(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်က မိုးမခစာမျက်နှာအတွက် ရေးသားခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)

ကမ္ဘာ့မျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းကို ရေဖြင့် ဖုံးလွှမ်းနေသောကြောင့် ကမ္ဘာကို “Blue Planet” အပြာရောင်ဂြိုဟ်ဟု တင်စားခေါ်ကြသည်။ ရေသည် မြေမျက်နှာပြင်အောက်နှင့် အပေါ်တို့တွင် အရည်အသွင်ဖြင့် ရှိပြီး လေထဲတွင် အငွေ့အဖြစ် တည်ရှိပြီး အကန့်အသတ်ရှိသော အရင်းအမြစ် ဖြစ်သည်။ ယနေ့သောက်သုံးနေသော ပုလင်းသွတ်ရေ (ယနေ့အခေါ် ရေသန့်) များသည် ယခုမျိုးသုန်းသွားပြီဖြစ်သော ကမ္ဘာဦး အမွေးရှည်ဆင်ကြီးတစ်ကောင်၏ နောက်ကျောက စီးကျသောရေနှင့် အတူတူပင် ဖြစ်နိုင်သည်ဟု သိပ္ပံပညာရှင်များက ဆိုကြသည် (ဤသည်မှာ တွေးထင်ယူဆချက်သာ ဖြစ်သည်)။
ရေထု မြေထု လေထုစသည့် သဘာဝတရားသည် ယခင်ကလည်း ရှိခဲ့သည်။ ယခုလည်း ရှိနေသည်။ သို့သော် ရေသည် တစ်နေရာက စီးထွက်သွားပြီး နောက်တစ်နေရာတွင် ပြန်ပေါ်လာသည်။ ကမ္ဘာမြေသည် ဤနည်းဖြင့် ဇလဗေဒသံသရာမှတဆင့် ရေပေးဝေမှုကို ဖြည့်တင်းပေးကာ ရေသံသရာလည်နေ၏။
ကမ္ဘာပေါ်တွင် ရေပေါများသော်လည်း ရေအားလုံး၏ ၉၇ ရာခိုင်နှုန်းသည် ပင်လယ်သမုဒ္ဒရာရေ၊ ကျန် ၃ ရာခိုင်နှုန်းသည် မငန်သောရေ (ရေချို) မြစ်ချောင်း၊ အင်းအိုင်၊ မြေဆီလွှာများ၊ ရေခဲပြင်များ၊ ရေခိုး ရေငွေ့များနှင့် မြေအောက်ရေတို့ ဖြစ်ကြသည်။ ထို ၃ ရာခိုင်နှုန်းထဲမှ ၆၈ . ၇ ရာခိုင်နှုန်းသည် ရေခဲပြင်များ၊ ရေခိုးရေငွေ့များဖြစ်သည်။ ၃၀ . ၁ သည် မြေအောက်ရေ၊ မြေပေါ်ရေသည် ဝ . ၃ ရာခိုင်နှုန်းသာရှိ၏။ ဝ . ၉ ရာခိုင်နှုန်းသည် မြေဆီလွှာထဲရှိ ရေနှင့် အခြားသောရေများ ဖြစ်ကြ၏။ ကမ္ဘာမြေပေါ်တွင် ဖြစ်တည်နေသော ရေ၊ အရည်၊ အစိုင်အခဲတို့၏ ရာခိုင်နှုန်းကို အထက်ပါပုံ၌ ပြထားပါသည်။
လူအများ အသုံးပြုနေသော ရေအများစုသည် မြစ်ချောင်းများမှလာသည်။ ထိုရေများကို မျက်စိဖြင့် မြင်နိုင်သဖြင့် မြင်နိုင်သောရေထုကို မြေပေါ်ရေအဖြစ် ရည်ညွှန်းသည်။ ရေချိုအများစုသည် မြေလွှာ ကျောက်လွှာများတွင် မြေအောက်ရေအဖြစ် စုဆောင်းနေကြ၏။ မိုးရွာသွန်းမှုမရှိသည့်တိုင် မြစ်ချောင်းများက ရေသည် မြေကြီးထဲသို့ စိမ့်ဝင်စီးဆင်းနိုင်သဖြင့် မြေအောက်ရေသည် အမြဲတည်ရှိနေသည်။ လူသားများသည် မြေပေါ်ရေနှင့်မြေအောက်ရေ နှစ်မျိုးလုံးကို အသုံးပြုနိုင်သည်။
ကမ္ဘာတဝန်းတွင်ဖြန့်ကျက်နေသည့်ရေထုထည်ပမာဏ (ခန့်မှန်း – ရာခိုင်နှုန်း)
| ရေအရင်းအမြစ် | ရေထုထည်ပမာဏ (ကုဗမိုင်) | ရေထုထည်ပမာဏ (ကုဗကီလိုမီတာ) | ရေချို ရာခိုင်နှုန်း | ရေထုစုစုပေါင်း၏ ပျော်ဝင်မှု(%) |
| ပင်လယ်၊ သမုဒ္ဒရာနှင့်ပင်လယ်အော် | ၃၂၁,၀၀၀,၀၀၀ | ၁,၃၃၈,၀၀၀,၀၀၀ | – | ၉၆ . ၅၄ |
| ရေခဲပြင်နှင့်ရေခဲမြစ်များ၊ အမြဲဖုံးနှင်းများ | ၅၇၇၃၀၀၀ | ၂၄,၀၆၄,၀၀၀ | ၆၈ . ၇ | ၁ . ၇၄ |
| မြေအောက်ရေ | ၅၆၁၃၀၀၀ | ၂၃၄၀၀၀၀၀ | – | ၁ . ၆၉ |
| မြေအောက်ရေ(ရေချို) | ၂၅၂၆၀၀၀ | ၁၀၅၃၀၀၀၀ | ၃၀ . ၁ | ၀ . ၇၆ |
| မြေအောက်ရေ(ရေငန်) | ၃၀၈၈၀၀၀ | ၁၂၈၇၀၀၀၀ | – | ၀ . ၉၃ |
| မြေဆီလွှာအစိုဓာတ် | ၃၉၅၉ | ၁၆၅၀၀ | ၀ . ၀၅ | ၀ . ၀၀၁ |
| ကုန်းမြေပေါ်ရှိရေခဲပြင်နှင့်နှင်းပြင် | ၇၁၉၇၀ | ၃၀၀၀၀၀ | ၀ . ၈၆ | ၀ . ၀၂၂ |
| ရေကန်များ | ၄၂၃၂၀ | ၁၇၆၄၀၀ | – | ၀ . ၀၁၃ |
| ရေချိုကန်များ | ၂၁၈၃၀ | ၉၁၀၀၀ | ၀ . ၂၆ | ၀ . ၀၀၇ |
| ရေငန်ကန်များ | ၂၀၄၉၀ | ၈၅၄၀၀ | – | ၀ . ၀၀၆ |
| လေထု | ၂၀၉၅ | ၁၂၉၀၀ | ၀ . ၀၄ | ၀ . ၀၀၁ |
| ရွှံ့နွံကန်များ | ၂၇၅၂ | ၁၁၄၇၀ | ၀ . ၀၀၃ | ၀ . ၀၀၀၈ |
| မြစ်ချောင်းများ | ၅၀၉ | ၂၁၂၀ | ၀ . ၀၀၆ | ၀ . ၀၀၀၂ |
| ဇီ၀ရေ | ၂၆၉ | ၁၁၂၀ | ၀ . ၀၀၃ | ၀ . ၀၀၀၁ |
ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိ မြင်တွေ့ရသောရေကို ရိုးရှင်းစွာဖြင့် မြေပေါ်ရေဟု ခေါ်ဆိုဖော်ပြရေးသားကြသည်။ သမုဒ္ဒရာများ၊ မြစ်များ၊ ချောင်းများ၊ ရေကန်များနှင့် ရေလှောင်ကန်များ၊ နွံအိုင်များ ပါဝင်သည်။ မြေပေါ်ရေကို မြင်တွေ့နိုင်ပြီး မည်သို့မည်ပုံရယူရမည်ကို မျက်မြင်စဉ်စား လုပ်ကိုင်ရလွယ်ကူသဖြင့် အသုံးကျ၏။ ပင်လယ်သမုဒ္ဒရာရေကလွဲ၍ မြေပေါ်ရေ ၈၀ ရာခိုင်နှုန်းခန့် တစ်ကမ္ဘာလုံးသုံးစွဲနေကြသည်။ ၁၉၉၀ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုတစ်ခုတည်းကပင် တစ်နေ့လျှင် ရေဂါလံဘီလီယံ ၃၂၇၀ဝ၀ ခန့် အသုံးပြုခဲ့သည်။ ယနေ့ခေတ်ကာလတွင် မြေအောက်ရေကို စိုက်ပျိုးရေနှင့်ဆည်မြောင်းအတွက် အများအပြား အသုံးပြုလာကြသည်။ ပင်လယ်သမုဒ္ဒရာရေများသည် အလွန်ငန်သောကြောင့် သောက်သုံးရေအဖြစ် အသုံးမပြုနိုင်ပါ။ ရေချိုချက်၍သာ အသုံးပြုနိုင်သည်။
