ကမ္ဘာ့ရေနေ့ ၂၀၂၂ နှင့် မြေအောက်ရေ (ဦးမြင့်သိန်း – မောင်ကျေးရေ)

၂၀၂၂ ခုနှစ် ကမ္ဘာ့ရေနေ့ (World Water Day) နီးလာသောအခါ ဆောင်းပါးများ ရေးပို့ရန်၊ စာရေးသူ ဆက်သွယ်ထားသောအဖွဲ့များနှင့် အဖွဲ့ဝင်အဖြစ် ပါဝင်နေသော နိုင်ငံတကာရေအဖွဲ့အစည်းများက ကြော်ငြာစာတမ်းများ၊ ခံယူချက်များ၊ စာရွက်စာတမ်းများ စာရေးသူထံ အီးမေးလ်ကတဆင့် ပေးပို့လာသည်။ ထိုသူတို့ထံသို့ ဆောင်းပါးတစ်စောင် ပို့ခဲ့ပါသည်။ ယခုဆောင်းပါးကို မိမိနိုင်ငံ၏ ပြည်သူအများ ရေအရေး မမေ့ကြစေဖို့ တန်ဖိုးထားစေရေး သတိပေးဆောင်းပါးအဖြစ် ရေးသားခြင်း ဖြစ်ပါသည်။ ၂၀၂၂ နှစ်၏ ကမ္ဘာ့ရေနေ့ သတ်မှတ်ချက်မှာ “မြေအောက်ရေ” ဖြစ်သည်။ မမြင်နိုင်သော” မြေအောက်ရေကို “မြင်နိုင်အောင်“ ပြုလုပ်ခြင်း။ မမြင်ရသော မြေအောက်ရေသည် မြင်ရသည့်နေရာတိုင်းမှာ အကျိုးသက်ရောက်စေ၏။

ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာပညာရှင်နှင့်ကျွမ်းကျင်သူများ ပါဝင်သောအဖွဲ့အစည်းများ တိုင်ပင်ဆွေးနွေးကာ နှစ်စဉ်မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်ပြီး ၁၉၉၃ ခုနှစ်မှစတင်၍ ကျင်းပခဲ့သည်။ ပညာရှင်များ၊ ကျွမ်းကျင်သူများနှင့်အဖွဲ့အစည်းများက အများပြည်သူ အာရုံစိုက်လာအောင်၊ တန်ဖိုးထားလာအောင်၊ အလေးထားဆောင်ရွက်လာအောင် ဦးဆောင်၍ ဆွေးနွေးပွဲများ၊ သုတေသန တွေ့ရှိချက်များ၊ ပညာပေးလုပ်ဆောင်ချက်များကို လုပ်ဆောင်ကြသည်။ လူသန်းထောင်ပေါင်းများစွာအတွက် သန့်ရှင်းသော သောက်သုံးရေအရင်းအမြစ်၏ အရေးကြီးပုံကို မီဒီယာ အသီးသီးမှတဆင့် သတင်း ဖြန့်ဝေပေးခြင်း ဦးဆောင်စီမံခန့်ခွဲခြင်းများဖြင့် မီးမောင်းထိုးပြသည်။ ကမ္ဘာ့ရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာကို နှစ်စဉ်ထုတ်ပြန်၍ နိုင်ငံအသီသီး၏ တိုးတက်မှုကို ဖော်ပြကြပြီး ပြည်သူများကို အားတက်စေသည်။ ရေကို ပိုမိုတန်ဖိုးထားလာစေသည်။

၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့ ကမ္ဘာ့ရေနေ့၏ “အာဘော် (အဓိကဆိုလိုရင်း)မှာ မြေအောက်ရေ ဖြစ်သည်။ မြေအောက်ရေကို မြေပေါ်ရေကဲ့သို့ သဘာဝအလျောက် မျက်စိဖြင့် မမြင်ရပေ။ မြေအောက်ရေပညာရှင်များ၏ ပညာရပ်ဆိုင်ရာ စီမံခန့်ခွဲသည့် နည်းပညာ အကူအညီဖြင့် မြေပေါ်သို့ ထုတ်ယူမှသာ မြင်တွေ့ရသည်။ သို့ပါ၍ “မမြင်ရသော” မြေအောက်ရေကို “မြင်ရအောင် ဟု အင်္ဂလိပ် ဘာသာစကားဖြင့် “ Groundwater – Making the Invisible Visible” ဟု ခေါ်ဝေါ်သုံးနှုန်းကြသည်။ မမြင်ရသော မြေအောက်ရေသည် မြင်ရသည့်နေရာတိုင်းမှာ လူတို့ကို အကျိုးသက်ရောက်စေ၏။ မြေအောက်ရေသည် အရေးပေါ် လိုအပ်သည့်အခါ အစဉ်သဖြင့် အသုံးဝင်သော ရေအရင်းအမြစ် ဖြစ်သည်။ သို့သော် အကျိုးဖြစ်ထွန်းစေသည့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒရေးဆွဲသူများ၏ အသိအမှတ်ပြုမှုကို အပြည့်အဝမရပေ။ မြေအောက်ရေကဏ္ဍကို သီးသန့်ထည့်သွင်းရေးဆွဲရန် မေ့လျော့နေကြသည်။

ရေသည် လူတို့အသက်ရှင်နေရေးအတွက် အခြေခံဖြစ်သည်။ မြန်မာ့ဆိုရိုးစကား ”ရေအသက်တစ်မနက်”။ တိုးတက်သောနိုင်ငံများတွင် ရေလိုအပ်သောအခါ ရေခေါင်းဖွင့်လိုက်သည့်အခါတိုင်း ရေကျလာစမြဲပင်။ သို့သော် ကမ္ဘာတစ်ဝန်းတွင် သန့်ရှင်းသောသောက်သုံးရေ မရသည့် ပြည်သူများ ရှိနေသေး၏။ ထိုအရပ်ဒေသများရှိ ပြည်သူများထံသို့ နယ်စည်းခြားနားမှုမရှိ သောက်သုံးရေရောက်ရှိစေရေး၊ ရရှိစေရေးသည် ကုလသမဂ္ဂ၏ အမြဲတန်းရည်မှန်းချက်ပန်းတိုင်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ သန့်စင်သောရေများတွင် မြေအောက်ရေသည် အများဆုံးနှင့်အသန့်စင်ဆုံး ဖြစ်သည်။ အမေရိကန် ဘူမိဗေဒအဖွဲ့အစည်း (USGS) က တွက်ချက်ထားသည့် ကိန်းဂဏန်းများအရ ကမ္ဘာတဝန်းရှိ မြေအောက်ရေပမာဏသည် ၅၆၁၄၀ဝ၀ ကုဗမိုင် (သို့) ၂၃၄၀ဝဝဝ၀ ကုဗကီလိုမီတာဖြစ်သော်လည်း သောက်သုံးနိုင်သည့် သန့်ရှင်းသော မြေအောက်ရေပမာဏသည် ၂၅၂၆၀ဝ၀ ကုဗမိုင် (သို့) ကုဗကီလိုမီတာ ၁၀၅၃၀ဝဝဝ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ သန့်စင်သောမြေပေါ်ရေပမာဏ၏ ၃၀ ရာခိုင်နှုန်းသည် မြေအောက်ရေဖြစ်သည်။

၂၀၁၁ ခုနှစ် မှတ်တမ်းများအရ ထိုသောက်သုံးရန် သင့်လျော်သော မြေအောက်ရေကို အများဆုံး ထုတ်ယူနေသည့် ၁၀ နိုင်ငံတွင် အိန္ဒိယနိုင်ငံသည် တနှစ်လျှင် ၃၅၁ ကုဗီလိုမီတာဖြင့် ပထမ၊ တရုပ်ပြည်နှင့် အမေရိကန်နိုင်ငံတို့သည် ၁၁၂ ကုဗကီလိုမီတာစီဖြင့် ဒုတိယနှင့် တတိယအဆင့်၌ ရှိနေကြသည်။ ထုတ်ယူသုံးစွဲနေသည့်ပမာဏသည် လျင်မြန်စွာ တိုးတက်လာသဖြင့် ကမ္ဘာ တဝန်းရှိ မြေအောက်ရေ ပမာဏအပေါ် ပြန်လည်ဖြည့်တင်းပေးသည့် မိုးရေနည်းခြင်းနှင့် မိုးရွာသွန်းမူ မမှန်မကန် ဖြစ်ခြင်းစသည့် အကြောင်းများက တနှစ်ထက်တနှစ် တိုး၍တိုး၍ ဆိုးကျိုးသက်ရောက်နေစေသည်။

