ရေဖလား(Water Cup)

ကမ္ဘာ့ဖလား (World Cup)ဟု ဆိုလိုက်လျှင် ဘောလုံးဝါသနာရှင်များ၏ အာရုံကို ကောင်းစွာ ဆွဲဆောင်နိုင်သည့်အပြင် သာမန်လူအများကပင် ကောင်းစွာ ကြားဖူးကြသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယခုနှစ်အတွင်း ကျင်းပရန် ရှိသဖြင့် စိတ်ဝင်စားမှု အဟုန် တိုးမြင့်လာဦးမည်။ ကမ္ဘာ့ဖလားပြိုင်ပွဲသည် အားကစားနယ်ပယ်တွင် သာမက ဆက်စပ်ကဏ္ဍတို့၏ စီးပွားရေးကို ကြီးစွာ အထောက်အကူပြုလျက် ရှိသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို အတုယူ အမည်ပေးထားသော ရေဖလား (water cup) ပြိုင်ပွဲသည်မူ လူသိနည်းသော်လည်း ဝင်ရောက်ယှဉ်ပြိုင်သည့် ကျေးရွာများ၏ ရေရရှိရေးအပြင် စီးပွားရေး လူနေမှုစနစ်တို့ကို အထောက်အကူပြု တိုးတက်စေခဲ့သည်။

ရေဖလား (water cup) ပြိုင်ပွဲဆိုသည်မှာ အိန္ဒိယနိုင်ငံ မဟာရပ်ရှ်ထရာပြည်နယ်၌ ပြုလုပ်ခဲ့သည့် ကျေးရွာရေရရှိရေးပြိုင်ပွဲ ဖြစ်သည်။ မဟာရပ်ရှ်ထရာပြည်နယ်တွင် မကြာခဏ မိုးခေါင်တတ်သဖြင့် ရေရှားပါးမှုကို ပြည်နယ်သား အများစု ရင်ဆိုင်ကြရသည်။ ရေဒုက္ခကို မခံနိုင်လွန်းသဖြင့် သတ်သေသူ အများအပြား ရှိသည်။ ရေပြဿနာ လျော့နည်းစေရန် အိန္ဒိယအစိုးရက လယ်သမားများအား ချေးငွေနှင့် အခြားအကူအညီများ ပေးသော်လည်း မလုံလောက်ချေ။

ယင်းအခက်အခဲ လျော့နည်းစေရန် ပါနီဖောင်ဒေးရှင်း (Paani Foundation) သည် ရေဖလားပြိုင်ပွဲကို ကမကထလုပ်သည်။ ယင်းပြိုင်ပွဲ ကျင်းပခြင်းဖြင့် မဟာရပ်ရှ်ထရာပြည်နယ် ကျေးရွာများ၌ မိုးရေ ထိန်းသိမ်းရေးနှင့် မြေဆီလွှာ ကောင်းမွန်ရေး လုပ်ငန်းစဉ်များ ပေါ်ထွန်းလာရန် ရည်ရွယ်သည်။ ပြိုင်ပွဲဝင်လိုသော ကျေးရွာများမှ ရွာသား သုံးဦးမှ ကိုးဦးအထိကို ပါနီဖောင်ဒေးရှင်းက ရေနှင့် မြေဆီလွှာ ထိန်းသိမ်းရေး စနစ်များ တည်ဆောက်ရန် လေးရက်ကြာ သင်တန်းပေးသည်။

သင်တန်းတွင် နည်းပညာများအပြင် စည်းရုံးရေးသင်ခန်းစာများကိုလည်း ပို့ချဝေမျှသည်။ ယင်းပို့ချချက်များတွင် ပါဝင်သော ပုံပြင်တစ်ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။

ရှေးသရောအခါက တောအုပ်ကြီးတစ်ခု မီးလောင်သည်။ တောနေသတ္တဝါအများ သေကြေကြသည်၊ မီးကို ငြှိမ်းသတ်ဖို့ ဆင်က မကြိုးစား၊ ကျားသစ်ကလည်း ဘာမျှမလုပ်၊ သမင်တွေက ထွက်ပြေးဖို့ပဲ လမ်းရှာသည်။ ဤသည်ကို စာကလေးတစ်ကောင်က မြင်သည်၊ စာကလေးသည် အနီးရှိ ရေကန်ဆီသို့ ပျံသွားသည်၊ ကိုယ်ခန္ဓာကို ရေဆွတ်ကာ မီးလောင်နေသော တောအုပ်ပေါ်မှ ရေစက်ကလေးများ ဖြန်းချသည်၊ စာကလေး ယင်းသို့ ရေကန်နှင့် တောအုပ်အကြား ခေါက်တုံ့ခေါက်ပြန် မမောနိုင် မပန်းနိုင် ပျံသန်းရင်း ရေစက်ကလေးများ မီးပေါ် ဖြန်းချနေသည်ကို မြင်သော အခြားတိရစ္ဆာန်များက “စာကလေးရာ၊ မင်းဖြန်းချနေတဲ့ ရေစက်သေးသေးကလေးတွေနဲ့ မီးကို ဘယ်လိုလုပ် ငြှိမ်းနိုင်မှာလဲ”ဟု ဝိုင်းပြောကြသည်။ စာကလေးက ပြန်ပြောသည်၊ “ငါလုပ်နေတာလောက်နဲ့ မီးမငြိမ်းနိုင်ဘူး ဆိုတာ သိပါတယ်၊ ဒါပေမယ့် တစ်ချိန် တောအုပ်မီးလောင်ခဲ့တဲ့အကြောင်းကို ပြန်ပြောကြတဲ့အခါ ငါက မီးငြှိမ်းဖို့ ကြိုးစားခဲ့တဲ့ သတ္တဝါတစ်ကောင်အဖြစ် မှတ်တမ်းဝင်ပြီး မင်းတို့ကိုတော့ ဘာမျှမလုပ်ဘဲ ကြည့်နေကြတဲ့ အကောင်တွေဆိုပြီး အပြောခံရမှာပေါ့”

