” မင်းလယ်ကော ဘယ်လောက်ထိလဲ ဆိုတဲ့ အမေးမျိုး မမေးရဲဘူး။ တစ်ချို့ ဧက ၂၀ နီးပါးလောက်ဖြစ်သွားတော့ လုပ်စားစရာ ကုန်သွားတယ်။ မွေးကတည်းက ဒီမြေတွေနဲ့ လုပ်ကိုင်လာခဲ့ကြတာကို။တချို့ မိတ်ဆွေတွေ၊ အမျိုးတွေလည်း အိပ်ဆေး သောက်နေကြရတယ်။ ကိုယ်တစ်ယောက်တည်း ဖြစ်တာမဟုတ်ဘူး။ တစ်နယ်လုံးဖြစ်တာလို့ ပြောပေးရတယ်”ဟု လယ်ခြောက်ဧကမှာ နှစ်ဧက ပျက်တဲ့ အင်းလေးက ကိုကျော်မင်းကဆိုသည်။ သူပြောသည့် တနယ်လုံး ဖြစ်တာဆိုကတော့ မှန်ပါသည်။

၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်နှင့် ၂၈ ရက်များတွင် မိုးသည်းစွာ ရွာသွန်းခဲ့ရာ ဟိုပင်ဒေသနှင့် အင်းတော်ကြီး ဒေသ တဝှမ်း တောင်တွေပြိုကာ မြေစာတွေ ရေနှင့်အတူ မျှောပြီး လယ်တွေ ဖုံးကုန်သည်။ ဟိုပင်ဒေသနှင့် အင်းတော်ကြီးဒေသ နှစ်ခုပေါင်းက လယ်ဧက ၈၀၀ ကျော် ပျက်စီးခဲ့သည်။ ဧက ၅၀၀၀ ဝန်းကျင်ကို ထိခိုက်စေခဲ့သည်။

ပြင်မရအောင် ပျက်တဲ့လယ်တွေ

ဇူလိုင် ၂၇ ရက် မိုးကတည်းက တောင်တွေပြိုကာ တောင်ချောင်းတွေ၊ ချောက်တွေမှာ ရေတွေ ပိတ်နေသည်။ ဇူလိုင် ၂၈ ရက် မနက်အစောပိုင်းမှ စတင်ကာ ဟိုပင်ဒေသက သစ်ယက်ချောင်း၊ တကွင်းချောင်း၊ ခုနစ်မိုင်ချောင်း၊ ဒေါင်းမင်းချောင်းတွေက ရေစီးနှင့်အတူ ပါလာသည့် ကျောက်တုံးကြီးများ၊ သစ်ပင်များက ချောင်းလမ်းပိတ်ကုန်သည်။ ချောင်းတွေက ရွာအတွင်းဖြတ်စီးသည်။ ချောင်းက ချောင်းနေရာ တစ်ခုတည်း မစီးတော့။ ခုနစ်မိုင်ကျေးရွာ၊ မြို့သစ်ကလေး၊ အင်းလေး ကျေးရွာတွေ ရေဝင်သည်။ နိမ့်ရာ လယ်တွေ စီးဝင်ကာ ရေလမ်းကြောင်း ပြောင်းကုန်သည်။ ကားလမ်းပေါ်က ဒူးလောက်၊ ရင်လောက် ရေလွှမ်းကာ ပင်လယ်ကြီးလို ဖြစ်သွားတယ်။ ဗင်ကားတစ်စီးစာ ကျောက်တုံးတွေက တောင်တန်းတွေနဲ့ ၆ မိုင်လောက်အထိ မျောကာ လယ်ကွက်တွေထဲ ရောက်ကုန်သည်။ ခုနစ်မိုင်ကျေးရွာ၊ မြို့သစ်ကလေးကျေးရွာ၊ အင်းလေးကျေးရွာ အုပ်စု သုံးခုမှ ဧကပေါင်း ၁၃၄၃ ဧက ထိခိုက်သည်။ တောင်သူပေါင်း ၂၂၂ ဦး၏ လယ်မြေ ၂၀၀ ကျော် ပျက်စီးခဲ့သည်။ လယ်ပျက်တဲ့တောင်သူတွေ မျက်ရည်မျက်ခွက်။