မြေအောက်ရေ ထုတ်ယူအသုံးပြုသည့်ပမာဏနှင့် ပြန်လည်ဖြည့်တင်းပေးသည့်ပမာဏသည် အချိုးမမှန်တော့ပေ။ အထုတ်များပြီး ပြန်လည်ဖြည့်တင်းမှု နည်းလာနေသည်။ ဤသည်မှာ ရာသီဥတု ပြောင်းလဲလာမူ (Climate change) ၏ ဆိုးကျိုးများပင်ဖြစ်သည်။ ယေဘုယျအားဖြင့် တစ်ကမ္ဘာလုံးရှိ လူဦရေ နှစ်ဘီလီယံကျော်သည် မြေအောက်ရေကို တနှစ်လျှင် မြေအောက်ရေ ဂါလန် ၂၅၉ ထရီလီယံ ထုတ်ယူနေကြသည်။ ကမ္ဘာပေါ်ရှိ စိုက်ပျိုးရေးလုပ်ငန်းများအားလုံး၏ ၂၀ ရာခိုင်နှုန်းသည် မြေအောက်ရေကို အသုံးပြုကြသည်။

ရာသီဥတုပြောင်းလဲမှုကလည်း မြေအောက်ရေ ထုတ်ယူသုံးစွဲရေးတွင် အခက်အခဲ ပြဿနာမျိုးစုံ ကြုံတွေ့လာစေသည်။ နေရာဒေသအတော်များများ၌ မမြင်ရသော မြေအောက်ရေအပေါ် ဆိုးကျိုးများ သက်ရောက်နေခြင်းက မျက်မြင်ဖြစ်ပျက်နေပြီ။ မြေအောက်ရေအောင်းလွှာမှ ရေထွက်နှုန်း ကျဆင်းလာသည်နှင့်အမျှ နေရာအတော်များများတွင် မြေမျက်နုာပြင်နိမ့်ကျသွားခြင်း၊ မြေကျွံကျခြင်းများပါ ဖြစ်ပျက်နေကြသည်။ တရုတ်နိုင်ငံဒေသအများစုတွင် ၁၉၇၀ ခုနှစ်ကစ၍ မြေအောက်ရေ မျက်နှာပြင် နိမ့်ကျလာခဲ့ရာ ယနေ့အထိပေ ၁၀ဝ၀ ခန့် နိမ့်ကျသွားကြောင်း မှတ်တမ်းများက ပြောပြသည်။ ထို့အပြင် ရေအရည်အသွေးကျဆင်းလာခြင်း၊ ပင်လယ်ကမ်းစပ်ဒေသနှင့် ဒီရေအတက်အကျရှိ မြစ်ချောင်းများအနီးရှိ မြေအောက်ရေအောင်းလွှာထဲသို့ ရေငန်၍ တိုးဝင်လာခြင်းကြောင့် ရေအရည်အသွေး ကျဆင်းလာရခြင်း၊ စွန့်ပစ်ရေဆိုးများကြောင့် မြေအောက်ရေ အရည်အသွေး ညစ်ညမ်းခြင်းစသည်တို့ ဖြစ်လာကြသည်။

နာဆာ(NASA) ၏ လေ့လာချက်အရ ကမ္ဘာပေါ်ရှိ အကြီးဆုံးသောရေအောင်းလွှာ ၃၇ ခုမှ ၂၃ ခုသည် လူတို့ သောက်သုံးရန်အတွက် ကောင်းမွန်သောရေအောင်းလွှာ၏ အရည်အသွေးနှင့်ပမာဏကို ထိန်းမထားနိုင်သည့် အခြေအနေသို့ရောက်နေကြောင်း လေ့လာသိရှိရသည်။

