ရေရှားပါးခြင်းကြောင့် ဖြစ်ပေါ်သည့် ဆိုးကျိုး ၁၀ ချက် – ဦးမြင့်သိန်း (မောင်ကျေးရေ)

(သန့်စင်သောရေရရှိရေး နည်းပညာများ ထောက်ပံ့ရေးအဖွဲ့မှ ဆောင်းပါးရှင် ဒီဘိုရှပ်ချ်ဘင်ဆင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ရေးသားသည့် ဆောင်းပါးကို မှီငြမ်း၍ ဤဆောင်းပါးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ၂၆ ရက်နေ့၌ ရေးသားသည်။ မြန်မာနိုင်ငံတွင်လည်း နေရာဒေသ အချိန်အခါ ရာသီဥတုပြောင်းလဲမူများကြောင့် ယင်းအခြင်းအရာများ ဖြစ်နေနိုင်၊ ဖြစ်လာစရာအကြောင်းများ ရှိနေနိုင်သောကြောင့် ဤဆောင်းပါးကို ရေးသားခြင်း ဖြစ်ပါသည်။)

သန့်ရှင်းသော သောက်သုံးရေရရှိမူသည် လူသားအားလုံး၏ အခြေခံရပိုင်ခွင့် ဖြစ်၏။ ရေသည် အခွင့်ထူးခံ ပစ္စည်း မဟုတ်ပါ။ ကျွန်တော်တို့ကမ္ဘာကြီး၏ အစိတ်အပိုင်း တော်တော်များများကို ရေထုဖြင့် လွှမ်းခြုံထားသော်လည်း ထိုရေအများစုမှာ လူသားများ သောက်သုံးရန်အတွက် မသင့်တော်ပေ။ ကမ္ဘာ မြေကြီး၏ ၇၁ ရာခိုင်နှုန်းခန့်ကို ရေထုက ဖုံးလွှမ်းထားသော်လည်း ၉၆ . ၅ ရာခိုင်နှုန်းသည် ပင်လယ် သမုဒ္ဒရာရေငန်များ ဖြစ်သည်။ ကမ္ဘာ့ဝင်ရိုးစွန်းများရှိ ရေခဲပြင်များနှင့် ရေခဲမြစ်များအတွင်း ၁ . ၇ ရာခိုင်နှုန်းခန့် ရှိနေသည်။ လူတို့သောက်သုံးနိုင်သောရေ (မြေပေါ် မြေအောက်) ပမာဏသည် ၁ . ၈ ရာခိုင်နှုန်းခန့်သာ ဖြစ်သည်။

ရေနှင့်ကျန်းမာရေး ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဆွေးနွေးကူညီ ဖြေရှင်းပေးသော ဟီးလင်းဝါးလ် ကဲ့သို့သော အဖွဲ့အစည်းများ မရှိပါက ရေရှားပါးမှုသည် လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေမည်။ ရေရှားပါးမှုပြဿနာကြောင့် နောက်လာမည့် ၅ နှစ်မှ ၁၀ နှစ်အတွင်း ကမ္ဘာ့လူဦးရေ ၃ ပုံ ၂ ပုံ၏ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါသည်။ ကျန်းမာရေး၊ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ ရေနှင့်ဆိုင်ရာ အဖွဲ့အစည်းများက သတိပေးထားသော အထူးဂရုပြုရမည့် အရေးကြီးသော အချက် ၁၀ ချက်ကို မြန်မာပြည်သူအများ သိရှိပြီး အသိသတိရှိကြစေရန် ရည်ရွယ်ပါသည်။

၁။ သန့်ရှင်းသော သောက်သုံးရေရှားပါးမှုကြောင့် အရွယ်မရောက်သေးသူများ သေဆုံးနှုန်းမြင့်တက်ခြင်း