ပင်လယ်ရေထဲမှဆားကို ဖယ်ရှားပြီး ရေချိုချက်လုပ်ရာတွင် ကုန်ကျစရိတ်ရှိသည့်အတွက် ရေချိုချက် အသုံးပြုခြင်းမှာ မတွင်ကျယ်ပေ။ ကြွယ်ဝချမ်းသာသည့် တိုးတက်ဖွံ့ဖြိုးသော နိုင်ငံများသာ ပင်လယ်ရေကို ရေချိုချက်၍ သောက်သုံးရေအဖြစ် လုပ်ဆောင်နိုင်ကြသည်။ ဆားငန်ရေကို သတ္တုတူးဖော်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် အသုံးပြုသည်။ သို့သော် သမုဒ္ဒရာများသည် ဇလဗေဒဆိုင်ရာ ရေသံသရာ၊ ကမ္ဘာလုံးဆိုင်ရာရာသီဥတုတို့ကို ထိန်းညှိရန်နှင့် ထောင်ပေါင်းများစွာသော အဏ္ဏဝါမျိုးစိတ်များအတွက် ကျက်စားရာနေရာများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။
ရေသံသရာ
ကမ္ဘာ့မျက်နှာပြင်ရှိရေသည် အငွေ့ပျံသွားသည်နှင့်အမျှ ပင်လယ်လေသည် ကုန်းတွင်းသို့ ရွေ့လျားပြီး ရေခိုးရေငွေ့များသည် တိမ်တိုက်များအဖြစ်မှ မိုးအဖြစ် ရွာသွန်း၏။ မိုးရွာသွန်းခြင်းဖြင့် မြေပေါ်ရှိ မြစ်ချောင်း အင်းအိုင်ကန်မြောင်းများ ရေချိုပမာဏ တိုးပွားသည်။ သို့သော် မိုးရွာသွန်းမူသည် နေရာဒေသ၏ ပထဝီဝင် အနေအထားအပေါ် များစွာမူတည်သည်။ ဤသည်ကို ဇလဗေဒဆိုင်ရာသံသရာ (သို့မဟုတ်) ရေသံသရာဟုလည်း လူသိများ၏။ အောက်ပုံသည် ရေသံသရာလည်ပတ်ပုံ ဖြစ်သည်။

ကမ္ဘာမြေမျက်နှာပြင်အထက်နှင့်အောက်တွင် စဉ်ဆက်မပြတ် ရေခိုးရေငွေ့၊ ရေစိုင်ရေခဲ၊ မိုးရေတို့သည် ပုံစံမျိုးစုံဖြင့် စီးဆင်းသည်။ စီးဆင်းနေသောရေကို သိုလှောင်ထားသည့် ကန်ချောင်း၊ အင်းအိုင်၊ မြစ်ချောင်း များရှိ ရေချို/ရေငန်တို့သည်အမျိုးမျိုးသော ပြောင်းလဲနေသည့် ရာသီဥတုပေါ် မူတည်ပြီး ရေငွေ့ပြန်ခြင်း၊ အရည်ဖွဲ့စည်းခြင်း၊ မြေတွင်းသို့စိမ့်ဝင်ခြင်း၊ မိုးရွာသွန်းခြင်း၊ ပင်လယ်သမုဒ္ဒရာသို့ စီးဆင်းခြင်း စသည့် ပုံစံ မျိုးစုံဖြင့် လည်ပတ်နေသည်။ ရေသံသရာသည် စွမ်းအင်လဲလှယ်ခြင်းနှင့် အပူချိန်ပြောင်းလဲခြင်းကို ဖြစ်ပေါ်စေသည်။ ကမ္ဘာမြေ၏ သက်ရှိနှင့်ဂေဟစနစ်အများစုကို ထိန်းသိမ်းရန် ရေသံသရာသည် မရှိမဖြစ် လိုအပ်နေသည်။
ရေမော်လီကျူးများ၏နေရာဒေသ၊ ကဏ္ဍအလိုက် ဖြစ်တည်နေမူများ
| စဉ် | ရေမော်လီကျူးများ၏ နေရာဒေသနှင့်ကဏ္ဍ | ဖြစ်တည်နေနိုင်သည့်အချိန်ကာလ |
| ၁ | သက်ရှိ(ဇီဝရုပ်) အတွင်း | ၁ ပတ် |
| ၂ | ကမ္ဘာ့လေထုအတွင်း | ၁ . ၅ ပတ် |
| ၃ | စီးဆင်းနေသောမြစ်ချောင်းများ | ၂ ပတ် |
| ၄ | စွတ်စိုထိုင်းသည့်မြေလွှာ | ၂ ပတ် မှ ၁ နှစ် |
| ၅ | ရွံနွံအိုင်များ | ၁ နှစ် မှ ၁၀ နှစ် |
| ၆ | ရေကန်၊ ရေသိုလှောင်ကန်/ဆည်များ | ၁၀ နှစ် |
| ၇ | ပင်လယ်သမုဒ္ဒရာ | ၄၀၀၀ နှစ် |
| ၈ | မြေအောက်ရေ | ၂ ပတ် မှ ၁၀၀၀၀ နှစ် |
| ၉ | ရေခဲမြစ်များနှင့် အစဉ်အေးခဲနေသောဝင်ရိုးစွန်ဒေသများ | ၁၀၀၀ နှစ် မှ ၁၀၀၀၀ နှစ် |
ပင်လယ်သမုဒ္ဒရာ
ရှေးဟောင်းဂရိပညာရှင်များ၏ အဆိုအရ ပင်လယ်သမုဒ္ဒရာရေသည် ဟိုက်ဒရိုစဖီးယား ခေါ် ကမ္ဘာပေါ်တွင် ရှိနေသော ရေအားလုံးတို့၏ အဓိက အစိတ်အပိုင်းလည်း ဖြစ်သည်။ ကမ္ဘာ့မျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်း (ခန့်မှန်း၊ စတုရန်းကီလိုမီတာ ၃၆၁ သန်း)ကို ပင်လယ်သမုဒ္ဒရာရေထုက ဖုံးလွှမ်းထားသည်။ အနက်ဆုံးမှာ ပေပေါင်း ၉၈၀ဝ (မီတာ ၃၀ဝ၀ ကျော်) ဖြစ်သည်။ သမုဒ္ဒရာဒေသ၏ ပျမ်းမျှ ဆားငန်ဓာတ် ပါဝင်နှုန်းသည် ၁၀ဝ၀ ပုံလျှင် ၃၅ ပုံခန့် သို့မဟုတ် ၃ . ၅ ရာခိုင်နှုန်းခန့်ရှိပြီး ပင်လယ်ရေအားလုံးနီးပါး၏ ဆားငန်ဓာတ်ပါဝင်မှုနှုန်းသည် ၁၀ဝ၀ ပုံလျှင် ၃၀ ပုံမှ ၃၈ ပုံ အထိ ရှိသည်။ မိုးရွာသွန်းမှုသည် သမုဒ္ဒရာများမှ ရေငွေ့ပြန်ခြင်းမှ တဆင့် ဖြစ်ပြီး သမုဒ္ဒရာ၏ အပူချိန်သည် ကုန်းမြေ၏ ရာသီဥတုနှင့် လေတိုက်ခတ်ပုံကို ပြောင်းလဲစေသည့် အဓိကအချက်ဖြစ်သည်။
သမုဒ္ဒရာကြီးလေးစင်းမှာ
(၁) ပစိဖိတ်သမုဒ္ဒရာ ၆၈၆၃၄၀ဝ၀ စတုရန်းမိုင်
(၂) အတ္တလန္တိတ်သမုဒ္ဒရာ ၄၁၃၂၂၁၀ဝ၀ စတုရန်းမိုင်
(၃) အိန္ဒိယသမုဒ္ဒရာ ၂၈၃၆၀ဝဝဝ စတုရန်းမိုင်နှင့်
(၄) အာတိတ် သမုဒ္ဒရာ ၅၄၄၀ဝဝဝ စတုရန်းမိုင် ဖြစ်သည်။
ပစိဖိတ်သမုဒ္ဒရာသည် အကြီးဆုံးဖြစ်၍ အာတိတ်သမုဒ္ဒရာသည် အငယ်ဆုံးဖြစ်သည်။
