(၂ဝ၂၀ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၊ ဖေဖဝါရီလ ၁၈ ရက် သံတော်ဆင့်နှင့် Myanmar water portal တို့တွင် ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။ ယင်းကာလ ရေ ရာသီ မြန်မာပြည်၏ အခြေအနေကို လေ့လာပြီး ရေးသားခဲ့ခြင်း ဖြစ်ပါသည်။)
ကမ္ဘာ့ရာသီဥတုသည် ၂၀၁၀ ခုနှစ်ဝန်းကျင်ကစ၍ သိသိသာသာ ပြောင်းလဲလာ၏။ ၂၀၁၀ ခုနှစ်၌ ကမ္ဘာ့အမြင့်ဆုံး အပူချိန်သည် ၃၇ . ၂၀ စင်တီဂရိတ် / ၉၈ . ၉၀ ဖာရင်ဟိုက်) ရှိခဲ့သည်။ ၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပျမ်းမျှ ဝ . ၁၃ ဖာရင်ဟိုက် / ဝ . ၃ ဒီဂရီ ဆဲလ်ဆီးရပ်စ် မြင့်တက်လာသည်။
မိုးရွာသွန်းမှုသည်လည်း မမှန်ကန် မမျှတတော့ပေ၊ မိုးများသည့်နေရာများ၊ မိုးခေါင်သည့်နေရာခေါင်၊ မိုးခေါင်တော့ရေရှား၊ မိုးများသည့်နေရာရေလျှံစသည်တို့ကို ကြုံတွေ့နေရသည်။ အင်္ဂလိပ်စကားပုံတခုက ဆိုသကဲ့သို့ “ဘေးဒုက္ခ၊ ကံကြမ္မာသည် တခုတည်းမလာ၊ စုပြုံလာသော” သဘောဖြစ်၏။ နိုင်ငံ အတော်များများတွင် ရာသီဥတုပြောင်းလဲမှုပြဿနာမျိုးစုံကို ရင်ဆိုင်နေကြရသည်။ ပညာရှင်များက နည်းလမ်း အမျိုးမျိုးဖြင့် သတိပေးနေကြသော်လည်း နိုင်ငံတော်အစိုးရများက လိုက်ပါဆောင်ရွက်နိုင်စွမ်း အလွန်နည်းနေသေးသည်။ မြန်မာပြည်လည်း ထို့အတူပင်။ တနှစ်ထက်တနှစ် တိုး၍တိုး၍ ရာသီဥတု ပြောင်းလဲမှု ပြင်းထန်လာခြင်းက လူနေမှုအဆောက်အဦ၊ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ စိုက်ပျိုးရေအပေါ် ဘက်ပေါင်းစုံ ဆိုးကျိုးများသက်ရောက်နေသည်။ ရာသီဥတု ပြောင်းလဲမှုများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်များ ယိုယွင်းပျက်စီးလာခြင်းကို ရင်ဆိုင်နေရပြီ။
ပြည်မြန်မာသည်လည်း ထို့အတူပင်။ ၂၀၁၀ ခုနှစ်တွင် အမြင့်ဆုံးအပူချိန်သည် ၅၃ . ၅၀ စင်တီဂရိတ် / ၁၂၈ . ၃ ဒီဂရီဖာရင်းဟိုက် ရှိခဲ့သည်။ ၂၀၂၀ ခုနှစ်၌ အမြင့်ဆုံးအပူချိန်မှာ ၄၇ . ၅၀ စင်တီဂရိတ် / ၁၁၇ . ၅၀ ဖာရင်ဟိုက်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှတ်တမ်းများအရသိရသည်။ ယင်းဌာန၏ ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုကို အခြေခံ၍ ခန့်မှန်းချက်အရ အပူချိန်သည် ရာစုနှစ်အလိုက် ဆက်လက်မြင့်တက်နိုင်ခြေများနေသည်။ လာမည့် ၂၀၃၀ မှ ၂၀၅၀အတွင်း မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဇုံဒေသအတွင်း ၁ . ၅ မှ ၂ . ၂ စင်တီဂရိတ်အထိ မြင့်တက်နိုင်ခြေ ရှိသည်ဟု ခန့်မှန်းထားပါသည်။
