
နိုက်ထရိုဂျင်သည် လေထုထဲတွင် အများဆုံးတည်ရှိသော ဓာတ်ငွေ့ဖြစ်သည်။ လေထု ၏ ၇၈ ရာခိုင်နှုန်းသည် နိုက်ထရိုဂျင် ဖြစ်သည်။ လူ့ခန္ဓာကိုယ်တွင်းနှင့် မြေဆီလွှာတွင်း၌လည်း နိုက်ထရိုဂျင် ပါဝင်တည်ရှိသည်။ သက်ရှိတို့ ရှင်သန်ရာတွင် အရေးပါသည့် ပရိုတိန်းဓာတ်ပေါင်းထဲ၌ နိုက်ထရိုဂျင် ပါဝင်သည်။ နိုက်ထရိုဂျင်ကြောင့် သီးနှံများ ဖွံ့ဖြိုးအောင်မြင်သည်။
သို့သော် နိုက်ထရိုဂျင်သည် လေထုတွင်းမှ သက်ရှိများထဲသို့ အလွယ်တကူ ရောက်လာခြင်း မဟုတ်ချေ။ နိုက်ထရိုဂျင်အက်တမ်နှစ်လုံးဖြင့် ဖွဲ့စည်းထားသည့် နိုက်ထရိုဂျင်မော်လီကျူးသည် အလွန်ခိုင်မြဲကာ အလွယ်တကူ ဓာတ်ပြုပြောင်းလဲခြင်း မရှိသဖြင့် သန့်စင်သော နိုက်ထရိုဂျင်မော်လီကျူးသည် သက်ရှိများအတွက် မည်သို့မျှ အသုံးမဝင်ချေ။ ဓာတ်ပြုပြောင်းလဲရန် မလွယ်သော၊ အသုံးမဝင်သော နိုက်ထရိုဂျင်ကို သဘာဝနည်း၊ လူတို့ဖန်တီးသောနည်း တစ်မျိုးမျိုးဖြင့် ပြောင်းလဲစေကာ အခြား ဓာတ်များနှင့် ပေါင်းစပ်စေမှသာ အသုံးဝင် အကျိုးပြုသော ဓာတ်ပေါင်း ဖြစ်လာသည်။ ထိုသို့ ပေါင်းစပ်မိသောအခါ နိုက်ထရိုဂျင်သည် သွက်လက်စွာ ဓာတ်ပြုကာ အခြားဓာတ်များနှင့် ပေါင်းစည်းတတ်လာသည်။
လျှပ်စီးလက်ခြင်းနှင့် ဘက်တီးရီးယားအချို့သည် သဘာဝနည်းဖြင့် နိုက်ထရိုဂျင်ကို ပြောင်းလဲပေးကြသည်။ လျှပ်စီးလက်ခြင်းကြောင့် လေထုတွင်း နိုက်ထရိုဂျင်သည် မိုးရေထဲတွင် ပါလာပြီး အောက်ဆီဂျင်နှင့် ပေါင်းမိ၍ နိုက်ထရိတ်အသွင်သို့ ပြောင်းကာ မြေဆီလွှာထဲသို့ ရောက်သည်။ အဆိုပါနည်းဖြင့် မြေဆီလွှာထဲသို့ ရောက်သော နိုက်ထရိတ်က အနည်းစုဖြစ်ပြီး အများစုမှာ ဘက်တီးရီယားအချို့က ဓာတ်ပြု ပြောင်းလဲပေးခြင်းကြောင့် ဖြစ်သည်။ ယင်းနည်းများဖြင့် မြေဆီလွှာထဲသို့ ရောက်လာသော နိုက်ထရိတ်ကို အပင်၏ အမြစ်များက စုပ်ယူဓာတ်ပြုကာ အပင်လိုအပ်သော ပရိုတိန်းနှင့် နျူကလီးယစ်အက်စစ်အဖြစ် ပြောင်းလဲပေးသည်။ အပင်များကို စားသုံးသော သတ္တဝါတို့၏ ခန္ဓာကိုယ်အတွင်းသို့ ပရိုတိန်းနှင့် နျူကလီးယစ်အက်စစ်များ ရောက်သည်။ သတ္တဝါများက စွန့်ထုတ်သော မစင်အညစ်အကြေးများထဲ၌ နိုက်ထရိုဂျင်သည် အမိုနီယမ်အသွင်ဖြင့် ပါလာသည်။ အမိုနီယမ် နိုက်ထရိုဂျင်ကို ဘက်တီးရီးယားအချို့က နိုက်ထရိတ်များ အဖြစ် ပြောင်းသည်။ နိုက်ထရိတ်များကို အချို့ဘက်တီးရီးယားများက နိုက်ထရိုဂျင်အဖြစ် ပြန်ပြောင်းကာ လေထုတွင်းသို့ ပြန်ရောက်စေသည်။ ယင်းသို့ လေထုတွင်းမှ နိုက်ထရိုဂျင်သည် မြေဆီလွှာ၊ အပင်နှင့် သက်ရှိများထဲသို့ ရောက်ပြီး နောက်ဆုံး လေထုတွင် ပြန်ဝင်လာသည်ကို နိုက်ထရိုဂျင်သံသရာဟု ခေါ်သည်။ ယခင်က အထက်ပါနည်းအတိုင်း နိုက်ထရိုဂျင်သံသရာ ပုံမှန်လည်ပတ်နေရာမှ လူတို့က နိုက်ထရိုဂျင်ကို ထုတ်ယူပြောင်းလဲသုံးစွဲတတ်လာသောအခါ နိုက်ထရိုဂျင်မျှခြေ ပျက်ယွင်းလာခဲ့သည်။