(၁) ပစိဖိတ်သမုဒ္ဒရာ ။ ။ ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ဘက်တွင် အမေရိကတိုက်နှစ်တိုက်၊ အနောက်ဘက်တွင် အာရှတိုက်နှင့် သြစတြေးလျတိုက်တို့အကြား၌ ခပ်ဝိုင်းဝိုင်း သဏ္ဌာန် ရှိသည်။ စတုရန်းမိုင်ပေါင်း ၆၈၆၃၄၀ဝ၀ ကျယ်၍ ပျမ်းမျှ အနက်ဆုံးပေ ၁၄၀၅၀ နက်သည်။ ဖိလစ်ပိုင်ကျွန်းစု မင်ဒါနာအိုကျွန်းအလွန်တွင် အနက်ဆုံးဖြစ်၍ ထိုနေရာတွင်ပေ ၃၅၄၁၀ခန့် နက်သည်။ အီကွေတာမျဉ်း၏ မြောက်ပိုင်းကို မြောက်ပစိဖိတ်သမုဒ္ဒရာဟုခေါ်၍ တောင်ပိုင်းကို တောင်ပစိဖိတ်သမုဒ္ဒရာဟု ခေါ်သည်။
(၂) အတ္တလန္တိတ်သမုဒ္ဒရာ ။ ။ အတ္တလန္တိတ်သမုဒ္ဒရာသည် အနောက်ဘက်တွင် အမေရိကတိုက် နှစ်တိုက်၊ အရှေ့ဘက်တွင် ဥရောပတိုက်နှင့် အာဖရိကတိုက်တို့အကြား၌ အင်္ဂလိပ်အက္ခရာ အက်(စ) ပုံသဏ္ဌာန်ဖြင့် တည်ရှိသည်။ စတုရန်းမိုင်ပေါင်း ၄၁၃၂၂၀ဝ၀ ကျယ်၍ ပျမ်းမျှပေ ၁၂၈၈၀ နက်သည်။ အနောက်အိန္ဒိယကျွန်းစုတွင်ပါဝင်သော ပွားတိုးရီးကိုးကျွန်းအလွန်နေရာသည် အနက်ဆုံးဖြစ်၏။ ၂၇၉၆၅ ပေနက်သည်။ အီကွေတာမျဉ်းကြောင်း၏ မြောက်ပိုင်းကို မြောက်အတ္တလန္တိတ်သမုဒ္ဒရာဟု ခေါ်၍ တောင်ပိုင်းကို တောင်အတ္တလန္တိတ်သမုဒ္ဒရာဟု ခေါ်သည်။ (မှတ်ချက်။ ။အန္တာတိတ်သမုဒ္ဒရာသည် တောင်ဝင်ရိုးစွန်းတစ်ဝိုက် အန္တာတိကတိုက်ကို ဝန်းရံတည်ရှိသည်။ ပထဝီပညာရှင်အများက အန္တာတိတ် သမုဒ္ဒရာကို သီးခြားသမုဒ္ဒရာတစ်ခုအနေနှင့်မယူဆဘဲ အတ္တလန္တိတ်၊ ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာတို့၏ တောင်ဘက်အဖျားပိုင်းအဖြစ်ထားရှိကြသည်။ ယင်းသမုဒ္ဒရာကြီးများနှင့် ပိုင်းခြားထားသော ကုန်းမြေ ဟူ၍ မရှိချေ။ အန္တာတိတ်သမုဒ္ဒရာသည် စတုရန်းမိုင်ပေါင်း ၇၅၀ဝဝဝ၀ မိုင်ကျယ်သည်။ ရေမြေသစ်များ စူးစမ်းရှာဖွေသူတို့တိုင်းတာခြင်းမပြုနိုင်သေးသဖြင့် အတိမ်အနက်ကိုအတိအကျ မသိရသေးချေ။
(၃) အိန္ဒိယသမုဒ္ဒရာ ။ ။ အိန္ဒိယသမုဒ္ဒရာသည် မြောက်ဘက်တွင် အာရှတိုက်၊ အရှေ့ဘက်တွင် သြစတြေးလျတိုက်၊ အနောက်ဘက်တွင် အာဖရိကတိုက်တို့အကြား၌ ခပ်ဝိုင်းဝိုင်းပုံသဏ္ဌာန်ရှိသည်။ စတုရန်းမိုင်ပေါင်း ၂၈၃၅၀ဝဝဝ ကျယ်၍ ပျမ်းမျှပေ ၁၃၀ဝ၀ နက်သည်။ ဂျားဗားကျွန်းတောင်ဘက်အလွန် နေရာသည် အနက်ဆုံး နေရာဖြစ်၏၊ ပေ ၂၄၄၄၀ နက်၏။
(၄) အာတိတ်သမုဒ္ဒရာ ။ ။ အာတိတ်သမုဒ္ဒရာသည် မြောက်ဝင်ရိုးစွန်းတစ်ဝိုက်တွင် တည်ရှိသောကြောင့် ကမ္ဘာ၏ထိပ်တွင် ဖြစ်တည်နေသည်။ အကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၅၄၄၀ဝဝဝ ရှိ၍ ပျမ်းမျှ ၃၉၅၅ ပေ နက်သည်။ မြောက်လတ္တီတွဒ် ၇၇၄၅ နှင့်အနောက်လောင်ဂျီတွဒ် ၁၇၅ နေရာတွင် အနက်ဆုံး ဖြစ်၍ ထိုနေရာ၌ ၁၈၄၅၆ပေ နက်သည်။ အာတိတ်သမုဒ္ဒရာရေပြင်သည် အမြဲရေခဲနေသည်။ သမုဒ္ဒရာ အောက်ခြေ ကြမ်းပြင်သည် တစ်ပြေးညီညာမဟုတ်ဘဲ ဒယ်ခွက်ကြီးသဖွယ် တဖြည်းဖြည်း အလယ်သို့ နိမ့်ဆင်းသွားသည်။ သမုဒ္ဒရာ၏ အနက်ဆုံးသောနေရာသည် ကမ္ဘာ့အမြင့်ဆုံး ဧဝရက် တောင်ထိပ်၏ အမြင့်ထက် ပိုနက်သည်ဟု သုတေသီတို့က ဆိုကြသည်။ အချို့နေရာ၌ တောင်တန်းကြီးများ၏ ထိပ်များသည် ရေအောက်တွင် နစ်မြုပ်မနေဘဲ ရေမျက်နှာပြင်ပေါ်သို့ ထိုးထွက်ကာ ကျွန်းများဖြစ်လျက် ရှိကြသည်။ အချို့ကျွန်းများသည် တောင်ထိပ်များ မဟုတ်ဘဲ မီးတောင်၏ ထိပ်များ ဖြစ်ကြသည်။
ဓာတ်သတ္တုပါဝင်မှု ။ ။ သမုဒ္ဒရာရေသည် ဆားအမြောက်အမြား ပျော်ဝင်နေသဖြင့် အလွန်ငန်သည်။ သမုဒ္ဒရာရေတစ်ပိသာလျှင် ဆားငါးကျပ်သား ပျော်ဝင်နေ၏။ မက်ဂနီဆီယမ်၊ ကယ်လ်ဆီယမ် ဗရိုမင်း စသည်တို့ အနည်းအကျဉ်း ပါဝင်သည်။ သမုဒ္ဒရာရေ၌ ဆားများစွာပါဝင်ခြင်းမှာ ယင်းအတွင်းသို့ ဝင်ရောက်သော မြစ်များ စီးဆင်းရာတလျှောက် ကုန်းမြေကို တိုက်စားပြီး သယ်ဆောင်လာသော ကြေမွစာများ အနည်အနစ်များတွင် ဆားပါဝင်သည်။ သမုဒ္ဒရာရေများသည် ရေခိုးရေငွေ့ဖြစ်သွားသောအခါ သမုဒ္ဒရာထဲ၌ ဆားများ ကြွင်းကျန်နေခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ယူဆကြ၏။ သမုဒ္ဒရာမှ ရရှိသော ဆားများသည် မီးတောင်များမှ ထွက်လာသည့် ချော်ရည်သတ္တုရည်များတွင် ပါသော ဆားများနှင့် လွန်စွာ တူလှသဖြင့် သမုဒ္ဒရာရေသည် ကမ္ဘာဦးကစ ၍ငန်လာခဲ့သည်ဟု ယုံကြည်ကြခြင်းသည်။သမုဒ္ဒရာရေငန်ခြင်းသည် တစ်နေရာနှင့် တစ်နေရာမတူချေ။
နေအလွန်ပူသဖြင့် ရေခိုးရေငွေ့အဖြစ်သို့ ပြောင်းလဲခြင်းက များ၍ ရေချိုများကို ယူဆောင်လာသည့် မြစ်များမှ စီးဝင်ခြင်းနည်းသောနေရာ၌ ရေပိုငန်သည်။ ကမ္ဘာပေါ်တွင် သုံးစွဲနေကြသော အိမ်သုံးဆား အမြောက်အမြားကို ပင်လယ်သမုဒ္ဒရာရေမှ ချက်ယူကြသည်။ သမုဒ္ဒရာရေတွင်ရှိသော ဆားငန်ရေအားလုံးကို ကျိုချက်၍ ပုံလိုက်ပါက ဆားပုံကြီး၏ အကျယ်အဝန်းသည် မြန်မာနိုင်ငံထက် အဆ ၄၀ ကျော်မျှ ကျယ်ဝန်းမည်ဟု ဆို၏။ သမုဒ္ဒရာရေတွင် အထက်ပါဓာတ်သတ္တုများသာမက ရွှေလည်း ရရှိနိုင်သည်။ သမုဒ္ဒရာအတွင်းမှ ရွှေအားလုံးကို ထုတ်ယူနိုင်ပါက ကမ္ဘာပေါ်ရှိ လူတိုင်း တစ်ဦးလျှင် ရွှေသုံးပိသာခန့်စီ ရရှိလိမ့်မည်ဟု တွတ်ဆကြသည်။ ထို့ကြောင့် အချို့ပညာရှင်တို့က သမုဒ္ဒရာတို့သည် ဓာတ်သတ္တု အရည်တို့ဖြင့် ပြည့်နှက်နေသော သတ္တုတွင်းကြီးဖြစ်သည်ဟု ဆိုကြခြင်းဖြစ်သည်။
