(၂၀၂၁ ခုနှစ် ဇန်နဝါရီလ က Myanmar Geoscience Webinar အစီအစဉ်မှ ထုတ်လွှင့်ခဲ့သည့် ရေတွင်းနှင့်စက်ရေတွင်းများဆိုင်ရာ အထွေထွေ ဗဟုသုတ ဟောပြောချက်များကို အခြေခံရေးသားထားသည့် ဆောင်းပါးဖြစ်ပါသည်။)
၁။ ရေတွင်းအမျိုးအစားများ
က။ လက်တူးတွင်း (ရေတွင်း) (Dug Well)

ပေါက်တူး၊ ပေါက်ချွန်းဖြင့် လူအင်အားအသုံးပြုတူးသည့်တွင်း ဖြစ်သည်။ ရေတွေ့သည်အထိ တူးဖော်ထားကာ ရေပုံး၊ ရေပုံးကြိုးနှင့် ရေငင်ယူရသည့်တွင်း (အချို့ စက်သီးတတ်)ထားကြသည်။ ယခုအခါ လက်နှိပ်တုံကင်တတ်၊ အဖုံးဖုံးအသုံးပြုကြသည်။ အနက်ပေ ၃၀-၇၅ ခန့်အထိရှိကြသည်။ သဘာဝအလျောက် သန့်စင်နေသောရေ ဖြစ်သည်။
ခ။ စက်ရေတွင်း (Drilling Tube Well)

မြေလွှာ ကျောက်လွှာ ထိုးဖောက်နိုင်သည့် စက်အင်အား၊ လူအား၊ တွင်းတူးပိုက်နှင့် စတီးဝါယာကြိုး စသည်များကို အသုံးပြု၍ လူ၏စီမံခန့်ခွဲမှုဖြင့် အပေါ်မှအောက် ထောင်လိုက်၊ ရေအောင်းသဲလွှာတွေ့သည် အထိ တွင်းပေါက်ဖောက်၊ ရေဝင်ဆန်ကာပိုက်၊ ရေထုတ်ပိုက်များ တတ်ဆင်ပြီး စက်အကူအညီဖြင့် ရေထုတ်ယူသည့်တွင်း ဖြစ်သည်။ ယေဘုယျအားဖြင့် မြေပြင်အောက် ပျမ်းမျှအနက်ပေ ၆၀-၈၀ ဝန်းကျင်မှ သည် အနက်ပေ ရာချီထောင်ချီရှိသော တွင်းများဖြစ်သည်။ စက်ရေတွင်းအရွယ်အစားမှာ ၂ လက်မအရွယ်မှ ၁၈-၂၄ – ၃၆ လက်မစသည်ဖြင့်ရှိကြသည်။
ဂ။ ရေစုဆောင်းရယူသောတွင်း (Collector well or Radial Collector Well)

ခက်ဖြာ ရေစုဆောင်းရယူသောတွင်းကို မြေအောက်ရေများစွာ ခိုအောင်းနေနိုင်သော သဲချောင်းများနှင့် သဲချောင်းကမ်းစပ်များ၌ တည်ဆောက်၍ ရသည်။ ယေဘုယျအားဖြင့် ၁၂ ပေမှ ပေ ၂၅-၃၀ အထိ ကျယ်သည်။ တူးဖော်ရမည့် တွင်းအနက်ပေ၊ ရေစုပ်ယူနိုင်မည့်ပမာဏ၊ တွင်းအကျယ်၊ အောက်ခြေတွင် ထည့်သွင်းမည့် ရေဝင်လက်တန်ပိုက် စသည်တိုကို စဉ်းစားဆုံးဖြတ်ရ၏။ မြေပေါ်ပေါ်နေသည့် တွင်းဘောင် အမြင့်ပေသည် မိုးတွင်း ချောင်းရေ၊ မြစ်ရေအမြင့်ဆုံးတက်သည်ထက် ပိုရပါမည်။ သို့မှသာ မိုးတွင်းကာလ ရေမမြုပ်နိုင်ပါ။
ဃ။ ရေဖြည့်တွင်း (Recharge Well)

