
ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးဘောလုံးအသင်းသည် မိမိ၏ အောင်မြင်ကျော်ကြားမှု၊ ငွေကြေးဓန ကြွယ်၀မှု စသည်တို့ကို အသုံးချ၍ ရေနှင့် သက်ဆိုင်သော အသိပညာ ဗဟုသုတများ၊ ရေအရေးတွင် စိတ်ဝင်စား ပါဝင်လှုပ်ရှားလာသူများ ကမ္ဘာတစ်ဝန်း တိုးပွားလာရေးအတွက် အလေးထား ဆောင်ရွက်လျက် ရှိသည်။ ယင်းရည်မှန်းချက် ပိုမိုအောင်မြင်စေရန် မန်စီးတီးသည် ရေနည်းပညာ၌ ထိပ်တန်းကုမ္ပဏီဖြစ်သော Xylem နှင့် ပူးပေါင်း လှုပ်ရှားနေရာ သူတို့၏ အားထုတ်ချက်ကြောင့် ယခုအခါ လူပေါင်းသန်း ၁၀၀၀ (ကမ္ဘာ့ လူဦးရေ၏ ခုနစ်ပုံတစ်ပုံ နီးပါး)ထံသို့ ရေပြဿနာများကို သတိမူ နိုးကြားလာစေခြင်း၊ ရေဗဟုသုတများကို ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ရေကိစ္စ စွမ်းစွမ်းတမံ ဆောင်ရွက်သူ ရေသူရဲကောင်းများ ထွက်ပေါ်လာရန် အားပေးနေသည်။
သူတို့၏ နောက်ထပ်ခြေလှမ်းအဖြစ် နိုင်ငံအသီးသီးမှ လူသန်း ၁၀၀ တို့ကို စည်းရုံးကာ သူတို့နယ်မြေများ၌ ရေနှင့်ဆက်စပ်သော လှုပ်ရှားမှုများကို ဒေသခံ လူငယ်ဘောလုံးသမားများ၊ မန်စီးတီး အားပေးသူ ဘောလုံးပရိသတ်များ၏ ပူးပေါင်းမှုဖြင့် လုပ်ဆောင်နေသည်။ ရေဘက်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲများ၊ ရေအခက်အခဲကို ပြေလျော့စေနိုင်သည့် နည်းလမ်းများကို အားပေး ဖော်ထုတ်နေသည်။
၂၀၂၁ ခုနှစ် မတ်လ ကမ္ဘာ့ရေနေ့ (World Water Day) က ရေသူရဲကောင်း ဘောလုံးအကယ်ဒမီ (Water Heroes Academy FC)ကို ထူထောင်ခဲ့သည်။ ယင်းကွန်ယက်ဖြင့် လူငယ်ခေါင်းဆောင်များအား သူတို့၏ ဒေသတွင် ရေဘက်ဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းလာနိုင်စေရန် ဘောလုံးအားကစား၏ ခွန်အားကို အသုံးချမည် ဖြစ်သည်။
မန်စီးတီးနည်းပြ ပက်ပ်ဂွာဒီယိုလာက “ရေအခက်အခဲကို လူတွေ ပိုသိလေ၊ ဖြေရှင်းဖို့ အခွင့်အလမ်း ပိုကောင်းလေပါပဲ”ဟု ဆိုသည်။