သင်တန်းပြီးသောအခါ သင်တန်းသားများသည် ဆိုင်ရာကျေးရွာများသို့ ပြန်ကာ ရွာသားများ၏ လုပ်အားဖြင့် မိုးရေ စုဆောင်းခြင်း၊ ရေကန် တူးဖော်ခြင်း၊ ရေဝေဒေသ ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၄၅ ရက်ကြာမျှ လုပ်ကိုင်ကြရသည်။ သတ်မှတ်ရက် ၄၅ ရက်အတွင်း မိုးရေအများဆုံးနှင့် စနစ်အကျဆုံး စုဆောင်း တည်ဆောက်နိုင်သော ရွာများကို ဆုပေးအပ်သည်။

ဆုငွေမှာ ပထမရသောရွာအတွက် ရူပီးငွေ ၇၅ သိန်း (အမေရိကန် ဒေါ်လာ ၆၅၀၀၀ ခန့်)၊ ဒုတိယဆုရရွာအတွက် ရူပီးငွေ သိန်း ၅၀ နှင့် တတိယဆု သိန်း ၄၀ တို့ ဖြစ်သည်။ ရေဖလားပြိုင်ပွဲကို ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ပြုလုပ်ခဲ့သည်။

ရေဖလားပြိုင်ပွဲအတွက် ရန်ပုံငွေ ရှာရတာက မခက်လှ၊ နည်းပညာက ကျေးလက်များနှင့် ကိုက်ညီသည့် လွယ်ကူ ရိုးရှင်းသော နည်းပညာ ဖြစ်သည်။ ခက်သည်မှာ ကျေးရွာများ ရေရရှိရေးနှင့် ရေဝေဒေသ ထိန်းသိမ်းရေးတွင် ရွာသားများ၏ စိတ်လိုလက်ရ ပူးပေါင်းပါဝင်မှု ဖြစ်သည်၊ သူတို့ကိုယ်တိုင် ပါဝင် လုပ်ဆောင်မှ အောင်မြင်သည်ကို သိသဖြင့် ပါနီဖောင်ဒေးရှင်းသည် ရွာသားများအား စည်းရုံးရေးကို အားစိုက်လုပ်ဆောင်မှုကြောင့် ရေဖလားပြိုင်ပွဲ အောင်မြင်ကာ မိုးခေါင်မှုကို ရွာအများအပြား ကောင်းစွာ ရင်ဆိုင်နိုင်ကြပြီ ဖြစ်သည်။

ရေဖလားပြိုင်ပွဲသည် နှစ်ပေါင်းများစွာ ရေရရှိနိုင်အောင် မိမိတို့ကိုယ်တိုင် လုပ်ဆောင်နိုင်သည်ဟူသော အသိစိတ်ကို လက်တွေ့ကျကျ ဝေမျှပေးခြင်း ဖြစ်သည်။

မြန်မာတွင်တော့ ရေရှားဒေသများသို့ ရေလှူခြင်း တစ်ခုတည်းကိုသာ အာရုံစိုက်ကြသဖြင့် နွေရောက်တိုင်း ရေရှားသည့်သံသရာက မလွတ်နိုင်ကြချေ၊ ဒါတောင်မှ တကယ့်မိုးခေါင်မှုကြီးမျိုးနှင့် မကြုံကြရသေးပါ၊ ရာသီဥတု ပြောင်းလဲနေသော ကမ္ဘာတွင် မိုးမခေါင်ဘူးဟု မည်သူမျှ အာမမခံနိုင်ပါ။

တောမီးငြိမ်းရန် ကြိုးစားသည့် စာကလေး၏ အားထုတ်မှုကို ရင်ဝယ်ပိုက်ရင်း ပါနီဖောင်ဒေးရှင်း၏ လုပ်ဆောင်မှုကို အားကျ အတုယူကြဖို့ နှိုးဆော်ပါသည်။

Keyword: မိုးရေထိန်းသိမ်းရေး

ကိုးကား – https://www.paanifoundation.in/watercup/

2 comments

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s