မိုးရေများ သဘာဝအလျောက် မြေအောက်ရေအောင်းလွှာထဲသို့ စိမ့်ဝင်သောနည်း မဟုတ်ပါ။ လူတို့၏ စီမံမှုဖြင့် မိုးရေ၊ မြစ်ချောင်းရေ ကန်ရေ စသည်တို့မှ ရေကို လူအား၊ စက်အားဖြင့် မြေအောက်သို့ ရေတွင်းမှတဆင့် စိမ့်ဝင်စေသောနည်း(သို့) စက်အင်အားဖြင့် ဖြည့်တင်းပေးသောနည်း ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ပန်းခြံကဲ့သို့ ကျယ်ပြန့်သောနေရာ၌ ဆောင်ရွက်သည်က အကောင်းဆုံးဖြစ်သည်။မြေအောက်ထဲသို့ ရေစိမ့်ဝင်စေခြင်း (သို့)ရှိပြီးသောတွင်းထဲသို့(သို့) စက်ရေတွင်းထဲသို့ ရေများ ထည့်သွင်းခြင်းတို့ကို ဆောင်ရွက်ရာ၌ ပတ်ဝန်းကျင်ကို အမြဲစိမ်းလန်းစေသည်။
၂။ ရေတင်စက်များ ( Pumps)
စက်ရေတွင်းမှ သန့်စင်ကြည်လင်သောရေများ၊ ရေထွက်နှုန်း မှန်မှန်ထွက်လာသောအခါ ရေတင်စက် တပ်ဆင်ကြရသည်။ ထွက်လာသောရေထွက်နှုန်း (တစ်နာရီအတွင်း(သို့)တစ်မိနစ်အတွင်း ရေဂါလန် မည်မျှထွက်သည်ကို အခြေခံ)ကာ မည်သည့်ရေတင်စက်မျိုး တပ်ဆင်ရမည်ကို အခြားသော အချက်အလက်များ ဖြစ်သည့် ရေတွင်းအရွယ်အစား၊ အတိမ်အနက်၊ ရေနေ၊ ငွေအင်အားစသည်တို့ကို ထည့်သွင်းစဉ်းစားပြီး ရေတင်စက်ကို ရွေးချယ်ရသည်။ ယေဘုယျအားဖြင့် အိမ်၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် စက်မှုလက်မှုလုပ်ငန်းများ၌ လူအများအသုံးပြုနေကြသည့် ရေတင်စက်အမျိုးအစား ၈ မျိုးရှိသည်။ မြန်မာနိုင်ငံ၌ အသုံးများသော ရေတင်စက် (ရေတင်ကိရိယာ)အကြောင်း ဗဟုသုတရစေလိုသည့်အလို့ငှာ ပုံများဖြင့် (အကြမ်းဖျင်း) အောက်တွင် ဖော်ပြထားသည်။
က။ လက်နှိပ်တုံကင်ပန့် (လက်နှိပ်ရေတင်စက်) (Handpump)

လက်နှိပ်ရေတင်ပန့်သည် လူ့အင်အားအသုံးပြုပြီး ရေတင်သည့်ကိရိယာဖြစ်သည်။ ရေထွက်နှုန်း များစွာမလိုအပ်သော ကျေးလက်ဒေသနှင့် လူနေ ရပ်ကွက်များသုံး တွင်းတိမ်များ၌ အများဆုံးအသုံးပြုကြသည်။ လက်နှိပ်ရေတင်ကိရိယာသည် ယေဘုယျ အားဖြင့် လူ၏အားစိုက်ထုတ်မှုအပေါ်တည်ပြီး တစ်နာရီအတွင်း ရေဂါလန်တစ်ရာကျော် ရေစုပ်တင်နိုင်သည်။ တိုက်ရိုက်-လက်ရိုက်ရေတင်ကိရိယာ (Direct action hand pump) သည် ပြထားသည့်အတိုင်း အနက်ပေ ၆၀ ခန့်မှရေကို စုပ်တင်နိုင်သည်။ ရေနက်သုံးလက်နှိပ်တုံကင်၌ ဆလင်ဒါအတွင်းရှိ ပစ်စတင်သည် မြေအောက်ရေမျက်နှာပြင်မှ ပေ ၄၀ – ၅၀ မှ ပေ ၁၅၀ -၂၀ဝ ခန့်မှ ရေကို စုပ်တင်နိုင်သည်။
ခ။ ရေမြုပ်ပန့် (Submersible pump)

တိုးတက်လာသည့်ခေတ်တွင် ရေမြုပ်ပန့်ကို စက်ရေတွင်းမှ ရေစုပ်တင်ခြင်းလုပ်ငန်းများ၌ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ မြင်းကောင်ရေအား (ဝ . ၅ – ၁ . ဝ) အိပ်(ချ်)ပီဖြင့် စုတ်တင်နိုင်သည့် အရွယ်အစားမှ သည် မြင်းကောင်ရေအား ဆယ်ဏန်းအထိ ရှိသည်။ မြေအောက်ရေထုတ်ယူရေး လုပ်ငန်းများ၌ အိမ်ထောင် တစ်စု သောက်သုံးရေအတွက် တနိုင်တပိုင် အလေးချိန် ၁၅ ပေါင်ခန့်နှင့်အရွယ် ၂ . ၉ လက်မ ခန့်ရှိ ရေမြုပ်ပန့်များကို သုံးစွဲနေကြ၏။ စက်ရေတွင်းအရွယ် ၄ လက်မအထက် တွင်းများမှ ရေထုတ်ယူရာ၌ အများဆုံးအသုံးပြုကြသည်။ မြန်မာနိုင်ငံ၌ စက်ရေတွင်းအရွယ် ၄ . ၅ – ၅ လက်မပိုက် ချထားသည့် တွင်းများ၌ တပ်ဆင်အသုံးပြုနေကြသည်။
ရေမြုပ်ပန့် တပ်ဆင်ပုံမှာ ရေစုပ်တင်သည့်ပန့်နှင့် လျှပ်စစ်မော်တာတို့သည် ရေတင်ကိရိယာ၏ ကိုယ်
ထည်အတွင်း အထက်အောက် အစီအစဉ်တကျတည်ဆောက်ထားရှိပြီး ရေထဲ၌မြုပ်နေ၏။ ဤပန့်သည် အခြားသော စင်ထရီဗြူကယ်ပန့်များထက် အားသာချက် များစွာရှိသည်။ ရေမြုပ်ပန့်သည် အခြားသောရေပန့်များကဲ့သို့ မဟုတ်ဘဲ ကမ္ဘာဆွဲအားနှင့်လေဖိအားတို့ကို ဆန့်ကျင်ပြီး တွင်းထဲမှရေကို အပေါ်သို့ စဉ်ဆက်မပြတ် တွန်းတင်ပေး၏။ ရေမြုပ်ပန့်တွင် ရှပ်တစ်ခု (Single shaft) အတွင်း ရေယက်၊ မော်တာပန့် စသည်ဖြင့် အဆင့်ဆင့် ထည့်သွင်းတည်ဆောက်ထားသည်။ အရာအားလုံးသည် အရှိန် တခုတည်းဖြင့် တပြိုင်တည်း လည်ပတ်သည်။ ရေယက် (Impeller) များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး ရေကို အဆင့်ဆင့်တင်ပေးခြင်း ဖြစ်သည်။ မော်တာဝါယာကြိုးနှင့် ဆက်သွယ်ထားသည့် လျှပ်စစ်စွမ်းအင် (သို့) အင်ဂျင်ပါဝါကို စက်ရေတွင်းအပြင်ဘက် မြေပေါ်တွင် တပ်ဆင်ထားသည်။ တစ်နာရီ ရေတင်နှုန်းသည် ရာဂဏန်းမှ ထောင်ဂဏန်း သောင်းဂဏန်းအထိ ရေတင်စက်များကို အိမ်သုံး၊ စက်ရုံ အလုပ်ရုံနှင့် စိုက်ပျိုးရေးလုပ်ငန်းအလိုက် သုံးစွဲနေကြသည်။
ရေမြုပ်ပန့်အလုပ်လုပ်ပုံသရုပ်ပြဗီဒီယိုကြည့်ရန် ဤနေရာကိုနှိပ်ပါ။ (ကြာချိန် ၃ မိနစ် ၄၈ စက္ကန့်)
တာဘိုင်ပန့် (Turbine pump)