”ပြန်ပြင်ဖို့ မလွယ်ပါဘူးလေးဗျာ။ ကျောက်တုံးတွေက အခု အစိုးရက လုပ်နေတဲ့ ဘက်ဖိုးတွေမှ မနိုင်တာ။ ကျောက်တုံးက ဆင်လောက်ကြီးတော့ဒေသတွင်းက ဆင်တွေလည်း မဆွဲနိုင်ဘူး။ အင်းတော်ကြီးဘက်စာရင် ကျနော်တို့ ဟိုပင်ခြမ်းက ပိုဆိုးတယ်။ ကျနော်တို့က ကျောက်နဲ့ သဲကြမ်းတွေ ဖုံးသွားတာ။ ကျောက်ဖုံးတဲ့ နေရာက ဘာမှ စိုက်လို့ အဆင်မပြေတော့ဘူး။ ချောင်းတွေထဲမှာလည်း ကျောက်တုံးကြီးတွေက ပြည့်နေတာ။ ဒီလိုဘေးမျိုးက မိုးကြီးရင် ထပ်ဖြစ်ဦးမှာ။ တောင်တွေက တကြောလုံး ပြိုဆင်းလာတာကို ”ဟု လယ် ၁၅ ဧက ကျော် ဆုံးရှုံးခဲ့သည့် ခုနစ်မိုင်ရွာက ဦးအုန်းမြင့်က ဆိုသည်။

အင်းတော်ကြီးဘက်ခြမ်းကျတော့ နန့်မွန်း၊ ဟဲပု၊ နန့်မော်ကန်၊ မိုင်းနောင်၊ ခေါင်းတုံး စသည့် တောင်ကျ ချောင်းရေများ ကြီးခဲ့ပြီးနောက် မမုန်ကိုင်၊ မိုင်းနောင်၊ နန့်မွန်း၊ ဆနွင်းကုန်း၊ အင်းသာ၊ ဟဲပု၊ လုံးစန့် စသည့် ကျေးရွာများမှ တောင်သူများ၏ လယ်များတွင် တောင်ကျရေနှင့်အတူ ပါလာသည့် နွံများ၊ သဲများ၊ ကျောက်တုံးများ၊ သစ်ငုတ်များဖြင့် ဖုံးလွှမ်းသွားသည်။

အထိများသည်က မိုင်းနောင်ကွင်း၊ နန့်မွန်းကွင်း၊ အင်းသာကွင်းတွေ ဖြစ်သည်။ မိုင်းနောင်ကွင်း ဝန်းကျင်ရှိ လယ်ဧက ၃၀၀ ဝန်းကျင် ပျက်စီးခဲ့သည်ကို ကွင်းဆင်းခဲ့သည့် မိုင်းနောင်ရွာသား ဦးစိုးက” ဆင်ခေါင်းတောင်ကြီးဟာ တစ်ခြမ်းပြိုဆင်းလာတာ။ လယ်နှစ်စား(ပိုင်ရှင်နှစ်ဦး)ဟာ လယ်ရှာမတွေ့ဘူး။ တစားလုံး ပျောက်တာလည်း ရှိတယ်။ တစ်ခြမ်းပါတာ ရှိတယ်။ ဆင်ခေါင်းတောင်ကနေ ကားလမ်းအထိ တစ်မိုင်ကျော်လောက် ရောက်ခဲ့တာ။ အခုလည်း ရေတွေ စီးချင်တဲ့ နေရာ စီးနေတုန်းပဲ။ တောင်ခြေနီးတာက ကျောက်တုံး သစ်ပင်တွေ ဖုံးတော့ ဘာမှ လုပ်လို့ ရမယ့် အနေအထား မရှိဘူး။ ဝေးတာတွေက လယ်ကလွဲပြီး မြေပဲပဲ စိုက်လို့ ရမယ့်သဘောပါ”ဟု ဆိုသည်။

ဆနွင်းကုန်း ၊ အင်းသာရွာတွေကတော့ ပျက်စီးမှုနည်းသည့်နေရာကို စူးဖြင့်ထိုးကာ စမ်းသပ်သည့်သဘောဖြင့် လယ်ပြန်စိုက်နေကြသူတွေ ရှိနေသည်။ ဆန်စျေးက တစ်တင်းခွဲအိတ် ၁၀၈ ပေါင်ပြည့်ကိုတစ်သိန်းအထက်ချည်း ဖြစ်နေသောကြောင့် ဝမ်းစာအတွက် တစ်တင်းရရ တစ်ခွဲရရ စိုက်ကြရသည်ဟု ဆိုသည်။