သမုဒ္ဒရာ ရေစီးကြောင်း ။ ။ အီကွေတာနှင့်နီးသော သမုဒ္ဒရာရေသည် ဝင်ရိုးစွန်းများနှင့် နီးကပ်သော သမုဒ္ဒရာရေထက် နွေးသည်။ ယင်းသို့ တစ်နေရာနှင့်တစ်နေရာ ရေအပူအအေးမတူမှုကြောင့် တစ်ကြောင်း၊ တိုက်ခတ်နေသောလေတို့၏ လမ်းကြောင်းများကြောင့် တစ်ကြောင်း၊ ကမ္ဘာကြီးသည် ဝင်ရိုးပေါ်၌ လည်နေသောကြောင့် တစ်ကြောင်း သမုဒ္ဒရာတွင် ရေစီးကြောင်းများ ဖြစ်ပေါ်နေသည်။ ယင်းတို့သည် များသောအားဖြင့် အီကွေတာအနီးတစ်ဝိုက်တွင် အရှေ့မှအနောက်သို့ စီးလေ့ရှိကြပြီးလျှင် ကမ်းခြေနားသို့ ရောက်သောအခါ ဝင်ရိုးစွန်းများဘက်သို့ လည်၍ စီးသွားလေ့ရှိကြသည်။ သမုဒ္ဒရာတို့၏ အနောက်ဘက် ကမ်းခြေများတွင် ရေနွေးစီးကြောင်းများကို တွေ့ရ၍ စီးသွားရာကုန်းမြေ၏ ရာသီဥတုကို ပြောင်းလဲစေသည်။ ပင်လယ်ရေတိမ်အပိုင်း၌ မြစ်များ ယူဆောင်လာသည့် သဲများ ရွှံ့များရှိ၏။ ထိုထက်နက်သောအပိုင်း၌ ညိုညစ်ညစ် နုံးအနည်များရှိ၏။ ထိုအမှုန်များမှာ အလွန်သေးငယ်၍ သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။
အပူချိန် ။ ။ ကမ္ဘာမြေ၏ အလွန်နက်သော အပိုင်းများ၌ ရွှံ့စေးနီများရှိ၏။ ထိုအောက်အနက်ဆုံးသော နေရာများ၌မူ ကျောက်သားအနှစ်များဖြင့် ပြီးသောမြေကိုတွေ့ရသဖြင့် ဘူမိဗေဒရူထောင့်က လေ့လာကြည့် ပါက ကမ္ဘာမြေသည် ကမ္ဘာဦးကစ၍ သမုဒ္ဒရာများနှင့်အတူ တည်ရှိလာဟန် ရှိသည်။ နေရောင်သည် ရေမျက်နှာပြင်အောက်သို့ ပေပေါင်းအနည်းငယ်မျှသာ ရောက်ရှိနိုင်လေရာ ရေအနက်ပေ ၆၀ဝ အောက်၌ ရေသည် အစဉ်မပြတ် ရေခဲကဲ့သို့ အေးလျက်ရှိ၏။ သမုဒ္ဒရာရေမျက်နှာပြင်တို့၌ များသောအားဖြင့် ရေ၏ အပူချိန်သည် အမြင့်ဆုံး ၅၆ ဖာရင်ဟိုက်ခန့်ရှိ၏။ သမုဒ္ဒရာအားလုံး၏ ပျမ်းမျှခြင်းအပူချိန်မှာ ၃၉ ဖာရင်ဟိုက် ခန့်ရှိသည်။ ပေ ၃၀ဝ၀ ခန့်နက်သောနေရာများ၌ ရေ၏အပူချိန်သည် ၂၂ ဖာရင်ဟိုက်ခန့်ရှိ၍ ပေ ၄၀ဝ၀ ခန့် ရောက်သောအခါ ၁၅ ဖာရင်ဟိုက်သာ အများဆုံးရှိပြီး ပေ ၉၀ဝ၀ အနက်တွင် ၇ ဒီကရီ ဖာရင်ဟိုက်ခန့်သာ ရှိတော့သည်။ နွေအခါ၌ သမုဒ္ဒရာ ရေပြင်သည် ကုန်းမြေပြင်ကဲ့သို့ လျင်မြန်စွာ မပူတတ်ဘဲ ဆောင်းအခါ၌ လည်း လျင်မြန်စွာ မအေးတတ်ချေ။ သမုဒ္ဒရာရေမျက်နှာပြင်၏ အပူအအေးသည်လည်းကောင်း၊ လှုပ်ရှားမှုသည်လည်းကောင်း၊ ရေနက်ပိုင်းကို ပြုပြင်ဖန်တီးနိုင်စွမ်း မရှိတော့ချေ။ ရေစီးကြောင်း၏ လှုပ်ရှားမှုများသည် မဆိုစလောက်သာရှိပြီး ရေသည်ပကတိ ငြိမ်သက်လျက်ရှိ၏။ ယနေ့ သမုဒ္ဒရာ၏ အပူချိန်(အနည်းဆုံး)သည် ၂၆ . ၅ ဒီဂရီစင်တီဂရိတ် (၇၉ . ၇ ဒီဂရီဖာရင်ဟိုက်) ရှိသည်။ ထိုအပူချိန်သည် သမုဒ္ဒရာအနက်မီတာ ၅၀ အနည်းဆုံး အထိ ဖြတ်သန်းစီးဆင်းနှိင်သည်။
ရေဖိအား ။ ။ ရေ၏ဖိနှိပ်အားသည် ရေ၏အနက်ကိုလိုက်ပြီး တစ်ဖြည်းဖြည်း ပိုမိုကြီးမားလာသည်။ တစ်မိုင်ခန့်နက်သောနေရာတွင် ရေ၏ဖိအားသည် တစ်စတုရန်းလက်မပေါ်၌ အလေးချိန်တစ်တန်မျှ ရှိ၏။ ခြောက်မိုင်နက်သောနေရာတွင် ရေ၏ဖိအားသည် တစ်စတုရန်းလက်မပေါ်၌ အလေးချိန် ခြောက်တန်မျှ ရှိလေသည်။ ယင်းသို့လျှင် ရေ၏ဖိအားသည် ရေ၏အနက်ကိုလိုက်၍ တန်ဖိုးတိုးသွားလေသည်။
သမုဒ္ဒရာ ဇီဝဗေဒ ။ ။ သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ မှန်ဘီလူးဖြင့် ကြည့်မှသာမြင်နိုင်သည့် သတ္တဝါ ကလေးများမှသည် ပေ ၈၀ ကျော်ရှည်လျားကြီးမားသော ဝေလငါးကြီးများအထိ သမုဒ္ဒရာထဲတွင် သတ္တဝါမျိုးစုံရှိသည်။ သမုဒ္ဒရာ၏ အလွန်နက်သောအပိုင်း၌ နေကြသော သတ္တဝါများသည် မျက်စိ ကောင်းကောင်း မမြင်ကြချေ။ အားလုံးလိုလိုပင် မီးစုန်းအလင်းရောင်ထွက်သော သတ္တဝါများ ဖြစ်ကြ၏။ ထိုသို့ အလင်းရောင်ထွက်ခြင်းမှာ အပူဓာတ်မပါဘဲနှင့် အလင်းရောင်ထွက်နေခြင်းဖြစ်၏။ ဤရေသတ္တဝါများ စားသောအစာများမှာ ဒိုင်အက်တမ်နှင့် ပလင့်ကတမ်ခေါ် ပိုးမွှားကောင်ကလေးများ ဖြစ်ကြ၏။ ထိုပိုးကောင်ကလေးများမှာ အလွန်သေးငယ်လှသဖြင့် ကောင်းသောမှန်ဘီလူးဖြင့် ကြည့်မှသာ မြင်နိုင်၏။ ယင်းတို့သည် အံ့သြဖွယ်ကောင်းလောက်အောင် လျင်မြန်စွာ တိုးပွားကြ၍ ရေသတ္တဝါများ၏ အသက်သခင်များ ဖြစ်ကြပေသည်။ သမုဒ္ဒရာသည် ကမ္ဘာ့ရိက္ခာ ဂိုဒေါင်ကြီးသဖွယ်ဖြစ်သည်။ လူတို့ စားသောက်မှီဝဲရသော ငါး၊ ပုစွန်စသည်တို့သည်ရေထဲတွင် မကုန်ခန်းနိုင်အောင် များလေသည်။ အတ္တလန္တိတ်သမုဒ္ဒရာ၏ အမေရိကန်ကမ်းခြေတစ်လျှောက်တွင် ကျက်စားပေါက်ပွားလေ့ရှိကြသော မင်ဟာဒင်ခေါ် ငါးတစ်မျိုးသည် စား၍ မကောင်းသော်လည်း မြေသြဇာပြုလုပ်ရန်အတွက် အသုံးကျသည်။