ရာသီဥတုပူပြင်းလာမှုကြောင့် အကြီးမားဆုံးခြိမ်းခြောက်ခံရမည့် အကြောင်းအရာသည် ရေပင်ရေရင်းများ အငွေ့ပြန်ခြင်းဖြစ်သည်။ အပူချိန်မြင့်တက်လာခြင်း၊ မိုးခေါင်သည့်နေရာဒေသများတွင် အလွန်အကျွံ မိုးခေါင်ခြင်းစသည့် မမျှတသော ရာသီဥတုဖြစ်စဉ်များ၊ ကမ်းရိုးတန်းဒေသ၊ မြစ်ဝကျွန်းပေါ် ပင်လယ်နှင့် နီးသည့် မြေနိမ့်ရပ်ဝန်းများ၌ ပင်လယ်ရေမြင့်တက်လာခြင်း၊ လယ်မြေများ ဆားပေါက်ကုန်သဖြင့် ထွန်ယက် မရခြင်း၊ မြေအောက်ရေထဲသို့ ပင်လယ်ရေငန်ဝင်ရောက်ခြင်း ဖြစ်ကုန်၏။ တခြားတဖက်၌ အလွန်အကျွံ မိုးများခြင်းကို ပြည်နယ်ဒေသအနှံ့ တနှစ်ထက်တနှစ် ပိုမိုကြုံတွေ့ခံစားနေရပြီဖြစ်သည်။ ဒီဆိုးရွားတဲ့ပုံစံဟာ ၂၀ဝ၈ နာဂစ်အချိန်ကာလက စခဲ့သည်။
မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသခံများသည် ပင်လယ်ကို အမှီပြု အသက်မွေးဝမ်းကြောင်း နေကြသော်လည်း ထိုပင်လယ်က လူနေမှုပတ်ဝန်းကျင်ကို ဒုက္ခပေးစပြုနေပြီ။ ကမ္ဘာ့ဘဏ်၏ လေ့လာချက်များအရ ၂၀၁၅ နှစ်အထိ ပင်လယ်ရေမျက်နှာပြင်သည် ၆ စင်တီမီတာအထိရှိခဲ့သည်။ ၂၀၂၀ တွင် ၅ – ၁၃ မီလီမီတာမြင့်တက်လာနိုင်ကြောင်း၊ ၂၀၅၀ ၌ ၂၀ မှ ၄၁ မီလီမီတာအထိ ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားပါသည်။ မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းနေ ပြည်သူများ သန့်စင်သော သောက်သုံးရေရရှိရေး အခက်အခဲများစွာ ဖြစ်လာနိုင်မည်။ ကျေးလက်ဒေသများ၊ အထူးသဖြင့် အပူပိုင်းဇုံဒေသ မြန်မာပြည် အလယ်ပိုင်းတွင် သောက်သုံးရေ၊ စိုက်ပျိုးရေ၊ ကျွဲနွားတိရစ္ဆာန် သောက်သုံးရေ ရရှိရေး ခက်ခဲလာ၏၊ သမရိုးကျရေရရှိနေသည့် ရေအရင်းအမြစ်များ လျော့နည်းခမ်းခြောက်လာသည်။
