
မုန်တိုင်းပိုတိုက်ခြင်း၊ ရေကြီးခြင်း၊ အပူလွန်ကဲခြင်း၊ မိုးခေါင်ခြင်းစသည့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များသည် လာမည့်နှစ်ပေါင်းများစွာအတွင်း ပို၍ ဆိုးရွားလာရန်သာ ရှိနေသည်။ ယင်းဒဏ်ကို အများဆုံးခံကြရမည့်သူများမှာ ယခုဆယ်ကျော်သက်အရွယ်သို့ စ ရောက်နေသူများနှင့် သူတို့၏အောက် ကလေးငယ်များ ဖြစ်ကြသည်။ သူတို့ တွေ့ကြုံခံစားကြရရန် သေချာနေသည့် ရာသီဥတုပြောင်းလဲမှုအကြောင်း အခြေခံများအပြင် ယင်းဒဏ်မှ သက်သာရာ ရစေရန် သူတို့လည်း တစ်နိုင်တစ်ပိုင် လုပ်ဆောင်ပေးနိုင်ကြသည်၊ မည်သို့ လုပ်ဆောင်သင့်သည်တို့ကို အသိပေး အကြံပြုလိုသဖြင့် ဤစာအုပ်ကို ပြုစုထုတ်ဝေသည်။
ကလေးတို့အတွက် ရည်ရွယ်သည့်အတိုင်း ဖြစ်နိုင်သမျှ အလွယ်ဆုံး အရှင်းဆုံး ဝေါဟာရများကို ရွေးချယ် အသုံးပြု တင်ပြထားသည်။ သီးခြားဖွင့်ဆိုရန် လိုသည်ဟု ယူဆသော ဝေါဟာရရှင်းလင်းချက်များကို စာအုပ် နောက်ပိုင်း၌ ဖော်ပြထားသည်။
အခန်းတိုင်း၏ နောက်တွင် ထည့်သွင်းထားသော အမေးအဖြေများ၊ ကွက်လပ်ဖြည့်နှင့် အမှားအမှန်ရွေး လေ့ကျင့်ခန်းများ၊ ဉာဏ်စမ်းများ အားလုံးကို ဖြေဆို လေ့ကျင့်ခြင်းဖြင့် ရှေ့ပိုင်းပါ အကြောင်းအရာများကို ပိုမို ထဲထဲဝင်ဝင် သဘောပေါက် နားလည်ပါမည်။ ဖြေရန် အခက်အခဲရှိလျှင် ရှေ့စာမျက်နှာများရှိ ဆိုင်ရာ အကြောင်း အရာများကို ထပ်မံဖတ်ရှု စဉ်းစား ဖြေဆိုလျှင် ဖြေနိုင်ပါလိမ့်မည်။ ယင်းသို့ ထပ်ဖတ်၍မှ မဖြေနိုင်သေးလျှင် စာမျက်နှာ ၆၄ ပါ အဖြေများကို ကြည့်နိုင်ပါသည်။
ဤစာအုပ်ကို Our Changing Climate by UNICEF Zimbabwe 2017 ၏ ဖွဲ့စည်းတင်ပြပုံကို အဓိကမှီငြမ်း၍ ပြုစုသည်။
ဤစာအုပ်ကို ပါရမီစာပေ၊ ၂၃၂၃၀၊ ၂၉ လမ်း၊ ပန်းဘဲတန်း၊ ရန်ကုန်၊ (ဖုန်း ဝ၁၈၂၅၃၂၄၆ / ဝ၉ ၇၈၃ ၉၅၃ ၂၄၆)
၂/၄၊ ကမ္ဘာအေးစေတီတော်မုခ်ဦးစောင်းတန်း၊ ရန်ကုန်
၂၉၅၊ ဈေးအရှေ့လမ်း၊ ထားဝယ်တို့တွင် တစ်အုပ် ၄၀ဝ၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပါသည်။
အွန်လိုင်းဖြင့် မှာယူလိုလျှင် အောက်ပါလင့်ခ်ကို နှိပ်၍ မှာကြားနိုင်ပါသည်။
https://www.myanmaronlinesales.com/MyanmarBooks/BookDetails/55522

ရာသီဥတုပြောင်းလဲခြင်းသည် ”နေမဝင် ရေပြင်ခဲသည့် မြောက်ဝင်ရိုးစွန်းမှသည် ရေရှားသည့်သဲကန္တာရဆဟာရ”ပါ မရှောင်၊ ကမ္ဘာ့ချောင်ကြိုချောင်ကြားသို့တိုင်သက်ရောက်ကာ အပူလှိုင်းများ၊ မိုးခေါင်ခြင်းများ၊ မုန်တိုင်းထန် ရေကြီးခြင်းများ၊ မြင့်တက်လာသော ပင်လယ်ရေပြင်စသည့် အကျိုးဆက်များကို ဖန်တီးဖြစ်ပေါ်စေလျက်ရှိသည်။ ယင်းဖြစ်စဉ်များ၏ ထပ်ဆင့် အကျိုးဆက် အဖြစ် ရေနှင့်စားနပ်ရိက္ခာရှားပါးခြင်း၊ ဥစ္စာëဓန ပျက်စီး ခြင်း၊ အိုးအိမ်ဆုံးရှုံးခြင်း၊ နေရင်းဒေသကို စွန့်ခွာရခြင်းတို့ကို နိုင်ငံတိုင်း တစ်မျိုးမဟုတ်တစ်မျိုး ကြုံတွေ့ခံစားနေကြရပြီ။ အနာဂတ်တွင် ယခုထက် ပိုဆိုးသောအခြေအနေများနှင့်ရင်ဆိုင်ရဖို့ရှိရာ မြန်မာနိုင်ငံသည် အဆိုးရွားဆုံးခံရမည့်နိုင်ငံထဲတွင် ပါဝင်နေသည်။
