစ်လျှင် ကုဗမီတာသန်း ၁၀ဝ၀ ကို ကီလိုမီတာ ၁၈၀ ရှည်သည့် ပိုက်လိုင်းဖြင့် ပင်လယ်သေသို့ ပို့မည်။ ပိုက်လိုင်းလမ်းကြောင်း တလျှောက်တွင် ရေချိုချက်စက်ရုံများဖြင့် ရေငန်ကို ရေချိုအဖြစ် ပြောင်းလဲမည်။ ပင်လယ်သေသည် ပင်လယ်နီထက် မီတာ ၄၀ဝ ကျော်နိမ့်သဖြင့် မြေဆွဲအားကြောင့် အရှိန်အဟုန်ဖြင့် ဆင်းလာသော ရေအားကို အသုံးချ၍ လျှပ်စစ်ထုတ်ယူမည်။ သို့သော် နိုင်ငံရေးအခြေအနေများကြောင့် ယင်းစီမံကိန်းသည် ယနေ့အထိ အကောင်အထည်မပေါ်သေးချေ။

ဂါးလာလီရေအိုင်ကို ရေချိုချက်ထားသော မြေထဲပင်လယ်ရေများဖြင့် ဖြည့်နေပုံ

ပင်လယ်သေကို ရေပြန်ဖြည့်ရန် မဖြစ်နိုင်သေးသော်လည်း ဂျော်ဒန်မြစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဂါးလာလီရေအိုင်ကိုမူ အောင်မြင်စွာ ရေပြန်ဖြည့်နိုင်ပြီ ဖြစ်သည်။ ထုတ်ယူမှုများလွန်းသဖြင့် ၁၉၆၄ ခုနှစ်ခန့်မှစ၍ ရေပြင်နိမ့်ဆင်းလာနေသော ဂါးလာလီရေအိုင်ထဲသို့ အစ္စရေးသည် မြေထဲပင်လယ် ရေငန်များမှ ချက်လုပ်ထားသော ရေချိုများကို ၂၀၂၃ ခုနှစ်မှစကာ ပို့ပေးနေသည်။ မကြာသေးမီအချိန်အထိ အစ္စရေးသည် ဂါးလာလီရေအိုင်မှ ရေများကို ပိုက်လိုင်းများဖြင့် နိုင်ငံတွင်းသို့ ပေးပို့သုံးစွဲနေခဲ့သော်လည်း အမေရိကန်ဒေါ်လာသန်း ၂၅၀ မျှ ကုန်ကျသည့် ယင်းစီမံကိန်းဖြင့် ရေကို ပြောင်းပြန်စီးစေကာ ဂါးလာလီရေအိုင်ကို ရေပြန်ဖြည့်ပေးခြင်း ဖြစ်သည်။ ဂါးလာလီရေအိုင်ကို ဖြည့်ခြင်းသည် ဂျော်ဒန်မြစ်ကို ရေဖြည့်ပေးခြင်းပင် ဖြစ်သည်။ ယင်းနည်းဖြင့် ဖြည့်သွင်းနေသော ရေပမာဏသည် တစ်နှစ်လျှင် ကုဗမီတာသန်း ၁၂၀ ခန့်မျှ ဖြစ်သည်။ ထိုသို့ဖြည့်သွင်းနေသည့်အပြင် လွန်ခဲ့သောနှစ်က မိုးပုံမှန်ထက် ပိုခဲ့သဖြင့် ဂါးလာလီရေအိုင် ရေပြည့်မှတ်သို့ ရောက်ရန် ၅၄ စင်တီမီတာသာ လိုတော့သည်။ ဂါးလာလီရေအိုင်ကို ပြန်ဖြည့်ခြင်း အပါအဝင် ရေဖူလုံရေးစီမံချက်များကြောင့် အစ္စရေးသည် ပြည်တွင်းရေလိုအပ်ချက် ပြည့်မီရုံမျှမက ပိုလျှံသည့်အခြေအနေသို့ ရောက်သွားပြီ ဖြစ်သည်။ အစ္စရေးသည် တချိန်က ဂျော်ဒန်နိုင်ငံနှင့် ဂျော်ဒန်မြစ်ရေ ခွဲဝေသုံးစွဲရေးအတွက် အချင်းများနေခဲ့ရာမှ ယခုအခါ ဂျော်ဒန်သို့ တစ်နှစ်လျှင် ရေကုဗမီတာသန်း ၁၀ဝ အထိ တင်ပို့ရောင်းချလျက် ရှိသည်။ နှစ်အနည်းငယ်အတွင်း နှစ်ဆတိုး၍ ပို့နိုင်ရန် အစ္စရေးက လုပ်ဆောင်နေသည်။

