မသိမှုမှ ပေါက်ဖွားလာသော ပူနွေးကမ္ဘာ

မေး ။ ပြောင်းလဲနေတဲ့ ရာသီဥတုကို ပြန်ကောင်းအောင် လုပ်နိုင်မယ့် နည်းလမ်းနဲ့ ကြာမယ့်အချိန်ကို သိလိုပါတယ်။

ဖြေ ။ ရာသီဥတုပြောင်းလဲတာဟာ လေထုထဲကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀ လောက်ကစလို့ ကာဘွန်ဒိုင်အောက်ဆိုက် အဓိကဖြစ်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ အများအပြား ဝင်ရောက်လာခဲ့လို့ ဖြစ်ပါတယ်။ ဝင်ရောက်ခဲ့တဲ့ ဓာတ်ငွေ့ပမာဏဟာ ၁ ဒသမ ၅ ထရီလျံတန် (၁ ထရီလျံ = ၁ နောက်က သုည ၁၂ လုံး) လောက် ရှိပါတယ်။ အဲဒီတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀ လောက်က ရာသီဥတုအခြေအနေကို ပြန်ရောက်ချင်ရင် ကာဘွန်ဒိုင်အောက်ဆိုက် ၁ ဒသမ ၅ ထရီလျံတန်ကို လေထဲကနေ စုပ်ယူဖယ်ရှားရပါမယ်။

မေး ။ ဘယ်လို စုပ်ယူဖယ်ရှားရပါမလဲ၊ ရှင်းပါဦး။

ဖြေ ။ ကာဘွန်ဒိုင်အောက်ဆိုက်ကို စက်ကိရိယာတွေနဲ့ စုပ်ယူဖယ်ရှားဖို့ ကြိုးစားနေတာ အနည်းအကျဉ်းပဲ အောင်မြင်ပါသေးတယ်။ လေထဲက စုပ်ယူဖယ်ရှားနိုင်တာ အခုအထိ သစ်ပင်တစ်မျိုးပဲ ရှိပါတယ်။

မေး ။ ဒါဖြင့် သစ်ပင်များများစိုက်ပေးရင် ရာသီဥတု ပြန်ကောင်းလာမှာပေါ့။

ဖြေ ။ ပျမ်းမျှသစ်ပင်တစ်ပင်ဟာ တစ်နှစ်ကို ကာဘွန်ဒိုင်အောက်ဆိုက် ၂၅ ကီလိုဂရမ်ကို စုပ်ယူတယ် ဆိုတော့ သစ်ပင် အပင် ၄၀ က ကာဘွန်ဒိုင်အောက်ဆိုက် တစ်တန်ကို စုပ်ယူတယ်။ လေထုထဲ ရောက်နေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ၁ ဒသမ ၅ ထရီလျံတန်ကို စုပ်ယူဖယ်ရှားဖို့ သစ်ပင် ဘယ်လောက်လိုမလဲ တွက်သာကြည့်ကြပါတော့။

မေး ။ သစ်ပင်စိုက်တာကို အားမပေးတဲ့သဘောလား။

ဖြေ ။ သစ်ပင်များများ စိုက်ရပါမယ်။ ဒါပေမယ့် သစ်ပင်စိုက်ရုံနဲ့တော့ ရာသီဥတုပြန်ကောင်းမလာနိုင်ပါ။ ပြီးတော့ သစ်ပင်ကို စိုက်ရုံစိုက်ပြီး ပစ်ထားလို့ အဲဒီသစ်ပင်သေသွားရင် ကာဘွန်ဒိုင်အောက်ဆိုက်တွေ ထွက်လာဦးမယ်ဆိုတာကို မမေ့ဖို့ လိုပါတယ်။

မေး ။ သစ်ပင်စိုက်ရုံနဲ့ ရာသီဥတုပြန်ကောင်းမလာနိုင်ရင် ဘာလုပ်ရမလဲ။

ဖြေ ။ လေထုထဲက ကာဘွန်ဒိုင်အောက်ဆိုက်အဓိက ဖန်လုံအိမ်ဓာတ်ငွေ့တွေကို ပြန်လည်စုပ်ယူဖယ်ရှားဖို့ လက်တွေ့မှာ မဖြစ်နိုင်လို့ အဲဒီဓာတ်ငွေ့တွေ ဖြစ်နိုင်သမျှ အနည်းဆုံးထုတ်လွှတ်ဖို့ ကြိုးစားကြရပါမယ်။

