လှေကားထစ်ရေကန် Stepwell ဆိုသည်မှာ ရှေးခေတ် အိန္ဒိယသုံး ရေတွင်းရေကန် တစ်မျိုးဖြစ်သည်။ မြေအောက်ရေလည်း ထွက်၍ မိုးရေကိုလည်း ခံယူကာ မိုးများသော်လည်း မလျှံ၊ မိုးခေါင်သော်လည်း မခန်းပဲ တစ်နှစ်ပတ်လုံး ရေရရှိနိုင်အောင် စီမံထားခြင်း ဖြစ်သည်။ ၎င်းတို့ကို အထပ်ပေါင်းများစွာ နက်နက်ရှိုင်ရှိုင်း၊ အချိုမှာ နက်ရှိုင်းလွန်းသဖြင့် ရေကို တစ်ထပ်မှ တစ်ထပ် နွားရဟတ်ဖြင့် ဆွဲငင်ရသည်။ စိုက်ပျိုးရေနှင့် သုံးရေအတွက် လက်တွေ့ ရည်ရွယ်ထားသည့် တိုင်အောင် အိန္ဒိယ၏ ဗိသုကာ၊ ပန်းတော့နှင့် ပန်းတမော့ လက်ရာတို့ကို တွေ့ရမြဲ ဖြစ်သည်။ Stepwell တို့ကို ခြောက်သွေ့သော အိန္ဒိယ အနောက်ပိုင်းတွင် အတွေ့ရများပါသည်။ အိန္ဒုမြစ်ဝှမ်းရှိ လွန်ခဲ့သောနှစ် ၄၅၀၀ ခန့်က မိုဟန်ဂျိုဒါရို မြို့ဟောင်းတွင်ပင် Stepwell ဆန်ဆန် လှေကားထစ်များနှင့် Great Bath ရေကန်ကို တွေ့ရှိရသည်။
အာသောကမင်းကြီး တူးဖေါ်ခဲ့သည်မှာ မြန်မာလို ရေတွင်းငယ်များမဟုတ်ပဲ Stepwell ကြီးများ ဖြစ်ပါလိမ့်မည်။ မြို့ကူးရွာကူး လမ်းမကြီးများဘေးတွင် Stepwell (ရေတွင်းရေကန်) များကို တူးဖေါ်ပေးခဲ့ကြောင်းနှင့် သူ့အရင် ဘုရင်တို့ကလည်း အလားတူ ဆောင်ရွက်ပေးခဲ့ကြောင့် အာသောက ကျောက်စာများတွင် ရေထိုးထားသည်။ အိန္ဒိယတစ်နိုင်ငံလုံးတွင် လက်ရှိအထိ Stepwell ပေါင်း ၂၀၀၀ ကျော် တွေ့ရှိရသေးသည်။ ဂူဂျာရတ်ပြည်နယ်နှင့် ရာဂျက်စသန်ပြည်နယ်တို့မှာ Stepwell များအတွက် နာမည်ကြီးပြီး ကမ္ဘာလှည့် ခရီးသည်များ သွားရောက် လေ့လာကြသည်။ ရာဂျက်စသန်ရှိ ဘွန်ဒီမြို့ကို City of Stepwell ဟုပင် တင်စားကြသည်။ မြန်မာနိုင်ငံတွင်လည်း Stepwell အသေးစား အနည်းငယ် ရှိပါသည်။ ရေတွင်းမဟုတ် ရေကန်အဆင့်သာ ဖြစ်ပါသည်။ ပုဂံရှိ ဦးကျဉ်ပွေ့ရေကန်၊ မန္တလေးရှိ မင်းတုန်းမင်း၏ စန္ဒာမုနိရေကန်နှင့် မကွေးတိုင်းရှိ ထီးလင်းမြို့နယ်တွင်လည်း ကန်ငယ်တစ်ကန် လက်ရှိတူးဖေါ်နေကြသည်။ ရှေးခတ် အိန္ဒိယလူမျိုးတို့မှာ ရေတွင်းကြီးများကို အလွန်ကြီးကျယ်စွာ တူးဖေါ်၊ တည်ဆောက်လေ့ရှိသဖြင့် ရှေးမြန်မာများသည်လည်း အများသုံး ရေတွင်းတို့ကို အတန်အသင့် ခမ်းနားစွာ တန်ဆာဆင်ခြင်းလောဟု ယူဆရန် ရှိပါသည်။
အိန္ဒိယ၏ နာမည်ကြီး လှေကားထစ် ရေတွင်းကြီး (၅) ခုကို စာကျဉ်းဖြင့် ဖေါ်ပြထားပါသည်။