နိုက်ထရိုဂျင်ကို ထုတ်ယူပြောင်းလဲသုံးစွဲတတ်လာခြင်း၏ ထင်ရှားသော ဥပမာတစ်ခုမှာ ၂၀ ရာစုနှစ် အစပိုင်းခန့်တွင် ဂျာမန်ပညာရှင်နှစ်ဦးက နိုက်ထရိုဂျင်နှင့်ဟိုက်ဒရိုဂျင်တို့ကို အမိုးနီးယားအဖြစ် ပြောင်းလဲကာ ဓာတ်မြေသြဇာ ထုတ်လုပ်ခြင်းမျိုး ဖြစ်သည်။ ဓာတ်မြေသြဇာကြောင့် ကမ္ဘာ့ စားနပ်ရိက္ခာအထွက် သိသာစွာ တိုးတက်ခဲ့သည်။ ဓာတ်မြေသြဇာအသုံးသည် ၁၉၇၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်ကြားတွင် နှစ်ဆတက်ခဲ့သည်။ ဓာတ်မြေသြဇာထုတ်လုပ်ခြင်းကဲ့သို့ လေထဲရှိ နိုက်ထရိုဂျင်ကို ထုတ်ယူ၍ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်၊ ကာဘွန်စသည်တို့နှင့် ဓာတ်ပြုပေါင်းစပ်စေလျက် စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး အခြား အခြားသော ဓာတ်ပေါင်းများကို ထုတ်ယူတတ်လာခဲ့ကြသည်။ အစားအစာများကို ကြာရှည်ခံအောင် ထုပ်ပိုးခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်းစသည်တို့မှအစ ကွန်ပျူတာ ပရိုဆက်စာများအလယ်၊ သံမဏိ ထုတ်လုပ်ခြင်း စသည်တို့အထိ နိုက်ထရိုဂျင်နှင့် လွတ်သော နေရာ အတော်ရှားသည်။ လူတို့ ဖန်တီးသောနည်းဖြင့် နိုက်ထရိုဂျင် ထုတ်လုပ်မှု များလာသဖြင့် သဘာဝနိုက်ထရိုဂျင်မျှခြေ ပျက်ယွင်းလာခဲ့သည်။
ဓာတ်မြေသြဇာ အပါအဝင် နိုက်ထရိုဂျင်ဓာတ်ပေါင်းအမျိုးမျိုးကို သုံးစွဲရာတွင် နိုက်ထရိုဂျင် ၂၀ ရာခိုင်နှုန်းခန့်ကိုသာ အကျိုးရှိရှိ အသုံးချနိုင်ပြီး ကျန်နိုက်ထရိုဂျင်များ၏ ၈၀ ရာခိုင်နှုန်းသည် ဘေးထွက် စွန့်ပစ်ပစ္စည်းအဖြစ် လေထု ရေထု မြေထုတွင်းသို့ ရောက်ရှိကာ ညစ်ညမ်းမှုအမျိုးမျိုးကို ပေါ်ပေါက်စေလျက် ရှိသည်။ ဓာတ်မြေသြဇာ အလွန်အကျွံသုံးစွဲခြင်း၊ ရုပ်ကြွင်းလောင်စာလောင်ကျွမ်းခြင်း၊ ဇီဝဒြပ်လောင်ကျွမ်းခြင်း၊ ရေဆိုးသန့်စင်ခြင်း၊ မွေးမြူရေးတိရစ္ဆာန်များ၏ မစင်အညစ်အကြေးများ၊ သီးနှံ ထုတ်လုပ်သန့်စင်သည့် စက်မှုလုပ်ငန်းများ၊ တောမီးလောင်ခြင်း၊ သစ်ပင်သစ်တောများ မီးရှို့ခြင်း၊ ကျောက်မီးသွေးဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်း စသည်တို့မှ နိုက်ထရိုဂျင်အသွင်အမျိုးမျိုးသည် တစ်နှစ်လျှင် တန်ချိန်သန်း ၂၀ဝ ခန့် လေထု ရေထု မြေထုထဲ ရောက်လာကာ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေလျက် ရှိသည်။
ဓာတ်မြေသြဇာကို အများအပြား ရေရှည်သုံးစွဲလျှင် မြေဆီလွှာ အငန်ဓာတ် များလာပြီး သီးနှံအထွက် လျော့နည်းသည်။