မေး ။ ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် ရာသီဥတုတွေ ပြောင်း၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုးတွေ ကြုံနေရတာပဲ။ ဘာ့ကြောင့် အနည်းဆုံးထုတ်လွှတ်ဖို့ ကြိုးစားကြရပါမယ်လို့ ပြောရတာလဲ။ ဘာဖြစ်လို့ အဲဒီမကောင်းဆိုးဝါးဓာတ်ငွေ့တွေ ထုတ်တာကို လုံးဝမရပ်နိုင်ရတာလဲ။

ဖြေ ။ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ထုတ်တာကို လုံးဝရပ်ဖို့ ရုပ်ကြွင်းလောင်စာတွေ ဖြစ်တဲ့ ကျောက်မီးသွေး ရေနံ သဘာဝဓာတ်ငွေ့တွေကို လုံးဝမသုံးဘဲနေမှပဲ ရမယ်။ အခုအခြေအနေမှာ အဲဒါတွေကို လုံးဝမသုံးဘဲ ရပ်လိုက်ဖို့က မဖြစ်နိုင်သေးပါ။

မေး ။ ဟာ – ဘာ့ကြောင့် မဖြစ်နိုင်ရမှာလဲ။ ဆိုလာတွေ လေအားတွေ သုံးမှာပေါ့။ နေရောင်နဲ့ လေကို အလကားရတယ်။ ဆိုလာပြားနဲ့ လေရဟတ် တပ်ဆင်သုံးစွဲတဲ့စရိတ်ကလည်း အောက်ကို ထိုးကျနေပြီလေ။

ဖြေ ။ စရိတ်တွေ ကျလာနေတာ မှန်ပါတယ်။ ဒါပေမဲ့ လူအများ တတ်နိုင်တဲ့ဈေး မဟုတ်သေးပါ။ တစ်အိမ်ချင်းအနေနဲ့ ပြောရင် အဲကွန်းနှစ်လုံးနဲ့ ရေခဲသေတ္တာတစ်လုံး တစ်ညလုံးသုံးနိုင်တဲ့ ဆိုလာစနစ်တစ်စုံကို သိန်း ၂၀ဝ အထက်မှာ ရှိတယ်။ ဒါတောင် ဆိုလာစနစ်ထဲက တစ်ခုခုပျက်လို့ ပြင်ရ လဲရတဲ့ ကရိကထတွေ၊ ငွေတွေ မပါသေးဘူးနော်။

မေး ။ ဟုတ်လား။ နိုင်ငံတွေက ဆိုလာပြားနဲ့ လေရဟတ်တွေ အပြည့်အဝမသုံးတာ ဒါကြောင့်ပေါ့နော်။

ဖြေ ။ သူတို့ ဆိုလာနဲ့လေ အပြည့်မသုံးတာက ငွေတည်းဟူသော အကြောင်းအပြင် ၂၄ နာရီ မီးပေးနိုင်အောင် ဘက်ထရီက အဓိကကျတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ဆိုလာစနစ်တစ်မျိုးတည်းနဲ့ လျှပ်စစ်ပေးနေတယ် ဆိုပါတော့။ မုန်တိုင်းတိုက်လို့ သုံးရက်လုံးလုံး နေမထွက်တဲ့အခါ တိုကျိုမြို့ကြီး မီးမပြတ်ရအောင် ဘက်ထရီလုံးရေ ၁၄ သန်းလိုပါသတဲ့။ ကုန်ကျငွေက အမေရိကန်ဒေါ်လာဘီလျံ ၄၀ဝ တဲ့။

မေး ။ ဒါဆို ဆိုလာနဲ့လေ ဈေးကျနေတာတောင်မှ အဲဒါတွေသက်သက်နဲ့ မီးပေးဖို့ဆိုတာ လက်တွေ့မကျဘူးပေါ့။