၁၄ ရာစုက နယူးဒေလီမြို့အနီး ဂျန်တာမန်တာမြို့တွင် ဘုရင် အဂရာဆန်က တူးဖေါ်ထားပါသည်။ အိန္ဒိယရှိ သရဲအခြောက်ဆုံး ဆိုသော နေရာတို့အနက်မှ တစ်ခုဖြစ်သည်။ ညနေ ၅း၃၀ ကျော်လျှင် လူပေးမဆင်းတော့ပါ။ ရေတွင်း၏ အောက်တွင် နောက်က လိုက်လာသည်ဟု ဆိုကြသည်။ လှေကားထစ် ၁၀၈ထပ် ကျော်လျှင် တုန်ခါမှုကို ခံစားရသည်ဟု ဆိုသည်။

ရာဂျက်စသန်ပြည်နယ်မြို့တော် ဂျိုင်ပါနှင့် ၉၀ကီလိုမီတာ အဝေးတွင် တည်ရှိသည်။ ချန္ဒဘုရင်က တူးဖေါ်ထားခဲ့သည်မှာ နှစ် ၁ထောင်ကျော်ပါပြီ။ အထပ်ပေါင်း ၁၃ထပ်နှင့် လှေကားထစ်ပေါင်း ၃၅၀၀ ကျော်ရှိသည်။ တချိန်က ကျေးရွာသူ၊ ကျေးရွာသားတို့ စုဝေးရာနေရာလည်း ဖြစ်သည်။ ယခုတော့ ရွာတွေပျက်ကုန်ပါပြီ။

သူရဿတီမြစ်ဘေး၊ ဂူဂျာရတ်ပြည်နယ်၊ ပတန်မြို့တွင် တည်ရှိသည်။ ဘုရင်ကို အမှတ်ရသောစိတ်ဖြင့် မုဆိုးမ ဘုရင်မက ၁၁ ရာစုတွင် တည်ဆောက်ထားခဲ့သည် (အနော်ရထာနှင့် ခေတ်ပြိုင်လောက် ရှိသည်။)။ အနက် ၇ ထပ်ရှိသည်။ ကျောက်ပန်းပုရုပ်ထု ၅၀၀ ကျော်ရှိသည်။ ဗိဿနိုးနတ်ဘုရား၏ အသွင်ဆယ်မျိုးနှင့် အခြားရုပ်လုံးရုပ်ကြွများကို ပန်းတမော့ လက်ရာများဖြင့် နံရံတွင် ထွင်းထုထားသည်။ ဗိဿနိုးက ပါးပျဉ်းထောင်နေသော မြွေအကောင် တစ်ထောင်အထက် လှဲလျောင်းနေပုံမှာ အံ့ဘွယ်ဖြစ်သည်။

အစ္စလာမ်နှင့် ဟိန္ဒူ ဗိသုကာလက်ရာ နှစ်ရပ် ပေါင်းစုစည်းရာ နေရာ ဖြစ်သည်။ ဂူဂျာရတ်ပြည်နယ်၊ အမ္မဒါဘတ်မြို့၊ အဒါလက်ချ် ကျေးရွာတွင် တည်ရှိသည်။ ရေတွင်း၏ နောက်ကွယ်တွင် ပူဆွေးဖွယ် ဇာတ်လမ်းတစ်ပုဒ် ရှိနေပါသည်။ မြို့ပြနိုင်ငံကို မွတ်ဆလင်တို့က ၁၅ ရာစုမှာ သိမ်းပိုက်ခဲ့သည်။ မွတ်ဆလင် ခေါင်းဆောင်က ဟိန္ဒူဘုရင်ကို ကွပ်မျက်ခဲ့ပြီး မိဖုရားကို နှစ်သက်သည်ဟု ဆိုသည်။ မိဖုရားက ရေတွင်း ပြီးအောင်ဆက်တူးပေးဖို့နှင့် ရေတွင်းပြီးလျှင် လက်ဆက်မည်ဟု ဂတိပေးသည်။ ရေတွင်းပြီးသောနေ့တွင် မိဖုရားက ရေတွင်းထဲခုန်ချ အဆုံးစီရင်သွားပါသည်။

ကာနက္တကပြည်နယ်၊ ဂါဒက်ခရိုင်၊ လပ်ခွန်ဒီကျေးရွာတွင် တည်ရှိသည်။ ရှေးက စည်ကားခဲ့သော မြို့ပြဖြစ်ပြီး ဒေသတစ်ဝိုက်တွင် ၆-၁၂ ရာစုအတွင်း ဘုရားကျောင်းကြီး ၅၀ ကျော်နှင့် Stepwell ပေါင်း ၁၀၁ ခုရှိသည်။ မင်းဆက်သုံးဆက် ကြီးစိုးခဲ့သောအရပ် ဖြစ်သည်။ ရေတွင်းအားလုံး တစ်မျိုးစီလှကြသည် ဆိုသည်။ လပ်ခွန်ဒီရေတွင်းတွင် အဖျက်စွမ်းအား၏ နတ်ဘုရားရှင် ရှီဝ၏ ရုပ်လုံးရုပ်ကြွများကို ထွင်းထုထားပါသည်။