ဟဲပုရွာသား ဦးကျော်က ” မနှစ်က ခြောက်ဧက ခံရတယ်။ ဘက်ဟိုးနဲ့ တူးပြီး ထုတ်ထားတာ ဆယ်သိန်းကျော်။ ဒီနှစ်လည်း လယ်စိုက်ပြီးစ ထပ်ပြီး သဲဖုံးသွားတယ်။ အားလုံး သိန်းနှစ်ဆယ်ကျော် ဆုံးရှုံးမယ်။ လယ်စိုက်ဖို့ မဖြစ်နိုင်တော့ ပဲပုတ်နှင့် မြေပဲကို စိုက်ဖို့ ဦးတည်ထားတယ်။ ဒီပုံစံက တစ်နှစ်ထက် တစ်နှစ်ဆိုးဖို့ပဲရှိတယ်။ ဘာကြောင့်လဲဆိုရင် တောင်ပေါ်ကြည့်လိုက်ရင် မြေသားကို မြင်နေရပြီ ။ လယ်စိုက်ဖို့တော့ ပြန်မပြင်နိုင်တော့ဘူး”ဟု ဆိုသည်။

နှစ်ဆက်ဖြစ်လာသည့် လယ်ယာမြေ ပျက်စီးမှု

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက် မနက် ၃ နာရီ ၁၅ မိနစ်ခန့်မှ စတင်ကာ မိုးရွာသွန်းခဲ့ခြင်းဖြစ်ပြီး မနက် ၄ နာရီကျော်တွင် ဟဲပုကျေးရွာ ကွင်းတစ်ခုလုံး ရေလွှမ်းသွားခဲ့သည်။ ဟဲပုချောင်း၊ နန့်သာရင်းချောင်း၊ ခေါင်းတုံးချောင်း၊ ဝေမတီးချောင်းရေများ စုပေါင်းရေလျှံခဲ့ခြင်းပြီး နေအိမ်တစ်လုံးနှင့် ရွာအတွင်းမွေးမြူရေး တိရစ္ဆာန်တွေ ရေမျောသည်။ လယ်ဧက ၆၀ ကျော် သဲဖုံးခံရသည်။ မိုးတွေ အချိန်တိုအတွင်း သဲသဲမည်းမည်း ရွာကာ မြေပြိုပြီး တောင်ကျချောင်းတွေကို ပိတ်လိုက်သဖြင့် ချောင်းရေ ဖြာကျလာခြင်းဖြစ်သည်။

မကြုံဖူးကြသည့် ဘေးကြောင့် တောင်သူတွေ ပြူးပြူးပျာပျာ ဖြစ်ကုန်သည် ။ လွန်ခဲ့သည့်နှစ်က လယ် ကိုးဧက ဝန်းကျင် ပျက်စီးခဲ့ပြီး ယခုနှစ်တွင် လယ် ခြောက်ဧကကျော် ပျက်စီးခဲ့သည့် ဟဲပုရွာက ဒေါ်စန်းစန်းဝေက” မနှစ်ကမှာ လယ်ကိုကြည့်ရင်း ကြည့်ရင်း မျက်ရည်မျက်ခွက်လေ ။ ဒီလိုဖြစ်တာတွေလည်း မကြုံဖူးခဲ့ဘူး။ ဒီနှစ်လည်း နိုင်သလောက် ဘက်ဖိုးကုတ်။ တာဘောင်ဆယ်တာပဲ။ အဲဒါတောင်ခြောက် ဧက ထိသွားတယ် ။ မနှစ်က အစိုးရဘက်ကတော့ ငွေတစ်သောင်းပေးတာ ရှစ်ထောင်ပဲ လက်ထဲရောက်တယ်။ အစိုးရ ကူညီစေချင်ရင်တော့ ချောင်းတွေ ပြင်စေချင်တယ်။ တာရိုးတွေ ပြင်စေချင်တယ်။ တောင်သူမှ မွေးကတည်းက တောင်သူ ဆိုတော့ တခြားလုပ်ငန်းဆိုတာလည်း မစဉ်းစားတတ်ဘူးကော”ဟု ဆိုသည်။

ဟဲပုရွာသည် မိုးညှင်းမြို့မှ ၁၅ မိုင်ခန့်သာ ကွာဝေးပြီး မိုးညှင်းမြို့ မိုးလေဝသနှင့် ဇလဗေဒ ဌာနကမူ ဇူလိုင် ၂၃ ရက် မနက် ၉ နာရီတိုင်းထွာချက်အရ မိုးရေချိန် ၀ ဒသမ ၅၉ လက်မသာ ရွာသွန်းခဲ့ကြောင်း၊ ကချင်ပြည်နယ်တွင် မုတ်သုံတန်ကာလ ဖြစ်ပေါ်နေပြီး အရှေ့ဘက်မှ လာသည့် လေများကြောင့် မိုးတိမ်တောင်များ ဖြစ်ပေါ်နေကြောင်း၊ မိုးညှင်းမြို့နယ်တွင် မိုးလေဝသ ထူးခြားဖြစ်စဉ် အနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း ငါးကြိမ်ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့ကြောင်း ဆိုသည်။

ထူးခြားလာသည့် မိုးရွာသွန်းမှု ပုံစံ

ဇူလိုင် ၂၈ ရက် ရေကြီးမှုထူးဆန်းသည်ဟု ဆိုရမည်ထင်သည်။ မိုးလေဝသ စခန်းရှိသည့် မိုးညှင်းဒေသတွင်လည်း မှတ်တမ်းများအရ ဇူလိုင် ၂၇ ရက်နေ့တွင် မိုးရေချိန် ၂ ဒသမ ၂၈ လက်မ ၊ ဇူလိုင် ၂၈ ရက်နေ့တွင် မိုးရေချိန် ၀ ဒသမ ၂၈ လက်မသာ ရွာသည်။ မြေပြိုသည့် နေရာများတွင်သာ မိုးသည်းထန်သည်။ နေရာကွက် မိုးကြီးခြင်းသာ ဖြစ်ကြောင်းဆိုသည်။

နန့်မွန်းမြို့ခံ ကိုစိုးက ” မိုးက ရွာချင်ရင် သွန်ချသလို ရွာလိုက်။ စိပ်စိပ်နဲ့ အချိန်ဆွဲ ရွာတော့တာမှ မဟုတ်။ အရင်ဟိုတုန်းကတော့ စိပ်လိုက်၊ သဲလိုက် မိုးညီတယ်”ဟု ဆိုသည်။ မိုးညှင်းမိုးဇလ ရုံးမှ တာဝန်ရှိသူ တစ်ဦးက ” အခုမိုးက ဘင်္ဂလား ပင်လယ်အော်က လေဖိအားနည်း ရပ်ဝန်းရဲ့ အရှိန်ပါ။ အခြေအနေ ကြည့်ရတာ တောင်ကြော တစ်လျှောက် မိုးကြီးတဲ့ သဘောပဲ။ ခန့်မှန်းတော့ ၃ လက်မအထက်ရှိမယ်။ နန့်မွန်းတောင် အရှေ့အနောက်ဘက်မှာ မိုးကြီးခဲ့တယ်။ အခုဖြစ်စဉ်တွေက ပုံမှန်တော့ မဟုတ်ဘူးပေါ့ဗျာ။ Climate Change (ရာသီဥတုပြောင်းလဲမှု) အကျိုးဆက်တွေပေါ့”ဟု ပြောသည်။

” လူအိုတော့ တောင်ဝှေးထောက်၊ မိုးမကောင်း တောင်ရိုးရှောက်” ဟု ရှေးစကားရှိသော်လည်း ပိဿလေးခဲပစ် ရွာတတ်သည့် မိုးကတော့ အင်းတော်ကြီးဒေသကို ကောင်းကျိုးမဆောင်ခဲ့ပါ။

