(အမေရိကန်ရေလုပ်ငန်းများအသင်းအောက်တွင် ဖွဲ့စည်းထားသော အဖွဲ့ငယ်တစ်ခုဖြစ်သည့် စက်ရေတွင်း ပိုင်ရှင်များ အကြံပေးအဖွဲ့က ထုတ်ဝေသည့် စာစောင်ကို မှီငြမ်းပြီး မြန်မာပြည်သူများအတွက် မျှဝေသုတ အနေဖြင့် ၂၀၂၃ ဇန်နဝါရီလက ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ ဖလူအိုရိုက်ဒ်ပါဝင်သည့် မြေအောက်ရေကို မြန်မာပြည်အလယ်ပိုင်း ပူအိုက်စွတ်စိုသောအရပ်ဒေသများ၌ တွေ့ရသည်။ သို့သော် ဖလူအိုရိုက်ဒ် ပါဝင်မှုပမာဏ မမြင့်မားလှပါ။)
ဖလူရိုရိုက်ဒ်သည် ဓာတုဒြပ်စင်တစ်ခုဖြစ်သည်။ မြေအောက်ရေတွင် အများအားဖြင့် တွေ့ရပြီး လူနှင့် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေသည်။
မြေအောက်ရေတွင် ဖလူအိုရိုက်ဒ်ပါဝင်မှုသည် ဘူမိဖြစ်စဉ်နှင့် ကျောက်လွှာမြေလွှာ အမျိုးအစားများပေါ် တည်သည်။ ဖလူအိုရိုက်ဒ်ပါဝင်သည့် သတ္တုများမှာ လချေးပြား၊ အပါတိုက်နှင့် ဖလူအိုရိုက်ဒ်တို့ ဖြစ်ကြသည်။ အဆိုပါသတ္တုများသည် မူလအရင်းခံကျောက်များ ပို့ချစဉ်က ပါဝင်ခဲ့သည့် သတ္တုဓာတ်စင်များ ဖြစ်ကြသည်။ ဖလူအိုရိုက်ဒ်သတ္တုများပါဝင်သည့် မူလအနည်ကျကျောက်လွှာကို ဘူမိသက်တမ်းတလျှောက် တိုက်စားခြင်း၊ ဓာတ်ပြုခြင်းနှင့် အပူစွမ်းအင်များကြောင့် ထိုကျောက်လွှာအတွင်း ခိုအောင်းနေသည့် မြေအောက်ရေတွင် ဖလူအိုရိုက်ဒ်ပျော်ဝင်နေခြင်း ဖြစ်သည်။
မီးသင့်ကျောက်နှင့် မီးတောင်ကျောက်များတွင် ဖလူအိုရိုက်ဒ် ၁၀ဝ ပီပီအမ်မှ ၁၀ဝ၀ ပီပီအမ်အထိ ပါဝင်သည်။ ဖော့စဖိတ်ပါဝင်သော အနည်ကျကျောက်နှင့် မီးတောင်ပြာ (ကျောက်) များ၌ ဖလူအိုရိုက်ဒ် ပါဝင်မှု မြင့်မားသည်။ အနည်ကျကျောက်လွှာတွင် ဖလူအိုရိုက်ဒ်ပါဝင်မူ ၂၀ဝ ပီပီအမ်မှ ၁၀ဝ၀ ပီပီအမ်အထိ ပါဝင်သည်။ အသွင်းပြောင်းကျောက်များတွင် ဖလူအိုရိုက်ဒ် ၁၀ဝ ပီပီအမ်မှ ၅၀ဝ၀ ပီပီအမ်အထိ ပါဝင်သည်။ ဆိုဒီယံဘိုင်ကာဗွန်နိတ် အမျိုးအစား မြေအောက်ရေတွင် ဖလူအိုရိုက်ဒ်ပါဝင်မှု မြင့်မားလေ့ရှိသည်ကို သုတေသန လေ့လာချက်များအရ သိရသည်။
