ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်း အစည်းအဝေး

စကော့တလန်နိုင်ငံ ဂလပ်စဂိုမြို့၌ ကျင်းပလျက်ရှိသော ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်း အစည်းအဝေး၏ တရားဝင်အမည်မှာ COP26 ဖြစ်သည်။ COP26 သည် Conference of the Parties 26 ၏ အဖျားဆွတ် အတိုကောက်ဖြစ်ပြီး ပါဝင်ပတ်သက်သော အဖွဲ့အစည်းများ၏ ၂၆ ကြိမ်မြောက် အစည်းအဝေးဟု ပြန်ဆိုနိုင်သည်။ ပါဝင်ပတ်သက်သော အဖွဲ့အစည်းများဆိုသည်မှာ ၁၉၉၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်(the United Nations Framework Convention on Climate Change (UNFCCC))တွင် ပါဝင်ခဲ့သော နိုင်ငံများကို ရည်ညွှန်းသည်။

အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့ပျမ်းမျှအပူချိန်ကို စက်မှုတော်လှန်ရေးခေတ် အစပိုင်း၏ အပူချိန်ထက် ၁ . ၅ ဒီဂရီ စင်တီဂရိတ်ထက် ပိုမတက်အောင် ထိန်းထားမည့် မူဝါဒနှင့်ကတိကဝတ်များ ရရှိရေး ဖြစ်သည်။

ကမ္ဘာ့ပျမ်းမျှအပူချိန် ၁ . ၅ ဒီဂရီ စင်တီဂရိတ်ထက် ပိုတက်ပါက ကမ္ဘာ့ ရာသီဥတုစနစ် ဟန်ချက်ပျက်ကာ ယခုကြုံတွေ့နေရသော အပူချိန်တက်ခြင်း၊ မုန်တိုင်း အရေအတွက်နှင့် ပြင်းအား ပိုမိုလာခြင်း၊ အချို့နေရာများတွင် မိုးသည်းထန်ခြင်း၊ အချို့နေရာများတွင် မိုးခေါင်ခြင်း၊ ရေခဲပြင်များ အရည်ပျော်ခြင်း၊ ပင်လယ်ရေပြင် မြင့်တက်လာခြင်းစသည့် ဘေးအန္တရာယ်များသည် ထိန်းသိမ်း၍ မရတော့အောင် မြန်ဆန် ပြင်းထန်သွားကာ ကမ္ဘာကြီးတစ်ခုလုံး မဟာကပ်ဘေးကြီး ဆိုက်မည်မှာ မလွဲဧကန်ပင် ဖြစ်တော့သည်။

ကမ္ဘာ့ပျမ်းမျှအပူချိန် ၁ . ၅ ဒီဂရီ စင်တီဂရိတ်ထက် ပိုတက်လျှင် ဖြစ်ပေါ်လာနိုင်သည်များ လေ့လာရန်

ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်း အစည်းအဝေး၏ အောင်မြင်မှုသည် အပူချိန်ကို ထိန်းနိုင်အောင် အဓိကဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်သော ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်နေခြင်းကို နိုင်ငံအသီးသီးက လုံလောက်သော ပမာဏအထိ လျှော့ပေးမည်ဟု အာမခံချက် ပေးနိုင်မပေးနိုင်ဆိုသော အချက်ပေါ်တွင် မူတည်သည်။

ဖန်လုံအိမ်ဓာတ်ငွေ့နှင့် ဖန်လုံအိမ်အာနိသင်အကြောင်း လေ့လာရန်

ကာဘွန်ဒိုင်အောက်ဆိုက် လျှော့ချရန် ကျောက်မီးသွေးအပါအဝင် ရုပ်ကြွင်းလောင်စာအသံုံးကို အဓိက လျှော့ချပြီး သန့်ရှင်းသော ပြန်ပြည့်မြဲစွမ်းအင်များကို တိုးမြှင့်သုံးစွဲရမည်။ အစည်းအဝေး တက်ရောက်သော နိုင်ငံ့ခေါင်းဆောင်များက မိမိတို့နိုင်ငံများ၌ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု လုံလောက်သော ပမာဏအထိ လျှော့ချပါ့မည်ဟူသော ကတိကဝတ်ကို ပေးလျှင် အစည်းအဝေး အောင်မြင်သည်ဟု သတ်မှတ်နိုင်သည်။

သို့သော် ယင်းကတိကဝတ်ကို နိုင်ငံ့ခေါင်းဆောင်များက ပေးပါ့မည်လောဟု အများစုက သံသယ ရှိနေကြသည်။ ကာဘွန်ဒိုင်အောက်ဆိုက်လျှော့၍ ပြန်ပြည့်မြဲလောင်စာ ပိုသုံးလျှင် ကုန်ကျစရိတ် များလွန်းသဖြင့် နိုင်ငံ့စီးပွားရေးကို ထိခိုက် သက်ရောက်နိုင်သဖြင့် ယင်းကတိကဝတ်ကိုပေးရန် ခေါင်းဆောင်များက ချင့်ချိန်နေကြသည်။

ယခုအစည်းအဝေးတွင်မှ ခေါင်းဆောင်များက ဓာတ်ငွေ့လျှော့ချရေးကို ကတိပေး လုပ်ဆောင်ခြင်းမရှိလျှင် ကမ္ဘာံရာသီဥတုသည် ဧကန်ဟန်ချက်ပျက်ပြီး ဘေးဆိုးကြီးများမလွဲမသွေ ဆိုက်ရောက်တော့မည်။

ကမ္ဘာ၏ သေရေးရှင်ရေးဖြစ်သည့်အတွက် ချင့်ချိန်နေကြသော နိုင်ငံ့ခေါင်းဆောင်များကို ဖိအားပေး ဆန္ဒပြရန် ကမ္ဘာအရပ်ရပ်မှ လူတစ်သိန်းခန့် ဂလပ်စဂိုသို့ ရောက်နေသည်။

ဖန်လုံအိမ်ဓာတ်ငွေ့ကို အများဆုံးထုတ်လွှတ်ခဲ့သည်မှာ ချမ်းသာသောနိုင်ငံများ ဖြစ်သော်လည်း ရာသီဥတုဆိုးကျိုးကို အများဆုံးခံရမည်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းသော မြန်မာအပါအဝင် ဝင်ငွေနည်းနိုင်ငံများ ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှု၏ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သော အကျိုးဆက်များ လေ့လာရန်

ရာသီဥတုပြောင်းလဲခြင်းကြောင့် မြန်မာနိုင်ငံ၏ထိခိုက်နိုင်ခြေနှင့် အဆင်သင့်ဖြစ်မှု လေ့လာရန်

One thought on “ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်း အစည်းအဝေး

Leave a comment