တောင်ပြိုခြင်းနှင့် ရွှေကျင်သည့် လုပ်ငန်းတွေက အင်းတော်ကြီးအိုင်ကို တိမ်ကောစေသည်

အင်းတော်ကြီး၊ ဟိုပင် ဒေသများတွင် လယ်မြေ အဓိက ပျက်စီးသည့်အကြောင်းမှာ တောင်ပြိုခြင်းကြောင့် ဖြစ်သည်။ တောင်ပြိုခြင်းနှင့် ပတ်သက်၍လည်း ဒေသခံများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများ၊ ကွင်းဆင်းလေ့လာခဲ့သည့် အစိုးရ ဝန်ထမ်း တညီတညီတည်း မှတ်ချက်ပေးတာ တစ်ခုက အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်ရှိ တောင်များ သစ်၊ ဝါးပြုန်းတီးခြင်း ဖြစ်သည်။ နောက်အချက်တစ်ခုက လွန်ခဲ့သည့် မတ်လက လှုပ်ခတ်ခဲ့သည့် အင်းတော်ကြီးကို ဗဟိုပြုသည့် ငလျင်ဖြစ်သည်။ မိုးဇလမှတ်တမ်းများအရ ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၇ နာရီ၊ ၅၀ မိနစ် ၂၂ စက္ကန့်အချိန်တွင် ကသာ ငလျင်စခန်းမှ မြောက်-အနောက်ဘက် ၆၈ မိုင်ခန့်အကွာ ၊ ဟိုပင်မြို့ အနောက်မြောက်ဘက် ၂၂ မိုင်ခန့်အကွာ ၊ မြောက်လတ္တီတွဒ် ၂၅ ဒသမ ၁၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၂ ဒီဂရီတွင် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်ချစ်စတာစကေး ၅ ဒသမ ၉ အဆင့်ရှိ အင်အား အသင့်အတင့် ရှိသော ငလျင် လှုပ်သွားကြောင်း ဖော်ပြထားသည်။ ငလျင် ငယ်တွေလည်း အကြိမ်ကြိမ် ထပ်မံလှုပ်ခဲ့သေးသည်။

ကွင်းဆင်းလေ့လာခဲ့သည့် ဝန်ထမ်းတစ်ဦးက ” လမ်းပေါ်တင် နွံက ပေါင်လယ်လောက် ရောက်တယ်။ ပျက်စီးတဲ့ လယ်တွေက ပြင်ဖို့ မလွယ်တော့ပါဘူး။ အဓိက အကြောင်းတွေက ပတ်ဝန်းကျင် သစ်တောတွေပြုန်းတယ်။ ချောင်းနေရာတွေ အတိအကျ မလုပ်ထားဘူး။ လွန်ခဲ့တဲ့မေလက ငလျင်လှုပ်သွားတာတွေ၊ ဒေသတွင်း တောင်ပေါ်မှာ ဝါးသုဉ်းတာတွေလည်း ပါလိမ့်မယ်။ ဆိုးဆိုးဝါးဝါး ဖြစ်သွားတဲ့အခြေအနေလို့ပဲပြောရမယ် ။ တောင်တွေကလည်း ထပ်ထပ်ပြိုဦးမယ် သဘောရှိတယ်။ အစိုးရဘက်က ပြန်ပြင်ဖို့ဆိုတာကလည်း မလွယ်ဘူး။ သွားရေးလာရေး မလုံခြုံတော့ ဘယ်ဝန်ထမ်းမှ အောက်ခြေကွင်းမဆင်းချင်ဘူး”ဟု ဆိုသည်။

ဟဲပုကွင်းမှာ တောင်ခြေမှာ လယ်လုပ်နေသည့် ဒေါ်စန်းစန်းဝင်းက ” တောင်တွေ အဝေးကကြည့်ရင် မြေသားပဲ မြင်နေရတယ်။ မိုးရွာနေရင် နေ့တိုင်း တဝုန်းဝုန်းကြားနေရတယ်။ ချောင်းဘေး လယ်တွေကတော့ နောင်နှစ်တွေလည်း သဲတွေ၊ ကျောက်တွေ ဆင်းဦးမှာပဲ။ ဒီလို နှစ်တိုင်းကြီး ဆက်ပြိုနေရင် အင်းတော်ကြီးက တောင်ကော ကျန်ဦးမလား မသိတော့ဘူး”ဟု ဆိုသည်။