ဖြေ ။ ဟုတ်တာပေါ့ဗျာ။ သဘာဝပတ်ဝန်းကျင်ကိုပဲ ထိန်းထိန်း၊ စီးပွားရေးပဲ လုပ်လုပ်။ ဘယ်နေရာမဆို တကယ် အရှိတရားတွေကို သိအောင်လုပ်ပြီး လက်တွေ့ကျဖို့ လိုပါတယ်။ ပြီးတော့ ဆိုလာနဲ့လေစတာတွေကို အပြည့်အဝမသုံးနိုင်တဲ့ အခြားအကြောင်းတွေ ရှိသေးတယ်နော်။

မေး ။ ဆိုလာနဲ့လေစတာတွေကို အပြည့်အဝမသုံးနိုင်တဲ့ အခြားအကြောင်းတွေ ရှိသေးတယ်ဆိုတာကို ဆက်ပါဦး။

ဖြေ ။ ကျောက်မီးသွေး၊ ဖန်လုံအိမ်ဓာတ်ငွေ့၊ ဆိုလာလို့ ဆိုလိုက်တာနဲ့ လျှပ်စစ်ထုတ်တာကိုပဲ ပြေးမြင်လိုက်ကြတယ်။ အမှန်က လျှပ်စစ်ထုတ်လို့ထွက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ဟာ ထွက်တဲ့ ဓာတ်ငွေ့စုစုပေါင်းရဲ့ လေးပုံတစ်ပုံသာသာပဲ ရှိတယ်ဆိုတာကို အတော်များများက မသိကြဘူးဗျ။

မေး ။ ဟုတ်လား။ ဘယ်နေရာတွေကနေ ဓာတ်ငွေ့ထွက်နေသေးသလဲ။

ဖြေ ။ ဘိလပ်မြေ၊ သံမဏိ၊ ပလတ်စတစ်အပါအဝင် ပစ္စည်းအမျိုးမျိုးထုတ်လုပ်တဲ့နေရာတွေက ဓာတ်ငွေ့ထုတ်မှု ၂၉ ရာခိုင်နှုန်းနဲ့ အများဆုံး။ ပြီးတော့မှ လျှပ်စစ်ကဏ္ဍ၊ သူပြီးတော့ စိုက်ပျိုးမွေးမြူရေး၊ နောက် သယ်ယူပို့ဆောင်ရေး။ နောက် အနွေးပေးစက်၊ အအေးပေးစက်၊ အေးခဲလုပ်ငန်းတွေ။ အဲဒီနေရာတွေမှာ သုံးနေတဲ့ ရုပ်ကြွင်းလောင်စာတွေကို ဆိုလာစတာတွေနဲ့ အစားထိုးဖို့ ခက်တဲ့နေရာတွေ၊ မဖြစ်နိုင်တဲ့နေရာတွေ ရှိတယ်။ ပြောရင်တော့ အရှည်ကြီးပဲ။ မြင်သာအောင် တစ်ခုပဲ ပြောပါရစေ။ လျှပ်စစ်ကားတွေ ပေါ်လာတယ်၊ ဒါပေမယ့် လျှပ်စစ်ခရီးသည်တင်လေယာဉ်ဆိုတာ ပေါ်မလာနိုင်ဘူး။ ဘာဖြစ်လို့လဲ။ လျှပ်စစ်ခရီးသည်တင်လေယာဉ်မှာ သုံးတဲ့ ဘက်ထရီတွေက လေးလွန်းလို့ လေယာဉ် လေထဲကို ပျံတက်နိုင်မှာ မဟုတ်လို့ပဲ။

မေး ။ ရာသီဥတုဘေးနဲ့ တွေ့နေတာဟာ လူတွေရဲ့ မတော်လောဘကြောင့်လို့ တချို့က ပြောနေတာ ကြားရတယ်။ ဘယ်လိုထင်သလဲ။