အိန္ဒိယနိုင်ငံအပါအဝင် ကမ္ဘာ့ ၂၅ နိုင်ငံရှိ လူသန်းပေါင်း ၂၀ဝ ကျော်သည် ဖလူအိုရိုက်ဒ်ပျော်ဝင်မှု သတ်မှတ် အဆင့်ထက်ပိုသော မြေအောက်ရေကိုသောက်သုံးရေနေကြသောကြောင့် ဖလူအိုရိုက်ဒ်၏ ဆိုးကျိုးကို ခံစားနေရသည်။ ကျေးလက်မြေအောက်ရေပေးဝေရေးစနစ်များတွင် ဖလူအိုရိုက်ဒ်ပါဝင်မှု လျော့ကျစေရေး ဆောင်ရွက်ရန် လိုအပ်နေသည်။ မြေအောက်ရေ အရည်အသွေး စမ်းသပ်ရာတွင် ဖလူအိုရိုက်ဒ် ပါဝင်မှုကိုလည်း ထည့်သွင်းစမ်းသပ်သင့်သည်။
ပါဝင်သင့်သောဖလူအိုရိုက်ဒ်ပမာဏ
မြေအောက်ရေတွင် ဖလူအိုရိုက်ဒ်ပါဝင်မှု ဝ . ၅ မီလီဂရမ်/လီတာနှင့်အောက်ဖြစ်ပါက သွားကျန်းမာရေးကို ကောင်းကျိုးပေးသည်။ ဖလူအိုရိုက်ဒ်ပါဝင်မှု နည်းသော ရေကိုသောက်ပါက သွားများကို ခိုင်မာစေပြီး သွားချိုးတက်ခြင်း နည်းပါးစေသည်။ ၁ . ၅ မီလီဂရမ်/လီတာထက်များပါက ဆိုးကျိုးများကို ဖြစ်စေသည်။ သွားချိုးတက်ခြင်းကို ဖြစ်စေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော သောက်ရေတွင် ပါဝင်ရမည့် ဖလူအိုရိုက်ဒ်အဆင့်သည် ၁ . ၅ ပီပီအမ်အောက်ဖြစ်သည်။ သို့သော် အချို့နိုင်ငံများတွင် ၂-၄ ပီပီအမ်အထိ ခွင့်ပြုကြသည်။
သောက်သုံးရေတွင် ပျော်ဝင်နေသော ဖလူအိုရိုက်ဒ်ပမာဏသည် သောက်သုံးသည့် အချိန်ကာလနှင့်နေရာ၊ ရာသီဥတုတို့ပေါ်တွင် မူတည်သည်။ ပူအိုက်သောရာသီဥတုတွင် ဖလူအိုရိုက်ဒ်ပါဝင်မှုပမာဏသည်လည်း တက်လာသည်။
မြန်မာနိုင်ငံတွင် ဖလူအိုရိုက်ဒ်တွေ့ရှိမှု
မြန်မာပြည်အလယ်ပိုင်း မြေနိမ့်ရပ်ဝန်းဒေသ နုန်းတင်မြေနုပို့ချရေအောင်းလွှာ၌ ဖလူအိုရိုက်ဒ်ပါဝင်မှု နည်းသော (ဥပမာ၊ ဝ . ၄ မီလီဂရမ် /လီတာနှင့်အောက်) ပမာဏကို တွေ့ရသည်။ ၂၀၁၅ ခုနှစ်ဝန်းကျင်က “သောမတ်စ်ဘကွတ်ချ်တီ”နှင့်အဖွဲ့က မြင်းခြံတဝိုက် မြေပေါ်ရေနှင့်မြေအောက်ရေတွင် ပျော်ဝင်နေသည့် အဆိပ်အထောက်ဖြစ်စေသော စွန့်ပစ်သတ္တုအနည်များပါသည့် ရေနမူနာများ၌ အာစင်နစ်၊ ယူရေနီယံတို့ ပျော်ဝင်နေမူကို စမ်းသပ်စဉ် တွေ့ရှိခြင်း ဖြစ်သည်။ မြင်းခြံမှ စက်ရေတွင်းရေနမူနာ ၁၂ ခု၊ သပြေသာရွာမှ စက်ရေတွင်း ရေနမူနာ ၆ ခုနှင့် ဧရာဝတီမြစ်ရေတို့ကို စမ်းသပ်ကြောင်း မှတ်သားရသည်။ ၂၀၁၅ ခုနှစ်က အယ်ဆာဗီရာသိပ္ပံဂျာနယ်ပါ ဆောင်းပါးကို ကိုးကားဖော်ပြခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ တစိတ်တဒေသဖြစ်သော ဧရာဝတီမြစ်ဝှမ်းဒေသ၏ မြေအောက်ရေ အရင်းအမြစ် လေ့လာတွေ့ရှိချက်အစီရင်ခံစာအရ မြင်းခြံမြို့နယ်အတွင်း ဧရာဝတီရေအောင်းလွှာများတွင်လည်း ရေနမူနာ ၁၂ ခုနှင့် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း ဧရာဝတီရေအောင်းလွှာမှ ထုတ်ယူသည့် ရေနမူနာများတွင်လည်း ဖလူအိုရိုက်ဒ် ပါဝင်မူအနည်းဆုံး (ဝ . ၈၀ မှ ၃ . ၆၀) မီလီဂရမ်/လီတာအထိ တွေ့ရှိရသည်ကို ဖတ်သိမျှဝေပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်သည် ၁ . ၅ မီလီဂရမ်/လီတာဖြစ်သဖြင့် အချို့သောမြေအောက်ရေ များတွင် ဖလူအိုရိုက်ဒ်အတော်အတန်မြင့်မားနေကြောင်းနှင့် လက်တူးတွင်းများမှ ရယူသော ရေမူနာ ၁၁၁၄ ခုမှ ၃၅ ရာခိုင်နှုန်းသည် ၂ . ၅ မီလီဂရမ်/လီတာနှင့်အထက်တွင် ရှိကြောင်း ရေးသားထားသည်။
ရေတွင်ပျော်ဝင်နေသောဖလူအိုရိုက်ဒ်ကို အာရ်အိုမင်ဘရိမ်းရေစစ်စနစ်ဖြင့်သာ သောက်သုံးရန် သင့်လျော်သည့် အဆင့်ရောက်အောင် ဖယ်ရှားသန့်စင်၍ရသည်။
လူခန္ဓာကိုယ်၌ ဖလူအိုရိုက်ဒ်ပါဝင်မှု လျော့ကျစေသည့်နည်း ၁၀ နည်း
၁။ ဖလူအိုရိုက်ဒ်ပါဝင်နေသောရေကို မသောက်ရန်၊ ဖလူအိုရိုက်ဒ်ပါဝင်နှုန်းကို လျှော့ချပေးသည့် ရေသန့်စင်စနစ်ကိုသုံးရန်
၂။ စိမ့်စမ်းရေကို သောက်သုံးရန်
၃။ သောက်ရေသန့်ကို ဝယ်သုံးရန်
၂။ သင့်ကလေးကို ဖလူအိုရိုက်ဒ်ပါသော သွားတိုက်ဆေးကို မျိုမချမိပါစေနှင့်။

သင် (သို့) သင့်ကလေး သွားတိုက်စဉ် သွားတိုက်ဆေးမျိုချမိပါက တကြိမ်တည်းနှင့်ဖလူအိုရိုက်ဒ် အမြောက်အမြား လူခန္ဓာထဲသို့ ရောက်ရှိသွားသည်။ ဤသို့ ခဏခဏဖြစ်ပါများပါက သွားများ၌ ဖြူညစ်ညစ်အရောင်အစက်များ၊ အစင်းများပေါ်လာမည်။ (အထက်ဖေါ်ပြပါပုံ)ဖလူအိုရိုက်ဒ်ပါဝင်မှု