လူနေထူထပ်သော ရန်ကုန်၊ မန္တလေး၊ တောင်ကြီးစသည့် မြို့ကြီးများတွင် ရေကြီး၊ ရေလျှံ၊ မြောင်းပိတ် ချောင်းပိတ်ဖြစ်နေကြသည်။ မြို့ပြလူနေအဆောက်အဦ များလာသည်နှင့်အမျှ မိုးရေများ မြေကြီးထဲသို့ စိမ့်ဝင်ရန် မြေသားဧရိယာနည်းလာသဖြင့် ရေစိမ့်ဝင်မှု မရှိသလောက်ဖြစ်ပြီး မြေပေါ်ရေ ပိုများလာသည်၊ မြို့လယ်လမ်းများ မြောင်းများ ရေလျှံကုန်၏။ ရေအီနေသည်။ ပညာရပ်အခေါ် “ဝါးတားလော့ဂျင်း” ဖြစ်သည်ဆို၏။ မြို့ပြဝန်းကျင်ရှိ မြေအောက်ရေသည်လည်း ရေဝင်ရေထွက်မမျှတော့။
ရှေးယခင်က မြန်မာနိုင်ငံသည် ဘေးအန္တရာယ် ကြီးကြီးမားမားရင်ဆိုင်ရခြင်း မရှိဘဲ နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီ သမမျှတစွာ လည်ပတ်နေခဲ့သည်။ ယခုအခြေအနေများ အားလုံး ပြောင်းလဲနေ၏။ နွေ မိုး ဆောင်း မပီပြင်တော့ပြီ၊ မြန်မာနိုင်ငံအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်လာသောကြောင့် ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ လေ့လာသူများ၊ စာရေးသူများက သတင်းမီဒီယာများမှာ ရေးသားနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ရေအရင်းအမြြစ်ကွယ်ဝမှု၌ ကမ္ဘာ့ထိပ်တန်းတွင် ပါဝင်သော်လည်း မြေပေါ်မြေအောက် ရေအရင်းအမြစ်များသည် ရာနှုန်းပြည့် အရည်အသွေးမကောင်းတော့ပါ။ ပတ်ဝန်းကျင်နှင့် သယံဇာတ လုပ်ငန်းများ၏ စွန့်ပစ်ပစ္စည်း၊ ဘေးထွက်ဆိုးကျိုးများကြောင့် ဖြစ်သည်။ စီမံခန့်ခွဲမှု လိုအပ်နေသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် အဆိုးဆုံးထိခိုက်ခံစားနေရသည့် ကမ္ဘာ့နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် ဒုတိယနေရာ၌ ရပ်တည်နေသည်။ အထက်တွင် ဖော်ပြခဲ့သည့်အပူချိန်များကို အခြေခံလေ့လာချက်အရ ၂၀၅၀ ဝန်းကျင်၌ အပူချိန်သည် ၁ . ၃ – ၂ . ၇ °အတွင်း ထပ်မံမြင့်တက်လာနိုင်မည်။ မိုးရေချိန်သည်လည်း မူမမှန်၊ မိုးရေချိန်လက်မ ၄၀ ပုံမှန် ရွာသွန်းနေသည့် မြန်မာပြည်အလယ်ပိုင်း၊ အပူပိုင်းဇုံဒေသတွင် လက်မ ၃၀-၃၅ ဝန်းကျင်ဖြစ်နေပြီ။
ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်ဖို့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ဆွေးနွေးပွဲများ၊ ညီလာခံများ ပြုလုပ်ခဲ့ကြသည်။ သို့သော် လက်တွေ့လိုက်နာဆောင်ရွက်မှု နည်းပါးလွန်းသောကြောင့် ရာသီဥတု ပြောင်းလဲမှုကို မတိုက်ဖျက်နိုင်သည့်အပြင် ထိန်းချုပ်ဟန့်တားမှုကိုပင် မလုပ်ဆောင်နိုင်ခဲ့ကြပေ။ မြန်မာပြည်လည်း ဒီပုတ်ထဲက ဒီပဲပဲပေါ့။ သောက်သုံးရေ ရှားပါးခက်ခဲ့သည့် အရပ်များ၌ ရေပင်ရေရင်း အသစ်များ၊ နေရာသစ်များ မရှာပေးနိုင်သေး၊ ရေကားနှင့်ရေပေးဝေတဲ့၊ ဆူလွယ်နပ်လွယ်၊ အဆင့်က မတက်သေး။ ရေရှည်စီမံကိန်းအနေနှင့် လူထုအားပါ ပါဝင်၍ သစ်ပင်များ ပြန်စိုက်ရမည်။ ဆည်မြောင်း ကန်ချောင်းတို့ကို ဆည်သင့်တာဆည်၊ ပြင်သင့်တာပြငံ်၊ ဖော်သင့်တာဖော်၊ အစစလုပ်ဆောင်ကြရမည်သာ၊ လုပ်ချိန်ရှိပါသေးသည်။ လုပ်ချင်စိတ်ရှိဖို့သာ အဓိက ဖြစ်သည်။
မြန်မာနိုင်ငံအတွက် ရေမြေသည် အဓိကဖြစ်၏။ အဘယ်ကြောင့်နည်း၊ စိုက်ပျိုးရေးကို အခြေခံစီပွားရှာသည့် နိုင်ငံဖြစ်၏။ ရေရရှိရေးနှင့် မြေယာကောင်းမွန်စေရေး ဦးစားပေးရမည်။ အဘယ်ကြောင့်နည်း၊ ပထဝီ အနေအထားနှင့် ရာသီဥတုကွဲပြားသည့် နေရာဒေသများသည် ရာသီဥတု ပြောင်းလဲမှု၏ ဆိုးကျိုးများကို မတူကွဲပြားစွာ တွေ့ကြုံခံစားရခြင်းကြောင့် ဖြစ်သည်။ ဒီနှစ် မြေပေါ်ရေ အခြေအနေများကို လေ့လာပါက စိတ်ကြည်လင်အေးချမ်းသည့် မြင်ကွင်းများ မရှိကြတော့ပြီ။ မန္တလေးတိုင်း၊ စဉ့်ကူမြို့နယ်ထဲက စွန်ရဲအင်း၊ အမရပူရမြို့နယ်ထဲက တောင်သမန်အင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးကန်၊ ကချင်ပြည်နယ်က အင်းတော်ကြီး စသည့် အထင်ကရ ရေအိုင်၊ ရေကန်ကြီးများသည် ရာသီဥတုပြောင်းလဲမှု၏ ပြယုဂ်ဖြစ်သည့် ရေခမ်းခြောက်နေသည့် ပုံများကို သတင်းဂျာနယ်များတွင် မပြတ်ဆိုသလို မြင်နေကြရသည်။
မြန်မာပြည်အထက်ပိုင်းရှိ အင်းတော်ကြီးအိုင်သည် ယခုနှစ်၌ ရာသီဥတုပြောင်းလဲမှု ဒဏ်ကို အဆိုးဝါးဆုံး ခံစားရသည်ဖြစ်၏။ စံချိန်တင် ရေခန်းခြောက်ရသည့် အကြောင်းရင်းမှာ ၂၀၁၉ မိုးရာသီတွင် မိုးရွာသွန်းမှု နည်းခြင်း၊ မိုးရွာသည့် ရက်နည်းခြင်း၊ အိုင်ပတ်လည် ရေဝေရေလဲဒေသများ ပျက်စီးခြင်းများကြောင့် ဖြစ်သည်။ ၂၀၁၉ ခုနှစ်၌ မိုးရွာသွန်းမူသည် ၄၇ . ၄၄ လက်မသာ ရှိသဖြင့် ပုံမှန်ရွာသွန်းမြဲထက် လက်မ ၂၀ ခန့်ကျဆင်းသွား၏။ အကျိုးဆက်အနေနှင့် အင်းတော်ကြီးသည် ၂၀၁၇ ခုနှစ်၌ အိုင်ရေမျက်နှာပြင် အမြင့်သည် ၂ . ၆ မီတာရှိခဲ့ရာမှ ၂၀၂၀ ၌ ဝ . ၅၀ မီတာ ကျဆင်းသွား၏။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးကန်သည် လွန်ခဲ့သောငါးနှစ်ကျော်က စတင်ကာ နှစ်စဉ်နွေရာသီရောက်တိုင်း အင်းရေခမ်းခြောက်လာနေသည်။ ဒီနှစ် အဆိုးဆုံးဟုဆိုရမည်။ရှေးခေတ်ရှမ်းစော်ဘွားလက်ထက် နှစ်ပေါင်း ၆၀ဝ ကျော်က ဆောက်လုပ်ခဲ့သည့် ရေသွယ်မြောင်း၊ အမြင့် ပေ ၂၀ ခန့်ရှိ တာရိုးအစိတ်တခု ပေါ်လာသည်ကို တောင်ကြီးသတင်းဌာန ဌာနခွဲက ဇွန်လ ၂၉ ရက်နေ့က ပုံနှင့်တကွ ဖော်ပြရေးသားထားသည်။ ဤပြယုဂ်က ရာသီဥတုပြောင်းလဲလာခြင်းကြောင့် အင်းအိုင် ရေလှောင်ကန်များ ရေမည်မျှလျော့နည်းသွားသည်ကို ပြသနေ၏။
ထိုအတူ လူတို့တည်ဆောက်ထားသည့် ဆည်များသည် အခြေအနေနှစ်မျိုးနှင့် တွေ့ကြုံနေရသည်။ မိုးနည်းရပ်ဝန်းဒေသဆည်များသည် မိုးခေါင်သဖြင့် ရေဝင်နည်းကုန်၏။ ထိုဒေသရှိ အချို့သောဆည်တို့သည် ရေတဝက်တပျက်သာ၊ အချို့ဆည်များမှာ ဆည်ရေမပေးနိုင်တော့ပြီ။ မိုးပြင်းထန်စွာရွာသွန်းသည့် အရပ်ဒေသ အချို့သောဆည်များသည် များပြားသောမိုးရေချိန်ကြောင့် စီးဝင်လာသည့်ရေက သိုလှောင်နိုင်သည့် ပမာဏထက် ပိုလွန်သဖြင့် ဆည်ရေကို မထိမ်းနိုင်ဘဲ လျှံကျ၊ တာကျိုးဖြစ်ကုန်ကြ၏။ ပြုပြင်ရန်နည်းပညာ၊ အချိန်၊ ငွေ၊ လူအား များစွာလိုအပ်နေသည်။ စိုက်ပျိုးရေဖြင့် ရေပေးဝေနိုင်သည့် မြေအောက်ရေ ပေါများရာ မုံရွာယင်းမာပင်ဒေသ၌ တွင်းအရေအတွက်၊ တနှစ်ထက်တနှစ် များလာကာ ရေထွက်နှုန်း ကျဆင်းနေပြီ၊ သောက်သုံးရေတွင်းများသည် နွေအခါ ရေထွက်နှုန်းကျဆင်းနေပြီ၊ မြေအောက်ရေ ဥပဒေကလည်း ဘယ်ဆီနေမှန်းမသိ၊ အချိန်မီ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပါက အကျိုးမယုတ်နိုင်သေးပေ။
သောက်သုံးရေအတွက် အားထားရသည့် စက်ရေတွင်းများသည်လည်း ရေထွက်နှုန်းကျဆင်းနေကြသည်။အထူးသဖြင့် အညာဒေသ စက်ရေတွင်းများ (အချို့တွင်းများ) ရေအရည်အသွေးမကောင်းသဖြင့် သောက်သုံး မရပေ။ မြေအောက်ရေဖြည့်တင်းတင်းပေးသည့် မိုးရေနှင့်ထုတ်ယူသုံးစွဲသည့်ပမာဏ မမျှတသောကြောင့် ဖြစ်၏။ ထိုအခါ ကျေးလက်ပြည်သူများနှင့် မြို့ပြဆင်ခြေဖုံးနေပြည်သူများသည် သဲချောင်းရှိရာ ပြေး၊ လက်ယက်တွင်းတူး၊ ရေကြည်စောင့်ပြီး ရေခပ်ယူနေရသည့် အခြေအနေရောက်နေပြီ။ ကျေးလက်နေ ပြည်သူအများ ရေချိုရှာဖွေရန်အတွက် ခရီးက အလှမ်းဝေးနေသေး၏။ အချိန်ကုန်ပြီး ရေမလုံလောက်ကြပေ။ ရသမျှသာ ယူကြရသည်။