အစ္စရေးနှင့် ဂျော်ဒန်တို့သည် မြစ်ရေနှင့် ပတ်သက်ကာ ရန်ဘက်များဖြစ်ခဲ့ရာမှ ဆွေးနွေးညှိနှိုင်းမှု၊ ကောင်းမွန်သော ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် နည်းပညာတို့ဖြင့် ဒေသတွင်း ရေပြဿနာကို ဖြေရှင်းနိုင်ခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေး ရရှိရန် နမူနာကောင်းတစ်ခုဟု ယူဆနေကြသည်။

မြစ်ပေါင်း ၃၁ဝ၊ နိုင်ငံ ၁၅၀

နယ်စပ်ဖြတ်စီးမြစ်ဝှမ်းဒေသများ

ကော်လိုရာဒိုမြစ်နှင့် ဂျော်ဒန်မြစ်တို့ကဲ့သို့ တစ်နိုင်ငံတည်း၏ နယ်နိမိတ်ထဲ၌ သာမက အိမ်နီးချင်းနိုင်ငံများထဲသို့ပါ ဖြတ်သန်းစီးဆင်းသည့် မြစ်များ ကမ္ဘာတွင် ၃၁၀ ခန့် ရှိသည်။ ယင်းနယ်စပ်ဖြတ်စီးမြစ်များ၏ မြစ်ရေကို ခွဲဝေသုံးစွဲနေသော နိုင်ငံပေါင်းမှာ ၁၅၀ ခန့် ဖြစ်သည်။ အဆိုပါမြစ်နှင့် နိုင်ငံများတွင် အာဖရိကတိုက် နိုင်းလ်မြစ်ရေနှင့် ပတ်သက်၍ အီသီယိုပီးယား၊ ဆူဒန်နှင့် အီဂျစ်တို့သည် လည်းကောင်း၊ အိန္ဒုမြစ်ရေနှင့် ပတ်သက်၍ အိန္ဒိယနှင့်ပါကစ္စတန်တို့သည် လည်းကောင်း၊ မဲခေါင်မြစ်ရေနှင့် ပတ်သက်၍ တရုတ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့သည် လည်းကောင်း သူပိုရသင့် ငါပိုရသင့် အရေးဆိုမှုများ ရှိနေကြသော်လည်း ယနေ့အထိ ပဋိပက္ခအဆင့်သို့ မရောက်ကြောင်း တွေ့၇သည်။ ပဋိပက္ခအဆင့်သို့ မရောက်သော်လည်း ယင်းနိုင်ငံတို့သည် မြစ်ရေများကိုသုံးစွဲရာတွင် မြစ်ညာပိုင်းနိုင်ငံများက လုံလောက်သောရေများကို လွှတ်မှ လွှတ်ချပါမည်လော၊ ယင်းနိုင်ငံများမှ ညစ်ညမ်း စွန့်ပစ်ရေများ မြစ်ကြောင်း တစ်လျှောက် မိမိတို့နိုင်ငံတွင်း ရောက်ရှိလာမည်လော စသဖြင့် စိုးရိမ်နေကြရသည်။ တစ်ဖန် မိမိနိုင်ငံတွင်းဖြတ်စီးနေသော ရေများကို လိုအပ်၍ လွှဲပြောင်းရယူလျှင် မြစ်ကြေပိုင်းနိုင်ငံများကလှမ်း၍ ကန့်ကွက်မည်လောစသဖြင့်လည်း ပူနေကြရသည်။ မိမိတို့နိုင်ငံတွင်းဖြတ်သော မြစ်ရေကို သူများမျက်နှာကြည့်၍ သုံးနေကြရသည်။