ဖြေ ။ မတော်လောဘဆိုတာ ဒီနေရာမှာ ရှိသင့်သည်ထက်ပိုသော လောဘလို့ အဓိပ္ပာယ်ဖွင့်ရမယ် ထင်ပါတယ်။ မတော်လောဘကြောင့် ရာသီဥတုပြောင်းလာခြင်း ဟုတ်မဟုတ်၊ ရာသီဥတုပြောင်းလဲခြင်းကို ပေါ်ပေါက်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်ခဲ့တဲ့ဖြစ်စဉ်ကို လေ့လာကြည့်ရအောင်။

၁၇၅၀ ပြည့်နှစ်ဝန်းကျင်မှာ ပထမစက်မှုတော်လှန်ရေး ပေါ်လာတယ်။ ရေနွေးငွေ့အင်ဂျင်ကို တီထွင်နိုင်ခဲ့တယ်။ ရေကို ကျောက်မီးသွေးနဲ့ အပူပေးပြီး ရေနွေးငွေ့ ဖြစ်အောင်လုပ်၊ ရေနွေးငွေ့အားနဲ့ အင်ဂျင်ကို လည်ပတ်စေတယ်။ အဲဒီမှာ ဖန်လုံအိမ်ဓာတ်ငွေ့တွေ စထွက်တာပဲ။ ဒီ့အရင်က လုပ်ငန်းဆောင်တာတွေ လုပ်တဲ့နေရာမှာ လူတို့ရဲ့ ခွန်အား၊ တိရစ္ဆာန်တွေရဲ့အားနဲ့ပဲ လုပ်ခဲ့ရာက ကျောက်မီးသွေးနဲ့ ရေနွေးငွေ့အင်ဂျင်ရဲ့ ကျေးဇူးကြောင့် အလုပ်ပိုပြီး တွင်လာခဲ့တယ်။ ရေနွေးငွေ့အင်ဂျင်ကို စတင်တီထွင်သူ ထောမတ်စ်နျူကော်မင်နဲ့ အင်ဂျင်ကို ပိုကောင်းအောင်လုပ်သူ ဂျိမ်းစ်ဝပ်တို့ဟာ လူ့ကောင်းကျိုးပြု တီထွင်သူတွေလို့ သမိုင်းမှာ နာမည်ကောင်းနဲ့ ကျန်ခဲ့တယ်။ ရေနွေးငွေ့အင်ဂျင်နဲ့ ကျောက်မီးသွေးက အစပြုလိုက်တဲ့ စက်ကိရိယာများကို အသုံးချနိုင်ခြင်းဟာ လူ့သမိုင်းမှာ မီးကို သုံးစွဲတတ်ခြင်းပြီးရင် ကြီးမားကျယ်ပြန့်သော တိုးတက်မှုတစ်ရပ်လို့ အသိအမှတ်ပြုကြတယ်။

နောက်ပိုင်းမှာ များသထက်များလာတဲ့ လူတို့ရဲ့ စွမ်းအင်လိုအပ်ချက်ကို ကျောက်မီးသွေးတစ်မျိုးတည်းနဲ့ ဖြည့်ဆည်းလို့ မဖြစ်နိုင်တဲ့အတွက် အခြား စွမ်းအင်ဇာစ်မြစ်များကို ရှာဖွေကြတော့ ကျောက်မီးသွေးလိုပဲ ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ရေနံကို ၁၈၆၀ ခုနှစ်များက စပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်ပြီး ၁၉၀ဝ ပြည့်နှစ် မတိုင်မီမှာ သဘာဝဓာတ်ငွေ့စတင်ကို အသုံးချနိုင်ခဲ့လို့ လူနေမှုစနစ် ဆက်ပြီးတိုးတက်ခဲ့တယ်။ ထောမတ်စ်အက်ဒီဆင် အပါအဝင် ပုဂ္ဂိုလ်အသီးသီးတို့ရဲ့ အားထုတ်မှုကြောင့် ၁၉ ရာစုအတွင်းက စပြီး လျှပ်စစ်ဓာတ်အားကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ခဲ့တာဟာ ရုပ်ကြွင်းလောင်စာတွေကို သုံးခဲ့လို့ပဲ။