ဥတုရာသီပြောင်းလဲမှုက စဉ်ဆက်မပြတ်ဖြစ်နေသည့်အတွက် စိုက်ပျိုးရေးထွက်ကုန်များ လျော့ကျလာသည်၊ နိုင်ငံအတွက် စားနပ်ရိက္ခာ အခက်အခဲများ ဖြစ်လာမည်။ စိုက်ပျိုးသီးနှံနှင့် စားသောက်ကုန်များ အဓိက ထွက်ရာ မြစ်ဝကျွန်းပေါ်ဒေသသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သည့် ပင်လယ်ရေမြင့်တက်ခြင်း၊ မုန်တိုင်းများ ခဏခဏ ကျရောက်ခြင်း၊ သောက်သုံးရေ အရည်အသွေး ယိုယွင်းလာခြင်း၊ ထုတ်ကုန်ပစ္စည်း အရည်အသွေးလျော့ကျလာခြင်းများ ကြုံတွေ့ကြရမည်။ စိုက်ပျိုးချိန်၊ စိုက်ပျိုးနည်းစနစ်နှင့် သီးနှံ ပြောင်းလဲခြင်းများ ပြုလုပ်ရမည်။ စိုက်ပျိုးရေးသုတေသနက နည်းပညာဖြန့်ဝေပေးသည်။
၂၀၂၀ မှာ မိုးရွာသွန်းမူ ပိုမိုနည်းလာသည်၊ လာမည့်မိုးလည်း နောက်ကျမည်၊ မိုးခေါင်နိုင်မည်စသည်ဖြင့် မိုးလေဝသက ခန့်မှန်းထား၏။ သမားရိုးကျစိုက်ပျိုးရေးအတွက် ရေအခက်အခဲ ရှိမည်။ ထို့ကြောင့် ရေလိုအပ်ချက်နည်းပြီး အရပ်ဒေသ ကိုက်ညီမည့် ပျိုးစပါးများကို တိုက်ရိုက်ရေစက်ချ ရေသွင်းစနစ်များကို အသုံးပြုကြရန် မြန်မာ့တောင်သူကြီးများ ဂျာနယ်က ရေးသားတိုက်တွန်းထားသည်။
ရေလေလွင့်ဆုံးရှုံးမှုနည်းသော ရေပေးဝေနည်းနှင့် စိုက်ပျိုးနည်းစနစ်များကို အသုံးပြုသင့်သည်။ ဥပမာ-အစက်ချရေပေးဝေသည့်စနစ်မျိုးကို အသုံးပြုရမည်။ ရေသည် စိုက်ပျိုးမြေ၊ မြေဆီမြေလွှာများ ကောင်းမွန်စေရေး အဓိကဖြစ်၏။ စိုက်ပျိုးပင်များ ရှင်သန်မူကို အားပေးသည်။ သို့ပါ၍ ယခုကဲ့သို့ ရာသီဥတု ပြောင်းလဲလာသည့် ကာလတလျှောက် ရေကိုထိန်းထိန်းသိမ်းသိမ်းသုံးစွဲရေးသည် အရေးကြီးသည်။
သောက်သုံးရေကဏ္ဍမှာလည်း မိုးရေ၊ ဆည်မြောင်းကန်ချောင်းနှင့် ရေတွင်း၊ စက်ရေတွင်းများက ရေကို နည်းမျိုးစုံနှင့် ရယူသုံးစွဲနေကြရာ ရာသီဥတုပြောင်းလဲမှုကြောင့် အပြည့်အဝ ရေမရကြတော့ပေ။ မိုးခေါင်ရင် မိုးရေလှောင်ပြီး မိုးရေအသုံးပြု။ ရေလည်း အဆင်ပြေ၊ ရေတွင်း စက်ရေတွင်းတွေလည်း ရေထွက်နည်း၊ ရေခမ်း၊ ရေအရည်အသွေးတွေလည်း ကျဆင်းလာပြီ။ ကန်ရေ တွင်းရေမရသည့် ကျေးရွာများက သဲချောင်းထဲဆင်း၊ လက်ယက်တွင်းတူး၊ ရေရယူနေကြရ၏။ ယခုနှစ်တွင် ပိုပိုဆိုးလာသည်။ ပြောင်းလဲလာသော ရာသီဥတုဒဏ်ကို သိသိသာသာခံစားလာရသည်။