ရေခဲတောင်၊ ရေခဲမြစ်
ဆွစ်ဇာလန်နိုင်ငံ၊ အဲလ်ပ်တောင်တန်းပေါ်တွင် အကြီးဆုံးသောရေခဲမြစ်၊ အဲလတ်စ်ရေခဲမြစ်ဖြစ်တည်နေ၏။ ပါကစ္စတန်နိုင်ငံမြောက်ပိုင်း၊ ကက်ရှမီးယားဒေသ၊ ကာရာကိုရမ်ရှိ ဘော်လ်တိုရိုရေခဲမြစ်သည် ၆၂ ကီလိုမီ တာမျှ ရှည်လျားသဖြင့် ကမ္ဘာပေါ်တွင် အရှည်ဆုံးသော ရေခဲမြစ်များတွင် တစ်ခု အပါအဝင်ဖြစ်သည်။ အလွန်အေးသောဒေသများတွင် မြင့်မားသောတောင်များပေါ်၌ ဆောင်းရာသီနှင်းများ အဆက်မပြတ် ကျနေသော်လည်း နွေရာသီတွင် ထိုနှင်းများအားလုံး အရည်မပျော်ပေ။ ယင်းဖြစ်စဉ် နှစ်ပေါင်းများစွာ ကြာလာသောအခါ နှင်းထုကြီးသည် လွန်စွာကြီးမားလာသဖြင့် နှင်းကွင်းပြင် ဖြစ်လာ၏။ နွေရာသီ၌ နေပူဒဏ်ကြောင့် အချို့သောနှင်း အရည်ပျော်ပြီး အောက်ဘက်အရပ်သို့ ရောက်ရှိသွားလေသည်။ ထိုအခါ နှင်းမှ ရေခဲအဖြစ်သို့ ပြောင်းလဲသွား၏။ အပေါ်ရှိ နှင်း၏ အလေးချိန်ဖိအားကြောင့် နှင်းမှ ရေခဲဖြစ်ခြင်း သည်လည်း ဆက်၍ ဖြစ်ပေါ်နေလေသည်။ ထိုနည်းအတိုင်း အစဉ်တစိုက် ဖြစ်ပေါ်နေခြင်းကြောင့် နှင်းကွင်းပြင်သည် တဖြည်းဖြည်း နှင်းအဖြစ်မှ ရေခဲအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိပ်ဘက်ပိုင်း နှင်း၏ အောက်ဘက်ရှိ ရေခဲသည် မမာလှသော်လည်း အောက်ဘက်အတော်ကျသော နေရာတွင် ရှိသည့် ရေခဲများမှာမူ အစိုင်အခဲကြီး ဖြစ်နေလေသည်။ ထိုကြောင့် နှင်းကွင်း (လွင်ပြင်)ပြင်ဆိုသည်မှာ အမှန်အားဖြင့် နှင်းများဖုံးလွှမ်းနေသော ရေခဲကွင်းပြင်သာ ဖြစ်လေသည်။
ရေခဲထု အတော်လေးထူလာသောအခါ တောင်၏ ဆင်ခြေလျှောတလျှာက် ရေခဲကွင်းပြင်ကြီးသည် ကမ္ဘာ့ဆွဲအားကြောင့် တဖြည်းဖြည်း လျှောဆင်းစပြုလေသည်။ တောင်စောင်း၊ ချိုင့်ဝှမ်းတလျှောက်တွင် လျှောဆင်းနေသည့် ရေခဲစီးကြောင်းကို ရေခဲမြစ်ဟု ခေါ်သည်။ စီးဆင်းနှုန်းသည် အလွန်နှေးကွေးလွန်းသဖြင့် တစ်ခါ တစ်ရံ စီးဆင်းနေကြောင်းကိုပင် မသိနိုင်ချေ။ ထိုမှတဆင့် ရေခဲမြစ်သည် အေးသည့်အပိုင်းမှ ပူသည့်အပိုင်းသို့ ရောက်သည့်အခါ ရေအဖြစ်သို့ ပြောင်းလဲကာ မြစ်များကဲ့သို့ လျင်မြန်စွာ စီးဆင်းသွားသည်။ အချို့သောနေရာများတွင် အရည်လုံးလုံးမပျော်မီ ပင်လယ်ထဲ ရောက်သွားသဖြင့် ရေခဲတောင်ကြီးများ အဖြစ်ဖြင့် ပင်လယ်ရေပြင်ပေါ်၌ ပေါ်နေတတ်သည်။ ထိုရေခဲတောင်များသည် တန်ချိန်ထောင်ပေါင်းများစွာ လေးလံ၏။ အချို့သည် တစ်နေ့လျှင် လက်မအနည်းငယ်ခန့်သာ ရွေ့ရှား၍ အချို့သည် ပေပေါင်းများစွာ ရွေ့ရှားကြသည်။ တစ်ခါတစ်ရံ တစ်နှစ်ပတ်လုံး တစ်နေရာတည်းမှာပင် ဝပ်၍နေတတ်လေသည်။
ဥရောပတိုက်၏ အနောက်မြောက်ဘက်ပိုင်းနှင့် မြောက် အမေရိကတိုက် မြောက်ဘက်ပိုင်းရှိအင်းအိုင်များသည် များသောအားဖြင့် ရေခဲမြစ်များ ရွေ့ရှားမှုကြောင့် ချိုင့်ဝှမ်းကြီးများ ဖြစ်ပေါ်ကာ နောင်တွင် ရေများ စုလာရာမှ ဖြစ်ပေါ်လာကြခြင်း ဖြစ်ပေသည်။ ကမ္ဘာပေါ်၌ ထင်ရှားသော ရေခဲမြစ်များကို ဥရောပတိုက်ရှိ အဲလ်ပ်တောင်တန်း၊ အလာစကာကျွန်းဆွယ်၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းရှိ တောင်တန်းများနှင့် ဟိမဝန္တာတောင်တန်းတို့တွင် တွေ့ရှိရပေသည်။
မြစ်များ
မြစ်ဆိုသည်မှာ သဘာဝအတိုင်း စီးဆင်းနေသော ရေလမ်းကြောင်းတစ်ခု ဖြစ်ပြီး အများအားဖြင့် ရေချိုများ (မြစ်ချောင်းအင်းအိုင်များ) က နောက်ဆုံးတွင် ပင်လယ်သမုဒ္ဒရာထဲသို့ စီးဆင်းနေခြင်းပင် ဖြစ်သည်။ မြစ်ငယ်များကို စမ်းချောင်း၊ ချောင်းငယ်၊ ချောင်းကလေး စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်လေ့ ရှိကြသည်။ ပထဝီအနေအထားအားဖြင့် မြစ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သတ်မှတ်ထားခြင်းမရှိသော်လည်း အချို့ နိုင်ငံများတွင်မူ အရွယ်အစားပေါ် မူတည်၍ သတ်မှတ်လေ့ရှိကြသည်။ မြစ်ငယ်များကို နိုင်ငံအလိုက် အမည် အမျိုးမျိုး မှည့်ခေါ်လေ့ ရှိကြသည်။ တခါတရံတွင် ချောင်းငယ်ထက်ကြီးသော ရေလမ်းကြောင်းအား မြစ်အဖြစ် သတ်မှတ်လေ့ရှိသော်လည်း သတ်မှတ်ချက်မှာ ဝေဝါးသဖြင့် တိတိကျကျ ပြောနိုင်ရန် ခက်ခဲ၏။