ကမ္ဘာပေါ်၌ ဝမ်းပျက်ဝမ်းလျှော ရောဂါ (ကာလဝမ်းရောဂါနှင့် သွေးဝမ်းသွားရောဂါ)ကြောင့် ၅-၆ နှစ်အောက် ကလေးသူငယ်ပေါင်း ၄၄၆၀ဝ၀ ခန့်သည် နှစ်စဉ် သေဆုံးနေကြသည်။ ၇၀ ရာခိုင်နှုန်းမကသော အများစုသည် မဖွံ့ဖြိုးသေးသော (သို့) ဖွံ့ဖြိုးစနိုင်ငံများမှ ဖြစ်ကြသည်။ ထိုကလေးငယ်များ၏ မိသားစုသည် သန့်ရှင်းကောင်းမွန်သော သောက်သုံးရေကို မရကြသောကြောင့် ဖြစ်သည်။ ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်စေမည့် ညစ်ညမ်းသောရေများကို သောက်သုံးနေကြရသည်။ ဝမ်းပျက်ရောဂါကြောင့် ကလေး သေဆုံးနှုန်းသည် ငှက်ဖျား၊ ဝက်သက်နှင့် အေအိုင်ဒီအက်စ်စသည့် ရောဂါများကြောင့် သေဆုံးမှုထက် ရာခိုင်နှုန်းများစွာ ကျော်လွန်နေသည်။ ကလေးငယ်များနှင့် မိဘများ သောက်သုံးနေသော ရေသည် လူနှင့်ပတ်ဝန်းကျင်တို့ကြောင့် ညစ်ညမ်းနေသည်ကို သန့်စင်မူ မပြုလုပ်နိုင်ကြသောကြောင့် ဖြစ်သည်။

၂။ ကမ္ဘာပေါ်ရှိ ၂၁ ရာခိုင်နှုန်းသော အခြေခံလူတန်းစားများသည် သာမန်မိလ္လာနှင့်ရေဆိုးစနစ်များကိုသာ သုံးစွဲနေခြင်း

ဖွံ့ဖြိုးတိုးတက်မှုနည်းသော နိုင်ငံအများစုတွင် နိုင်ငံသူနိုင်ငံသားများသည် သာမန်မိလ္လာနှင့် ရေဆိုးစနစ်များဖြင့် နေ့စဉ်ကျင်လည်နေကြသည်။ ဤအခြင်းအရာများသည် လူနှင့်ပတ်ဝန်းကျင် ကျန်းမာရေးတွင် ဆိုးရွားသော ပြဿနာများကို ဖြစ်နေစေပါသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့လူဦးရေ ၁ . ၇ ဘီလျံခန့် (၂၁ ရာခိုင်နှုန်း)သည် အခြေခံမိလ္လာနှင့် ရေဆိုးစနစ်အတွက် လိုအပ်သောဝန်ဆောင်မှုများနှင့် အသုံးအဆောင်များကို ဆိုင်ရာနိုင်ငံ၏ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့များမှ အထောက်အပံ့များ မရရှိသောကြောင့် ဖြစ်သည်။ နိုင်ငံတကာ ပညာရှင်အဖွဲ့အစည်းများက သတ်မှတ်ထားသော အခြေခံ မိလ္လာနှင့် ရေဆိုးစနစ်ဆိုသည်မှာ လူအများ၏ အညစ်အကြေး စွန့်ပစ်မှုဆိုင်ရာ အသုံးအဆောင်များနှင့် ပုံမှန် သိမ်းဆည်းပေးသည့်စနစ် ဖြစ်ခြင်းနှင့် ထိုစနစ်ဖြင့်သာ သန့်ရှင်းကောင်းမွန်သော နေရာတွင် လူသားများ နေထိုင်နိုင်ခြင်းကို ဆိုလိုသည်။

၃။ မသန့်ရှင်းသောရေများကြောင့် ကလေးသူငယ်များ အာဟာရချို့တဲ့မှုသည် ခန့်မှန်းခြေ ၅၀ ရာခိုင်နှုန်း ရှိနေခြင်း

လူတစ်ဦး နေ့စဉ်စားသောက်နေသော အစားအစာများတွင် လုံလောက်သော အာဟာရဓာတ်များ မပါက အာဟာရချို့တဲ့မှုကို ဖြစ်ပေါ်စေပါသည်။ ကိုယ်ခံအား အပြည့်အဝမရှိခြင်းနှင့် မသန့်ရှင်းသော ရေများကို သောက်သုံးနေခြင်းများကြောင့် ကလေးငယ်များ ဝမ်းရောဂါဖြစ်သည့်အခါ ပိုမိုဆိုးရွားစေပါသည်။ ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့သောကြောင့် ဖြစ်သည်။ အာဟာရချို့တဲ့သည့် ကလေးများသည် သက်တူရွယ်တူ အခြားသောကျန်းမာသည့် ကလေးများနှင့်နှိုင်းယှဉ်ပါက ခန္ဓာကိုယ်ဖွံ့ဖြိုးမူ နည်းနေပြီး ခုခံအား နည်းနေသဖြင့် ရောဂါကူးစက်ခံရနိုင်မှု မြင့်မားနေနိုင်သည်။ ကလေးများ၏ အရိုးများကလည်း မသန်မာသဖြင့် ထိခိုက်ခံရပါက အရိုးကျိုးခြင်းများလည်း ဖြစ်စေနိုင်သည်။