သမားရိုးကျ ရေရှာဖွေရယူသုံးစွဲနည်းများသည် ခက်ခဲလာ၏။ တူးရိုးတူးစဉ်ရေတွင်းများ ရေထွက် ကျဆင်းလာသည်။ မိုးရွာသွန်းမှု မမှန်၊ မိုးခေါင်သဖြင့် မြေအောက်ရေ ပြန်လည်ဖြည့်တင်းမှု နည်းလာသည်။ နောက်ဆုံးအဆင့်ဒုက္ခသည် သောက်သုံးရေပင် ဖြစ်တော့သည်။ အဲဒီတော့ ဘာလုပ်ကြမလဲ၊ ဘယ်လို ရေရအောင် လုပ်ကြမလဲ၊ စာရေးသူ စဉ်းစားမိတာကတော့ – သဲချောင်းထဲရှိ လက်ယက်တွင်းများကို နမူနာယူရမည်။ မြန်မာနိုင်ငံတွင် မြစ်ချောင်း ပေါများပါ၏။ ရေမစီးသောချောင်းများက အရေအတွက် ပိုများမည်။ နွေရာသီတွင် ထိုချောင်းခြောက်များက ရေမစီး၊ သို့သော် ချောင်းသဲအောက်ခြေ၌ ရေရှိ၏။ ထိုရေကို အကျိုးရှိစွာ ထုတ်ယူအသုံးချကြရမည်။ မြန်မာပြည်အလယ်ပိုင်းတွင် သဲချောင်းပေါင်း ရာချီရှိသည်။ မကွေးတိုင်းတွင် ပိုများ၏။ သဲချောင်းထဲ၌ လက်နှင့်ယက်လို့ ထွက်လာသည့် ရေသည် လူတစု၊ တနေ့သာ ခပ်ယူရသည်။ လက်တံရှည် အုန်းမှုတ်ခွက်များဖြင့် ခပ်ယူရ၏၊ ခပ်လိုက်ပြိုလိုက်နှင့် တနေကုန်စောင့်ရသည်။
ဤသဲချောင်းများတွင် လက်နှင့်ယက်ပြီး ရေရယူနေရမည့်အစား စက်နှင့်တူးပြီး ရေရယူနိုင်ပါ၏။ နည်းပညာများ ရှိပါသည်။ တိုးတက်သောနိုင်ငံများ၌ အသုံးပြုကြ၏။
မြန်မာနိုင်ငံတွင် အင်္ဂလိပ်လက်ထက်က ချောက်၊ ရေနံချောင်း ဘီအိုစီဝန်ထမ်းများအတွက် သောက်သုံးရေကို ယင်းချောင်းသောင်၌ တွင်းကျယ်များ တူး၌ ရေရယူခဲ့သည် သာဓကများ ရှိပါသည်။ ထိုတွင်းများကို ယနေ့ အထိ အသုံးပြုနေကြသည်။ မြန်မာပြည်အလယ်ပိုင်း၊ ကျေးရွာများအတွက် ခမ်းခြောက်နိုင်ခြေ နည်းသော ရေပင်ရင်းတခုဖြစ်မည်ဟု စာရေးသူ ယုံကြည်သည်။ ထုတ်ယူနည်းသည်လည်း ခက်ခက်ခဲခဲမဟုတ်၊ သဲချောင်းထဲရှိ ရေစိုစွတ်နေသော သဲအထူ၊ ရေစိမ့်ထွက်နှုန်းတို့ကို လေ့လာသိရှိရပါမည်၊ တွင်းအကျယ်သည် ၅ ပေမှ ၁၀ ပေအထိကျယ်နိုင်ပါသည်၊ ကျောက်ခွေ(သို့) သံချောင်းရောကျောက်ခွေ(သို့)သံခွေများ ချပြီး တူးရသည်၊ တူးလိုက် တခွေချလိုက် လုပ်ရသည်။ နောက်ဆုံးအဆင့်တွင် ကျောက်ခွေကိုဖောက်ပြီး ရေဝင်ပေါက်များ ဖောက်ထားသည့် ဂျီအိုင်ပိုက်ကို အလျားလိုက် ရိုက်ထည့်ရသည်။ အနည်းဆုံး သုံးပေခန့် ရိုက်ထည့်သင့်သည်။ ပိုက်ထဲရှိ သဲများကိုလည်း ရေနှင့်အတူ သန့်စင်အောင် လုပ်ရမည်။ သတိထားရမည့် အချက်မှာ ရေစိုသဲ၏ပြိုကျနှုန်း (Slope stability of sand) ကို သတိထားရမည်။ ရေတွင်းအမြင့်ကို မိုးတွင်း ချောင်းရေကြီးရေလျှံသည့် အမြင့်ဆုံး အမှတ်ထက် ၂ ပေ အနည်းဆုံး မြှင့်ထားရမည်။ သို့မှသာ နွေမိုးဆောင်းကာလမရွေး ရေပိုက် ရေတင်ကိရိယာများ တတ်ဆင်ရယူသုံးစွဲနိုင်မည်။

ရေထွက်နှုန်းကောင်းရင် ကောင်းသလို ရွာနီးချုပ်စပ်က ပြည်သူများ သောက်သုံးရေအတွက် စိတ်အေးရပါမည်။ သိနားလည်သည့် အစိုးရရေပေးဝေရေးဌာန၊ အစိုးရမဟုတ်သောအဖွဲ့အစည်း၊ ပုဂ္ဂလိကပြင်ပပညာရှင်များဖြင့် တည်ဆောက်၍ရပါသည်။ ရေစုဆောင်းရယူသော တွင်းကျယ် (Collector well / Radial well) ဟုခေါ်ကြသည်။ တည်ဆောက်သည့်နည်းပညာကို သီးခြားရေးသားပါဦးမည်။
(မှတ်ချက်-ဤဆောင်းပါးရေးနေချိန်တွင် ရန်ကုန်မြို့ ရေပေးနေသည့်ကန်ကြီးများသည်လည်း မိုးရွာသွန်းမှု မမှန်ခြင်းကြောင့် ရေသိုလှောင်ပမာဏလျော့ကျလာပြီး ရေပေးဝေရေးအခက်အခဲ တွေ့လာနိုင်စရာ ရှိကြောင်း မြန်မာနိုင်ငံရေအရင်းအမြစ်ကော်မတီ၊ ရေအကြံပေးအဖွဲ့ဝင်များနှင့် ဆွေးနွေးခဲ့ချိန်၌ ဤရေရယူရေး နည်းလမ်း(ရေစုတွင်းကျယ်တူးနည်း / ခက်ဖျာရေစုတွင်းကျယ်တူးနည်း)ကို ပြောပြဖြစ်ပါသေးသည်။ ဤနည်းဖြင့် ပန်းလှိုင်မြစ်သောင်ထွန်းနေသော၊ သောင်ပြင်ကျယ်နေရာများတွင် ရေစုတွင်းကျယ်များတူး၍ ရေရယူနိုင်ပါမည်။ ရန်ကုန်မြို့ရေအခက်အခဲကို တဖက်တလမ်း ဖြေရှင်းနိုင်မည်ဟု စာရေးသူ အပြည့်အဝ ယုံကြည်ပါ၏။)
ဤဆောင်းပါးကို အောက်ပါကဗျာလေးနဲ့ နိဂုံးချုပ်ပါ၏။
ရေ၊ ရာသီ၊ မြန်မာပြည်
ပြောင်းလဲရာသီ၊ နီးနေပြီ၊
စုပေါင်းကာရင်ဆိုင်ကြ၊ ကြုံတွေ့ရမဲ့(မည့်) ရေဒုက္ခ၊
စနစ်တကျနည်းပညာ၊ မျှဝေပေးစေကာ
ရေရရှိရေးဆောင်ရွက်ပေး၊ အခက်မကြုံရေး၊
ထိန်းသိမ်းသိုလှောင်မျှဝေက၊
ရေဒုက္ခဘေး ကင်းဝေးစွ၊
ရာသီပြောင်းလဲ မပူရ၊
စည်းကမ်းရှိစွာသုံးစွဲကြ။
မြန်မာပြည်သူပြည်သားအပေါင်း၊ ရေဒုက္ခဘေးက ကင်းဝေးကြပါစေ။