တောင်ပြိုလာသည့် မြေစာများ၊ ရွှေကျင်ခဲ့သည့် မြေစာများက နောက်ဆုံးတွင် အင်းတော်ကြီးအိုင်တွင် အနည်ထိုင်ကာ အင်းကြမ်းပြင် မြင့်တက်လာမှုကို တွေ့နေရကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက ဆိုသည်။ လက်ရှိတွင် စက်ယန္တယား ကြီးငယ်များဖြင့် မိုင်းနောင်၊ မမုံကိုင် စသည့် ကျေးရွာဝန်းကျင်နှင့် ချောင်းဖျားဒေသများတွင် ရွှေကျင်နေကြသည်မှာ ဆယ်စုနှစ် နှစ်ခု ကျော်ခဲ့ပြီဖြစ်သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လူမှုအဖွဲ့အစည်း တစ်ခုတွင် ပါဝင်နေသူ ကိုရေအောင်က ” ပြိုလာတဲ့ မြေစာတွေ ၊ ရွှေကျင်လာတဲ့ မြေစာတွေ အားလုံးက အင်းကြီးထဲ ရောက်တာပဲ။ အင်းကြီးက တောင်ဘက်ခြမ်းဆိုရင် တစ်နှစ်ကို တစ်ဧကကျော်လောက် မြေပြင်တိုးလာတယ်။ အင်းကောလာတော့ အင်းဘေးလယ်တွေက ရေနစ်တဲ့ ဒဏ်ကို ခံကြရပြန်တယ်။ ပြောရရင် အင်းတော်ကြီးရဲ့ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုက ချက်ချင်း ထိန်းသိမ်းရမယ့် အခြေအနေဖြစ်နေပြီ။ ဒီလိုဆက်သွားရင် အင်းတော်ကြီးက အင်းလေးလို ကောလိုက်လာမှာပဲ။ တောင်လိုက်ကြီး အင်းထဲ ပစ်ထည့်နေတာပဲလေ ။တောင်သူတွေ ဘဝပျက်အောင်လည်း အခု လက်တွေ့ပြထားပြီးပြီလေ” ဟု ဆိုသည်။

လက်ရှိအချိန်တွင် အင်းဘေးရှိ လယ်ကွယ်များမှာ တစ်ပတ်ကျော်ကြာ ရေနစ်မြုပ်ခဲ့ပြီး ပျက်စီးနေမှုများ ရှိနေကြောင်း မနခေါကျေးရွာသား ဦးချစ်ကိုက ဆိုပါသည်။ ” ကျနော်က လယ်စိုက်ပြီးသား ၁၆ ဧက ကျော်ပါသွားပြီ။ မနခေါ၊ လုံးစန့်၊ ရွာသစ် အင်းဘေး တကြောလုံး အင်းရေနစ်ပျက်စီးနေတာ ဧက ငါးရာကျော်မယ် ။ အရင် ရေမနစ်တဲ့နေရာတွေပါ ထိနေတာ”ဟုဆိုသည်။

အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကုန်းတွင်းရေအိုင်ဖြစ်သည်။ အင်းတော်ကြီးအိုင်ကို ၂၀၁၇ခုနှစ် ဇွန်လ ၁၄ ရက်တွင် ပြင်သစ်နိုင်ငံတွင် ကျင်းပသည့် ၂၉ ကြိမ်မြောက် UNESCO ဇီ၀အ၀န်း နယ်မြေများ အစည်းအဝေးတွင် အင်းတော်ကြီးဘေးမဲ့တောနှင့် ပတ်၀န်းကျင်ဒေသအား ဇီ၀အ၀န်းနယ်မြေအဖြစ် အတည်ပြုသတ်မှတ်ထားသည်။ တောင်ပြိုခြင်းနှင့် ရွှေကျင်သည့် လုပ်ငန်းတွေက အင်းတော်ကြီးအိုင်ကို တိမ်ကော ပပျောက်စေနိုင်ပါသည်။ Climate Crisis ရာသီကပ်ဘေးနှင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုဒဏ် ခံနေရသောကြောင့် ဖြစ်သည်။

ထွန်းလင်းအောင် (မြစ်ကြီးနား) ၁၂ . ၈ . ၂၀၂၃

#အောင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်း

#greenness

Leave a comment