နယ်စပ်ဖြတ်စီးမြစ်များထဲတွင် အခြားမြစ်များနှင့်မတူဘဲ တည်ငြိမ်အေးချမ်းသည့်မြစ်မှာ ဥရောပ ကိုးနိုင်ငံတို့ကို ဖြတ်စီးသည့် ရိုင်းမြစ်ဖြစ်သည်။ ရိုင်းမြစ်သည် ဆွစ်ဇာလန်နိုင်ငံ၌ မြစ်ဖျားခံကာ သြစတြီးယား၊ ပြင်သစ်၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံတို့ကိုဖြတ်ပြီး မြောက်ပင်လယ်ထဲသို့ စီးဝင်သည်။ ကီလိုမီတာ ၁၂၀ဝ ကျော် ရှည်သည့် ရိုင်းမြစ်ရိုးတစ်လျှောက်တွင် ဆွစ်ဇာလန်နိုင်ငံ ဘားဇယ်၊ ပြင်သစ်နိုင်ငံ စထရာ(စ်)ဘူး၊ ဂျာမနီနိုင်ငံ ကိုလုံး၊ နယ်သာလန်နိုင်ငံ ရော့တာဒမ်စသည့် မြို့ကြီးအများအပြား၊ စက်မှုလုပ်ငန်း အများအပြားရှိသည်။ လူဦးရေသန်း ၂၀ ခန့် ရိုင်းမြစ်ရေကို သောက်သုံးနေကြသည်။ မြစ်ဖြတ်စီးသောနိုင်ငံများ၏ ရေကြောင်း သွားလာရေး၌ အရေးပါသော မြစ် ဖြစ်သည်။ မြစ်ရိုးတလျှောက် နိုင်ငံများသည် အဆင့်မြင့်နည်းပညာများ ပိုင်ဆိုင်ပြီး ငွေကြေးတောင့်တင်းသည့်အပြင် ရိုင်းမြစ်ကာကွယ်ရေး နိုင်ငံတကာ ကော်မရှင်ဖွဲ့၍ ရေရယူ သုံးစွဲရေး၊ သွားလာရေး၊ ရေညစ်ညမ်းမှု၊ ဆားငန်ရေဝင်မှု၊ ရေလွှမ်းမိုးမှု၊ ဂေဟစနစ် ထိန်းသိမ်းရေး စသည် တို့တွင် နိုင်ငံအချင်းချင်း ပူးပေါင်းမှု အားကောင်းစွာဖြင့် လုပ်ဆောင်နိုင်သည်။ ရိုင်းမြစ်နှင့်ပတ်သက်လာလျှင် မိမိနိုင်ငံအကျိုးသက်သက်ကိုသာမကြည့်ဘဲ အခြားနိုင်ငံများဘက်ကလည်း ဝင်ရောက်သုံးသပ်ရှုမြင်ကြသည်။ လိုက်နာရမည့် စည်းကမ်းဘောင်များကိုလည်း လိုက်နာကြသည်။ မြစ်ဝှမ်းဒေသနိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် စီမံခန့်ခွဲပုံ ကောင်းမွန်လှသဖြင့် မြစ်များအားလုံး၏ စံနမူနာတစ်ခုပင် ဖြစ်သည်။

အသုံးနည်းသည့် မြစ်ကြီးအချို့တွင် ရေထုထည် မယုတ်လျော့သော်လည်း လူနေထူထပ်သော မြစ်ကြောင်း အများအပြားတွင် မြစ်ရေ လျော့နည်းလာနေသည့် ဖြစ်ရပ်ကို ကောင်းမွန်ထိရောက်သည့် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှုဖြင့် ကျော်လွှားဖြေရှင်းနိုင်ကြကြောင်း ကော်လိုရာဒိုမြစ်၊ ဂျော်ဒန်မြစ်၊ အိန္ဒုမြစ်၊ နိုင်းလ်မြစ်၊ မဲခေါင်မြစ်၊ ရိုင်းမြစ်စသည်တို့က နမူနာကောင်းများ ပြသလျက် ရှိသည်။

Leave a comment