တာဘိုင်ပန့်ကို စက်ရေတွင်းမှ စိုက်ပျိုးရေးလုပ်ငန်းများနှင့် စက်ရုံ အလုပ်ရုံများအတွက် ရေများစွာ ထုတ်ယူခြင်း လုပ်ငန်းများ၌ အသုံးပြုကြသည်။ရေထုတ်ယူသည့်နည်းစနစ်သည် ရေမြုပ်ပန့်၏ နည်းစနစ်ပုံစံမျိုးနှင့် သဘောသဘာဝတူ၏။
ဂ။ ဂျက်ပန့် (အားပြင်းပန့် ) ) (Jet pump)

ဂျက်ပန့်ကို အရွယ်အစားမျိုးစုံရှိသော တွင်းတိမ် တွင်းနက် နှစ်မျိုးစလုံး၌ အသုံးပြုနိုင်သည်။ရေစုပ်တင်သည့်ပန့်နှင့် အင်ဂျင် (သို့) လျှပ်စစ်ပါဝါကို တွင်းအပေါ်ပိုင်း မြေပြင်၌ ထားရှိသည်။ဂျက်ပန့်သည် ရေမြုပ်ပန့်ထက် ရေထုတ်အားနည်း၏။ ဂျက်ပန့်သည် မြေမျက်နှာပြင်အောက်ပေ ၂၅ -၃၅) နှင့် ထိုအနက် ပတ်ဝန်းကျင် ရေထိပ်နီးသောတွင်းများမှ ရေစုပ်ထုတ်ရာ၌ ပိုမိုသင့်လျော်သည်။ တွင်းတိမ်သုံးနှင့် တွင်းနက်သုံး ဟူ၍ ဂျက်ပန့် နှစ်မျိုးနှစ်စားရှိ၏။ တွင်းနက်သုံးဂျက်ပန့်သည် မြင်းကောင်ရေအားအလိုက် အနက်ပေ ၈၀ – ၁၀ဝ အထိ စုပ်တင်နိုင်သည်။ ထုတ်လုပ်သည့်ပုံစံမှာ အားပြင်းသော နော်ဇယ်ရေပန်းကို ဂျက်ပန့်၏ထိပ်၌ တပ်ဆင်ထားခြင်းဖြစ်သည်။ ဂျက်ပန့်(အားပြင်းပန့်)ကို တွင်းတိမ်၊ တွင်းနက်နှစ်မျိုးစလုံး ရေတင်ရာ၌ အသုံးပြုနိုင်သည်။
ဃ။ လေအားသုံးပန့် (Air-lift pump)

လေအားသုံးပန့်သည် စက်ရေတွင်းမှ ရေထုတ်ယူသုံးစွဲသည့်ကဏ္ဍ၌ ယခင်ကပင် အသုံးပြုခဲ့သော ရေတင်စက်အမျိုးအစား ဖြစ်သည်။ ယနေ့အထိ ၄ လက်မနှင့်အောက်အရွယ် သေးငယ်သော အိမ်သုံး စက်ရေတွင်းများမှ ရေထုတ်ယူရာတွင် သုံးစွဲလျက်ရှိကြသည်။ လေအားသုံးရေတင်စက် (လေမှုတ်စက်) တပ်ဆင်ရာ၌ လေပိုက် အရွယ်အစား၊ မြေအောက်ရေနေ စမ်းသပ်သိရှိထားသည့် ရေထွက်နှုန်းနှင့် မြေအောက်ရေမျက်နှာပြင်နိမ့်ကျမှုစသည်တို့ကို အခြေခံသည်။ စမ်းသပ်သိရှိထားသည့် ရေထွက်နှုန်းအတိုင်း (သို့)ထွက်နှုန်းပမာဏ ဝန်းကျင်အတိုင်း ရရှိရန်လိုအပ်သည့် လေပေါင်ပမာဏကို သိရမည်။ လေပေါင်ပမာဏ ထုတ်ပေးနိုင်မည့် လေမှုတ်စက်နှင့် တွဲဖက်အသုံးပြုမည့် အင်ဂျင်စက် (သို့) လျှပ်စစ်မော်တာတို့ လိုအပ်သည်။ လိုအပ်သောလေ ပမာဏ ကုဗပေမိနစ် [CFM (Cubic feet per Minute)] သည် ယေဘူယျအားဖြင့် ရေထွက်နှုန်းနှင့်တိုက်ရိုက်အချိုးကျသည်။ လေပိုက်တပ်ဆင်ရန် အတိုကောက် မှတ်သားနည်းမှာ ရေတစ်ဂါလန်ထွက်ရန် လေပေါင်လေးပုံသုံးပုံ လိုအပ်သည် ဖြစ်၏။