ရာခိုင်နှုန်းနည်းသောသွားတိုက်ဆေးကို အသုံးပြုခြင်းက အကောင်းဆုံးဖြစ်သည်။ ကလေးများအကြိုက် ထုတ်လုပ်သည့် ကလေးသွားတိုက်ဆေးများသည် ကလေးများ သွားတိုက်ချင်လာအောင် ချိုချဉ်အရသာနှင့် အမြုပ်ထစေသော ပီကေအရသာရအောင် စီမံရာတွင် ဖလူအိုရိုက်ဒ် ပိုထည့်ရသည်။ ကလေးများကို ဤသို့သော သွားတိုက်ဆေးမျိုးသုံးစွဲစေခြင်းကို ရှောင်ရှားသင့်ပါသည်။
၃။ သွားအလှပြုပြင်ရာတွင် ဖလူအိုရိုက်ဒ်ဂျယ် (စေးပြစ်သောအဆီ) ပါသော ပစ္စည်းများ မသုံးရန်။
သွားဆရာဝန်များသည်ဖလူအိုရိုက်ဒ် (ဖလူအိုရိုက်ဒ်ဂျယ် (စေးပြစ်သောအဆီ))ပါဝင်သော ဆေး ကို သွားအပေါက်များဖာရာတွင် အများဆုံး အသုံးပြုကြသည်။ အဆိုပါဆေးသည် မိနစ်အနည်းကြာပါက မာကြောသွားသဖြင့် သွားအပေါက်ဖားရာ၌ အခေါင်းပေါက်ကို ပိတ်ဆို့ဖာထေးရာတွင် အသုံးပြုကြသည်။ သို့သော် အချိုးအစားများပါက လူနာ၊ အထူးသဖြင့် အသက် ၁၀-၁၂ နှစ်အောက် ကလေးငယ်များ ဝမ်းဗိုက်နာခြင်း၊ မအီမသာဖြစ်ခြင်း၊ ပြို့အန်ခြင်းများကို ဖြစ်စေနိုင်သည်။ အချို့၌ အခိုက်အတန့်အားဖြင့် ကျောက်ကပ်ထိခိုက်နိုင်သည်။ ကုသ၍ရနိုင်သည်။ သို့သော် နောက်တကြိမ် ဖလူအိုရိုက်ဒ်ဂျယ်ကုသမူ မပြု လုပ်သင့်ပါ။
၄။ တာရှည်ခံအောင်ပြုလုပ်ထားသော အစားအစာများကို ရှောင်ပါ။
စားသောက်ကုန်ပစ္စည်း (အချိုရည်၊ သစ်သီးဝလံ၊ သားငါး)များ ပြုလုပ်ရာတွင် ရေကို အများဆုံးအသုံးပြုကြသည်။ သန့်စင်မထားသော ရေကိုအသုံးပြုပါက ဖလူအိုရိုက်ဒ်ပါဝင်မှုကို မြင့်တက်စေသည်။ယေဘူယျအားဖြင့် စည်သွတ်လုပ်ငန်း လုပ်ဆောင်သည့် အဆင့်များလေ၊ ဖလူအိုရိုက်ဒ်သုံးစွဲမှု ပိုများလာလေဖြစ်သည်။ သန့်စင်ထားသော (သို့)အသုံးပြုမည့်ရေကို ဦးစွာသန့်စင်ပြီးသည့် ရေနှင့် စည်သွတ်လုပ်ငန်းလုပ်ခြင်းက ဖလူအိုရိုက်ဒ်ပါဝင်နှုန်းကို ထိမ်းချုပ်ရာရောက်သည်။
၅။ သဘာဝစပျစ်သီးဖျော်ရည်နှင့် ဝိုင်ကိုသာ သုံးစွဲရန်