၄။ ရေနှင့်မိလ္လာစနစ်ကောင်းမွန်ပါက ကုန်ထုတ်စွမ်းအား တိုးတက်စေခြင်း

ရေနှင့်မိလ္လာစနစ် ကောင်းမွန်ပါက (သို့) ကောင်းမွန်အောင် ရင်းနှီးမြှုပ်နှံထားပါက တိုင်းပြည်စီးပွားရေး တိုးတက်ပြီး လူမှုအဆင့်အတန်း မြင့်မားစေသည်။ သုတေသီများ၏ လေ့လာချက်အရ ရေနှင့်မိလ္လာစနစ် ကောင်းမွန်အောင် တစ်ဒေါ်လာရင်းနှီးမြှုပ်နှံပါက လူ့စွမ်းအား ကောင်းမွန်လာမှုကြောင့် ကုန်ထုတ်စွမ်းအား မြင့်တက်လာခြင်းသည် ပျှမ်းမျှ (အနည်းဆုံး) ၄ ဒေါ်လာခန့်အထိ ဖြစ်နိုင်သည်။ သန့်ရှင်းသော ရေနှင့်မိလ္လာ စနစ် မရှိပါက အလုပ်သမားများသည် ကျန်းမာရေးချို့တဲ့ပြီး လုပ်ငန်းခွင်ပျက်ကွက်မူများကြောင့် လုပ်အား လျော့နည်းလာသည်။ မသန့်ရှင်းသော ရေများကြောင့် ဝန်ထမ်း၏ ကလေးသူငယ်များ ဖျားနာနေပါက ကလေးများကို ပြုစုရန် မိဘများ အလုပ်မသွားနိုင်ခြင်း၊ အိမ်မှာနေ၍ ပြုစုရခြင်းများ ရှိနေကြမည်။ ပိုမို ကောင်းမွန်သော ရေနှင့်မိလ္လာစနစ်သာ ရှိပါက လုပ်ငန်းခွင် အချိန်ကာလ ကြာရှည်ပြီး ကလေးများလည်း ကျောင်းသွားချိန် တစ်နှစ် နာရီ ၁၀ဝ၀ ခန့် ပိုမိုရရှိနိုင်ကြောင်း လေ့လာမှုများက ဖော်ပြပါသည်။

၅။ မသန့်ရှင်းသော ရေနှင့်မိလ္လာစနစ်များကြောင့် နှစ်စဉ်လူသေဆုံးမှုပေါင်း ၈၂၉၀ဝ၀ ခန့် ဖြစ်ပေါ်နေခြင်း

သန့်ရှင်းသော ရေနှင့်မိလ္လာစနစ် မလုံလောက်မှုနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းများ ဖြစ်သည်နှင့် အမျှ ကျန်းမာရေးအခြေအနေ ဆိုးရွားလာပြီး နှစ်စဉ်ကလေးလူကြီးများ သေဆုံးနေကြရသည်။ ထို့အပြင် ကာလဝမ်းရောဂါ သွေးဝမ်းသွားရောဂါ ဝမ်းပျက်ရောဂါ အသည်းရောင်အသားဝါရောဂါ၊ အူရောင်ငန်းဖျား ရောဂါနှင့် ပိုလီယိုရောဂါများသည် ကုသမှု မပြုပါက သေဆုံးစေနိုင်သည့် ရောဂါများ ဖြစ်ကြသည်။သန့်ရှင်းသော ရေနှင့်မိလ္လာစနစ် အသုံးအဆောင်များ မရှိသောကြောင့် ကူးစက်ရောဂါများ ပိုမို ဖြစ်ပွားနိုင်သည်။ စွန့်ပစ်ရေဆိုးများကို စနစ်တကျ စီမံခန့်ခွဲမှု အားနည်းသဖြင့် လူတိုင်းတွင် ကျန်းမာရေး ပြဿနာများ ရှိနေစေသည်။ သောက်သုံးရေထဲတွင် ခဲနှင့်အာဆင်းနစ်ကဲ့သို့ အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများ ပျော်ဝင်နေသည်ကို မသန့်စင်နိုင်သောကြောင့် သောက်သုံးသူတိုင်းကို အဆိပ်အတောက် ဖြစ်စေနိုင်သည်။