လေအားသုံးပန့်အလုပ်လုပ်ပုံသရုပ်ပြဗီဒီယိုကြည့်ရန် ဤနေရာကိုနှိပ်ပါ။ (ကြာချိန် ၂ မိနစ် ၂၀ စက္ကန့်)
၃။ ရေတင်စက်ရွေးချယ်ရာတွင် အခြေခံသိထားရမည့် အချက်အလက်များ
၁။ တွင်းအရွယ်အစား
၂။ ရေထုတ်ယူလိုသည့်ပမာဏ (ဂါလန်/မိနစ် (သို့) ဂါလန်/နာရီ)
၃။ ရေမှုတ်စမ်းသပ်စဉ်က မှတ်တမ်းရရှိထားသည့် မြေအောက်ရေနေ (မူလ) (Static Water
Level) နှင့် မြေအောက်ရေနေ (မှုတ်ဆဲ) ) (Pumping Water level) နှင့် ရေနေနိမ့်ကျမှု
(Drawdown)
၄။ ရရှိနိုင်သော (သို့) အသုံးပြုနိုင်သော ရေတင်စက်အမျိုးအစား
၅။ ရေထွက်နှုန်း (Yield)
၆။ စုစုပေါင်း ရေတင်ရမည့်အမြင့်ပေ (ခန့်မှန်း) တို့ဖြစ်သည်။
(ကြော်ငြာ)
ဦးမြင့်သိန်း၏ မြေအောက်ရေနှင့်စက်ရေတွင်းများစာအုပ် သုံးတွဲကို မှာယူလိုလျှင် –
အတွဲ – ၁ အခြေခံမြေအောက်ရေနည်းပညာ (၅၀ဝ၀ ကျပ်) ဤနေရာကိုနှိပ်ပါ။
အတွဲ – ၂ အခြေခံစက်ရေတွင်းတူးနည်းပညာ (၁၂၅၀ဝ ကျပ်) ဤနေရာကိုနှိပ်ပါ။
အတွဲ – ၃ စက်ရေတွင်းပိုင်ရှင်များအခြေခံနည်းပညာလမ်းညွှန် (၅၀ဝ၀ ကျပ်) ဤနေရာကိုနှိပ်ပါ။
၄။ သိထားသင့်သည့် စက်ရေတွင်းထိန်းသိမ်းရေးဆိုင်ရာများ
က။ မိမိအိမ်ရှိ စက်ရေတွင်း၊ ရေတွင်းကို ညစ်ညမ်းစေသည့် အဓိကအရင်းအမြစ်များ
၁။ အိမ်သုံးဓာတုဗေဒပစ္စည်းများ၏ စွန့်ပစ်ရေဆိုးများ
၂။ နိုက်တရိုဂျင်ဓာတ် အများအပြားပါရှိသည့် ဓာတ်မြေသြဇာအသုံးပြုပြီးနောက် စွန့်ပစ်ရေများ
၃။ စက်ရုံအလုပ်ရုံသုံး ဓာတုဗေဒပစ္စည်းများနှင့် လောင်စာဆီများ
၄။ စီးပွားရေးဇုန်၊ စက်မှုထုတ်ကုန်ပစ္စည်းများနှင့် အဝေးပြေးလမ်းများက ဖိတ်စင်လာသော စွန့်ပစ်ရေဆိုးများ
၅။ စနစ်တကျ မသုံးစွဲသည့် ပိုးသတ်ဆေးအမျိုးမျိုးက ထွက်သည့် ရေဆိုးများ
၆။ ဓာတ်ဆီ၊ လောင်စာဆီနှင့်ဓာတုပစ္စည်းများ သိုလှောင်ထားသည့် အမြင့်တင်လှောင်ကန်များက ယိုစိမ့် ကျဆင်းလာသည့် ရေဆိုးများ၊
၇။ စနစ်တကျတည်ဆောက်မထားသော အိမ်သာ၊ အညစ်အကြေးစွန်ပစ်ကန်များမှ စိမ့်ထွက်ရေဆိုးများ
၈။ မြို့ပြရေဆိုးရေညစ်ထုတ်မြောင်းများ
၉။ စွန့်ပစ်အမှိုက်များ၊ မိုးရေဖြင့်ပျော်ဝင်စီးဆင်းသည့်ရေဆိုးများ