ရာသီဥတုပြောင်းလဲခြင်းသည် ကျောက်မီးသွေး အဓိကဖြစ်သည့် ရုပ်ကြွင်းလောင်စာများကြောင့် ဖြစ်ကြောင်း၊ ယင်းလောင်စာများ၏ နေရာတွင် ဆိုလာ လေအားစသည့်ပြန်ပြည့်မြဲစွမ်းအင်များကို အစားထိုး အသုံးပြု ကြရမည် ဖြစ်ကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်များ၏ ကုန်ကျစရိတ်သည် လျင်မြန်စွာကျဆင်းလာနေကြောင်း သိပြီးဖြစ်ကြသည်။ ထို့ကြောင့် ရုပ်ကြွင်းလောင်စာများကိုပစ်ပယ်ကာ ယင်းတို့နေရာတွင် ဆိုလာ လေအား စသည် တို့ဖြင့် အစားထိုးကြရန် လိုလားကြသည်။ လှုံ့ဆော်ကြသည်။
မည်မျှ လိုလားလှုံ့ဆော်ကြစေကာမူ လက်တွေ့တွင် ရုပ်ကြွင်းလောင်စာများကို လုံးဝမသုံးဘဲ ပစ်ပယ်ဖို့မဆိုထားဘိ၊ အဓိကနေရာမှပင် ယနေ့အထိ မဖယ်ရှားနိုင်သေးကြောင်း အထင်အရှားတွေ့နိုင်ကြသည်။
မဖယ်ရှားနိုင်ရခြင်း၏ နောက်ကွယ်တွင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ နည်းပညာစသည့် အကြောင်းရင်းများစွာ ရှိနေသည်။ လူသိလွန် စွာနည်းသည့် အဆိုပါ အကြောင်းရင်းများကား အဘယ်နည်း၊ ယင်းတို့ကို မည်သို့ ကျော်လွှားနိုင်မည်နည်း၊ မည်မျှကြာလျှင်ကျော်လွှားနိုင်မည်နည်း စသည်တို့ကို ဘီလ်ဂိတ်က How to Avoid a Climate Disaster စာအုပ်၌ ဖော်ထုတ်ထားသည်။ နက်နဲသော အကြောင်းအရာကို ထဲထဲဝင်ဝင်လေ့လာရေးသားသော်လည်း အများ နားလည်အောင် အားထုတ်နိုင်သဖြင့် ထိုစာအုပ်သည် ၂၀၂၁ ခုနှစ်က နိုင်ငံ တကာ၌ အရောင်းရဆုံးစာအုပ် ဖြစ်ခဲ့သည်။
ရုပ်ကြွင်းလောင်စာများနေရာတွင် ပြန်ပြည့်မြဲစွမ်းအင်များဖြင့် အစားထိုးရန် မည်သည့်အတွက် ခက်ခဲကြန့်ကြာနေရသနည်းဆိုသည်ကို ရှင်းပြသောစာအုပ်ကိုမဆိုထားဘိ၊ ဆောင်းပါးတစ်စောင်တလေကိုမျှ မြန်မာစာပေနယ်၌ မတွေ့ရသေးသဖြင့် ယင်းကွက်လပ်ကို ဖြည့်ဆည်းရန် How to Avoid a Climate Disaster စာအုပ်ကို ပြန်ဆိုထုတ်ဝေသည်။
ဤစာအုပ်ကို ပါရမီစာပေ၊ ၂၃၂၃၀၊ ၂၉ လမ်း၊ ပန်းဘဲတန်း၊ ရန်ကုန်၊ (ဖုန်း ဝ၁၈၂၅၃၂၄၆ / ဝ၉ ၇၈၃ ၉၅၃ ၂၄၆)
၂/၄၊ ကမ္ဘာအေးစေတီတော်မုခ်ဦးစောင်းတန်း၊ ရန်ကုန်
၂၉၅၊ ဈေးအရှေ့လမ်း၊ ထားဝယ်တို့တွင် တစ်အုပ် ၇၅၀ဝ ကျပ်ဖြင့် ဝယ်ယူနိုင်ပါသည်။
အွန်လိုင်းဖြင့် မှာယူလိုလျှင် အောက်ပါလင့်ခ်ကို နှိပ်၍ မှာကြားနိုင်ပါသည်။
https://www.myanmaronlinesales.com/MyanmarBooks/BookDetails/56169