နေရာဒေသအလိုက် တန်ဖိုးရှိသော မမြင်နိုင်သည့်ရေကို ကောင်းကျိုးသက်ရောက်စေမည့် စီမံခန့်ခွဲမူများဖြင့် စုပေါင်းဆောင်ရွက်ရန်ဖြစ်သည်။ အသိ(တေမေနညနျ)နှင့် သတိ(ခကေအငသည)ရှိဖို့လည်း လိုပါမည်။

မြန်မာနိုင်ငံနှင့်မြေအောက်ရေ

မြန်မာနိုင်ငံတွင် ကမ္ဘာ့ရေနေ့ကို ၂၀၁၇ ခုနှစ်ကစ၍ ကျင်းပခဲ့ကြောင်း လေ့လာသိရှိရသည်။ သို့သော် နှစ်စဉ်နှစ်တိုင်း ကျင်းပသည်ဟု မှတ်တမ်းမှတ်ရာ မတွေ့ပေ။ ၂၀၂၀-၂၁ ခုနှစ်များ၌ မကျင်းပနိုင်ခဲ့ပေ။ မြန်မာနိုင်ငံတွင် အများပြည်သူနှင့်သက်ဆိုင်သည့် မြေအောက်ရေနှင့်သက်ဆိုင်သော နေ့၊ အခန်းအနားများ ကျင်းပခဲ့သည်ဟူ၍ မည်သည့်မှတ်တမ်းမှတ်ရာမျှ မတွေ့ဖူးပေ။

မြေအောက်ရေကို ရှေးမြန်မာမင်းများလက်ထက်က မြို့ပြရပ်ဝန်းရေရရှိရေးအတွက် ရေတွင်းများကို ကုန်းဘောင်ခေတ်ကာလ၊ အမရပူရ၊ မန္တလေးမြို့၊ သာယာဝတီမင်းလက်ထက် ရန်ကုန်မြို့အထိ သုံးစွဲလာခဲ့သည်။ အင်္ဂလိပ်ကိုလိုနီလက်ထက်၌ စက်တူးတွင်းများ ပိုမိုများပြားလာသည်။ ရန်ကုန်၊ အင်းစိန် ရပ်ဝန်းဒေသများအတွက် မြေအောက်ရေဥပဒေပြဋ္ဌာန်း၍ ဥပဒေစည်းမျဉ်းစည်းကမ်းအတိုင်း စက်ရေတွင်းတူးလုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။ တပြည်လုံးတွင် စက်ရေတွင်းအရေအတွက်သည်လည်း တိုးလာခဲ့သည်။ ၁၉၈၈ နောက်ပိုင်းကာလ စက်ရေတွင်း အရေအတွက်သည် ၁၉၈၈ ခုနှစ်မတိုင်ခင်ကာလများရှိ အရေအတွက်ထက် အဆများစွာတိုးလာခဲ့သည်။ သို့သော် မြေအောက်ရေဥပဒေ မရှိသေးပေ။ အင်္ဂလိပ် ကိုလိုနီလက်ထက်က ရန်ကုန်ဒေသအတွက် ပြဋ္ဌာန်းထားသော မြေအောက်ရေဥပဒေသည်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အာဏာသက်ရောက်မှု မရှိတော့ပေ။ လွန်ခဲ့သောနှစ်နှစ်က အရပ်သားအစိုးရလက်ထက် ပြုစုထားသည့် မြေအောက်ရေဥပဒေသည်လည်း အတည်ပြုပြဋ္ဌာန်းမည့်နှစ် ၂၀၂၁ တွင် အစိုးရ အပြောင်းအလဲကြောင့် ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်သွားသည်။