မြစ်တို့သည် ရေသံသရာ၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။ ရေဝေကြော သို့မဟုတ် ရေဝေကုန်းတန်းများတွင် မိုးရွာကျခြင်းမှတဆင့် ဖြစ်ပေါ်လာသော မျက်နှာပြင်ဆင်းရေများနှင့် အခြားသော အရင်းအမြစ်များဖြစ်ကြသည့် မြေအောက်ဖြည့်ရေများ၊ စိမ့်စမ်းများနှင့် သဘာဝ ရေခဲများနှင့် နှင်းခဲများ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသော ရေများသည် မြစ်တို့ အတွင်းသို့ ပေါင်းစပ် ဝင်ရောက်လာကြသည်။ မြစ်တို့အကြောင်းကို သိပ္ပံနည်းကျလေ့လာသော ပညာရပ်ကို ပိုတမိုလိုဂျီ (Potamology) ဟု ခေါ်ပြီး ကုန်းတွင်းရှိ ရေတို့ကို ယေဘုယျအားဖြင့် လေ့လာသော ပညာရပ်ကို ရေချိုပညာ ဟု ခေါ်သည်။
မြစ်များသည် တောင်များပေါ်ရှိ စမ်း သို့မဟုတ် အရည်ပျော်နေသောရေခဲမြစ်မှ အစပြု၍ မြစ်ဖျားခံလေ့ရှိသည်။ မြစ်ဖျားခံရာ တောင်ပေါ်ဒေသမှ စတင်စီးဆင်းပြီး ရေတိုက်စားရာလမ်းကြောင်းအတိုင်း စီးဆင်းကာ အခြားမြစ်များနှင့်တွေ့ဆုံ၍သော်လည်းကောင်း၊ မိမိတစ်စီးတည်းသော်လည်းကောင်း မြစ်ဝ သို့မဟုတ် မြစ်ဝများတွင် အဆုံးသတ်လေ့ ရှိကြသည်။ မြစ်အတွင်းရှိ ရေများသည် မြစ်ကမ်းပါးနှစ်ခုအကြား မြစ်ကြမ်းပြင်အထိနက်သော ရေလမ်းကြောင်းတစ်ခုအတွင်း ကန့်သတ်စီးဆင်းလေ့ရှိသည်။ ကျယ်ပြန့်သော မြစ်များတွင်မူ ရေလမ်းကြောင်း၏ အပေါ်သို့ လျှံကျလာသောရေများ စီးဆင်းရာ ကျယ်ပြန့်သော ရေလွှမ်းလွင်ပြင်များ ရှိသည်။ ရေလွှမ်းလွင်ပြင်သည် မြစ်၏ ရေလမ်းကြောင်းနှင့်နှိုင်းယှဉ်ပါက အလွန်ကျယ်သည်။ အခြား မြစ်ချောင်းများနှင့် ပေါင်းစပ်မိပါက မြစ်ရေပြင်သည် ပို၍ ကျယ်သွားသည်။ ထိုသို့ စီးဆင်းသွားသည့် ရေစီးကြောင်းက ရေလမ်းကြောင်းကို ဖြစ်ပေါ်စေသည်။ ထိုရေလမ်းကြောင်းသည် နှစ်ဖက်ရှိ ကုန်းများထက် နိမ့်နေ၏။ ထိုရေလမ်းကြောင်း၏ အောက်ခြေကို မြစ်ကြမ်းခင်းဟု ခေါ်သည်။ မြစ်၏ဘေးနှစ်ဖက်ကို ကမ်းပါးဟု ခေါ်သည်။ မြစ်တမြစ်အတွင်းသို့ စီးဝင်သည့် မြစ်လက်တက်အားလုံးနှင့် မြစ်မကြီးကို မြစ်စဉ်စုဟုခေါ်၏။ မြစ်မကြီးမှခွဲထွက်၍ ထိုမြစ်မကြီးအတွင်းသို့ ပြန်၍မစီးဝင်တော့ဘဲ သီးခြား စီးဆင်းသွားသော မြစ်ကို မြစ်ခွဲဟုခေါ်သည်။ မြစ်စဉ်စုတစ်ခုစီးဆင်းနေသော ဒေသကို မြစ်ဝှမ်းဟု ခေါ်သည်။ (ဥပမာ၊ ဧရာဝတီမြစ်ဝှမ်း) မြစ်တစ်မြစ်ကို အများအားဖြင့် သုံးပိုင်းပိုင်း၍ လေ့လာလေ့ရှိကြသည်။ တစ်ပိုင်းနှင့်တစ်ပိုင်း အရည်အချင်း၊ ဝိသေသဂုဏ်များလည်း မတူကြ။
အထက်ပိုင်းတွင် ရေလမ်းကြောင်းနက်၍ ရေစီးသန်သည်။ ရေလမ်းကြောင်းသည် ရေ၏တိုက်စားခြင်းကိုခံရသဖြင့် လျင်မြန်စွာ နက်ရှိုင်းသွားတတ်သည်။ ကမ်းပါးများသည်လည်း မတ်စောက်၍ နေတတ်သည်။ မြစ်များ၏ အထက်ပိုင်းကမ်းပါးများသည် မျဉ်းမတ်ကဲ့သို့ မတ်စောက်လျက်ပင် ရှိတတ်ကြသည်။ ရေစီးသန်သည်။ ရေစီးကြောင်း ဖြောင့်တန်းနေတတ်သည်။ မြစ်မ အတွင်းသို့ စီးဝင်လာသော မြစ်လက်တက်များ၏ ရေလမ်းကြောင်းများသည် မြစ်မကြီး၏ရေလမ်းကြောင်းလောက်ပင် နက်တတ်ကြသည်။
မြစ်၏အလယ်ပိုင်းသည် မြစ်ဖျားခံရာတောင်များကို ကျော်လွန်လာပြီဖြစ်သဖြင့် ရေစီးနှေးသွားသည်။ ထိုအပိုင်းတွင် ရေစီးမသန်လှတော့သဖြင့် အထက်ပိုင်းမှသယ်ဆောင်လာသော ကျောက်စရစ်များသည် ထိုအပိုင်းတွင် ကျန်ရစ်ခဲ့ကြသည်။ ရေစီးနှေးသွားသဖြင့် မြစ်သည် ပို၍ ကျယ်သွားသည်။ ရေစီးကြောင်းက လည်း လမ်းရှိအခုအခံများကို သယ်ဆောင်မသွားနိုင်ကြတော့သဖြင့် ထိုအခုအခံများကို ကွေ့ကောက်၍ သွားကြသည်။ မြောက်အမေရိကတိုက်ရှိ မစ္စစ္စပီမြစ်၏ အလယ်ပိုင်းတွင် ထိုနည်းအတိုင်း ဖြစ်ပေါ်နေသည်ကို တွေ့နိုင်ပေသည်။ မြစ်၏အလယ်ပိုင်းတွင် နုံးနုနှင့် ရွှံ့များသည် ရေစီးကြောင်းရှိ အခုအခံများကြောင့် အောက်သို့ အနည်ထိုင်သွားကြပြီးလျှင် နောက်ဆုံးတွင် မျက်နှာပြင်သို့ မြင့်တက်လာကာ မြေနုကျွန်းများ ဖြစ်ပေါ်လာကြသည်။ မြစ်၏ အထက်ပိုင်းရှိကျွန်းများသည် မြစ်၏ လျင်မြန်သော ရေစီးကြောင်း၏ တိုက်စားမှုကြောင့် ရေမစားနိုင်သောကျောက်များသာ ဖြစ်ကြသည်။