ခ။ စက်ရေတွင်းရေကို မညစ်ညမ်းအောင် ကာကွယ်ခြင်း
၁။ စက်ရေတွင်းတူးစဉ်က တွင်းသိမ်းလုပ်ငန်းဆောင်ရွက်စဉ် တွင်းပေါက်နှင့်ရေထုတ်ပိုက်အကြား လပ်နေသောနေရာကို ရေစိမ့်မဝင်နိုင်သောမြေ (မြေစေး / ရွှံ့မြေ (သို့) ဘိလပ်မြေနှင့်သဲအရော (စနစ်တကျ သတ်မှတ်အချိုး)ကို (Cement Grouting) လောင်းထည့်ရန်
၂။ စက်ရေတွင်း၏ မြေပေါ် ပေါ်ထွက်ပိုင်းကို အုပ်ခုံပြုလုပ်ထားရန်
၃။ စက်ရေတွင်းအနီးအနား ပတ်ပတ်လည်တွင် ပန်းပင် ပန်းအိုးများ မထားရန်
၄။ ဓာတ်မြေသြဇာအိပ်များ ၊ ဓာတ်ဆီပုံးအလွတ်များ မထားရန်။
၅။ ရွက်ကြွေများကို အမြဲစုပုံမနေစေဘဲ အခါအားလျော်စွာ ရှင်းပေးရန်
၅။ ငလျင်နှင့်စက်ရေတွင်း
မြန်မာနိုင်ငံသည် ငလျင်ဘေးအန္တရာယ်မှ ရှောင်ကွင်းမရပါ။ ငလျင်အန္တရာယ်အကြောင်း ငလျင်ပညာရှင်များ ရေးသားထားသည့် စာစောင် ဆောင်းပါး စာအုပ် များစွာရှိသည်။ ဖတ်ရှု လေ့လာသင့်ပါသည်။ ငလျင်ကြောင့် စက်ရေတွင်းများလည်း အတိုင်းအတာတစ်ခု၊ ကာလတစ်ခုအထိ၊ ထိခိုက် ပျက်စီးခြင်းမျိုး ရှိနိုင်သည်။ ရှိခဲ့သည်။ ငလျင်ပြင်းအား ၆ နှင့်အထက်ဆိုပါက သတိထားရမည်။ စစ်ဆေးရမည်။
စက်ရေတွင်းများသည် မြေလွှာအထပ်ထပ်ကို တူးဖောက်၍ ရေခိုအောင်းနေသောအလွှာ (သဲ / ကျောက်ကြို ကျောက်ကြားများ) များမှ ရေကိုထုတ်ယူခြင်း ဖြစ်သဖြင့် ငလျင်လှုပ်ခတ်ခြင်းများနှင့် ဆက်စပ်နေသည်။ငလျင်လှုပ်ခပ်ခြင်းကြောင့် ရေတွင်းများတွင် ဆိုးကျိုးများ သက်ရောက်နိုင်ပါသည်။
က။ ငလျင်ကြောင့်ရေတွင်းများတွင်သက်ရောက်စေနိုင်သည့်ဆိုးကျိုးများ
၁။ ငလျင်ဗဟိုချက်နှင့်နီးသည့် နေရာများတွင် ငလျင်ပြင်းအားပေါ် မူတည်၍ ငလျင်မလှုပ်မီ စက္ကန့်ပိုင်းအတွင်း ဖြစ်ပေါ်လာသော မြေတွင်းဖိအားများကြောင့် စက်ရေတွင်း၊ ရေမျက်နှာပြင် မြင့်လာခြင်း၊ နိမ့်ကျသွားခြင်းများ ဖြစ်စေသည်။
၂။ ငလျင်ဗဟိုချက်နှင့်အနီးအဝေးအလိုက် ငလျင်လှိုင်းပြင်းအား ပမာဏပေါ် မူတည်ပြီး ရေတွင်းရေများ နောက်ကျိလာခြင်းများ ဖြစ်ပေါ်သည်။ ငလျင်လှုပ်တော့မည့် အရိပ်အရောင်ပြခြင်းဖြစ်သည်။ ငလျင်ဗဟိုချက်နှင့်နီးလေ ဆိုးကျိုးသက်ရောက်မှုများလေ ဖြစ်မည်။