ဒီလိုပဲ တိုးတက်လာခဲ့တာ ကွန်ပျူတာတွေ၊ ဖုန်းတွေ၊ ယာဉ်အမျိုးမျိုးတွေ၊ စိုက်ပျိုးရေးနည်းပညာတွေကို တီထွင်ထုတ်လုပ်နိုင်ခဲ့ရာက အခုဆိုရင် ဉာဏ်ရည်တု အေအိုင် ပေါ်လာပြန်ပြီ။ အဲဒီလို တီထွင်သူအဆင့်ဆင့် အပါအဝင် ၁၉ ရာစု၊ ၂၀ ရာစုလူသားတွေရဲ့ ကျေးဇူးကြောင့် အခုခေတ်လူတွေဟာ မြင့်မားတဲ့ လူနေမှု စနစ်ကို ခံစားစံစားနေရပါလျက် ရာသီဥတုဘေးကြီးပေါ်လာကာမှ လူတွေရဲ့ မတော်လောဘကြောင့်လို့ ပြောတာက အတော်နေရာမကျပေတာပဲ။ မတော်လောဘကြောင့် မဟုတ်ပါဘူး၊ မသိနားမလည်မှုကြောင့်ပါ။

မေး ။ ရာသီဥတုဘေး ပေါ်လာတာဟာ လူတွေရဲ့ မတော်လောဘကြောင့်လို့ မပြောသင့်ကြောင်း သဘောပေါက်ပါပြီ။ မသိနားမလည်မှုကြောင့် ဆိုတာကို ရှင်းပါဦး။

ဖြေ ။ ကျောက်မီးသွေးကနေ ထွက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဟာ လေထုကို ပူနွေးစေတဲ့ ဖန်လုံအိမ်အာနိသင် ဖြစ်ပေါ်စေတယ်ဆိုတာကို အစက မသိခဲ့ကြဘူး။ ၁၈၂၄ ခုနှစ်ကျမှ ပြင်သစ်ပညာရှင် ဂျိုးဇက်ဖူရီယေးက ဖန်လုံအိမ်အာနိသင် အကြောင်း စတင်ဖော်ထုတ်လာတယ်။ ၁၈၆၁ ခုနှစ်မှာ ရူပဗေဒပညာရှင် ဂျွန်တင်ဒေါလ်က လေထုထဲက ရေငွေ့နဲ့အချို့ဓာတ်ငွေ့များဟာ ဖန်လုံအိမ်အာနိသင်ကို ဖန်တီးဖြစ်ပေါ်စေကြောင်း တွေ့ရှိတယ်။ ၁၈၉၆ ခုနှစ်မှာ ဆွီဒင်ပညာရှင် အာရင်းနီးယပ်စ်က စက်မှုလုပ်ငန်း များက အသုံးပြုသော ကျောက်မီးသွေးကြောင့် ဖြစ်ပေါ်သော ဖန်လုံအိမ်အာနိသင် အပူဓာတ်ဟာ လေထုတွင်း ရှိနှင့်ပြီး အပူဓာတ်ကို ပိုမိုပြင်းထန်လာစေလိမ့်မယ်လို့ သတိပေးခဲ့တယ်။ အဲသလို သတိပေးသူတွေ ရှိခဲ့ပေမယ့် အများစုက အရေးမစိုက်ခဲ့ကြပါ။ ဖန်လုံအိမ်ဓာတ်ငွေ့တွေဟာ ဒုက္ခအကြီးအကျယ် ပေးလိမ့်မယ်ဆိုတာကို မသိခဲ့ကြပါ။