ခေတ်အဆက်ဆက်သော နိုင်ငံတော်အစိုးရများသည်လည်း မြေအောက်သယံဇာတများဆိုင်ရာ အကျိုးဖြစ်ထွန်းစေမည့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒရေးဆွဲရာ၌ မြေအောက်ရေဆိုင်ရာမူဝါဒ၊ နည်းစနစ် ပိုင်ဆိုင်မှု လုပ်ကိုင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အသိအမှတ်ပြု ရေးဆွဲချမှတ်ထားခြင်း မရှိခဲ့ပေ။ မြန်မာလူမျိုးများ၏ ရှေးရိုးစွဲခံယူချက်မှာ ”မြေရှိရင် ရေရှိတာပဲ”ဖြစ်သည်။ ဤခံယူချက်က နိုင်ငံအုပ်ချုပ်သူ လူတန်းစားများ၏ ခေါင်းထဲ၌ စိုက်နေသည့် ”အပ်တစ်ချောင်းဟု စာရေးသူသုံးသပ်သည်။ ယနေ့အချိန်၌ နေရာဒေသတိုင်း ရေတွင်းတူး၍ ရေမထွက်တော့ပေ။

အကျိုးဆက်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေအောက်ရေဆိုင်ရာ စည်းမျဉ်းစည်းကမ်းဥပဒေ မရှိ၊ ပညာရပ်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှု မရှိသော အရည်အသွေးပြည့်ဝစွာ ရှိသင့်သည့် တွင်းသက်တမ်း ရှည်ကြာမှု နည်းသည့် စက်ရေတွင်းအရေအတွက် များသည်သာ သန်းချီရှိနေသည်။

မြန်မာနိုင်ငံတွင် မြေအောက်ရေလွှာသုံးခု၊ အလူဗီယလ်၊ ဧရာဝတီယံ၊ ပဲခူးထုံးကျောက်ရေအောင်းလွှာများမှ မြေအောက်ရေကို ထုတ်ယူသုံးစွဲနေကြသည်။ အလူဗီယလ်မှ အများဆုံးထုတ်ယူသည်။ မြန်မာနိုင်ငံ၏ မြေအောက်ရေ ထုတ်ယူသုံးစွဲနိုင်မှုပမာဏ ၄၉၅ ကုဗကီလိုမီတာရှိသည်။ ထိုပမာဏ၏ ၁၂ – ၁၅ ရာခိုင်နှုန်း [(၇၄ . ၂၅) ကုဗကီလိုမီတာ (ခန့်မှန်း)] ခန့် သုံးစွဲနေသည်။

ပုဂ္ဂလိကစက်ရေတွင်းအရေအတွက်သည် သိန်းသန်းချီနေနိုင်သော်လည်း မှတ်တမ်းမှတ်ရာမရှိသဖြင့် မည်သူမျှ ကိန်းဂဏန်းအတိအကျကို မပြောနိုင်ပါ။ ဌာနဆိုင်ရာတွင်းများသာ မိမိတို့ဌာနအလိုက် မှတ်သားထားသည်များ ရှိကြသည်။ စိုက်ပျိုးရေးကဏ္ဍတွင်လည်း ပုဂ္ဂလိကပိုင်စိုက်ပျိုးရေးသုံး ရေလျှံတွင်းပေါင်း ၅၀ဝ၀ ကျော်နှင့် ဌာနဆိုင်ရာတွင်းပေါင်း ၇၀ဝ ရှိနေသည်။

မြန်မာနိုင်ငံတွင် မြေအောက်ရေဖြင့် စိုက်ပျိုးရေးကို ၁၉၇၅-၈၀ ခုနှစ်များက စတင်ခဲ့သည်။ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (အက်ဖ်အေအို)၏ မှတ်တမ်းများတွင် ၂၀၁၀ ခုနှစ်၌ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း စိုက်ပျိုးမြေဧက တစ်သိန်းကျော် (တနိုင်ငံလုံးရှိ စိုက်ဧကအားလုံး၏ (၅ ရာခိုင်နှုန်း)ကို မြေအောက်ရေ ကုဗမီတာသန်းပေါင်း ၄၀၆ သုံးစွဲ၍စိုက်ပျိုးခဲ့သည်ဟု ခန့်မှန်းထားသည်။ ၂၀၂၀ ခုနှစ်တွင် စိုက်ပျိုးရေးသုံး မြေအောက်ရေတွင်း (ရေလျှံတွင်း) ပေါင်း ၅၀ဝ၀ ကျော် ရှိလာကြောင်း လေ့လာသိရှိရသည်။