၃။ ငလျင်လှုပ်ပြီး အချိန်အနည်းငယ်ကြာပါက စက်ရေတွင်းမှထွက်လာသော ရေအရောင် (ညိုညစ်ညစ်၊ ဖျော့တော့တော့အရောင်)သည် ခြောက်လ တစ်နှစ်ခန့်အထိ ရှိနေနိုင်သည်။
၄။ မြေတွင်းငလျင်လှိုင်းသွား အမြင့်ဆုံးအရှိန် (Peak Ground Acceleration –PGA) တန်ဖိုး
မြင့်သော အရပ်ဒေသများတွင် –
(က) ငလျင်လှုပ်နေစဉ် ငလျင်လှိုင်းအားကြောင့် မြေတွင်းတုန်ခါမှုဖြစ်ပေါ်ပြီးနောက် မြေအောက်ရေအောင်းလွှာ ရေဖိအားပြောင်းလဲလာသည်နှင့်အမျှ အချို့နေရာများရှိ ရေအောင်းသဲလွှာများသည် သိပ်သည်းကျစ်လစ်သွားပြီး ရေခန်းခြောက်ခြင်း။
(ခ) အချို့နေရာများရှိရေအောင်းသဲလွှာများမှာ ကျစ်လျစ်သိပ်သည်းမှု မရှိသည့် ကြေမွလွယ်သော မြေလွှာ၊ ကျောက်လွှာများဖြစ်သဖြင့် သဲဆန်သောဖျော်ရည်အဖြစ် ပြောင်းလဲပြီး ရေတွင်းမှတဆင့် မြေပေါ်သို့ပ န်းထွက်လာနိုင်ခြင်း၊ ဤသို့ဖြစ်ခြင်းကို ပညာရပ်ဆိုင်ရာ အခေါ်အဝေါ်အရ (liquefaction) ဟုခေါ်ဆိုသည်။
(ဂ) အချို့နေရာများ၌ စက်ရေတွင်းကျွံကျသွားခြင်း၊ တွင်းအနီးပတ်ဝန်းကျင်၌ မြေပြိုခြင်းများ ဖြစ်တတ်ခြင်း။ (အဆိုပါ အခြေအနေများသည် ငလျင်ပြင်းအားပမာဏ အမ် (၆))(M 6) (M mean earthquake magnitude)နှင့် အထက်ရှိ ငလျင်များကြောင့် အဖြစ်များသည်။
ခ။ စက်ရေတွင်းပိုင်ရှင်များ ကြိုတင်သိထားသင့်သည်များ
၁။ ငလျင်လှုပ်ပြီးကာစ (တစ်ရက်နှစ်ရက်)အတွင်း တွင်းရေကိုမသုံးဘဲ ပြင်ပက သန့်စင်သောရေကို သုံးရန်
၂။ ငလျင်လှုပ်ပြီနောက် စက်ရေတွင်းကို စစ်ဆေးရန်။ မျက်မြင်ပျက်စီးမူများကို စစ်ဆေးရန်။
၃။ တွင်းရေကို သောက်သုံးရန်သင့်မသင့် ရေအရည်အသွေးစစ်ဆေးပြီးမှ သုံးရန်။
၄။ ရေအရောင်အသွေး ပြောင်းလဲလာခြင်း၊ အနံ့အသက်ရှိခြင်း၊ ရေထွက်နှုန်း ပြောင်းလဲလာခြင်းများသည် ငလျင်ကြောင့် ဖြစ်သည်။
၅။ ရေအရောင်ပြောင်းလွဲလာခြင်း။ ညိုညစ်ညစ်အရောင်သည် တစ်ရက်နှစ်ရက်အတွင်း မပျောက်ပါက မြေအောက်ရေကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်သင့်ပါသည်။ ရေဝင်ပေါက် ဆန်ကာ ကျိုးပျက်သွားပါက ထိုသို့ ဖြစ်နိုင်ပါသည်။
၆။ ရေတွင်းကို ပြန်လည်ရေမှုတ်ဆေးကြောရန်
ရ။ ကန်ထရိုက်တိုက်များအောက်ရှိ စက်ရေတွင်းများ အထူးသတိထားရန်
ဆက်စပ်ဖတ်ရှုရန်ဆောင်းပါး ငလျင်နှင့်မြေအောက်ရေ ဤနေရာကိုနှိပ်ပါ။