တန်ချိန်မြောက်များစွာ စိုက်ပျိုးသည့် စပျစ်ခြံများသည် ခရိုင်ယိုလိုက်ဟုခေါ်သည့် ဖလူအိုရိုက်ဒ် ပါဝင်သော ပိုးသတ်ဆေးကို သုံးစွဲကြသောကြောင့် ထွက်ရှိသော စပျစ်သီးနှင့် စပျစ်ဝိုင်များတွင် ဖလူအိုရိုက်ဒ် ပါဝင်မူများသည်။ သဘာဝဓာတ်မြေသြဇာ အသုံးပြုသော စပျစ်ခြံထွက် စပျစ်သီးနှင့် စပျစ်ဝိုင်ကို စားသုံးခြင်းက ကျန်းမာရေးနှင့် ညီညွှတ်သည်။
၆။ အစိမ်းရောင်နှင့်အနက်ရောင် လက်ဖက်ရည်(သို့) အရည်အသွေးညံ့သော ရွက်နုလက်ဖက်ခြောက် သုံးစွဲခြင်းကို လျှော့ရန်
အဆိုပါ အရည်အသွေးညံ့သော လက်ဖက်ရည်များ၊ ရေနွေးကြမ်းများ သောက်သုံးခြင်းကို လျှော့ခြင်း။ အထူးသဖြင့် အသင့်ပြုလုပ်ထားသော ဂရင်းတီး(အစိမ်းရောင်လက်ဖက်ရည်ဖျော်ရည် (သို့) အသင့် ဖျော်ထားသော စည်သွတ်လက်ဖက်ရည်ဘူးများ သောက်သုံးခြင်းကို လျှော့ရန်၊ ရှောင်ရန်
၇။ (တဲဖရွန်/ ချိုးမကပ်သည့် ပလပ်စတစ်တမျိုး သုတ်ထားသော) ချိုးမကပ်သောအိုးခွက်များကို မသုံးရန်။
ယင်းတို့ဖြင့် ချက်ပြုတ်သော ဟင်းလျာများကို ဖလူအိုရိုက်ဒ်ပါဝင်မူမြင့်မားစေသည်။
၈။ ဖလူအိုရိုက်ဒ်ပါဝင်သော ဆေးဝါးသုံးစွဲခြင်းကို ရှောင်ရန်
ဖလူအိုရိုက်ဒ်ပါဝင်သော ဆေးဝါးများကိုသုံးစွဲမိပါက ခန္ဓာကိုယ်၏ ဇီဝကမ္မဗေဒ အခြေအနေများကြောင့် လူ့ခန္ဓာကိုယ်တွင်း ဖလူအိုရိုက်ဒ်ပါဝင်မူကို မြင့်မားစေပါသည်။
၉။ ကြက်သားနတ်ဂစ် (အရိုးမပါသောကြက်သားအတုံးကလေးများ) ကဲ့သို့သော မက်ဒေါ်နယ်လ် အစားအစာများကို နေ့စဉ်များများ မစားသင့်။
ကြက်သားနတ်ဂစ်တွင် ဖလူအိုရိုက်ဒ်ပါဝင်မူများသဖြင့် အသက်ငယ်သောကလေးများကို အလွန်အကြူးမကြွေးသင့်ပါ။ ကလေးငယ်များ၏ သွားနှင့်ခံတွင်းကျန်းမာရေးဆိုးရွားစေပါသည်။
၁၀။ ဖလူအိုရိုက်ဒ်အိမ်သုံးဆား သုံးစွဲခြင်းကိုရှောင်ပါ
ဖလူအိုရိုက်ဒ်ပါဝင်သော အိမ်သုံးဆားကို မသုံးသင့်ပါ။ ဖလူအိုရိုက်ဒ်အိမ်သုံးဆား (ဆိုဒီယံဖလူအိုရိုက်ဒ်ဆားနှင့် ပိုတက်စီယံဖလူအိုရိုက်ဒ်ဆား) ကို သုံးစွဲမိပါက လူ့ခန္ဓာကိုယ်တွင် ဖလူအိုရိုက်ဒ်ပါဝင်မူကို မြင့်မားစေသည်။ နှစ်ကြာလာသောအခါ သွားနှင့်ခံတွင်း (ပါးစပ်)ကျန်းမာရေးကို ဆိုးရွားစေပါသည်။