၆။ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ အတွင်း လူပေါင်း ၆ ဘီလျံသည် ကောင်းမွန်သော သောက်သုံးရေကို ရရှိခဲ့ကြခြင်း

၁၉၉၀ – ၂၀၁၀ ခုနှစ်အတွင်း လူပေါင်း ၅ . ၈ ဘီလျံသည် သောက်သုံးရန် သင့်တော်သော အန္ဒရာယ် ကင်းသည့် သောက်သုံးရေများကို ရရှိခဲ့ကြသည်။ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ လုပ်ကိုင်ရာတွင်လည်း သန့်စင်သောရေကို အသုံးပြုကြသဖြင့် လုပ်ငန်းအရည်အသွေးရော အရေအတွက်ပါ တိုးတက်လာ၏။ သောက်သုံးရန် သင့်တော်သော ရေကောင်းရေသန့်ဆိုသည်မှာ – အရောင်အဆင်း အနည်အနှစ် အနံ့ အရသာတို့ကို ဖြစ်စေသော ရုပ်ဝတ္တုများ ကင်းစင်ခြင်း၊ လူတို့၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာမှုကို ထိခိုက်စေသော ဓာတ်ပစ္စည်းများ ကင်းစင်ခြင်းနှင့် လူတို့အား ရောဂါရစေသော ပိုးမွှားများ ကင်းစင်ခြင်း စသည့် အချက်သုံးချက်နှင့်ပြည့်စုံသောရေကို ခေါ်ပါသည်။ အခြေခံအားဖြင့် သန့်စင်သောရေ သယ်ယူရသည့် နေရာသည် မိမိနေအိမ်နှင့် အသွားအပြန် မိနစ် ၃၀ အတွင်း သို့မဟုတ် မိနစ် ၃၀ ထက်နည်းသော အချိန်အတွင်း ဖြစ်သင့်သည်။

၇။ ၂၀၂၅ တွင် ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်သည် ရေရှားပါးသော ဒေသများ၌ နေထိုင်ရနိုင်ခြင်း

ရေ၊ လူနှင့်ပတ်ဝန်းကျင် ကျွမ်းကျင်ပညာရှင်များက နောင်လာမည့် နှစ်အနည်းငယ်အတွင်းမှစ၍ ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်သည် ရေရှားပါးသော ဒေသများတွင် နေထိုင်ရနိုင်သည်ဟု ခန့်မှန်းထားကြသည်။ကမ္ဘာ့နိုင်ငံအသီသီးသည် ရေရရှိရေးဆိုင်ရာ အခြေခံအုတ်မြစ်များကို လက်ရှိအခြေအနေမှစ၍ လာမည့် ၂၀၃၀ ပြည့်နှစ်အတွင်း နှစ်ဆတိုး ဆောင်ရွက်ရန် လိုအပ်သည်ဟု ဖွင့်ဆိုထားသည်။ တချိန်တည်းမှာပင် အခြားသော စိန်ခေါ်မူများဖြစ်သည့် ရာသီဥတုပြောင်းလဲမှုနှင့် လူဦးရေ အဆမတန် တိုးပွားလာမှုတို့က ဟန့်တားနေသေးသည်။ ထိုအခြင်းအရာများကို ရေနှင့်ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ကူညီ ဆောင်ရွက်ရန် လိုအပ်နေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အဆိုအရ ယနေ့ ကမ္ဘာ့လူဦရေ ၂ . ၂ ဘီလျံသည် ရေရရှိရေး အခက်အခဲများနှင့် ကြုံတွေ့နေရသည်။

၈။ ဝင်ငွေနည်းပါးသော နိုင်ငံများရှိ အမျိုးသမီးများသည် ရေသယ်ယူရန် တစ်နှစ်လျှင် နာရီပေါင်း ၄၉ ဘီလျံကျော် ကုန်ဆုံးနေရခြင်း