မြေဆီလွှာထဲမှ နိုက်ထရိုဂျင်များ မြေအောက်ရေကြောထဲ စိမ့်ဝင်ရောက်ရှိလျှင် မြေအောက်ရေ ညစ်ညမ်းသည်။ နိုက်ထရိုဂျင်သည် အယ်လ်ဂျီအပင်ငယ်များအတွက် အာဟာရတစ်မျိုး ဖြစ်၍ ရေကန်များထဲ ယင်းဓာတ် ဝင်ရောက်လျှင် အယ်လ်ဂျီအပင်ငယ်များ အလွန်အကျွံ ပေါက်ပွားသည်။ ထိုအခါ ရေပြင်ထဲသို့ နေရောင် မဝင်ရောက်နိုင်တော့သဖြင့် ရေအောက်အပင်များ သေဆုံးသည်။ သေဆုံးသော အပင်များ ပျက်စီးသောအခါ အောက်ဆီဂျင်ကို စုပ်ယူကြသဖြင့် ကန်ရေများ၌ အောက်ဆီဂျင် လျော့နည်း ကုန်ခန်းသည်။ ရေနေမျိုးစိတ်များ ရှင်သန်ရန် ခက်ခဲသည်။
ကျောက်မီးသွေးသုံးလျှပ်စစ်ထုတ်စက်ရုံများ၊ မော်တော်ယာဉ်နှင့် စက်ရုံများမှ ထွက်ပေါ်သော နိုက်ထရိုဂျင် အောက်ဆိုက်များကြောင့် မီးခိုးမြူများ ဖြစ်ပေါ်သည်။ လူတို့ကြောင့် နည်းအမျိုးမျိုးဖြင့် လေထုတွင်းရောက် လာသော ဓာတ်ပြုလွယ် နိုက်ထရိုဂျင်များသည် နိုက်ထရစ်အက်စစ်အသွင်ဖြင့် မိုးရေများတွင် ရောပါလာပြီး အဆောက်အအုံများကို တိုက်စားပျက်စီးစေသည်သာမက အချို့သောအပင်နှင့် သတ္တဝါများကို အန္တရာယ် ပြုသည်။ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုကို ထိခိုက်စေသည်အထိ ဖြစ်နိုင်သည်။ နိုက်ထရိုဂျင်အောက်ဆိုက် များသောလေကို ရှူရှိုက်မိလျှင် အဆုပ်နှင့် အသက်ရှူလမ်းကြောင်း ရောဂါရသည်။
ဆိုးကျိုးဖြစ်စေသော နိုက်ထရိုဂျင်ဓာတ်ပေါင်းများထဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် အများဆုံး သက်ဆိုင်သည့် ဓာတ်ပေါင်းမှာ နိုက်ထရပ်စ်အောက်ဆိုက်ဖြစ်သည်။ နိုက်ထရပ်စ်အောက်ဆိုက်သည် ကမ္ဘာကို ပူနွေးစေရာတွင် ကာဘွန်ဒိုင်အောက်ဆိုက်ထက် အဆ ၃၀ဝ ပိုမို အားကောင်းသည့်အပြင် လေထုတွင်း၌ နှစ်ပေါင်း ၂၀ဝ ခန့်အထိ တည်နေနိုင်သဖြင့် အထူးသတိပြုရမည့် ဓာတ်ငွေ့ ဖြစ်သည်။ ထို့ပြင် နိုက်ထရပ်စ်အောက်ဆိုက်သည် အိုဇုန်းလွှာကိုလည်း ပျက်စီးစေသည်။
ကုလသမဂ္ဂအစီရင်ခံစာတစ်ခုအရ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များက နိုက်ထရိုဂျင် ညစ်ညမ်းမှုကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်မှုသည် ကျန်းမာရေးနှင့် ဂေဟစနစ်ကဏ္ဍကိုပါ ထည့်တွက်လျှင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလျံ ၃၄၀ နှင့် ၃ ဒသမ ၄ ထရီလျံကြား ရှိကြောင်း သိရသည်။
ဓာတ်ပြုလွယ် နိုက်ထရိုဂျင်ကြောင့် ဖြစ်ပေါ်သော ဆိုးကျိုးများကို လျော့နည်းစေရန် ဘေးထွက် စွန့်ပစ်ပစ္စည်းအဖြစ် လေထု ရေထု မြေထုတွင်းသို့ ရောက်လာနေသည့် နိုက်ထရိုဂျင်များကို တတ်နိုင်သမျှ ထိန်းချုပ်၍ အကျိုးရှိရှိ အသုံးချနိုင်ရန် အားထုတ်နေကြသည်။


Leave a comment