မြစ်၏အောက်ပိုင်းသည် မြစ်၏အလယ်ပိုင်းနှင့် မထူးခြားလှချေ။ ရေစီးကြောင်းသည် အနည်းငယ်ပို၍ နှေးသွား၍၊ နုံးနုများ ပို၍ အနည်ထိုင်ကြသဖြင့် ရေသည်လည်း ပို၍ ငြိမ်သွားသည်။ ရေသည် ကမ်းပါးများကို လျှံတက်ကာ ရေလွှမ်းမိုးလေ့ရှိကြသည်။ ထိုကဲ့သို့ ရေလွှမ်းမိုးသည့် ရေများ သွေ့ခြောက်သွားသောအခါတွင် မြေသြဇာကောင်းမွန်သော လယ်ယာများဖြစ်သွားကြသည်။ အောက်မြန်မာပြည်ရှိ မြောင်းမြခရိုင်ကဲ့သို့သော မြစ်ဝကျွန်းပေါ်ဒေသ၌ မြေသြဇာကောင်းခြင်းမှာ ဧရာဝတီမြစ်သည် ထိုကဲ့သို့ ဖြစ်ခြင်းကြောင့် ဖြစ်သည်။ မြစ်၏ ရေစီးကြောင်းသည် ကျောက်များကို ဖြတ်၍ စီးလေ့ရှိကြသဖြင့် ကျောက်၏ မမာလှသော အစိတ်အပိုင်းများသည် ရေစီးကြောင်း၏ တိုက်စားခြင်းကို ခံကြရသည်။ မာသည့် ကျောက်အစိတ်အပိုင်းများသာ အခုအခံများအနေဖြင့် ကျန်ရစ်တတ်ကြသည်။ အထူးသဖြင့် ရေစီးသန်သော မြစ်များတွင် ထိုကဲ့သို့ဖြစ်ပေါ်သည်ကို တွေ့ရသည်။ ထိုအခါတွင် ရေမော်များအဖြစ် ကျန်ရစ်သည်။ ကျောက်မာများ အောက်တွင် ကျောက်ပျော့များ ရှိနေလျှင် ရေစီးကြောင်းက ကျောက်ပျော့များကို တိုက်စားသွားသဖြင့် နိုင်အာဂရာ ရေတံခွန်ကြီးကဲ့သို့သော ရေတံခွန်များဖြစ်ပေါ် နေတတ်သည်။
မြစ်များသည် ရေကြောင်းခရီး၊ ကုန်စည်ကူးသန်းသွားလာရေး သယ်ယူပို့ဆောင်ရေးအတွက် အရေးပါ အရာရောက်သောလမ်းကြောင်းများ ဖြစ်ကြပေသည်။ မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် ဧရာဝတီမြစ် တစ်ခုသာလျှင် ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် အသုံးဝင်သည်။ သံလွင်မြစ်မှာ အလွန်ရ ှည်လျားသော်လည်း ကျောက်ဆောင်ထူထပ်ပေါများ၍ လူဦးရေနည်းပါးသော အရပ်ဒေသများကို ဖြတ်သန်းစးဆင်းရခြင်းကြောင့် သစ်ဝါးမျှောရန်မှအပ များစွာအသုံးမဝင်လှချေ။ မြစ်တစ်ခု၏ ရေစီးနှုန်းကို ရေစီးဆင်းရာ မြေပြင်၏ အနိမ့်အမြင့်ကိုလိုက်၍ ဆုံးဖြတ်ရသည် မှန်သော်လည်း မြေအနိမ့်အမြင့်ချင်း တူညီက ကြီးသော မြစ်သည် ငယ်သောမြစ်ထက်ပို၍ ရေစီးမြန်သည်။ အပူပိုင်းဒေသများတွင် မိုးအခါများ၌ မြစ်ရေလျှံ တက်ပြီး အခြားအခါများ၌ မြစ်ရေ ကျသွားတတ်သည်။ သမပိုင်းဒေသများ၌မူ တစ်နှစ်ပတ်လုံး ညီညာမျှတစွာ မိုးရွာသဖြင့် နွေရာသီလများတွင် ရေမှာအခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီးလျှင် မြစ်ရေ ကျသွားတတ်သည်။ သမပိုင်းဒေသများ၌မူ မိုးမှာ တစ်နှစ်ပတ်လုံး ညီညာမျှတစွာ ရွာသဖြင့် နွေလများတွင် ရေမှာအခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီးလျှင် မြစ်ရေနည်းပါးသွားသည်၊ သို့ဖြစ်၍ နွေလများ၌ ရေကျပြီးလျှင် ဆောင်းလများတွင် မြစ်ရေလျှံတက်တတ်သည်။ မြစ်တခု၏စီးဆင်းရာ လမ်းကြောင်းသည် နောက်ဆုံး၌ မြစ်ကြီး တစ်ခုအဖြစ်သို့ ရောက်သွားပြီးလျှင် ပင်လယ်ထဲသို့ စီးဆင်းသွားသည်။ ကမ္ဘာတွင်မြစ်ကြီး၊ မြစ်ငယ်ပေါင်း ၁၈၄ စင်းရှိ၏။ အရှည်ဆုံးသော မြစ်သည် နိုင်းမြစ်၊ အရှည်မိုင် ၄၁၈၀ ဖြစ်သည်။ ထင်ရှားသောမြစ်ကြီးအချို့တည်ရှိရာဒေသ၊ မိုင် အရှည်(ခန့်မှန်း)နှင့် စီးဆင်းရာရပ်ဝန်းတို့ကို အောက်တွင် ဖော်ပြထားသည်။
| စဉ် | အမည် | တည်ရှိရာ အရပ်ဒေသများ | အရှည် (မိုင်) | ရေစီးဆင်းသည့် ဧရိယာ (စတုရန်းကီလိုမီတာ) | ရေစီးနှုန်း (ကုဗမီတာ / စက္ကန့်) | စီးဝင်ရာရပ်ဝန်း |
| ၁ | နိုင်မြစ် (Nile) | အာဖရိကတိုက်မြောက်ပိုင်း (အီသီယိုမီးယား၊ ဆူဒန်၊ အီရစ်ထရီယား၊ ယူဂန်ဒါ၊ တန်ဇင်နီးယား၊ ကင်ညာ၊ ရဝန်ဒါ၊ ဘာရန်ဒါ၊ အီဂျစိ၊ ကွန်ဂို၊ တောင်ဆူဒန် | ၄၁၈၀ | ၃၂၅၄၅၅၅ | ၂၈၀၀ | မြေထဲပင်လယ် |
| ၂ | အမေဇုံမြစ် | တောင်အမေရိကတိုက် ဘရာဇီး၊ ပီရူး၊ ဗိုလီဗီယား၊ ကိုလံဘီယာ၊ အီကူဒါ၊ ဗန်နီဇူးလား၊ ဂူယနာ | ၃,၉၇၆ | ၇၀၅၀၀၀ | ၂၀၉၀၀၀ | အတ္တလန္တိတ်သမုဒ္ဒရာ |
| ၃ | ယန်ဇီမြစ် | တရုတ်ပြည် (အာရှတိုက်) | ၃,၉၁၇ | ၁၈၀၀၀၀ | ၃၁၉၀၀ | အရှေ့တရုတ်ပင်လယ် |
| ၄ | မစ္စစ္စပီမြစ် | မြောက်အမေရိက တိုက် အမေရိကန်၊ ကနေဒါ | ၃,၉၁၇ | ၂၉၈၀၀၀၀ | ၁၆၂၀၀ | မက္ကဆီကိုပင်လယ်ကွေ့ |
| ၅ | မြစ်ဝါမြစ် | အာရှ | ၃,၃၉၅ | ၇၄၅၀၀၀ | ၂၁၁၀ | ဘိုဟိုင်းပင်လယ် |
| ၆ | ကွန်ဂိုမြစ် အာဖရိက | ကွန်ဂို၊ အာဖရိကအလယ်ပိုင်းနိုင်ငံ၊ အင်ဂိုလာ၊ တန်ဇင်နီယား၊ ကမရွန်၊ ဇန်ဘီယား၊ ဘူရန်ဒီ၊ ရဝန်ဒါ | ၂၉၂၂ | ၃၆၈၀၀၀၀ | ၄၃၇၁ | အတ္တလန္တိတ်သမုဒ္ဒရာ |
| ၇ | မဲခေါင်မြစ် | အာရှ | ၂၇၀၅ | ၈၁၀၀၀၀ | ၁၆၀၀၀ | တောင်တရုတ်ပင်လယ် |
| ၈ | ဂင်္ဂါမြစ် | အိန္ဒိယ၊ ဘင်္ဂလားဒက်ရှ်၊ နီပေါ | ၂၆၂၀ | ၉၀၇၀၀၀ | ၁၂၀၃၇ | ဘင်္ဂလားပင်လယ်အော် |
| ၉ | မာရေးမြစ် ဩစတြေးလျ | သြစတြေးလျ၊ တောင်ဝေလနယ် | ၂,၂၈၂ | ၁၀၆၁၀၀၀ | ၁၆၀၉ | တောင်သမုဒ္ဒရာ |
| ၁၀ | ကော်လိုရာဒိုမြစ် | အမေရိက၊ မက္ကစီကို | ၁၄၅၀ | ၃၉၀၀၀၀ | ၁၂၀၀ | ကယ်လီဖိုးနီးယားပင်လယ်ကွေ့ |
| ၁၁ | ဗော်လဂါမြစ် | အာရှ(ဗယ်ဒိုင်း ကုန်းမြေမြင့်၊ ရုရှားအာရှ(ဗယ်ဒိုင်း ကုန်းမြေမြင့်၊ ရုရှား | ၂၂၆၆ | ၁၃၈၀၀၀၀ | ၈၀၈၀ | ကက်စပီယံပင်လယ် |
| ၁၂ | ယူဖရေးတီးမြစ် | အာရှ (အီရပ်၊ တူရကီ၊ ဆီရီယား | ၂၂၃၆ | ၈၈၄၀၀၀ | ၂၇၉၉ | ပါရှန်းပင်လယ်ကွေ့ |