ဝင်ငွေနည်းနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အရွယ်ရောက်အမျိုးသမီးများနှင့် အိမ်ထောင်ရှင်များသည် အိမ်သုံးရေ ရရှိရန် နာရီပေါင်း ၄၉ ဘီလျံကျော် ကုန်ဆုံးနေကြရသည်။ ရေပင် ရေရင်းမှ ရေသယ်ယူရေး လုပ်ငန်းများကို အမျိုးသားများထက် အမျိုးသမီးများက နှစ်ဆပိုလုပ်ကိုင် နေကြရသည်။ အိမ်ထောင်ရှင် အမျိုးသမီး၏ တာဝန်ဟု အများက ယူဆကြသည်။ ရေသယ်ယူသည့် အချိန်ကာလ အကွာအဝေး သည်လည်း အိမ်ရှိ ကျောင်းသူ ကျောင်းသားများအပေါ် တိုက်ရိုက် ကောင်းကျိုး ဆိုးကျိုးများ သက်ရောက်နေသည်။ ကုလသမဂ္ဂ အဆိုအရ အိမ်ထောင်ရှင် အမျိုးသမီးများက အိမ်ထောင်စု တစ်ခု ရေရရှိရေး၏ ၆၂ ရာခိုင်နှုန်းကို တာဝန်ယူနေရသည်။ အထူးသဖြင့် အာဖရိကနိုင်ငံများ၌ အဖြစ်များသည်။

၉။ ၈၀ ရာခိုင်နှုန်းခန့်သော စွန့်ပစ်ရေဆိုးများသည် သက်ရှိနှင့်သဘာဝပတ်ဝန်းကျင်စနစ်ကို ဆိုးကျိုး သက်ရောက်စေခြင်း

ရေဆိုးရေညစ်များသည် သန့်စင်သောရေကို ဖြည်းဖြည်းခြင်း ဆိုးရွားလာစေပါသည်။ အထူးသဖြင့် စိုက်ပျိုးရေးနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် ပိုမိုညမ်းညမ်းစေပြီး ပြဿနာကြီးတရပ် ဖြစ်နေသည်။ ပြုပြင် သန့်စင်ထားခြင်းမရှိသော မိလ္လာစွန့်ပစ်ရေများသည်လည်း မြေပေါ်မြေအောက်ရေများကို ညစ်ညမ်းစေသည်။ ထိုအပြင် ရပ်ကွက်အများစုရှိ စွန့်ပစ်ရေများကို ရေမြောင်းများသို့ တိုက်ရိုက် စွန့်ပစ်နေခြင်းသည် သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည်။ ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့၏ အဆိုအရ ကမ္ဘာ့လူဦးရေ၏ ၃၂ ရာခိုင်နှုန်း (၂ . ၄ ဘီလျံခန့်) သည် ကောင်းမွန်ပြည့်စုံသော မိလ္လာစနစ်ကို အသုံးမပြုနိုင်သေးပေ။

၁၀။ တစ်ရက်လျှင် လူတစ်ဦးလျှင် အနည်းဆုံးရေ ၂၀ လီတာမှ ၅၀ လီတာ လိုအပ်ခြင်း

နိုင်ငံတကာ ရေနှင့်သက်ဆိုင်သောအဖွဲ့အစည်းအသီးသီးက လူတစ်ယောက်ရေလိုအပ်ချက်ကို စာရင်းဇယားများဖြင့် ထုတ်ပြန်ထားကြသည်။ အခြေခံအားဖြင့် လူတစ်ယောက် နေ့စဉ် ရေလိုအပ်ချက်သည် လီတာ ၂၀ မှ ၅၀ အတွင်းဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ဖွင့်ဆိုထားသည်။ လူတိုင်း နေ့စဉ် ရေ ၂ လီတာမှ ၃ လီတာအတွင်း သောက်သင့်ကြောင်းနှင့် နို့တိုက်မိခင်များသည် နို့ရည် အထွက်များစေရန် တစ်နေ့ကို သန့်စဉ်သောရေ ၂ . ၅လီတာခန့် သောက်သင့်ကြောင်း ဖွင့်ဆိုထားပါသည်။ အစားအသောက်ချက်ပြုတ်ရာတွင်လည်း လူတစ်ဦး တစ်နေ့ ၂ လီတာ လိုအပ်သည်။ တကိုယ်ရည် သန့်ရှင်းရေးအတွက် ကျန်သောရေပမာဏကို မျှတစွာ အသုံးပြုကြရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s