လူတို့၏ စီးပွားရေးဆိုင်ရာလုပ်ငန်းများ၊ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများအတွက် မမြင်နိုင်သော မြေအောက်ရေ အလွန်အကျွံ ထုတ်ယူသုံးစွဲနေခြင်းများ တစ်နှစ်ထက်တစ်နှစ် များပြားလာနေသည်။ ပြည်သူအများအတွက် သောသ်သုံးရေသည်လည်း မြေအောက်ရေဖြစ်သည်။ မြို့နယ်အားလုံး၏ ၆၀ ရာခိုင်နှုန်းကျော်သည် မြေအောက်ရေကို သောက်သုံးရေအဖြစ် အားထားနေရသည်။ သို့သော် ပြောင်းလဲလာသော ရာသီဥတု၊ မြေအောက်ရေကို အသိ၊ သတိဖြင့် ထုတ်ယူ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မှု နည်းနေသောကြောင့် သောက်သုံးရန်သင့်လျော်သော အခြေအနေများ မြန်မာနိုင်ငံတွင် လျော့ပါးလာနေသည်။

ရန်ကုန် မန္တလေးစသည့် မြေအောက်ရေ အမြောက်အမြား ထုတ်ယူသုံးစွဲနေသည့်မြို့ကြီးများတွင် အချို့နေရာများ၌ မြေမျက်နာပြင်နိမ့်ကျမူများ၊ အိမ်အဆောက်အဦတံခါး၊ ကြမ်းခင်း၊ တိုင်စသည်တို့ နိမ့်ကျမှုများ ဖြစ်နေသည်ကို ကြားသိရသည်။ အချို့သောမြို့နယ်များ၌ မြေအောက်ရေအောင်းလွှာ အလွန်အကျွံ နိမ့်ကျသွားသဖြင့် ရေထုတ်ယူ၍မရတောါသော အခြေအနေသို့ ရောက်နေသည်ကို တွင်းပိုင်ရှင်များ၊ ရေတွင်းတူးသူများမှတဆင့် ကြားသိနေရသည်။ ကောင်းသောအလားအလာ မဟုတ်ပေ။

မြန်မာနိုင်ငံတွင် မြေအောက်ရေသယံဇာတကို စနစ်တကျ စီမံခန့်ခွဲအုပ်ချုပ်မူမရှိဘဲ ထုတ်ယူ သုံးစွဲလာခဲ့သည်မှာ ရာစုနှစ်တစ်ဝက်ကျော်ခဲ့သော်လည်း မြေအောက်ရေဥပဒေ မရှိသေးပေ။အိမ်နီချင်းနိုင်ငံများအားလုံး၌ မြေအောက်ရေဥပဒေရှိကြသည်။ ပြည့်စုံသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ပညာရပ်ဆိုင်ရာစီမံခန့်ခွဲသည့်နည်းစနစ်များ ပါဝင်သည့် မြေအောက်ရေဥပဒေ အမြန်ဆုံးပေါ်ပေါက်ရန် လိုအပ်နေသောအချိန်ကာလဖြစ်သည်။ မြေအောက်ရေကဏ္ဍ စနစ်တကျ ဖွံဖြိုးတိုးတက်ရန် လိုအပ်နေပါပြီ။

မမြင်ရသောမြေအောက်ရေသည် လူတို့အတွက် မြင်ရသောနေရာ၌ ကောင်းကျိုးများစွာ ပေးနေပါသည်။ မမြင်ရသောမြေအောက်ရေကို မြင်ရသောမြေပေါ်ရေကဲ့သို့ အသိသတိထားပြီး ထိန်းသိမ်း စောင့်ရှောက် သုံးစွဲကြပါစို့။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s