| ၁၃ | အိန္ဒုမြစ် | အာရှ (ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်) | ၁၉၇၆ | ၉၆၀၀၀၀ | ၇၁၆၀ | အာရပ်ပင်လယ် |
| ၁၄ | သံလွင်မြစ် | အာရှ (တရုတ်၊ မြန်မာ၊ ယိုဒယား) | ၁,၉၀၁ | ၃၄၀၀၀ | ၃၁၅၃ | ကပ္ပလီပင်လယ် |
| ၁၅ | ဗြဟ္မပုတ္တရမြစ် | ဟီမလီးယာ (အိန္ဒိယ၊ တရုတ်၊ နီပေါ၊ ဘင်္ဂလားဒက်ရှ်၊ ဘူဒန် | ၁၈၀၀ | ၇၁၂၀၃၅ | ၁၉၈၀၀ | ဂင်္ဂါမြစ် |
| ၁၆ | ဧရာဝတီမြစ် | မေခ မလိခ၊ မြန်မာပြည်မြောက်ဖျား၊ | ၁၃၀၀ | ၆၀၄၂၀၀ | ၁၃၀၀၀ | ဘင်္ဂလားပင်လယ် |
| ၁၇ | ဒွန်းမြစ် | တူလ၊ ရုရှား | ၁၂၂၃ | ၄၂၅၆၀၀ | ၉၃၅ | အာစော့ပင်လယ် |
| ၁၈ | တီဂရစ်မြစ် | တူရကီ | ၁၁၈၀ | – | – | ရှပ်တယ်အာရပ် |
| ၁၉ | ချင်းတွင်းမြစ် | မြန်မာပြည်မြောက်ဖျား | ၁၁၅၈ | – | – | ဧရာဝတီမြစ် |
| ၂၀ | ရိုင်းမြစ် | ဂျာမနီ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ နယ်သာလင်၊ လူဇင်ဘတ်စ်၊ သြစတြီးယား၊ ဘလ်ဂျီယံ၊ လစ်ချက်စ်တင်း၊ အီတလီ | ၇၇၀ | ၁၈၅၀၀၀ | ၂၃၃၀ | မြောက်ပင်လယ် |
မြေအောက်ရေ
ကမ္ဘာမြေဖြစ်တည်ကာစက မြေမျက်နှာပြင်ပေါ်တွင်ရေမရှိပုံရပေ။ ထိုအချိန်က ကမ္ဘာမြေ၏ မျက်နှာပြင်သည် အပူရှိန်ပြင်းပြင်းဖြင့် မီးဖုတ်ထားသောအုတ်နီခဲနှင့် တူသည်။ ထို့ကြောင့် မြေအောက်ရေသည် နှစ်ပေါင်း ၆ ဘီလီယံကျော် (နှစ်သန်းပေါင်း ၆ သန်းကျော်)သက်တမ်းရှိပြီး မြေကြီး၏ သက်တမ်းနှစ်ပေါင်း ၄ . ၅၄၃ ဘီလီယံ နှင့်နှိုင်းယှဉ်လျှင် အသစ်အဆန်းတစ်ခုအနေဖြစ်သည်။ ထိုအပြင် ယနေ့ ကျွနုပ်တို့ သိထားသည့် သက်တမ်းအရင့်ဆုံး အနည်အနှစ်များသည် နှစ်ပေါင်း ၁ . ၆ ဘီလီယံ (နှစ်သန်းပေါင်း ၁ . ၆)သိန်းခန့် သက်တမ်းရှိနေပြီ။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ထိုမိုးရွာသွန်းမှုကြောင့် မိုးရေများ မြေကြီးပေါ်သို့ ကျဆင်းသွားပြီး မြေကြီးထဲသို့ စိမ့်ဝင်သွားသောရေသည် မြေအောက်ရေအဖြစ် တည်နေ၏။ မြေကြီးထဲသို့ မိုးရေ၊ မြေပေါ်ရေများ စိမ့်ပြီးမြေအောက်ရေအဖြစ် ထိုးဖောက်ဝင်ရောက်ခြင်း၊ စိမ့်ဝင်ခြင်း (infiltration) ဟုခေါ်သည်။
မြေအောက်ရေသည် ကမ္ဘာမြေကြီးအောက်တွင် အပေါက်ငယ်များကြား တနေရာမှတနေရာသို့ ရွေ့လျားနေသည်။ ထိုသို့ဖြစ်ခြင်းကို အပေါက်ငယ်များကြား စိမ့်ဝင်ယိုစီးခြင်းဟု ခေါ်ဝေါ်အသုံးသည်။ လက်ရှိ မြေအောက်ရေ အရင်းအမြစ်များကို ထပ်မံတိုးမြှင့်ဖြည့်တင်းဖို့ မြေပေါ်မှစိမ့်ဝင်သောနေရာ အရပ်ဒေသကို မြေအောက်ရေပြန်လည်ဖြည့်တင်းရာ ရပ်ဝန်းနေရာဒေသဟု ခေါ်သည်။ မြေအောက်ရေ ပြန်လည် ဖြည့်တင်းရာတွင် သဘာဝအလျောက် ဖြည့်တင်းပေးသော မိုးရေ၊ မိုးနှင်းနှင့် ဆီးနှင်းများအပြင် တဆင့်ခံ ပြန်လည်ဖြည့်တင်းပေးသော စမ်းချောင်းနှင့်မြစ်ချောင်း၊ အင်းအိုင်များ၊ စပါးစိုက်ခင်းများတွင် တင်နေသည့် ရေများ၊ ဆည်မြောင်းရေကန်များ၊ ရေလျှံနေသည့်နေရာဒေသများလည်း ပါဝင်သည်။
ကမ္ဘာမြေမျက်နှာပြင်အနီးတွင်တွေ့ရသည့်အချို့သော ကျောက်လွှာစုတွင် ရေစိမ့်ဝင်နိုင်သည့် အပွင့်(အပေါက်) များသည် အတူတကွ မပါရှိကြ(သို့) အနီးအနားရှိ မြေဆီလွှာများဖြင့် ပြည့်ဝင်ပိတ်ဆို့နေတတ်ကြ၏။ ထိုရေစိမ့်ဝင်ပေါက် အမျိုးအစားနှစ်မျိုး ရှိသည်။ နဂိုကတည်းကရှိနေသည့် မူလ ပထမတန်း စိမ့်ဝင်ပေါက်နှင့် အဓိကမဟုတ် ထပ်ဆင့်ဖြစ်လာသော ဆင့်ပွားရေစိမ့်ဝင်ပေါက်ဟူ၍ ဖြစ်သည်။
မြေအောက်ရေကို မြေမျက်နှာပြင်အောက်၊ ရေစိမ့်ဝင်ခိုအောင်းနိုင်သော မြေလွှာနှင့် ကျောက်လွှာကြားတွင် တွေ့ရသည်။ မြေအောက်ရေ ခိုအောင်းသိုလှောင်ထားသောနေရာကို ရေအောင်းလွှာဟု ခေါ်၏။ ဖန်ခွက်ထဲ ရှိနေသောရေပမာဏကို ပြင်ပတွင် ပကတိဖြစ်တည်နေသော၊ မြေလွှာ ကျောက်လွှာအတွင်းရှိ ရေနှင့် နှိုင်းယှဉ်၍ ရသဖြင့် ထိုရေနေကို ရေမျက်နှာပြင်ဟု ခေါ်သည်။ ရေမျက်နှာပြင် အထက် အပေါ်ပိုင်းတွင် ရှိသောဇုန်ကို ရေမစိမ့်နိုင် သောဇုန်(သို့) မြေအောက်ရေအောင်းလွှာနှင့် အပင်အမြစ်တွယ်သည့်အလွှာ ကြား (အပိုင်း)ဟုခေါ်ပြီး ထိုရေနေအောက်ရှိဇုန်ကို ရေပြည့်ဝနေသောဇုန်ဟုခေါ်သည်။
မြေအောက်ရေပြန်လည်ဖြည့်တင်းခြင်း၊ စီးဆင်းခြင်းနှင့် ထုတ်ယူသုံးစွဲခြင်း၊ ရာသီဥတုစသည် တို့ကြောင့် ရေနေ (water level) သည် ရာသီအလိုက်ပြောင်းလဲနိုင်သည်။
ကျမ်းကိုး။ ။ (၁) အမေရိကန်နိုင်ငံ အမျိုးသားမြေအောက်ရေအဖွဲ့အစည်း၏ ကမ္ဘာမြေပေါ်ရှိ ရေသတင်းအချက်အလက်များ
(၂) ကမ္ဘာမြေအချက်အလက်ရှာဖွေရေးအဖွဲ့၊ နာဆာ
(၃) အမေရိကန်နိုင်ငံ ဘူမိဗေဒစူးစမ်းလေ့လာရေးအဖွဲ့ (၂၀၁၂ ခုနှစ်)