၁၉၃၈ ခုနှစ်ကျတော့ ဗြိတိသျှ ပညာရှင် ကောလင်ဒါက ၁၉ ရာစုအတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန် တက်လာနေတယ်၊ တစ်ချိန်တည်းမှာပဲ လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏလည်း လိုက်တက်လာနေတယ်လို့ ထုတ်ဖော်ပေမယ့်လည်း အများစုက ခပ်ပေါ့ပေါ့ပဲ သဘောထားခဲ့တယ်။ ၁၉၅၈ ခုနှစ်မှာ ဒေးဗစ်ကီးလင်းက လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏကို စနစ်တကျ တိုင်းတာပြီး လေထုထဲမှာ အဲဒီဓာတ်ငွေ့ပမာဏ ၃၁၅ ပီပီအမ်သို့ ရောက်နေပြီ၊ ကမ္ဘာ့ပျမ်းမျှ အပူချိန်ဟာလည်း သိသာစွာတက်နေပြီလို့ အထောက်အထားနဲ့ ပြောတော့မှ စပြီး လှုပ်လှုပ်ရွရွ ဖြစ်လာကြတယ်။ ဒါပေမယ့် အခုလောက် ဖြစ်လာမယ်ဆိုတာ မသိလို့ လုံလောက်သော အရေးယူဆောင်ရွက်မှု မရှိခဲ့ပါ။ ၂၀ ရာစု အကုန်လောက်ကျ ဘေးဆိုးတွေ စပေါ်လာတော့မှ လက်တွေ့ကျကျ သိလာပြီး မျက်လုံးမျက်ဆံတွေ ပြူးကုန်ကြတာ။


မေး ။ ဘေးဆိုးတွေဟာ ရုပ်ကြွင်းလောင်စာတွေကြောင့် ဆိုတာ သိလာပေမယ့် အသုံးမလျှော့ကြတာကရော။


ဖြေ ။ အဲဒါကို အင်းနားရှားသဘောတရားနဲ့ ပြောရမယ်။ အင်းနားရှားကို အလွယ်ပြောရရင် ထုထည်ကြီးမား အင်အားကောင်းတဲ့အရာတစ်ခုကို ချက်ချင်း သို့မဟုတ် အချိန်တိုအတွင်းမှာ ရပ်တန့်အောင် လုပ်လို့ မလွယ်တဲ့သဘော။ ဥပမာ – လည်နေတဲ့ပန်ကာကို ကြိုးဖြုတ်လိုက်တဲ့နောက် စက္ကန့်အနည်းငယ် ဆက်လည်တယ်။ ကားကို စက်သတ်လိုက်တဲ့နောက် မိနစ်အနည်းငယ် ဆက်သွားတယ်။ ဆက်လည်နေတဲ့ ပန်ကာကို တစ်ခုခုနဲ့ ခံပြီး ရပ်အောင်လုပ်လို့ လွယ်တယ်။ ဆက်သွားနေတဲ့ကားကို ရပ်အောင်လုပ်ဖို့ ပန်ကာလောက် မလွယ်ဘူး။ ကားရဲ့ အင်းနားရှားက ပန်ကာရဲ့ အင်းနားရှားထက် ပိုကြီးတာကိုး။

ဒီနေ့ ကမ္ဘာမှာ ရုပ်ကြွင်းလောင်စာတွေရဲ့ အင်းနားရှားက အတော်ကြီးတာဗျ။ ရုပ်ကြွင်းလောင်စာ အဓိကဖြစ်တဲ့ စွမ်းအင်ကဏ္ဍရဲ့ တစ်နှစ်လည်ပတ်ငွေဟာ အမေရိကန်ဒေါ်လာ ငါးထရီလျံ (၁ ထရီလျံ = ၁ နောက်က သုည ၁၂ လုံး)လောက် ရှိနေတယ်။ အဲဒီကဏ္ဍမှာ ပါဝင်လုပ်ကိုင်နေတဲ့ ဝန်ထမ်းပေါင်း ၃၂ သန်း ရှိတယ်။ သံမဏိ ဓာတ်မြေသြဇာ ပလတ်စတစ် အပါအဝင် ပစ္စည်းတိုင်းလိုလိုမှာ ရုပ်ကြွင်းလောင်စာတွေက အနည်းနဲ့အများ ပါဝင်ပတ်သက်နေတယ်။ အဲဒီတော့ ရုပ်ကြွင်းလောင်စာတွေရဲ့ ကဏ္ဍကို လျှော့ချနေတာတောင်မှ သုံးလေးငါးနှစ်နဲ့ သိသိသာသာ မလျှော့နိုင်ဘူး။ ဆယ်စုနှစ်များစွာ ကြာမယ်။ မကောင်းမှန်းသိနေပေမယ့် အချိန်တိုအတွင်း ပစ်ပယ်လို့ မရနိုင်ကြောင်းပါဗျာ။

Leave a comment